ထီရောင်းချရမှုနှုန်း အလွန်နည်းပါးသဖြင့် ထီလုပ်ငန်းလုပ်ကိုင်သူများ ရပ်တည်ရခက်ခဲလာ

ဇွန်လအတွင်း ထီလက်မှတ်ရောင်းချရမှုနှုန်း အလွန်နည်းပါးခဲ့ပြီး ထီလုပ်ငန်းလုပ်ကိုင်သူတွေ ရပ်တည်ရခက်ခဲလာတဲ့အတွက် လုပ်ငန်းပြောင်းပြီးလုပ်ကိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
ဇူလိုင် ၁ ရက်နေ့ဖွင့်မယ့် ထီဖွင့်ပွဲအတွက် ထီလက်မှတ် အုပ်ရေ နှစ်သိန်းကျော် ငွေကျပ် ၂.၀၄၄ ဘီလီယံဖိုးပဲ ရောင်းကုန်ခဲ့ပြီး အမြင့်ဆုံးဆု ငွေကျပ်သိန်းငါးထောင်ပဲပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ပါတယ်။
မေလအတွင်းက ထီလက်မှတ် ငွေကျပ် ၂.၆ ဘီလီယံဖိုး ရောင်းကုန်ခဲ့ပြီး အုပ်ရေ ၂ သိန်း ၆ သောင်းကျော် ရောင်းကုန်ခဲ့ပါတယ်။ ဧပြီလတုန်းကလည်း ငွေကျပ် ၂ ဘီလီယံဖိုး အုပ်ရေ ၂ သိန်းကျော်ပဲ ရောင်းကုန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထီလုပ်ငန်းကို ပြည်သူတွေက သပိတ်မှောက်ခဲ့တာကြောင့် ရောင်းအားထိုးကျခဲ့တာဖြစ်ပြီး ထီလုပ်ငန်းလုပ်ကိုင်တဲ့ ကုန်သည်တွေက ရပ်တည်ဖို့ခက်ခဲလာတဲ့အတွက် လုပ်ငန်းပြောင်းပြီးလုပ်ကိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ ထီကုန်သည် ဦးစန်းယုက ပြောပါတယ်။
ထီလက်မှတ်ရောင်းချတဲ့ နှုန်းထားဟာ အာဏာမသိမ်းခင်ကနဲ့ နှိုင်းယှဉ်ရင် ရောင်းအား ၉၀ ရာခိုင်နှုန်းကျော်ကျဆင်းသွားတာပါ။ ထီလုပ်ငန်းလုပ်ကိုင်သူတွေကတော့ ရင်းနှီးခဲ့သမျှတွေ ဆုံးရှုံးခဲ့ရပြီး အရင်လို စီးပွားဖြစ်လုပ်ငန်းတစ်ခုအနေနဲ့ ထီလုပ်ငန်းကို လုပ်ကိုင်လို့မရ တော့ဘူးလို့ ထီကုန်သည် ဦးကျော်လှိုင်က ပြောပါတယ်။
ထီရောင်းအားဟာ လက်မှတ်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းအောက်မှာပဲရှိနေတဲ့အတွက် အရောင်းအဝယ်မလည်ပတ်တော့တာလို့ ဆိုပါတယ်။
အာဏာမသိမ်းခင်က အမြင့်ဆုံးထီဆုကြီးအနေနဲ့ ငွေကျပ်သိန်းတစ်သောင်းခွဲအထိ ပေးအပ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ငွေကျပ်သိန်းငါးထောင်ပဲ အမြင့်ဆုံးပေးနိုင်ပါတော့တယ်။
လက်ရှိရောင်းအားအရ နောက်လတွေမှာလည်း ငွေကျပ်သိန်းငါးထောင်နှုန်းကိုပဲ အမြင့်ဆုံးပေးနိုင်ဦးမယ်လို့ ထီလုပ်ငန်းလုပ်ကိုင်သူတွေက ခန့်မှန်းပါတယ်။
စစ်အာဏာမသိမ်းခင်က ထီလုပ်ငန်းကနေ အစိုးရဟာ တစ်နှစ်ကို ငွေကျပ် ၁၆၃ ဘီလီယံနီးပါး အခွန်ဝင်ငွေ ရခဲ့ပါတယ်။ အခု ပြည်သူတွေရဲ့ ထီမထိုးတဲ့သပိတ်ကြောင့် ထီမရောင်းရဘူးဆိုရင် စစ်ကောင်စီဟာ တစ်နှစ်ဝင်ငွေ အများဆုံး ၁၂ ဘီလီယံလောက်ပဲရနိုင်တော့မယ်လို့ သတင်းစာဆရာဦးစည်သူအောင်မြင့်က ခန့်မှန်းထာပါတယ်။
တစ်နှစ်ပတ်လုံးထီမရောင်းရပါက ထီကရမယ့် အခွန်ဝင်ငွေထဲက ၁၅၁ ဘီလီယံလောက် စစ်ကောင်စီက နစ်နာမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ထီမထိုးတဲ့သပိတ်ဟာ အောင်မြင်တယ်လို့လည်း သူကဆိုပါတယ်။DVB