တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် စစ်ဘေးရှောင်များ အမြန်ရွှေ့ရန်လိုအပ်ကြောင်း စစ်ရှောင်ကူညီသူ အချို့သတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ကျေးသီးမြို့နယ်၌ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)မှ အင်အားထောင်ချီဖြည့်တင်းထားသည့်အတွက် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြန်လည်ပြင်းထန်လာနိုင်ချေရှိသဖြင့် တိုက်ပွဲအနီးအနားရှိ စစ်ဘေးရှောင်များ မြို့‌ပေါ်သို့ အမြန်‌ပြောင်းရွှေ့ရန်လိုအပ်ကြောင်း စစ်ရှောင်ကူညီကယ်ဆယ်ရေးတာ၀န်ခံအချို့မှ သတိပေးထားကြောင်းသိရသည်။

“အခုကတစ်ပတ်လောက်ရှိပြီ တိုက်ပွဲငြိမ်နေတာ ၊ ဒါပေမယ့်ဟိုနေ့တွေကပဲ UWSA ကအင်အားထောင်ချီဖြည့်ထားတယ်။ဒီတစ်ရက်နှစ်ရက်အတွင်းတိုက်ပွဲပြန်စဖို့များတယ်။ဒီတစ်ခေါက်တော်တော်ပြင်းထန်‌လောက်တယ်။RCSS ဘက်ကလဲနောက်မဆုတ်ဘူးလို့ပြောတာကြားတယ်။အဲ့ဒီတော့အခုစစ်ရှောင်တွေခိုလှုံနေတဲ့ရွာတွေကတိုက်ပွဲဖြစ်တဲ့နေရာနီးနေတော့ဒီတခေါက်တိုက်ပွဲပြင်းရင်အခြေအနေဆိုးဖို့ရှိတယ်။စစ်ရှောင်တွေတက်နိုင်သလောက်မြို့ပေါ်ပြောင်းစေချင်တယ်။မြို့ထဲဘုန်းကြီးကျောင်းတွေဆီနေတာပိုအဆင်ပြေမယ်။အဲ့ဒါမှကျွန်တော်တို့ဘက်ကသွားကူညီထောက်ပံ့ဖို့အဆင်ပြေမှာ”ဟုစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးတာ၀န်ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိအခြေအနေအရ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)မှ ပြီးခဲ့သည့်ရက်က စစ်အင်အား ၂၀၀၀ ၀န်းကျင်နှင့်စစ်ကား ၁၀၇ စီး၊လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ကျေးသီးမြို့၊ကျူမခေါင်ရွာဘက်ရှိ SSPP နယ်မြေအတွင်း အင်အားထပ်မံဖြည့်တင်းထားကြောင်း ဒေသခံအချို့၏ပြောပြချက်အရသိရသည်။

ကျေးသီးနှင့်မိုင်း‌နောင်အကြား ဇွန်လ ၁ ရက်မှစ၍ ပြီးခဲ့သည့်ရက်သတ္တပတ်ထိဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်ထောင်နှင့်ချီရှိသည့်ဒေသခံတိုင်းရင်းသားများသည် ဘေးလွတ်ရာကျေးရွာနှင့်ဘုန်းကြီးကျောင်းများသို့ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။ ‌တစ်နယ်လုံးရှိစစ်ဘေးရှောင်တိုင်းရင်းသားပြည်သူဦးရေမှာ ၂၀၀၀ ဦး‌ရေအထက်ထိရှိလာသည်။

အဆိုပါစစ်ဘေးရှောင်များရှိသည့်ကျေးရွာအချို့မှာ တိုက်ပွဲဖြစ်သည့်နေရာနှင့်နီးကပ်နေသဖြင့် စစ်ဘေးရှောင်များအားရိက္ခာနှင့်ဆေးဝါးပိုင်းဆိုင်ရာအကူအညီများထောက်ပံ့ရန် အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့မှ လူငယ်တစ်ဦးကပြောသည်။ “အခု စစ်ရှောင်တွေရှိတဲ့တချို့နေရာကတိုက်ပွဲနဲ့နီးတဲ့ကျေးရွာတွေကိုလမ်းပိတ်တာရော၊တိုက်ပွဲရှိတဲ့နေရာကိုကျော်ပြီးဖြတ်မှရောက်မယ့်နေရာတွေရောကျွန်တော်တို့ဘက်ကအစားအသောက်ဆေးဝါးတွေအကူညီပေးဖို့ခက်နေတယ်။ အဲ့ဒီဘက်တွေဆို ရိက္ခာဆေးဝါးအရမ်းလိုအပ်နေတယ်လို့ကြားတယ်”ဟု၎င်းကပြောသည်။

ရှမ်းပြည်နယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တပ် တို့သည် ကျေးသီးနှင့်မိုင်းနောင်မြို့တွင်ပြီးခဲ့သည့်ရက်သတ္တပတ်အထိတောက်လျှောက်တိုက်ပွဲပြင်းထန်ခဲ့‌သည်။ SSPPအနေဖြင့်၎င်း၏မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် UWSA၊ TNLA တပ်ပေါင်းစုဖြင့်‌ RCSS ကို တိုက်ခိုက်နေသောကြောင့် RCSS အဖွဲ့အနေဖြင့် အဆိုပါအဖွဲ့သုံးဖွဲ့နှင့်ယှဥ်ပြီး အပြန်အလှန်တိုက်ခိုက်နေရခြင်းဖြစ်သည်။

ယခုတိုက်ပွဲမစခင်ကာလတွင်လည်း RCSS တပ်ဖွဲ့၏နယ်စပ်သို့ SSPP မှ ကားသုံးစီးဖြင့်သယ်ဆောင်လာသည့် တန်ဖိုးဘီလီယံချီ တရားမဝင်မူးယစ်ဆေးဝါးပစ္စည်းများအား RCSS ဘက်မှ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် SSPP ဘက်မှ စစ်ကြေညာသည့်ပုံစံဖြင့် ကျိန်းဝါးထားခဲ့ကြောင်း‌ ကျေးသီးမြို့ဒေသခံအချို့ထံ၏အဆိုအရသိရသည်။

RCSSတွင် မူးယစ်တိုက်ဖျက်ရေး မူဝါဒအချက်တစ်ချက်ရှိသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ရှမ်းတောင်တို့တွင်မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူများ၊ သုံးစွဲသူများကို လိုက်လံရှာဖွေဖမ်းဆီး၍ အပြစ်ပေးခြင်းများပြုလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် RCSS အား SSPP နှင့် TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း‌ကြောင့်တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းဒေသခံများမှ ယူဆသုံးသပ်လျက်ရှိသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s