Monthly Archives: Jul 2021

နိုင်ငံတစ်ဝန်း ၂၄ နာရီအတွင်း အုပ်ချုပ်ရေးမှူး ၁ ဦး၊ သတင်းပေးဟု သတ်မှတ်ခံရသူ ၄ ဦး၊ ပျူစောထီး ၁ ဦး တိုက်ခိုက်ခံရ၍ စုစုပေါင်း ၆ ဦး သေဆုံးပြီး ပျူစောထီး ၁ ဦးပျောက်ဆုံး

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းမှ ဇူလိုင်လ ၂ ရက်နေ့ ညပိုင်း ၂၄ နာရီအတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး၊ သတင်းပေး ဒလန်ဟု အများက သတ်မှတ်ခံရသူ ၄ ဦး၊ ပျူစောထီးတိုက်ခိုက်ခံရ၍ သေဆုံးပြီး ပျူစောထီး ၁ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွာရှည်ကျေးရွာမှာ စစ်ကောင်စီသတင်းပေး ဟု အများက သတ်မှတ်ခံထားရသူ ဦးကြည်ထူး ဇူလိုင်လ ၁ ရက်နေ့ည ပိုင်းတွင် ပစ်သတ်ခံခဲ့ရကြောင်း၊ ယနေ့တွင် ယင်းကိစ္စကို အကြောင်းပြု၍ စစ်ကောင်စီတပ်များနှင့် KIA ၊ PDF များအကြား တိုက်ပွဲများဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည့်မြို့နယ်ဝါးရငယ်ကျေးရွာတွင်လည်း စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ အမျိုးသားရေးလှုပ်ရှားသူ ငစိုင်းဓားခုတ်ခံရ၍ ယနေ့ သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် သရက်ကန်ရွာမှ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူးဟောင်း စစ်ကောင်စီသတင်းပေး ဟု အများက သတ်မှတ်ခံထားရသူ ဦးရှိန်းသည် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်း ဇီးကုန်းမြို့မှ အပြန်ဆီဆုံလေးရွာ ဘင်တဲ နားအရောက်တွင် ဓားဖြင့် ထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ကမ်းပါးရပ်ရွာမှ ပျူစောထီးသင်တန်းတက်ပြန်လာသူ ကျော်ဦး သည် ယနေ့ တိုက်ခိုက်ခံရပြီး ၎င်းနှင့်အတူ ပြန်လာသူ ဝင်းပေါဆိုသူမှာ ပျောက်ဆုံးလျက်ရှိကြောင်း၊ ၎င်းတို့နှစ်ဦးစလုံးသည် ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီ၏ ပျူစောထီး သင်တန်းတက်ရောက်၍ ပြန်လာသဖြင့် မျက်နှာ‌ဖုံးစွပ်ထားသူ ၁၅ ဦးခန့်က သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက် နောက်ပိုင်းတံတားတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခံရကြောင်း သေနတ်ဒဏ်ရာများရရှိခဲ့သော်လည်း အသက်သေဆုံးမှု မရှိကြောင်း သိရသည်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် အကြမ်းဖက်စစ်ကောင်စီသတင်းပေး ရွှေအရက်ဆိုင်ပိုင်ရှင် ဒလန် အောင်ဆန်းဝင်းကို ဇူလိုင်လ ၂ ရက် ယနေ့နံနက် ၆ နာရီဝန်းကျင်တွင် ရှင်းလင်းသုတ်သင်လိုက်ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။မန္တလေးတိုင်း စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရာအုပ်စု၊ နွယ်ရုံရွာမှ စစ်ကောင်စီခန့် ယာယီ အုပ်ချုပ်ရေးမှူး အောင်မြင့်သည် ယနေ့ နံနက် ၈ နာရီဝန်းကျင် ကွမ်းထွက်ဝယ်စဉ် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။khit thit

ကယားပြည်နယ် ရှားတောမြို့နယ်တွင် KNPP နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

ကယားပြည်နယ်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNPP ၏သတင်းနှင့် ပြန်ကြားရေးဌာန KNIC က ယနေ့  (ဇူလိုင် ၂) သတင်းထုတ်ပြန်သည်။

