Monthly Archives: Jul 2021

ပေါက်မြို့နယ် ဝန်ခြုံးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက မီးရှို့ဖျက်ဆီး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ဝန်ခြုံးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ယနေ့ ဇူလိုင်လ ၃၁ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သတင်းပေးပို့လာသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ နဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တို့ဟာ ဒီကနေ့ နေ့လည်က ဝန်ခြုံရွာမှာ တိုက်ပွဲဖြစ်ပွါးခဲ့သည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝန်ခြုံးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အရပ်သားများ၏ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက သတင်းပေးပို့သည်။mizzima

လှိုင်သာယာမြို့နယ် အတွင်းရှိ အလံဖြူ အလံဝါထောင်ထားသည့် အိမ်ထောင်စုများကို လှိုင်သာယာ အခြေခံပညာ ကျောင်းသားများသမဂ္ဂက ငွေကြေးထောက်ပံ့လှူဒါန်း

khit thit

ယကြာချေရာမှ အဝတ်စုတ်၊အဝတ်ဟောင်းများရေထဲပစ်ချမှုကြောင့် စစ်တွေကမ်းခြေ ညစ်ညမ်းမှုဖြစ်ပေါ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇူလိုင်လ (၂၉) ရက်နေ့ ညက ကောလဟလ သတင်းတစ်ခု ပျံ့နှံ့လာပြီးနောက် လူတချို့က အဝတ်စုတ်၊ အဝတ်ဟောင်း များကို ချောင်းရေထဲ၊ မြစ်ရေထဲ ပစ်ချမှုကြောင့် စစ်တွေ ပင်လယ်ကမ်းခြေတွင် ညစ်ညမ်းမှု ဖြစ်ပေါ်နေသည်ဟု သတင်းရရှိသည်။စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှဝင်းက “ဒီလိုလုပ်ရပ်တွေက ချောင်း၊ မြောင်းအတွက် ထိခိုက်တယ်၊၊ ကမ်းခြေ အတွက်လည်း ထိခိုက်မှုအများကြီးရှိတယ်၊၊

ထိခိုက်မှုဆိုတဲ့ နေရာမှာ အလွန့်အလွန် ရုပ်ပျက်ဆင်းပျက် အဆင့်ဖြစ်သွားတာပေါ့နော်။ ဒါကလည်း လူတွေ အကြောက်တရားလွန်ပြီး အသိပျက်သွားတယ်လို့ ပြောရမယ်။ ဒီလိုအဝတ်တွေကို စွန့်ပစ် လိုက်ရင်ရေမှာမျောလိုက်ရင် ကပ်ဘေးက လွတ်မြောက်မယ် ဆိုတဲ့ လူတစ်ယောက်ရဲ့ အမျိုးမျိုး ပြောဆိုမှုကို ယုံကြည်လို့ ဖြစ်သွားတာဖြစ်တယ်။

ကျွန်တော့် အမြင်အရ ပြောရရင် ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း အကြံပေးထားတဲ့နေထိုင်ကြမှပဲ ကပ်ဘေးက လွတ်နိုင်မယ်လို့ မြင်ပါတယ်’’ဟု ပြောသည်။အဓိဌာန်ဆရာတော်ကြီး၏ မိန့်ကြားမှုဟုဆိုကာ ကပ်ဘေးမှ လွတ်ကင်းရန် အဝတ်စုတ်၊ အဝတ်ဟောင်းများကို ချောင်းမြောင်းများသို့ ပစ်ချရမည်ဟု ကောလဟလများ ထွက်ပေါ် လာခဲ့ပြီးနောက် အဝတ်စုတ်၊ အဝတ်ဟောင်းများ ချောင်းမြောင်းများသို့ ပစ်ချမှုများ ဖြစ်ပေါ်ခဲ့သည်။

