Monthly Archives: Jul 2021

စစ်ကိုင်းတိုင်း ယင်းမာပင်တွင် ရက်ပိုင်းအတွင်း ဒလန်ဟု နာမည်ကြီးသူ ၄ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကပိုင်ရွာနှင့် သီးကုန်းရွာတွင် ရက်ပိုင်းအတွင်း စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ ၄ ဦး ယခုရက်ပိုင်းအတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ 

ကပိုင်ရွာမှ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် ကိုငမင်းနှင့် ကိုမြင့်လှိုင်ဆိုသူ နှစ်ဦးမှာ ဇွန် ၂၉ ရက် ညပိုင်းက မုံရွာ − ယာကြီး − ကလေးဝကားလမ်း မိုင်တိုင် ၂၆ အနီးတွင် အသတ်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“သူတို့က ချောင်းမဘက်ကနေ ပတ်ပြီး မုံရွာကို သတင်းပေးဖို့အသွား လမ်းမှာ အသတ်ခံလိုက်ရတာ။ ကလေး – ယာကြီးလမ်းက ၁၀ မိုင်ကျော်လောက် ဝေးတယ်။ အသတ်ခံရတဲ့နေရာမှာတင်ပဲ သင်္ဂြိုဟ်လိုက်တာလို့ ကြားတယ်။ ရွာကလူတွေသွားကြည့်တော့ ပြာပုံပဲ တွေ့လိုက်ရတာ”ဟု သီကုန်းရွာ ဒေသခံတစ်ဦးက ပြောသည်။ 

ကပိုင်ရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟု သတင်းထွက်နေသူတစ်ဦးဖြစ်သည့် ကိုရန်နိုင်ဆိုသူမှာလည်း ဇွန် ၂၈ ရက် ညပိုင်းက နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

“ရန်နိုင်ဆိုတဲ့ ပျူစောထီးဆိုရင် သစ်ခိုးထုတ်တဲ့ ပွဲစားပဲဗျ။ စစ်တပ်နဲ့ ပေါင်းပြီးတော့ အလုပ်လုပ်တဲ့သူဗျ။ ကျန်တဲ့ သုံးယောက်ကတော့ စစ်တပ်နဲ့ ပေါင်းပြီး အတူတူနေ၊ အတူတူပေါင်းပြီးတော့ အတူတူလုပ်တဲ့သူတွေ”ဟု သီးကုန်းရွာ ဒေသခံတစ်ဦးက ပြောသည်။ 

ကပိုင်ရွာနှင့် ကပ်လျက်ရှိသည့် သီးကုန်းရွာတွင် ဒလန်ဟု နာမည်ထွက်နေသူ ဦးကျောက်လုံးဆိုသူမှာ ဇွန် ၂၆ ရက်ညပိုင်းက နေအိမ်အတွင်း လူတစ်စုက ဓားဖြင့် ဝင်ခုတ်သဖြင့် သေဆုံးခဲ့သည်။

အဆိုပါ အသတ်ခံရသူ ၄ ဦးစလုံးမှာ စစ်တပ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူများဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်သူများ၏ သတင်းအချက်အလက်များကို စစ်တပ်ထံ ပေးပို့ခြင်း၊ စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်ချိန်တွင် အစားအသောက်ကျွေးမွေး ဧည့်ခံလေ့ရှိသူများဖြစ်သည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။ 

ဧပြီလအတွင်းက ကပိုင်ရွာ၌ စစ်တပ်က နှစ်ကြိမ်တိုင် တပ်စွဲခဲ့ပြီး အနီးအနားကျေးရွာများကို ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်ဖျက်ဆီးခြင်းများ ရှိခဲ့သည်။