လွိုင်ကော် – ရှားတောလမ်းပိုင်း ပွန်ချောင်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက ကရင်နီလွတ်မြောက်ရေးလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တို့ ပူးပေါင်းပြီး KNPP ထိန်းချုပ်လှုပ်ရှားဒေသသို့ စစ်အင်အားတိုးချဲ့လှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်က မော်တော်ယာဉ်များဖြင့် စစ်ကြောင်းလှည့်လည်ချိန် KNPP ဘက်က မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“အဲဒီအနီးအနားတစ်တဝိုက်မှာ ရှိတဲ့ ရွာတွေက သူတွေတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရတယ်။ နောက်ပြီးတော့ အဲဒီဘက် လွိုင်ကော်- ရှားတောလမ်းမကြီးဘက် ဖြတ်သွားဖြတ်လာမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက လတ်တလောတွင် ကယားပြည်နယ်နေရာအနှံ့၌ စစ်အင်အားတိုးချဲ့ချထားကြောင်းလည်း အဆိုပါဒေသခံက ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNPP နှင့် စစ်ကောင်စီတို့ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကာ မေလအတွင်းကလည်း ဘောလခဲမြို့နယ်ရှိ KNPP လူငယ်လေ့ကျင့်ရေးကွင်းသို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၂၁ ရက်တွင် ဒီးမော့ဆိုမြို့နယ်၌ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ နှစ်ပတ်ကျော်ကြာ အပြင်းအထန်တိုက်ပွဲများကြောင့် ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရှမ်းပြည်နယ် မိုးဗြဲဒေသများမှ ဒေသခံတစ်သိန်းကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လလယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဘာသာရေးခေါင်းဆောင်များ၏ စီစဉ်မှုကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယာယီအပစ်ရပ်ကြောင်း ကြေညာခဲ့သည်။

သို့ရာတွင် စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်ထား၍ တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်နိုင်ကြောင်း ဒီးမော့ဆိုမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု ကယားပြည်နယ်အခြေအနေကတော့ လုံခြုံစိတ်ချရတဲ့အနေအထား မရှိသေးဘူး။ နောက်တစ်ခုက အခုအခြေအနေက အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်။ ဒါကြောင့် အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးအခင်းအကျင်းတစ်ခု မရှိသေးဘူး ။ကယားပြည်နယ်အခြေအနေက လုံခြုံစိတ်ချရတဲ့ အနေအထားမရှိသေးတဲ့အတွက် အားလုံး သတိဝိရိယနဲ့ နေပေးဖို့အတွက် ပြောလိုတယ်” ဟု ၎င်းက ပြောသည်။

လတ်တလော ယာယီအပစ်ရပ်ထားသော်လည်း နေရပ်ပြန်လည်နေထိုင်သည့် စစ်ဘေးရှောင်မှာ အနည်းငယ်သာရှိကြောင်း၊ စားနပ်ရိက္ခာပြန်ယူသူနှင့် လယ်ယာပြန်စိုက်သူအချို့သာရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ 

မေလအတွင်းက ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ခတ်မှုများ၊ လမ်းသွားလမ်းလာများအား စစ်ဆေးမေးမြန်းမှုမရှိဘဲ ပစ်ခတ်သတ်ဖြတ်ခြင်းများကြောင့် အရပ်သားပြည်သူ ၂၀ ထက်မနည်း သေဆုံးခဲ့သည်။

ဇွန်လလယ်တွင် ယာယီအပစ်ရပ်ပြီးနောက် ဒီးမော့ဆိုမြို့နယ်နှင့် မိုးဗြဲဒေသ လမ်းမများ၊ စာသင်ကျောင်းနှင့် နေအိမ်ခြံဝင်းများတွင် အမည်မသိ ပုပ်ပွနေသည့် အလောင်း ၂၀ ထက်မနည်းကို ဒေသခံများ တွေ့ရှိခဲ့သည်။

“လက်လှမ်းမမီသေးတဲ့ အလောင်းတွေ စစ်တပ်တွေ သင်္ဂြိုလ်လိုက်တဲ့အလောင်းတွေရှိသေးတယ်” ဟု ဒီးမော့ဆိုစစ်ရှောင်ကူညီရေးတာဝန်ရှိသူက ဆိုပြီး စစ်ရှောင်ကူညီသူအချို့လည်း စစ်တပ်က ပစ်သတ်၍ သေဆုံးခဲ့ရကြောင်း ​ပြောသည်။