၎င်းနောက်ပိုင်း ကမ္ဘာ့အဓိဌာန်သာသနာပြုအဖွဲ့က ရှင်းလင်းချက်တစ်စောင် ထွက်ပေါ်လာခဲ့ပြီး အဓိဌာန်ဆရာတော်ကြီး အမည်နာမအသုံးပြု၍ ကောလဟလများ မကြာခဏ ထွက်ပေါ် လျက်ရှိကြောင်း၊ ယခင်ကလည်း သတင်းလုပ်ကြံမှုများကို သတိပေးဖူးကာ ဒကာ၊ ဒကာမများ အနေဖြင့် အဓိဌာန်သာသနာပြုအဖွဲ့၏ တရားဝင် ဝက်ဆိုက် (website) နှင့် လူမှုကွန်ယက် စာမျက်နာ facebook page မှတရားဝင်ထုတ်ပြန်ချက်ကို ယုံကြည်ကြရန်နှင့် အသိပေးထားခြင်းမရှိသော သတင်းမှားများကို မယုံမိကြစေရန် ဇူလိုင် ၃၀ ရက်နေ့က တိုက်တွန်းထားသည်။

ယခုလုပ်ရပ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့အပြင် မြို့၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည်ဟု ဆိုကာ လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများ မြင့်တက်ခဲ့သည်။စစ်တွေဒေသခံ ကိုမျိုးမင်းသူက “ပလပ်စတစ်အိတ်တွေနဲ့မြစ်တွေ၊ ပင်လယ်တွေမှာ သွားပစ်တာက ရေတွေ၊ ရေသယံဇာတတွေ ညစ်ညမ်း သွားနိုင်တယ်။

အမှိုက်တွေလည်း ပွသွားတယ်။ လူမြင် မကောင်းဖြစ်လာတယ် မြို့အင်္ဂါရပ်နဲ့လည်း မညီဘူးပေါ့။ ဒါပေမယ့် ယုံကြည်မှုအရ လုပ်ကြတာကိုတော့ အပြစ်မပြောလိုဘူး။ သဘာဝ ပတ်ဝန်းကျင်အရ ကြည့်ရင် မကောင်းဘူးပေါ့လေ။ ယုံကြည်တာလည်း ယုံကြည်ပေါ့လေ။ လုပ်သင့်မလုပ်သင့်လည်း ဆင်ခြင်ပြီးလုပ်ရမယ်” လို့ ပြောသည်။

စစ်တွေပွိုင့်ကမ်းခြေတစ်လျှောက်နှင့် ဆတ်ရိုးကျချောင်းကမ်းတို့တွင် တင်နေသော ၎င်းအမှိုက် ထုပ်များကို စစ်တွေမြို့နယ် စည်ပင်က လိုက်လံ ရှင်းလင်းခဲ့သည်ဟုသိရသည်။ နိရဉ္စရာ

တပ်ရင်းမှူးကျသွားသည့် မင်းတပ်တွင် စစ်ရေးတင်းမာနေ

ချင်းပြည်နယ်၊ မင်းတပ်- မတူပီလမ်းပိုင်း၌ ယမန်နေ့(ဇူလိုင်၃၀)တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးတစ်ဦးကျဆုံးပြီးနောက် ဒေသတွင်းစစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေသည်ဟု CDF (ချင်းဒေသကာကွယ်ရေးအဖွဲ့) ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

“စစ်တပ်ဘက်ကတော့ အင်အားတွေ ဖြည့်ဖြည့်နေပါတယ်။ အခုလောလောဆယ် စစ်ကြောင်းသုံးကြောင်းလောက်ပေါ့။ မနေ့ည(ဇူလိုင် ၃၀ရက်ည)က တိုက်ပွဲပြီးတော့ စစ်ကူတွေလည်း မတူပီဘက်က အင်အား ၈၀လောက် စစ်ကူတွေလာသေးတယ်။ တိုက်ပွဲတော့ ဆက်လက်ပြင်းထန်ဖွယ်ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်အတွင်း ဖြစ်ပွားပြီး တပ်ရင်းမှူးပင် သေဆုံးခဲ့သည်ဆိုသော အထက်ပါတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