ကပိုင်ရွာဒေသခံများက အိုးအိမ်စွန့်ပစ်ကာ အထိတ်တလန့်ဖြင့် ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် စစ်တပ်က အိမ်များကို မွှေနှောက်ဖျက်ဆီး၍ ကြက်၊ ဝက်များ သတ်ဖြတ်စားသောက်ကာ တန်ဖိုးရှိသည့် ရွှေတိုငွေစအပါအဝင် ဆိုင်ကယ်၊ စက်ဘီးများ ယူဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ ဒေသခံအများစုက ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် စစ်တပ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူ လူနည်းစုသာ ကျေးရွာအတွင်း ဆက်လက်နေထိုင်ရစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ပုလဲ၊ ဂန့်ဂေါမြို့နယ်နိမိတ်အစပ်တွင်ရှိသည့် အလောင်းတော်ကဿပ အမျိုးသားသစ်တောဥယျာဉ်တွင် အာဏာသိမ်းပြီးချိန်မှစတင်ကာ သစ်လုပ်ငန်းရှင်များ၊ သစ်ပွဲစားများမှ သစ်ခိုးထုတ်မှုများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ စစ်တပ်သတင်းပေး ဒလန်ဟု နာမည်ထွက်သူ ၄ ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်ကိုင်းတိုင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများ အားကောင်းခဲ့သည့် ယင်းမာပင်၊ ကနီ၊ မင်းကင်းမြို့နယ်တို့မှ ကျေးရွာများကို စစ်ကောင်စီတပ်များက ဧပြီလဆန်းပိုင်းမှ စတင်ကာ ပစ်မှတ်ထားပြီး တိုက်ခိုက်လာသည့်အတွက် ဒေသခံများက အမဲလိုက်ရာတွင် အသုံးပြုသည့် လက်လုပ်တူမီးသေနတ်များဖြင့် ခုခံတော်လှန်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။

ဧပြီလနှင့် မေလအတွင်း စစ်ကောင်စီတပ်နှင့် အပြင်းအထန် တိုက်ပွဲများဖြစ်ခဲ့သောကြောင့် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်များတွင် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ myanmar now

ရွှေတောင်မြို့တွင် အသက်၂၀ အရွယ် လူငယ်တစ်ဦးကို စစ်‌ကောင်စီက ဖမ်းဆီး သတ်ဖြတ်ပြီး အလောင်းပြန်မပေးဘဲ သဂြိုလ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် အသက် ၂၀ အရွယ်လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၂၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ဒလန်၏သတင်းပေးမှုဖြင့် ရွှေတောင်မြို့၊ကြာနီကန်ရပ်ကွက်၊ကသဲတန်းလမ်းတွင် နေထိုင်သည့် မောင်အောင်အောင်လွင် ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် သဂြိုလ်ပြီးစီးသည်ဟု မိသားစုထံ အကြောင်းကြား လာကြောင်း သိရှိရသည်။

“အဲဒီကောင်လေးက ရပ်ကွက်ထဲမှာ မင်းအောင်လှိုင်ကိုအော်ဆဲမိတာ။ အဲဒါကို ရပ်ကွက်ထဲက ဒလန်‌ကတိုင်တော့ ညပိုင်း၁၀ခွဲလောက်မှာ သူ့အိမ်ကိုလာဖမ်းသွားတယ်။ ဒီနေ့မှာ တော့အ‌ကြောင်းကြားလာတယ်။

စစ်တပ်က သူ့ကို သတ်ပစ်လိုက်ပြီ။ အလောင်းပါသဂြိုလ်လိုက်ပြီ အရိုးပြာတောင်ပြန်မပေးဘူး”ဟု ဒေသခံတစ်ဦးက ပြည်သတင်းစဉ်သို့ ပြောဆိုသည်။

မောင်အောင်အောင်လွင်သည် ဘို့လည်ကုန်းရှိ အမြှောက်တပ်ရင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် အသက် ၂၀ နှစ်သာရှိသေးကြောင်း သိရှိရသည်။khit thit

တောင်တွင်းကြီးတွင် တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅ ဦးတွေ့ရှိ

တောင်တွင်းကြီးမြို့မှာ ဒီကနေ့ ဇူလိုင် ၁ တစ်ရက်တည်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၃၅ ဦး စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။

”ဒီနေ့တွေ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေက တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်အုပ်စု၊ ကသာကျေးရွာမှာနေတဲ့ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း ၃၃ ဦးဖြစ်မှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တာပါ။ ကျန်အတည်ပြုလူနာ ၂ ဦးက မြို့ပေါ်က မောင်းတိုင် ၂ ရပ်ကွက်မှာနေတဲ့ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးတို့မှာ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့တာ” လို့ မြို့နယ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ ကိုဗစ်-၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ပြည်သူ့ကျန်းမာရေးအတွက် ပရဟိတသမားတွေများပေမယ့် အခုအချိန်မှာ ကျန်းမာရေးပရဟိတသမားတွေ အလွန်နည်းပါးနေကြောင်း သိရပါတယ်။

