မင်္ဂလာဆောင်မှအပြန် ‌တောင်သာထွေအုပ်စာရေး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး စာရေးတစ်ဦး ယနေ့ (ဇွန် ၂၉) နံနက်က မင်္ဂလာဆောင်တစ်ခုမှ အပြန်တွင် ပစ်သတ်ခံရသည်။

အသက် ၄၀ ကျော်အရွယ် ဦးလူမော်သည် ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဇီးပင်ကန်ရွာတွင် ပြုလုပ်သော မင်္ဂလာဆောင်တစ်ခုမှ အပြန်လမ်း၌ သေနတ်ဖြင့် သုံးချက်ဆင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ 

ဦးလူမော်သည် တောင်သာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သူများသတင်းကို စစ်တပ်ထံ ပေးနေသည့် နာမည်ကြီးဒလန်တစ်ဦးဖြစ်သည်ဟု မြို့ပေါ်နှင့် ရုံးတောကျေးရွာအုပ်စုဒေသခံများက ပြောသည်။

တပ်ထောက်ခံသည့် ပျူစောထီးအဖွဲ့တွင် ပါဝင်နေသည့် ဦးလူမော်ကို ၎င်းတို့လုပ်ကြံခြင်းဖြစ်သည်ဟု တောင်သာမြို့လူငယ်ပြောက်ကျားအဖွဲ့က ပြောသည်။ 

“သူ့ကြောင့် ထွက်ပြေးနေရတဲ့သူက လူ ၃၀ ထက်မနည်းတော့ဘူး။ နောက်ထပ် အပြစ်မဲ့ပြည်သူတွေ ထပ်ပြီး ထိခိုက်မှုမရှိအောင် ရှင်းလိုက်တာပါ။ သူက ပျူစောထီးအဖွဲ့ထဲမှာလည်း ခေါင်းကြီးပိုင်းမှာ ဆောင်ရွက်နေတယ်။ ထွေအုပ်စာရေးလည်းဖြစ်တယ်။ သတင်းရလို့ သွားရှင်းလိုက်တာ” ဟု ထိုအဖွဲ့တွင် ပါဝင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို မေးမြန်းလိုသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်အာဏာရှင် ဦးသန်း‌ရွှေလက်ထက် စက်မှုဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်သောင်း၏ ဇာတိ တောင်သာမြို့နယ်တွင် စစ်သတင်းပေး(ဒလန်) ဟု နာမည်ထွက်သူ ၄ ဦး ပစ်ခတ်လုပ်ကြံခံရသည်။

ယင်းအနက် တောင်သာမြို့၊ အရှေ့စျေးရှိ ယွန်းယွန်းလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် အသက် ၃၈ နှစ်အရွယ် မနှင်းနှင်းဝေမှာ အသက်မသေခဲ့ဘဲ ဒဏ်ရာအများအပြားရရှိသွားသည်။ ရရှိသောဒဏ်ရာများကြောင့် ၎င်းခန္ဓာကိုယ်အောက်ပိုင်း သေသွားခဲ့ကြောင်း တောင်သာလူငယ်ပြောက်ကျားအဖွဲ့နှင့်‌ ဒေသခံများက ပြောသော်လည်း Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

မနှင်းနှင်းဝေ ပစ်ခတ်ခံရမှုကြောင့် တောင်သာမြို့အနောက်ဘက် ရွာငါးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းကာ လူအများအပြားကို ဖမ်းဆီးခဲ့ပြီး တစ်ဦးမှာ စစ်ကြောရေးတွင် ၂၄နာရီမပြည့်မီပင် သေဆုံးခဲ့သည်။

ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများကို ကျည်အစစ်ဖြင့် သတ်ဖြတ်ခြင်း၊ ဖမ်းဆီး၍ ညှဉ်းပန်းသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် မတ်လကုန်ပိုင်းမှစ၍ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်း၊ ချင်း၊ မကွေးနှင့် ကယား (ကရင်နီ) ဒေသများတွင် အမဲလိုက်သည့် လက်လုပ်တူမီးသေနတ်ဖြင့် ဒေသခံတို့က ပြန်လည်ခုခံတိုက်ခိုက်ကြပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့များ (PDF) ပေါ်ပေါက်လာခဲ့သည်။

စစ်တပ်နှင့် ပတ်သက်နေသူများ၊ ဒလန်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအပါအဝင် စစ်ကောင်စီနှင့် ပေါင်းကာ ငွေညှစ်သော ယာဉ်ထိန်းရဲပင် သတ်ဖြတ်ခံနေရပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ရှင်းလင်းနေသည်။

စစ်တပ်ဘက်ကမူ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်နေသည်ဟု ထုတ်ပြန်နေသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ ထုတ်ပြန်ချက်အရ ဇွန် ၂၈ အထိ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၈၈၃ ဦး ရှိပြီး ဖမ်းဆီးခံခဲ့ရသူ ၆၃၉၉ ဦး ရှိသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ဒလန်ဟု နာမည်ကြီးသူ ၂ ဦး၊ ရေစကြိုတွင် တစ်ဦး ပစ်သတ်ခံထားရသောကြောင့် စစ်တပ်က အများပြည်သူနေထိုင်ရာ နေရာတွင် ဝင်ရောက်ပစ်ခတ်မှုများ ရှိခဲ့သည်။ 

ဇီးပင်ကန်ကျေးရွာတွင်လည်း ဒလန်ဟု နာမည်ကြီးသူ အသတ်ခံရသောကြောင့် ရွာအတွင်း စစ်ကောင်စီတပ် ရောက်လာ၍ ဖမ်းဆီးအကြမ်းဖက်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s