ယနေ့ထုတ်ကြေးမုံသတင်းစာ၌မူ တပ်ရင်းမှူးအဆင့်ရှိ အသက် ၄၈နှစ်အရွယ် ဒု-ဗိုလ်မှူးကြီးဇော်ဇော်စိုး၏ မိသားစုက ထည့်သွင်းထားသည့် နာရေးကြော်ငြာတစ်ခုပါဝင်သည်။ ထိုသူမှာ ဇူလိုင် ၃၀၊ နံနက် ၆နာရီ ၁၅ မိနစ်တွင် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သည်ဟု နာရေးကြော်ငြာတွင် ဖော်ပြထားသော်လည်း မည်သည့်နေရာတွင် သေဆုံးသည်ကို အတည်မပြုနိုင်သေးပါ။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့နှင့် CDF ၏ ထုတ်ပြန်ပြောဆိုချက်များအရ ဇူလိုင် ၂၁မှစ၍ စစ်ကောင်စီဘက်က အကြိမ်ကြိမ်ထိုးစစ်ဆင်နေသဖြင့် မင်းတပ်- မတူပီလမ်းပိုင်း၊ မင်းတပ် – ကန်ပက်လက်နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားနေကာ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရသည်။

CDF ပြောခွင့်ရပုဂ္ဂိုလ်၏ အဆိုအရ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ ၂၆ဦး၊ CDF ၁၅ဦး သေဆုံးခဲ့ပြီး တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများစွာရှိသည်ဟု သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

သို့သော် ထို့သို့စစ်ရေးအရှိန်မြှင့်တက်နေချိန် ဇူလိုင် ၂၄ ရက်တွင် CDF က သေနတ်ပင်မဖောက်လိုက်ရဘဲ သိမ်းပိုက်နိုင်ခဲ့သည့် မင်းတပ်မြို့နယ်၊ မကွီးအိမ်နူးရှိ ရဲစခန်းဖြစ်စဉ်တွင် စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲနှင့် စစ်သား ၆ ဦး လက်နက်ချ၍ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု)တွင် ပူးပေါင်းပါဝင်ခဲ့သည်ကို Myanmar Now က အတည်ပြုထားနိုင်သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် မင်းတပ်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြကြသည့် ပြည်သူများကို စစ်ကောင်စီက ရက်စက်စွာ ဖြိုခွင်း၊ ဖမ်းဆီး၊ ပစ်ခတ်နေပြီး အသက်သေဆုံးရသည်အထိ ဖြစ်လာရာ ဧပြီလကုန်ပိုင်းမှစ၍ ဒေသခံတို့က ရရာလက်နက်ဖြင့် ခုခံလာကြသည်။

လတ်တလောတွင် မင်းတပ်၌ ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဒေသ PDF နှင့်အတူ ကန်ပက်လက်၊ မတူပီတို့မှ ကာကွယ်ရေးအင်အားစုများ၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က ပူးပေါင်းပါဝင်ပေးနေကြောင်း CDF ပြောခွင့်ရပုဂ္ဂိုလ်ထံမှ သိရသည်။

ထိုအခြေအနေတွင် စစ်ရေးအရှိန်ပိုမြင့်လာနိုင်သည်ဟု CDF ဘက်က မျှော်မှန်းထားခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ တိုက်ပွဲခေါ်သံကို စောင့်ဆိုင်းရင်း စစ်ကောင်စီ၏ ထိုးစစ်များကို ဆက်လက်ခုခံရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

“လက်ရှိအခြေအနေက ကျွန်တော်တို့က ပြင်ဆင်ရင်းတိုက်ရင်းနဲ့ ဆက်လက်ပြီး ခုခံတိုက်ပွဲဝင်သွားဖို့ ပြင်ဆင်နေကြပါတယ်။ သူတို့ဘက်က နယ်မြေကျူးကျော်ပြီးတော့ ကျွန်တော်တို့ရှိတဲ့ နေရာဒေသတွေကို လာရင် အမြဲတမ်းတိုက်ပွဲတော့ ဖြစ်မှာပဲ” ဟု CDF ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

အနာဂတ်တွင် ဖက်ဒရယ်တပ်မ​တော်အထိ ရည်မှန်း၍ ဖွဲ့စည်းထားကြောင်း NUG က ထုတ်ပြန်ပြောဆိုထားသည့် ပြည်သူ့ကာကွယ်​​ရေးအဖွဲ့ (PDF) တာဝန်ခံတစ်ဦးက စစ်ကောင်စီတော်လှန်ရေးနေ့အတွက် အချိန်များစွာ စောင့်ရန်မလိုတော့ကြောင်း Myanmar Now ကို ပြောထားသည်။myanmar now