ဒေသခံတစ်ဦးက “အခုဖြစ်နေတဲ့ ရောဂါအခြေအနေကို စစ်ကောင်စီက ကောင်းကောင်းမထိန်းနိုင်လောက်ဘူး။ အရင်တုန်းက ပရဟိတစိတ်နဲ့လုပ်ခဲ့ကြတဲ့သူတွေကလည်း အခုမရှိကြတော့ဘူး။ စစ်ကောင်စီနဲ့လက်တွဲမလုပ်ချင်တဲ့ ပရဟိတသမားတွေကိုလည်း အပြစ်ပြောလို့မရဘူးလေ။ တစ်ဦးချင်းစီသာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြရမှာပေါ့” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၂ ရက် မှ ဇူလိုင်လ ၁ ရက်အထိ ကိုဗစ်-၁၉ ကိုဗစ်အတည်ပြုလူနာပေါင်း ၄၂ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှတ်တမ်းတွေအရ သိရပါတယ်။DVB

ပြန်လွတ်လာသူများထဲတွင် သတင်းသမား ၁၄ ဦး ပါဝင်

စစ်ကောင်စီက ဖမ်းဆီးပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူ သတင်းထောက်အများအပြားရှိရာ ယမန်နေ့ (ဇွန် ၃၀) တွင် ၁၄ ဦး လွတ်မြောက်ခဲ့သည်။ 

အင်းစိန်ထောင်မှ Myanmar Now သတင်းထောက် မကေဇွန်နွေး၊ MPA ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်၊ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းနှင့် ကိုဗညားဦး၊ 7Day သတင်းဌာနမှ သတင်းထောက် ကိုအောင်ရဲကို၊ ဇီးကွက်သတင်းဌာနမှ သတင်းထောက် ကိုဟိန်းပြည့်ဇော်၊ Democracy Vision မှ ကိုဇင်သော်နိုင်၊ DVB မှ ကိုသူရစိုးတို့ လွတ်လာသည့်ထဲတွင် ပါဝင်သည်။

မန္တလေး အိုးဘိုထောင်မှ လွတ်လာသူတို့မှာ MPA ဓာတ်ပုံသတင်းထောက် မျိုးသီဟကျော်၊ အလွတ်တန်းသတင်းထောက် စိုးမင်းသူတို့ ဖြစ်သည်။

ဧရာ၀တီတိုင်းတွင် လွတ်မြောက်လာသော သတင်းသမားတို့မှာ ကိုအောင်မြသန်း၊ ကိုဇော်မင်းဦး၊ ကိုရဝေမောင်၊ မရွှေရည်ဝင်းတို့ ဖြစ်သည်။

ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများအပါအဝင် အချုပ်သား၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ လွှတ်မည့်အထဲတွင် အင်းစိန်ထောင်မှ ၇၀၀ ကျော် ပါဝင်ကြောင်း ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးဌာနတာဝန်ရှိသူက Myanmar Now ကို ယမန်နေ့ နံနက်က ပြောခဲ့သည်။ 

မိသားစုဝင်များသည် နံနက်အစောပိုင်းကတည်းက အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေခဲ့ကြသော်လည်း ညနေ ၆ နာရီဝန်းကျင်ခန့်မှ ထောင်ထဲမှ ပြန်လွှတ်ပေးခြင်းဖြစ်သည်။

အကျဉ်းသားများကို ခရိုင်အလိုက်ခွဲ၍ ထောင်မှ လွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံရသူများဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေများထဲမှ တစ်ဦးဖြစ်သည့် ဒေါ်နီလာခိုင်က ပြောသည်။

“ ဝေးတဲ့ခရိုင်တွေဖြစ်တဲ့ တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်ကို အရင်လွှတ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။ 

အထိန်းသိမ်းခံရသည့်သတင်းသမားများအွန်လိုင်းစာမျက်နှာဖြစ်သည့် Detained Journalists Information Myanmar တွင် ဖော်ပြထားသော အချက်အလက်များအရ ၅၀၅-က နှင့် အခြားပုဒ်မများဖြင့် အမှုဖွင့်ခံထားရသူ သတင်းသမား ၅၀ ကျော်ရှိသည့်အနက် ၄၁ ဦး အဖမ်းခံခဲ့ရသည်။ 