ထို့ပြင် ကယားပြည်နယ်၌ စစ်တပ်က ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲဆိုခံထား ရသူ ၁၃၉ ဦးထက်မနည်းရှိကြောင်း၊ ယင်းအနက် ဇွန်လ ၃၀ ရက်တွင် ၁၁ ဦးသာ ပြန်လွှတ်ပေးခဲ့သည်ဟုလည်း စစ်ဘေးရှောင်များကို ကူညီသူက ပြောသည်။myanmar now

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမြင့်တက်လာသော်လည်း စစ်ကောင်စီက ကျောင်းတွေနဲ့ရုံးဌာနတွေကို ဆက်ဖွင့်နေ

ဧရာဝတီတိုင်းဒေသကြီး အတွင်းက မြို့နယ်တွေ၊မြို့တွေနဲ့ကျေးရွာတွေမှာရှိတဲ့ စာသင် ကျောင်းတွေနဲ့ ရုံးဌာနတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတွေ အများအပြားရှိလာတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီ ဖွင့်တဲ့ ကျောင်းတွေမှာ ကျောင်းသားအနည်းစုသာ တက်ရောက်နေပြီး ကျောင်းတွေကို ဆက်ဖွင့်ခိုင်းထားကာ ၊ ရုံးဌာနတွေကိုလည်း ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်နေစေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပုသိမ်မြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ကျော်၊မြောင်းမြမြို့မှာ ၁၀၀ ကျော်နဲ့ ဧရာဝတီတိုင်းအတွင်း အခြားမြို့နယ်တွေမှာ ဇွန်လ ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတွေအများအပြားရှိလာခဲ့ပါတယ်။

ရုံးဌာနတချို့က ကိုဗစ်-၁၉ အတည်ပြုလူနာတွေကိုသတင်း အပြင်မထုတ်ပဲ ဖုံးဖိထားကြတယ်လို့ ပုသိမ်ဒေသခံတစ်ဦးကပြောပါတယ်။”ပုသိမ်မြို့နယ် စည်ပင်မှာဆို ၁၀ ယောက်ကျော်ကူးပြီးသွားပြီ၊တိုင်းရဲရုံးထဲမှာလည်း ကိုဗစ်တွေအများကြီးပဲလို့ကြားတယ်၊ သတင်းတွေဖုံးထားကြလို့ပြည်သူတွေမသိရတာ ၊ကျွန်တော်တို့မသိတဲ့ ရုံးတွေ၊ကျောင်းတွေမှာ ကူးစက်နေတာတွေအများကြီးရှိတယ်၊ရုံးတွေနဲ့ကျောင်းတွေ ပိတ်လိုက်ရင် ဒီကောင်တွေ အာဏာသိမ်းတာမအောင်မြင်မှာစိုးလို့ သတင်းတွေဖုံးဖိပြီး ဆက်ဖွင့်ခိုင်းထားတာ”လို့ CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း ဇွန်လကစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကူစက်ခံရသူတွေအများအပြားရှိလာခဲ့တာပါ။ ပုသိမ်မြို့က ကိုဗစ်-၁၉ ကူးစက်ခံရသူ ငါးဦး၊ မြောင်းမြမြို့က တစ်ဦး နှင့်ငရုတ်ကောင်းမြို့နယ်က တစ်ဦး ရှိနေပြီး ကိုဗစ်တတိယလီိုင်းအတွင်း စုစုပေါင်း သေဆုံးသူ ခုနှစ်ဦးအထိ ရှိလာနေပြီလို့လည်းသိရပါတယ်။mizzima