ရန်ကုန်သုသာန် ၄ ခုတွင် ယနေ့ ရုပ်အလောင်း ၃၀၀ ခန့် မီးသင်္ဂြိုဟ်

ရန်ကုန်မြို့မှာရှိတဲ့ သုသာန် ၄ ခုမှာ ဇူလိုင် ၃၁ ရက် ဒီကနေ့    မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်းအရေအတွက် သိသိသာသာကျဆင်းသွားပြီး ၃၀၀ ဝန်းကျင်ရှိတယ်လို့ နာရေးကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ဒီနေ့ ရေဝေးမှာရုပ်အလောင်း ၁၀၀ ပတ်ဝန်းကျင်၊ ထိန်ပင်မှာ ၁၀၀ ပတ်ဝန်းကျင်၊ ကျီစုမှာ ၂၀ ကျော်နဲ့ ကျူချောင်းမှာ ၈၀ နီးပါး  မီးသင်္ဂြိုဟ်ခဲ့ရတယ်လို့ သိရပါတယ်။

ကျီစုသုသာန်မှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက်ဟာ ကိုဗစ်တတိယလှိုင်း မတိုင်ခင်ကာလကလို ပုံမှန်ပြန်ဖြစ်လာပေမယ့် နောက်ရက်တွေကိုတော့ စောင့်ကြည့်ရဦးမယ်လို့  အဆိုပါသုသာန်မှာ နာရေးကူညီပေးနေတဲ့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ 

ကျူချောင်းသုသာန်မှာတော့ ပုံမှန်အတိုင်းပြန်မဖြစ်သေးပေမယ့် မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်းအရေအတွက် သိသိသာသာကျသွားတယ်လို့လည်း  ပရဟိတသမားတစ်ဦးက ပြောပါတယ်။ 

ရန်ကုန်မြို့မှာ ဇူလိုင် ၁၀ ရက်နေ့ကစပြီး ကိုဗစ်ကူးစက်ခံရသူများပြားခဲ့သလို အောက်ဆီဂျင်မရလို့သေဆုံးသူလည်း များပြားခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက် ဝန်းကျင်မှာ အခြေအနေအဆိုးဆုံးဖြစ်ခဲ့ပြီး နေ့စဉ် ၁ ရက်ကို ရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ လောက် ရန်ကုန်သုသာန် ၄ ခုမှာ မီးသင်္ဂြိုဟ်ခဲ့ရပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာတော့ တော့ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက် ပြန်လည်ကျဆင်းခဲ့ပါတယ်။ DVB

ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်တပ်မွှေနေ၊ နေအိမ်နှစ်လုံး မီးရှို့ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး သတ်ဖြတ်ခံရပြီးနောက် စစ်တပ်နှင့် ရဲက လိုက်လံရှာဖွေစဉ် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် တိုက်ပွဲဖြစ်ပွားပြီး နေအိမ်နှစ်လုံးလည်း မီးရှို့ခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးနှင့် အခြားဒေသခံနှစ်ဦးက ပြောသည်။

ယနေ့ (ဇူလိုင်၃၁) နံနက် ၇ နာရီခန့်တွင် ပေါက်မြို့နယ်တောင်ပိုင်းရှိ ပင်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် စစ်တပ်နှင့် ရဲက လိုက်လံရှာဖွေစဉ် နံနက် ၁၁ နာရီခန့်က ပင်တောင်ရွာနှင့် ကပ်လျက်ရှိ ဝန်ခြုံးရွာအနီးတွင် နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပင်တောင်ရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ကျွန်တော်တို့ကလေးတွေက ရှင်းလိုက်တယ်။ စစ်ကားနှစ်စီး၊ ပျူစောထီး၊ ကိုင်းလယ် (ရွာ) က ရဲတွေလာတယ်။ လိုက်ပစ်တော့ ဝန်ခြုံးရွာနားမှာ တိုက်ပွဲဖြစ်တယ်။ ကာကွယ်ရေးအဖွဲ့က နောက်ဆုတ်တော့ ရွာထဲဝင်ပြီး မီးရှို့တယ်”ဟု ၎င်းက ပြောသည်။

ဝန်ခြုံးရွာရှိ နေအိမ်နှစ်လုံးကို စစ်တပ်နှင့် ရဲက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံရွာသားတစ်ဦးက ပြောသည်။ 