AP နှင့် BBC သတင်းဌာနများမှ သတင်းထောက် ၂ ဦးအပါအဝင် Eleven မီဒီယာမှ သတင်း‌ထောက်တစ်ဦး၊ The Hakha Times မှ သတင်းသမားတစ်ဦး၊ အမေရိကန်နိုင်ငံသားဖြစ်သူ ကမာရွတ်မီဒီယာအယ်ဒီတာချုပ်၊ မန္တလေးအခြေစိုက် Voice of Myanmar အယ်ဒီတာချုပ်နှင့် သတင်းထောက်၊ ဇေယျာတိုင်းမ်သတင်းထောက်တစ်ဦးတို့ကို မကြာသေးခင်က စစ်ကောင်စီက ပြန်လွှတ်ပေးပြီးဖြစ်သည်။ 

မြိတ်မြို့မှ DVB သတင်းထောက် ကိုအောင်ကျော်နှင့် အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့သည်  ၅၀၅-က ဖြင့် တရားစွဲခံရကာ ဇွန် ၂ တွင် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသည်။

ပဲခူးတိုင်း၊ ပြည်မြို့ DVB သတင်းထောက် ကိုမင်းညိုကို ပုဒ်မ ၅၀၅-က ဖြင့် မေ ၁၂ တွင် ပြည်မြို့အကျဉ်းထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ 

သတင်းထောက် မကေဇွန်နွေးသည် ဖေဖော်ဝါရီ ၂၈ က မြေနီကုန်း၌ ဆန္ဒပြပွဲသတင်းယူနေစဉ် ဖမ်းဆီးခံရပြီး အင်းစိန်ထောင်တွင်း ၄ လ ကျော်ကြာ ထိန်းသိမ်းခံခဲ့ရကာ အမှုရင်ဆိုင်ခဲ့ရသူဖြစ်သည်။ 

အင်းစိန်ထောင်မှအထွက်တွင် ခံဝန်မထိုးခဲ့ရကြောင်း Myanmar Now သတင်းထောက် မကေဇွန်နွေးက ဧရာဝတီသတင်းဌာနတွင် ဖြေကြားထားသည်။

သို့သော် ရှမ်းပြည်နယ်တွင်မူ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူ နိုင်ငံရေးအကျဉ်းသား ၃၆ ဦးတို့ကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျောင်းသားသမဂ္ဂများတွင် ပါဝင်သူတို့သည် လွတ်မြောက်ရေးနှင့် လတ်တလော အလှမ်း‌‌ဝေးနေသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ကျောင်းသားသမဂ္ဂများမှ ရာနှင့်ချီသည့် အဖွဲ့ဝင်များအနက်မှ ယမန်နေ့က တစ်ဦးသာ ပြန်လည်လွတ်မြောက်ခဲ့သည်။ 

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပညာရေးတာဝန်ခံ ကိုဘုန်းထက်နောင်က ပြန်လည်လွတ်မြောက်လာသည်ကို ဖုန်းဆက်ပြောဆိုခဲ့ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။

အင်းစိန်ထောင်မှ ၇၀၀ ဝန်းကျင်ခန့်၊ ဧရာဝတီတိုင်းတွင် ထောင် ၅ ခုမှ ၂၂၇ ဦး၊ ပုသိမ်ထောင် ၅၂ ဦး၊ မြောင်းမြထောင်မှ ၆၆ ဦး၊ မအူပင်ထောင်မှ ၂၉ ဦး၊ ဟင်္သာတအကျဉ်းထောင်မှ ၅၄ ဦး၊ ဖျာပုံထောင်မှ ၄၄ ဦး၊ ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှ ၁၁ ဦးတို့အပါအဝင် မန္တလေးမြို့ အိုးဘိုထောင်မှ ၁၇၃ ဦးနှင့် တခြားအကျဉ်းထောင်များမှလည်း ဇွန် ၃၀ ညနေပိုင်းနှင့် ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။  myanmar now

ငါးသိုင်းချောင်းတွင် မနေ့ညပိုင်းက ဗုံးပေါက်ပြီး မြို့ဝင်ထွက်ဂိတ်များ လုံခြုံရေးတင်းကြပ်ထား