ကနီတွင် စစ်ကောင်စီတပ်များက ရမ်းကားပစ်ခတ်၍ ပြည်သူ ၁ ဦးကျည်ထိ၊ ကျေးရွာ ၂၅ ခုမှ လူဦးရေ ၃၀၀၀၀ ကျော် ထွက်ပြေးနေရပြီး အခြေအနေဆိုးဝါးလာ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များက ရမ်းကားပစ်ခတ်၍ ပြည်သူ ၁ ဦးကျည်ထိမှန်ပြီး ကျေးရွာ ၂၅ ခုမှ ပြည်သူ ၃၀၀၀၀ ကျော်ထွက်ပြေးနေရကာ အခြေအနေများ ဆိုးဝါးလာ နေကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကနီမြို့နယ် ရွာသာကျေးရွာအနီးရှိ မကျည်းကြက်ချေလမ်းစုံတွင် ယနေ့ ဇူလိုင် လ ၂ရက်နေ့၌ အကြမ်းဖက် လူသတ် စစ်ကောင်စီ တပ်ဖွဲ့များ အင်းအားအလုံးအရင်းတပ်စွဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေသောကြောင့် အဆိုပါ ကျေးရွာအနီးရှိ ရွာပေါင်း ၂၅ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

“ ကျွန်တော်တို့ ရွာအနီးက ပညာစံအိမ် ကိုယ်ပိုင်စာသင်ကျောင်းထဲမှာ ဒီကောင်တွေတပ်စွဲထားတယ်။ လမ်းသွားလမ်းလာပြည်သူတွေဖမ်းစစ်တယ်။ ဆိုင်ကယ်တွေကို မီးရှို့တာတွေလုပ်တယ်။ လက်နတ်ကြီးတွေနဲ့ အကြိမ်ကြိမ်ပစ်နေတဲ့ အသံတွေကြားနေရတယ်။ ဘယ်ကိုပစ်နေတာရယ်တော့မသိဘူး။ အနီအနားက ကျေးရွာသားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးကုန်ပြီ ကျေး ရွာပေါင်းကတော့ ၂၅ရွာရှိတယ်” ဟု ဆူးလေကုန်းတွင် နေထိုင်သော ပြည်သူတစ်ဦးကပြောဆိုသည်။

ကနီမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်နေ့က အကြမ်းဖက် စစ်ကောင် စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ကရွာသာ ကျေးရွာအနီး ရှစ်ခိုးထပ်ကုန်းတွင် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒဏ်ရာရသူ အနည်းငယ်ရှိကြောင်း တိုက်ပွဲအတွင်း ပါဝင်သူများထံက သိရသည်။

ယင်းအပြင် ကနီမြို့နယ်အတွင်းမှ ကျေးရွာ တချို့ကို ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်များက ၀င်ရောက်မွှေနှောက်နေပြီး လက်နက်ကြီးအသုံးပြုပစ်ခတ်နေကြောင်း စစ်ကောင်စီတပ်ဟာ ကနီမြို့နယ်အတွင်းကိုလမ်းကြောင်း ၂ ခုမှတဆင့် ၀င်ရောက်နေခြင်းဖြစ်ပြီး စက်သေနတ်၊လက်နက်ကြီးများ အသုံးပြုပစ်ခတ်နေသဖြင့် ပြည်သူ(၁)ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး​ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့ ကနီမြို့နယ် ကနဲ -သခွတ္တနယ် -ဘုတလင်လမ်းဘေးတွင် ညနေ ၂ နာရီ ၃၀ ခန့်အချိန် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့်စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ တိုက်ပွဲဖြစ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ (၂) ဦးဒဏ်ရာရပြီး ၄ ဦးပျောက်ဆုံးကြောင်း၊ ကျဆုံးမှုရှိ(မရှိ) အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ဆိုကြသည်။

တိုက်ပွဲဖြစ်ပွားရာ လမ်းဘေးရှိ ရွာ(၃)ရွာကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက် ခြင်းများ ရှိခဲ့ကြောင်း၊ ဇူလိုင် ၂ ရက်နေ့တွင် ကနီမြို့နယ် ရွာသာရွာမှ ပြည်သူများ၏ နေအိမ်(၃)လုံးကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကျပ်သိန်းရာချီ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါရွာနှင့် အနီးရွာများရှိ စျေးဆိုင်များ၊ လူနေအိမ်များရှိ ရွှေ ငွေ ဆန် ဆီ များ အခြားစားသောက်စရာများကို အလိုရှိရာ စစ်ကောင်စီတပ်များက ခိုးဝှက်ယူဆောင်သွားကြောင်း ဒေသခံများက ဆိုကြသည်။

စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၂၀၀ ခန့်သည် အစု သုံးစုခွဲ၍ ကနီမြို့နယ်တွင် အရပ်ဝတ် များဖြင့် ဖြန့်ကျက်သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်များနေထိုင်ရာအထိ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသား တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်။ကနီမြို့နယ် တွင်း ကျေးရွာ (၂၅)ရွာမှ ပြည်သူ( ၃၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေလျက်ရှိပြီး မိုးများရွာသွန်းနေသဖြင့် စား ဝတ် နေ ရေးအခက်အခဲများရှိနေကြောင်း သိရှိရသည်။khit thit

ကောလင်းမြို့တိုက်ပွဲ စစ်ကောင်စီတပ်အရာရှိ ၂ ဦးအပါအဝင် ၄ ဦးသေ ဒဏ်ရာရသူများ၊ ပြည်သူ ၂ ဦးကျည်ထိ

ကောလင်းမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြားဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုနဲ့ဒဏ်ရာရမှုများပြားကြောင်း သိရသည်။ ဇူလိုင်လ ၂ ရက်၊ နေ့လယ်ခင်း ၁နာရီဝန်းကျင်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ကောလင်းမြို့နယ် အရှေ့ပိုင်းကျေးရွာတစ်ခုအနီးတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်အရာရှိနှစ်ဦးအပါအဝင် ၄ ဦးသေးဆုံးကာ ၂၀ခန့် ဒဏ်ရာရကြောင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက မဇ္စျိမကိုပြောသည်။

“ကောလင်းမြို့နယ်အရှေ့ခြမ်းက၊ တောင်ပေါ်ကျေးရွာအနီးမှာ ဖြစ်တာပါ၊ တိုက်ပွဲမှာစစ်ခွေး ၄ ယောက်ကျတာကို ကျွန်တော်တို့အတည်ပြုပါတယ်၊ သူတို့က အဲ့ဒီရွာနားမှာ မနေ့က ဒလန်အသတ်ခံရတာနဲ့ပါတ်သတ်ပြီးလာကြတာ၊ စစ်ကားအကြီးတစ်စီးရယ် ၊ လူနာတင်ယာဉ်တစ်စီးရယ်၊ ဒါကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လမ်းက ဖြတ်တိုက်တာ” တိုက်ပွဲဖြစ်ပွားပုံကို သူကပြောသည်။ နှစ်ဘက်ပစ်ခတ်ချိန် ၄၅ မိနစ်ခန့် ကြာပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးကျဆုံးကာ၊ ပြည်သူ့ကာကွယ်ရေးတပ်သား ထိခိုက်ကျဆုံးမှုမရှိဟု သိရသည်။ နေ့လည် ၂ နာရီခွဲဝန်းကျင်တွင် တိုက်ပွဲပြီးကာ စစ်ကောင်စီတပ်သားများပြန်ဆုတ်သွားကြောင်းသိရသည်။

တပ်ဆုတ်ခဲ့သည့် စစ်ကောင်စီတပ်သားများအား ညောင်ကိုင်းရွာ တောင်ရိုးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လမ်းမှဖြတ်ပြီး တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုတိုက်ပွဲအခြေအနေအသေးစိပ်အား မသိရှိရသေးပေ။ မနေ့က ဇွန်လ ၁ ရက်မှာ ကောလင်းမြို့နယ်၊ ရွာရှည်ရွာက ဒလန်ဖြစ်သူ အသက် ၅၀ အရွယ် ဦးကြည်ထူး သေနတ်ဖြင့် ပစ်သတ်ခံရသည်ကို အကြမ်းဖက်စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေးခြင်းဖြစ်သည်။

“သူက ဘာလို့ဒလန်လဲဆိုရင် သူကစစ်တပ်ထောက်ခံသူတစ်ယောက်၊နောက်ပြီး ကျွန်တော်တို့လှုပ်ရှားမှုတွေကို စစ်တပ်ကိုသတင်းပေးနေတဲ့သူ၊ သူ့ကြောင့်အဖမ်းခံရတဲ့သူတွေလဲရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့ရှင်းလိုက်တာ၊ ဦးခေါင်းကို တူမီးနဲ့ ပစ်လိုက်တာပါ” ဟု ဒလန်ရှင်းလင်းရေးဖြစ်စဉ်ကို အဆိုပါလူငယ်မှပြောသည်။