“ပင်တောင်က ဟာတွေ (ရွာသား) က လှမ်းခေါ်လိုက်ပုံရပါတယ်။ ရဲတွေ စစ်သားတွေ ဝင်လာပြီး ကျွန်တော်တို့ရွာထဲ ဝင်မီးရှို့သွားတာပဲ။ ရွာသားတွေကတော့ သူတို့မလာခင်ကတည်းက အကုန်လုံးထွက်ပြေးနေတော့ ဖမ်းမိတာတော့ မရှိသေးဘူး”ဟု တိမ်းရှောင်နေရသူ အထက်ပါ ဝန်ခြုံးရွာသားက ပြောသည်။ 

ဝန်ခြုံးရွာအနီးဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သော ပင်တောင်ရွာမှ ပျူစောထီးအဖွဲ့ဝင် လေးဦးသေဆုံးခဲ့သည်ဟု ကြားသိရကြောင်းလည်း ၎င်းက ပြောသည်။

ပင်‌တောင်ရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၃၀ အရွယ် ဦးထီမြိုမှာ သေနတ်ဖြင့် နှစ်ချက်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း၊ ၎င်းသည် ဇွန် ၁၅ ရက်က စစ်ကောင်စီတပ်က မီးတင်ရှို့ခံရသည့် ကင်းမရွာသားများကို မကူညီရန် အမိန့်ထုတ်သူဖြစ်ကြောင်း အထက်ပါ PDF အဖွဲ့ဝင်က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထို့ပြင် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုနှင် ဖမ်းဆီးခံရမှုရှိမရှိ အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီကလည်း တစ်တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ပင်တောင်ရွာအုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရခြင်းနှင့် ဝန်ခြုံးရွာရှိ နေအိမ်နှစ်လုံး မီးရှို့ခံရခြင်းကို အခြားပေါက်ဒေသခံတစ်ဦးကလည်း Myanmar Now ကို အတည်ပြုထားပြီး ထိုဖြစ်စဉ်ကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။ 

“အရင် မီးလောင်တဲ့ ကင်းမရွာဆိုတာ ယောချောင်း အနောက်ပိုင်းခြမ်း၊ အခုမီးရှို့ခံရတဲ့ရွာ (ဝန်ခြုံး) က အရှေ့ဘက်ခြမ်း၊ (ကင်းမနဲ့) လေးရွာလောက်ဝေးပြီး ချောင်းခြားတယ်”ဟု ၎င်းက ပြောသည်။

ယနေ့မွန်းလွဲ သုံးနာရီဝန်းကျင်အထိ ဝန်ခြုံးရွာမှ မီးရှို့ခံရသည့် နေအိမ်နှစ်လုံးမှာ လောင်ကျွမ်းနေဆဲဖြစ်ကာ အခြားအိမ်များသို့ ကူးစက်ခြင်းမရှိသေးကြောင်း၊ အနီးပတ်ဝန်းကျင်သို့ စစ်ကောင်စီတပ်က ရှာဖွေမှုများပြုလုပ်နေပြီး ပင်တောင်ရွာဘက်သို့ ဦးတည်နေသည်ဟု ယူဆရကြောင်းလည်း ဝန်ခြုံးရွာသားက ဆိုသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို ရက်စက်စွာဖြိုခွင်းခံနေရချိန်တွင် ရရာလက်နက်ဖြင့် ပြန်လည်ခုခံနေသည့် နိုင်ငံအနှံ့မြို့များတွင် ပေါက်မြို့နယ်လည်း ပါဝင်ပြီး စစ်ကောင်စီ၏ အညှာအတာမဲ့ နှိမ်နင်းမှုများကို ရင်ဆိုင်နေရသည်။

လွန်ခဲ့သည့် တစ်လကျော် (ဇွန်၁၅)က ပေါက်မြို့နယ်အတွင်း၌ပင်ရှိပြီး လူဦးရေ တစ်ထောင်ကျော်နေထိုင်သည့် ကင်းမရွာမှာ စစ်ကောင်စီလက်ချက်ဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ရပြီး အသက် ၈၀ ကျော် ဇနီးမောင်နှံနှစ်ဦးပင် မီးထဲပါ၍ သေဆုံးခဲ့ရသည်။ myanmar now