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ဇွန်လ ၃၀ ရက်နေ့ညပိုင်းက ဗုံးပေါက်ကွဲပြီးနောက်ပိုင်း မြို့ဝင်ထွက် ဂိတ်ပေါက်တွေမှာ လုံခြုံရေးတင်းကြပ်လိုက်တယ်လို့ သိရပါတယ်။

မျိုးဇေရပ်ကွက်၊ ဆေးရုံးလမ်းမကြီးပေါ်က အောင်ဇေယျလမ်းထောင့်က တွတ်တွတ်ဘီယာဆိုင် မျက်စောင်းထိုးရှေ့မှာ မနေ့ည ၁၀ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဗုံးပေါက်ကွဲတာ တော်တော်များများ မသိလိုက်ဘူး၊ ညပိုင်း အိပ်ချိန်ဆိုတော့ ဘယ်သူဖောက်တယ်ဆိုတာလည်း မသိလိုက်ဘူး။ ဖြစ်တဲ့အချိန်ကလည်း ညမထွက်ရ အချိန်မှာဖြစ်တာဆိုတော့ ပြောဖိုခက်တယ်။ ဖောက်တဲ့သူက ရဲတယ်လို့ ပြောရမလို ဖြစ်နေပြီ” လို့ ဒေသခံတဦးက DVB ကိုပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့အချိန်ဟာ ညမထွက်ရ အချိန်ဖြစ်တာကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိသလို ရဲနဲ့ စစ်တပ်လာရောက်စစ်ဆေးခဲ့ပေမယ့် တရားခံဖမ်းမိတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

ငါးသိုင်းချောင်းမြို့မှာ ဇွန်လ ၂၇ ရက်နေ့ညပိုင်းက ဗုံး ၅ လုံးဆက်တိုက်ပေါက်ကွဲခဲ့သလို ၁ လလုံး ဗုံး ၁၀ လုံးလောက်ပေါက်ကွဲခဲ့ပြီး တရားခံဖမ်းဆီးရမိတာမျိုး မရှိသေးတဲ့အပေါ် ရဲအချင်းချင်းလည်း အခြေအနေတင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။DVB

လက်ဖြတ်ရသည့် အင်ဂျင်နီယာကျောင်းသား အာမခံလျှောက်ထား

အကြမ်းဖက်နှိမ်နင်းခံရပြီး လက်တစ်ဖက်ဖြတ်လိုက်ရသူ မကွေးမြို့မှ ဆန္ဒပြကျောင်းသား ကိုလျှံဖြိုးအောင်သည် အကျဉ်းသားရာပေါင်းများစွာ ပြန်လွတ်လာသည့်ထဲတွင် မပါဝင်သော်လည်း ပြင်ပမှ အမှုရင်ဆိုင်ခွင့်ရရန် ယနေ့ (ဇူလိုင်၁) တွင် အာမခံလျှောက်ထားလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ 

မြို့ပြအင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသား အသက် ၂၂ နှစ်အရွယ် ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ဧပြီလကတည်းက အမှုဖွင့်ထားခဲ့၍ ရှစ်ကြိမ်မြောက်အထိ ရုံးချိန်းများ ချိန်းဆိုခဲ့သော်လည်း ယနေ့ (ဇူလိုင် ၁) တွင်မှ ပထမဆုံးစစ်ဆေးခြင်းဖြစ်သည်။

ဒဏ်ရာအပြင်းအထန်ရထားသူ ကိုလျှံဖြိုးအောင်သည် ကူညီပြုစုမှု၊ ဆေးကုသမှု လိုအပ်နေသူဖြစ်၍ အာမခံဖြင့် အချုပ်လွတ်ထုချေခွင့် ရရှိရန် မျှော်လင့်ကြောင်း မိသားစုဝင်များက ပြောသည်။ 

“ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ ဥစ္စာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လူဟာ လူပဲဖြစ်တယ်။ လူကို လူချင်း၊ လူလိုသဘောထားပြီး ကိုယ်ချင်းစာကြရမယ်။ ကိုယ့်အသွေးအသားဆိုရင် သူတို့ အဲဒီလိုလုပ်မလား။ ဆင်ခြင်တုံတရားမဲ့စွာတော့ ရှေ့ဆက်မလုပ်ကြပါနဲ့တော့လို့ပဲ ပြောချင်ပါတယ်” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။ 

