ပြန်လွတ်လာသူများထဲတွင် သတင်းသမား ၁၄ ဦး ပါဝင်

စစ်ကောင်စီက ဖမ်းဆီးပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူ သတင်းထောက်အများအပြားရှိရာ ယမန်နေ့ (ဇွန် ၃၀) တွင် ၁၄ ဦး လွတ်မြောက်ခဲ့သည်။ 

အင်းစိန်ထောင်မှ Myanmar Now သတင်းထောက် မကေဇွန်နွေး၊ MPA ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်၊ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းနှင့် ကိုဗညားဦး၊ 7Day သတင်းဌာနမှ သတင်းထောက် ကိုအောင်ရဲကို၊ ဇီးကွက်သတင်းဌာနမှ သတင်းထောက် ကိုဟိန်းပြည့်ဇော်၊ Democracy Vision မှ ကိုဇင်သော်နိုင်၊ DVB မှ ကိုသူရစိုးတို့ လွတ်လာသည့်ထဲတွင် ပါဝင်သည်။

မန္တလေး အိုးဘိုထောင်မှ လွတ်လာသူတို့မှာ MPA ဓာတ်ပုံသတင်းထောက် မျိုးသီဟကျော်၊ အလွတ်တန်းသတင်းထောက် စိုးမင်းသူတို့ ဖြစ်သည်။

ဧရာ၀တီတိုင်းတွင် လွတ်မြောက်လာသော သတင်းသမားတို့မှာ ကိုအောင်မြသန်း၊ ကိုဇော်မင်းဦး၊ ကိုရဝေမောင်၊ မရွှေရည်ဝင်းတို့ ဖြစ်သည်။

ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများအပါအဝင် အချုပ်သား၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ လွှတ်မည့်အထဲတွင် အင်းစိန်ထောင်မှ ၇၀၀ ကျော် ပါဝင်ကြောင်း ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးဌာနတာဝန်ရှိသူက Myanmar Now ကို ယမန်နေ့ နံနက်က ပြောခဲ့သည်။ 

မိသားစုဝင်များသည် နံနက်အစောပိုင်းကတည်းက အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေခဲ့ကြသော်လည်း ညနေ ၆ နာရီဝန်းကျင်ခန့်မှ ထောင်ထဲမှ ပြန်လွှတ်ပေးခြင်းဖြစ်သည်။

အကျဉ်းသားများကို ခရိုင်အလိုက်ခွဲ၍ ထောင်မှ လွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံရသူများဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေများထဲမှ တစ်ဦးဖြစ်သည့် ဒေါ်နီလာခိုင်က ပြောသည်။

“ ဝေးတဲ့ခရိုင်တွေဖြစ်တဲ့ တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်ကို အရင်လွှတ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။ 

အထိန်းသိမ်းခံရသည့်သတင်းသမားများအွန်လိုင်းစာမျက်နှာဖြစ်သည့် Detained Journalists Information Myanmar တွင် ဖော်ပြထားသော အချက်အလက်များအရ ၅၀၅-က နှင့် အခြားပုဒ်မများဖြင့် အမှုဖွင့်ခံထားရသူ သတင်းသမား ၅၀ ကျော်ရှိသည့်အနက် ၄၁ ဦး အဖမ်းခံခဲ့ရသည်။ 

AP နှင့် BBC သတင်းဌာနများမှ သတင်းထောက် ၂ ဦးအပါအဝင် Eleven မီဒီယာမှ သတင်း‌ထောက်တစ်ဦး၊ The Hakha Times မှ သတင်းသမားတစ်ဦး၊ အမေရိကန်နိုင်ငံသားဖြစ်သူ ကမာရွတ်မီဒီယာအယ်ဒီတာချုပ်၊ မန္တလေးအခြေစိုက် Voice of Myanmar အယ်ဒီတာချုပ်နှင့် သတင်းထောက်၊ ဇေယျာတိုင်းမ်သတင်းထောက်တစ်ဦးတို့ကို မကြာသေးခင်က စစ်ကောင်စီက ပြန်လွှတ်ပေးပြီးဖြစ်သည်။ 

မြိတ်မြို့မှ DVB သတင်းထောက် ကိုအောင်ကျော်နှင့် အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့သည်  ၅၀၅-က ဖြင့် တရားစွဲခံရကာ ဇွန် ၂ တွင် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသည်။

ပဲခူးတိုင်း၊ ပြည်မြို့ DVB သတင်းထောက် ကိုမင်းညိုကို ပုဒ်မ ၅၀၅-က ဖြင့် မေ ၁၂ တွင် ပြည်မြို့အကျဉ်းထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ 

သတင်းထောက် မကေဇွန်နွေးသည် ဖေဖော်ဝါရီ ၂၈ က မြေနီကုန်း၌ ဆန္ဒပြပွဲသတင်းယူနေစဉ် ဖမ်းဆီးခံရပြီး အင်းစိန်ထောင်တွင်း ၄ လ ကျော်ကြာ ထိန်းသိမ်းခံခဲ့ရကာ အမှုရင်ဆိုင်ခဲ့ရသူဖြစ်သည်။ 

အင်းစိန်ထောင်မှအထွက်တွင် ခံဝန်မထိုးခဲ့ရကြောင်း Myanmar Now သတင်းထောက် မကေဇွန်နွေးက ဧရာဝတီသတင်းဌာနတွင် ဖြေကြားထားသည်။

သို့သော် ရှမ်းပြည်နယ်တွင်မူ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူ နိုင်ငံရေးအကျဉ်းသား ၃၆ ဦးတို့ကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျောင်းသားသမဂ္ဂများတွင် ပါဝင်သူတို့သည် လွတ်မြောက်ရေးနှင့် လတ်တလော အလှမ်း‌‌ဝေးနေသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ကျောင်းသားသမဂ္ဂများမှ ရာနှင့်ချီသည့် အဖွဲ့ဝင်များအနက်မှ ယမန်နေ့က တစ်ဦးသာ ပြန်လည်လွတ်မြောက်ခဲ့သည်။ 

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပညာရေးတာဝန်ခံ ကိုဘုန်းထက်နောင်က ပြန်လည်လွတ်မြောက်လာသည်ကို ဖုန်းဆက်ပြောဆိုခဲ့ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။

အင်းစိန်ထောင်မှ ၇၀၀ ဝန်းကျင်ခန့်၊ ဧရာဝတီတိုင်းတွင် ထောင် ၅ ခုမှ ၂၂၇ ဦး၊ ပုသိမ်ထောင် ၅၂ ဦး၊ မြောင်းမြထောင်မှ ၆၆ ဦး၊ မအူပင်ထောင်မှ ၂၉ ဦး၊ ဟင်္သာတအကျဉ်းထောင်မှ ၅၄ ဦး၊ ဖျာပုံထောင်မှ ၄၄ ဦး၊ ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှ ၁၁ ဦးတို့အပါအဝင် မန္တလေးမြို့ အိုးဘိုထောင်မှ ၁၇၃ ဦးနှင့် တခြားအကျဉ်းထောင်များမှလည်း ဇွန် ၃၀ ညနေပိုင်းနှင့် ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s