မနက်ပိုင်းကဖမ်းဆီးခံခဲ့ရသည့် မန္တလေးကဆန္ဒပြလူငယ်သေနတ်ဒဏ်ရာဖြင့်ယနေ့ညနေမှာသေဆုံး

မန္တလေးမြို့တွင် ယနေ့နံနက်က ဆန္ဒပြလူငယ်များကိုစစ်တပ်ဝင်စီးစဉ်သေနတ်ဒဏ်ရာနှင့် ဖမ်းဆီးခံခဲ့ရသူ ကိုစိုင်းရဲရင့်သည် ကွယ်လွန်သွားကြောင်း သပိတ်ခေါင်းဆောင်များအပြောအရသိရသည်။

မန္တလေးမြို့ပုသိမ်ကြီးမြို့နယ်၊အရှေ့ကန်ကောက်ရွာသစ်ထဲမှ ဆန္ဒပြလူငယ်များနေထိုင်သည့် နေအိမ်ကိုစစ်တပ်ကဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ကိုစိုင်းရဲရင့်၏ဆီးခုံကိုသေနတ်မှန်ခဲ့သည်။

“သူ့(သေဆုံးသူ)ရဲ့ အမျိုးသမီးကပြောလို့ ကျဆုံးသွားပြီလို့သိရတယ်။ကျန်တာတော့ မသိရသေးဘူး”ဟု သပိတ်တွင်ပါဝင်သူတစ်ဦးကပြောသည်။ယခုတစ်ပတ်အတွင်း မန္တလေးမြို့ကဆန္ဒပြသပိတ်များကို စစ်တပ်ကအကြမ်းဖက်ပစ်ခတ်မှုများပြုလုပ်နေရာ ငါးဦး သေနတ်ဒဏ်ရာရရှိခဲ့သည့်အနက် သုံးဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ၂ရရက်နေ့ကသေဆုံးခဲ့သူမသူသူဇင်နှင့်တခြားတစ်ဦး၏အလောင်းကိုတော့ စစ်တပ်ကမိသားစုဝင်များထံပြန်မပေးဘဲ တိတ်တဆိတ်သဂြိုလ်ခဲ့သည်။mizzima

ပေါက် PDF က မိုင်းခွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံး

ပေါက်မြို့နယ်မှာ ဇူလိုင် ၃၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးခဲ့တယ်လို့ PPDF တပ်ဖွဲ့ က ပြောပါတယ်။

ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က ဝန်ခြုံးရွာနဲ့ ပင်ထောင်ရွာကြားမှာ မိုင်းတွေထောင်ထားတာဖြစ်ပြီး ဝန်ခြုံးရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ အဲဒီမိုင်းကို နင်းမိပြီးတော့ ၁၀ ယောက်သေဆုံးခဲ့တယ်လို့ PPDF တပ်ဖွဲ့ဝင်တစ်ယောက်က DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီးတော့ ဝန်ခြုံးကျေးရွာကို မီးရှို့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်ထဲမှာ ပင်ထောင်ရွာ၊ ရွာသစ်ရွာနဲ့ ဒီးဒတ်ကွင်းရွာတွေက ပျူစောထီးအဖွဲ့တွေ အားကောင်းတဲ့ရွာဖြစ်ပြီးတော့ ရွာတွေကို မီးရှိုတာမှာလည်း ပါဝင်ပတ်သက်နေပြီး အဲဒီအဖွဲ့တွေကို အကြမ်းဖက်စစ်အုပ်စုက အမြဲတမ်းမစောင့်ရှောက်နိုင်တာကြောင့် PPDF အဖွဲ့က သုတ်သင်ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း ပင်ထောင်ကျေးရွာ ​ပျူစောထီးအဖွဲ့က ခေါင်းဆောင် ၃ ယောက်ကို PPDF တပ်ဖွဲ့က သုတ်သင်သတ်ဖြတ်လိုက်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ကလည်း PPDF တပ်ဖွဲ့က ကြည့်ငိုတောင်မှာ မိုင်းထောင် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅၆ ယောက်သေဆုံးခဲ့ပြီးတော့ PPDF တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။DVB

« Older Entries