လာမည့် ဇူလိုင် ၈ တွင် အာမခံလျှောက်ထားမှုကို ကြားနာမည်ဟု ၎င်းထံမှ သိရသည်။ 

မတ် ၂၇ မကွေးမြို့ဆန္ဒပြသူတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ရာ ကိုလျှံဖြိုးအောင်၏ ညာလက်ဖဝါး နှစ်ခြမ်းကွဲသွားခဲ့ပြီး စစ်ဆေးရုံတွင် ဆေးကုသမှုပေးခဲ့သော်လည်း လက်ကောက်ဝတ်အထက်နားမှနေ၍ လက်ဖြတ်တောက်ခဲ့ရပြီး ဇွန် ၈ တွင် မကွေးအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။ 

မကွေးမြို့၊ အမှတ် (၁၆) ကုတင် ၁၀၀ စစ်ဆေးရုံက ၎င်း၏ ညာဘက်မျက်လုံးယမ်းစထိမှန်ခြင်းကို ခွဲစိတ်ရန် မှတ်ချက်ပြုထားသော်လည်း မကွေးထောင်တွင် ချုပ်နှောင်ဖမ်းဆီးထားကာ ယနေ့တိုင် ကုသခွင့်မရရှိသေးပေ။ 

ဆူပူဆန္ဒပြမှုကြောင့်ဆိုကာ ဖမ်းဆီးခံရသူများအနက် ရဲစစ်ဆေးဆဲနှင့် တရားရုံးစစ်ဆေးဆဲရှိသူ စုစုပေါင်း ၃၆ ဦး ယမန်နေ့က မကွေးမြို့အကျဉ်းထောင်မှ ပြန်လွတ်လာသည်။

ကိုလျှံဖြိုးအောင်နှင့် ဖြစ်စဉ်တူသူ၊ အမှုတွဲတူသူ အခန်းဖော်လူငယ်နှစ်ဦးလည်း လွတ်မြောက်သည်ဟု မိသားစုထံမှ သိရှိရသည်။ 

၎င်းလူငယ်နှစ်ဦးသည် ကိုလျှံဖြိုးအောင်ကဲ့သို့ မကွေးမြို့ မတ် ၂၇ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရကာ မကွေးအကျဉ်းထောင်၌ တစ်ခန်းတည်း အတူတူနေခဲ့၍ ကိုလျှံဖြိုးအောင်၏ ဝေယျာဝစ္စများကို ကူညီဆောင်ရွက်ပေးခဲ့သူများဖြစ်ကြကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ 

“အခု အခန်းထဲမှာ သူ(ကိုလျှံဖြိုးအောင်) တစ်ယောက်ပဲ ကျန်ခဲ့တယ်။ သူ့အခန်းဖော်နဲ့အတူတူ သူလည်းလွတ်မယ်ထင်လို့ အထုပ်ကလေးပြင်ပြီး စောင့်နေရင်းက ကျန်ခဲ့တာတဲ့။ လွတ်လာတဲ့ သူ့သူငယ်ချင်းတွေနဲ့ ထောင်ရှေ့မှာ တွေ့လိုက်ရတာ” ဟု ၎င်းမိသားစုဝင်က ဆက်ပြောသည်။ 

ကိုလျှံဖြိုးအောင်သည် ညာဘက်လက် အပြင်းအထန်ထိခိုက်သည့်အပြင် ညာမျက်လုံးတစ်ဖက် ယမ်းစထိမှန်၊ ပေါင်နှစ်ဖက်နှင့် ဘယ်လက်တို့တွင် ဆန်ခါပေါက်ကဲ့သို့ ရာဘာကျည်ဆန်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး စစ်ဆေးရုံတွင် နှစ်လကျော် ဆေးကုသမှုခံယူခဲ့သော်လည်း ခန္ဓာကိုယ်သန်စွမ်းရေးအတွက် အာရုံကြောလေ့ကျင်ခန်းယူ၍ ညာဖက်မျက်လုံး ခွဲစိတ်ရဦးမည်ဟု စစ်ဆေးရုံမှဆရာဝန်က ဆေးရုံဆင်းလက်မှတ်တွင် မှတ်ချက်ပြုထားသည်။ 

ပြန်လွတ်မြောက်ရေးအတွက် မကြာခဏ လှုံ့ဆော်တောင်းဆိုခံရသူ ကိုလျှံဖြိုးအောင်လွတ်မြောက်ရေးမှာ စစ်ကောင်စီအပေါ်တွင်သာ မူတည်သည်ဟု မိသားစုဝင်တစ်ဦးက မှတ်ချက်ပြုသည်။ 

