နမ့်ဖတ်ကာမှာ အသက် ၁၃ နှစ်အရွယ် သီလရှင်ကို လက်ကိုင်တာနဲ့ ပါးနမ်းရုံသာ လုပ်ခဲ့တယ်လို့ အဓမ္မပြုကျင့်သူ စစ်ကောင်စီတပ်သားက ထွက်ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ အသက် (၁၃)နှစ်အရွယ် သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်ခဲ့တဲ့ စစ်ကောင်စီတပ်သားက ၎င်းအနေနဲ့ လက်ကိုင်တာနဲ့ ပါးနမ်းရုံလောက်သာ လုပ်ဆောင်ခဲ့ကြောင်း ထွက်ဆိုထားပါတယ်။ထွက်ဆိုချက်ကိုတော့ ဇွန်လ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ တွေ့ရှိတာ ဖြစ်တယ်လို့ သီလရှင်ရဲ့ မိသားစုဝင်က ပြောပါတယ်။
“လက်ကိုင်၊ ပါးနမ်းတာ လုပ်တယ်လို့ပဲ ရေးထားတာ တွေ့တယ်။ ပြီးတော့ သူ့ဖုန်းကို ကလေးက ငှားဆက်တာလည်း ရေးထားတယ်။ ကလေးကို မေးကြည့်တော့ မဟုတ်ဘူးတဲ့။
ကျမတို့လည်း ဖုန်းငှားတဲ့ကိစ္စကို တစ်ခါတည်း ဖြတ်လိုက်တယ်”အစည်းအဝေးကိုတော့ ကလေးရဲ့ မိသားစုဝင်၊ ကျေးရွာ ဥက္ကဌ၊ သံဃာတော်အပါအဝင် စစ်ကောင်စီဘက်က အရာရှိ ၃ ဦးတို့ တက်ရောက်ခဲ့ပါတယ်။
ဇွန်လ ၁၇ ရက်မှာ စစ်ကောင်စီဘက်က ကျူးလွန်ခံရတဲ့ သီလရှင်ရဲ့ ထွက်ဆိုချက်တွေကိုလည်း မေးခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၇ ရက်မှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာတော့ ကာယကံရှင်ဘက်က ထွက်ဆိုချက်၊ ကျူးလွန်သူဘက်က ထွက်ဆိုချက်တွေကို အပြန်အလှန် မေးပြီးတော့ ၂ ရက်အတွင်း လက်မှတ်တွေ ထိုးခိုင်းပြီးမှ အထက်ကို တင်ပြမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဒီနေ့အထိတော့ ကာယကံရှင်ဘက်ကို တစ်စုံတစ်ရာ အကြောင်းကြားလာတာမရှိသလို လက်ရှိ ကိစ္စကို အမြန်ဆုံး စစ်ဆေးသွားစေချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ကျူးလွန်သူ စစ်ကောင်စီ တပ်သားကိုတော့ တပ်ရဲ့ အကျဥ်းထောင်မှာ ချုပ်ထားတယ်လို့ သိရပြီး အစောပိုင်းတုန်းက ၎င်းတို့တပ်သား ကျူးလွန်ခဲ့တာ မရှိကြောင်း စစ်ကောင်စီဖက်က ငြင်းဆိုခဲ့ပါတယ်။khit thit