“သူ့ကို ချစ်လို့ ပံ့ပိုးကြတဲ့စကားတွေဟာ သူတို့ (စစ်ကောင်စီ)ဘက်ကျတော့ အဆိပ်အတောက်တွေပဲ။ ဒီဘက်တွေမှာ ပံ့ပိုးတဲ့စကားတိုင်းဟာ အင်အားဖြစ်ပေမဲ့ သူတို့ဘက်ကျတော့ အဆိပ်အတောက်တွေဖြစ်ပြီး နိုင်ငံတကာရဲ့သတင်းရပ်ဝန်းထဲကို၊ သတင်းအရပ်ရပ်ထဲကို ရောက်သွားတဲ့အတွက် အဲဒီမှာ ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် (စစ်ကောင်စီက) လွှတ်မပေးဘူးလို့လည်း ယူဆရပါတယ်” ဟု ပြောသည်။ 

ကိုလျှံဖြိုးအောင် အကြမ်းဖက်ခံရသည့် ဖြစ်စဉ်သည် စစ်အာဏာရှင်များကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို ပေးပို့မည့် ဖြစ်စဉ်များတွင် ပါဝင်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ သတင်းစာရှင်းလင်းပွဲတွင် သက်သေတစ်ခုအဖြစ် ထုတ်ဖော်ပြသခဲ့သည်။myanmar now

တန့်ဆည်တွင် ပျူစောထီးအဖွဲ့ဝင် ဇော်သက်နိုင်ဦး သေနတ်ဒဏ်ရာ၊ ဓားဒဏ် ရာ များဖြင့် သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ဇော်သက်နိုင်ဦး ယနေ့ နံနက်ပိုင်း စျေးရောင်းသွားစဉ် အသတ်ခံရကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ အင်္ကုက္ကားရွာမှ ပျူစောထီးအဖွဲ့ဝင် ချေးတုံး (ခ) ဇော်သက်နိုင်ဦး သည် ဈေးရောင်းသွားစဉ် အသတ်ခံရကြောင်း၊ သေနတ်ဒဏ်ရာ ဓားဒဏ် ရာများနဲ့ သေဆုံးနေကြောင်း သိရှိရသည်။

“ဘယ်အချိန်ကတည်းက သေတာလဲမသိဘူး။ သူ့အိမ်က မွန်းလွဲ ၂ နာရီလောက် ကမှ သိတာ။ မနက် အစောကြီးထွက်သွားတာ။ ခုတော့ နာရေးကားက သယ်သွားပြီ။ လည်ပင်းဓားချက်ရှိတယ်။

သေနတ်နဲ့ နောက်နားကနေ ပစ်တာ ရှေ့ထိပေါက်တယ်။ ကြက်ဥပို့သွားတာလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။khit thit

ကယားစစ်ရှောင်ကလေးငယ်များ၏ပညာရေးအတွက်လှူဒါန်းနိုင်

ကယားပြည်နယ် စစ်ဘေးရှောင်စခန်းက ကလေးတွေ ပညာရေးအတွက် ပါဝင် လှူဒါန်းနိုင်ကြောင်း Clean Yangon အဖွဲ့က နှိုးဆော်ထားပါတယ်။

ခုတခါမှာတော့ ပညာရေးအထောက်အကူပြု ပစ္စည်းတွေ လှူသွားမှာဖြစ်ကာ ပစ္စည်းပို့ရခက်ပြီး နီးစပ်ရာမြို့က ဝယ်ကူရမှာဖြစ်တာမို့ ငွေသားပဲ အဓိကထား လှူပေး စေချင်တယ်လို့ ဆိုပါတယ်။

ဒီလှူဒါန်းမှုကိုတော့ ဇူလိုင် ၁ ရက်နေနဲ့ ၂ ရက်နေ့ နှစ်ရက်တာ ကောက်ခံသွားမှာဖြစ်ပြီး အလှူရငွေ အားလုံးကို သင်ကြားရေးဆောင်ရွက်နေတဲ့ အဖွဲ့ဆီကို တိုက်ရိုက် လှူပေးသွားမယ်လို့ ဆိုပါတယ်။

Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိ ပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။   

လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုးကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။DVB

« Older Entries