ထိုသို့တိုက်ပွဲဖြစ်နေချိန် ကောလင်းမြို့ပေါ်မှ ပြည်သူ့ကာကွယ်ရေးတပ်များသည် မြို့လယ် ဆေးရုံကြီးအနီးက အထွေအထွေအုပ်ချုပ်ရေးမှူးရုံးထဲသို့ လက်လုပ်မိုင်း၊ အသံမိုင်းများဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ထွေအုပ်ရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများသည် စက်သေနတ်များ၊ အာပီဂျီလက်နက်ကြီးများဖြင့်သုံးချက် ပြန်လည်ပစ်ခတ်မှုပြုလုပ်ကြသည်ဟု မြို့ပေါ် ပျောက်ကြားအဖွဲ့ဝင်တစ်ဦးကပြောသည်။ အဆိုပါပစ်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အရပ်သားအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများ ကောလင်းမြို့ပေါ် လက်နတ်အပြည့်အစုံနှင့် လှည့်ပတ်နေကြောင်းသိရသည်။ ကောလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ လွန်ခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင် ဒလန်တစ်ဦးကို ရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီတပ်သားများ ရောက်လာက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုအချိန်က ပြည်သူများမှ လေးခွ၊ ဂျင်ကလိများဖြင့်သာပြန်လည်ခုခံပစ်ခတ်ရင်း အသက် ၄၀ ဝန်းကျင်ပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။ ထိုအချိန်မှစကာ လူငယ်တစ်စုမှ ဦးဆောင်ပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် စတင်ပြင်ဆင်ခဲ့တာဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်က ဆိုသည်။

“ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချိတ်ဆက်ပြီး သူတို့ကို အဆုံးထိတိုက်သွားမှာပါ၊ ပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေ အလကားမဖြစ်စေရပါဘူး၊ ကျန်နေခဲ့တဲ့ကျွန်တော်တို့ တာဝန်ကျေစေရပါမယ်၊ စစ်ခွေးတွေ ထမင်းဝအောင်စားထားပါ” ဟု အဆိုပါလူငယ်ကဆိုသည်။mizzima

နှင်းဆီပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့် အင်းစိန်ထောင်တွင်ရှိနေ

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည့် နှင်းဆီပါတီ ခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်မှာ အင်းစိန်ထောင်တွင် ရှိနေကြောင်း ယခုရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။

ထောင်ပြေးမှုဖြင့် ထောင်ဒဏ် ၂ ချမှတ်ခံရပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသူ နှင်းဆီပါတီဥက္ကဋ္ဌဟောင်းကို လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ငွေရေးကြေးရေးဆိုင်ရာဥပဒေများဖြင့် ထပ်မံအမှုဖွင့်အရေးယူခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ၎င်းအပေါ် ထပ်မံအရေးယူမှုအခြေအနေများကို ကြားသိရခြင်း မရှိပေ။ 

ထောင်ဝတ်စုံဖြစ်သည့် အင်္ကျီအပြာ၊ ပုဆိုးအပြာနှင့် လက်ထိပ်ခတ်လျက်သား ခေါ်ဆောင်လာသည့် ဦးကျော်မြင့်ကို ဇွန်လကုန်ပိုင်းက ထောင်ဗူးဝ၌ တွေ့ဆုံခဲ့ရကြောင်း ယခုရက်ပိုင်းအတွင်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။ 

“လက်ထိပ်ခတ်ထားပြီး ထောင်ဗူးဝထဲကို ပြန်သွင်းသွားတာပေါ့။ (အပြင်တရားရုံး) ရုံးထွက်ထင်တယ်” ဟု စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်သဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး ဇွန် ၃၀ ရက်တွင် အင်းစိန်ထောင်တွင်းမှ ပြန်လည်လွတ်မြောက်လာသူများအနက် တစ်ဦးဖြစ်သူ ၎င်းက ပြောသည်။

အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသည့် နှင်းဆီပါတီဥက္ကဋ္ဌဟောင်းမှာ ဦးကျော်မြင့်မှာ အနည်းငယ်ပိန် သွားဟန်ရှိသည်မှအပ ကျန်းမာရေးအခြေအနေကောင်းမွန်သည့် ပုံစံရှိကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပါတီမှာတုန်းက အကျီအနက်ကြီးနဲ့လိုမျိုး ဝဝကြီးမဟုတ်ဘူး။ ခပ်ပိန်ပိန်နဲ့ ဆံပင်က အဖြူနဲ့အမဲ ကျိုးတိုးကျဲတဲပေါ့။ အရင်ပုံစံမျိုးပဲ တွေ့ရတယ်”ဟု ၎င်းက ဆက်ပြောသည်။

ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်မှာ ထောင်ပြေးဖြစ်ခြင်း၊ တရားမဝင်ငွေကြေးများသုံးစွဲခြင်းများ ရှိနေသည့်အတွက် နှင်းဆီပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။ 

ဦးကျော်မြင့်မှာ စက်တင်ဘာလကုန်ပိုင်းက ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာရှိ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ထောင်ပြေးမှုဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံးက နိုဝင်ဘာလဆန်းပိုင်းတွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ 

အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခံခဲ့သူ ဦးကျော်မြင့်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့် အရေးယူခံခဲ့ရပြီး ငွေရေးကြေးရေးဆိုင်ရာဥပဒေများဖြင့် အရေးယူနိုင်ရန် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ထားကြောင်း လှိုင်မြို့နယ်ရဲစခန်းမှူး ဦးဉာဏ်ထွန်းက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် Myanmar Now ကို ပြောကြားထားသည်။ 

နှင်းဆီပါတီဖျက်သိမ်းခံရချိန်မှစ၍ ပါတီနှင့် အဆက်အသွယ်ပြတ်တောက်သွားပြီး ဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်၏သတင်း ကြားသိရခြင်းမရှိကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဟောင်းတစ်ဦးက ပြောသည်။ 

“ဝ” တပ်ဖွဲ့နှင့် ဆက်စပ်သည်ဆိုသော မြန်မာကျုံယွမ်ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေချိုးဖောက်မှု၊ ငွေကြေးမသမာမှုတို့ဖြင့် ထောင်ဒဏ် ၉ နှစ်ကျခံနေရစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ 

ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်၌ ပြစ်ဒဏ်ကျခံနေစဉ် ၁၉၉၉ တွင် ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ခိုလှုံကာ ၂၀၀၇ တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့သည်။ 

၂၀၁၃ တွင် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီးနောက် ပါတီဥက္ကဋ္ဌအဖြစ် ရပ်တည်ခဲ့ပြီး ၎င်း၏ ပါတီသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမျှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နှင်းဆီပါတီဥက္ကဋ္ဌနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD အစိုးရလက်ထက်တွင် နိုင်ငံတော်အဆင့် သီးသန့်အဖွဲ့ဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ပထမအသုတ်စစ်ဆေးမှုတွင် ပြည်တွင်းပိုင်ဆိုင်မှုငွေကျပ် ၂၃ ဘီလျံ၊ တရုတ်နိုင်ငံမှလွှဲငွေ ၁၆ ဘီလျံ တွေ့ရှိခဲ့ပြီး၊ ဒုတိယအသုတ်တွင် ငွေကျပ် ၁၈ ဘီလျံနှင့် တရုတ်နိုင်ငံမှလွှဲငွေ ၁၁ ဘီလျံ စုစုပေါင်း ၂၉ ဘီလျံ ထပ်မံဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလအတွင်း သတင်းထုတ်ပြန်ခဲ့သည်။

သိမ်းဆည်းရမိသည့် ငွေကြေးများတွင် ဝင်ငွေရလမ်းမဖော်နိုင်သည့် ငွေကြေးများပါဝင်သည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေတို့ဖြင့် ထပ်မံအရေးယူရန်ရှိကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ myanmar now

မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရေး Telenor ရွေးချယ်သုံးသပ်နေ

ဆုတ်ယုတ်လာသော အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရေးနှင့် ပတ်သက်၍ ဖြစ်နိုင်ချေရှိသည့် အလားအလာများကို အကဲဖြတ်သုံးသပ်လျက်ရှိသည်ဟု နော်ဝေနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီအုပ်စုကြီးက ယနေ့ (ဇူလိုင် ၂) တွင် ထုတ်ပြန်ကြေညာသည်။

၂၀၁၄ ခုနှစ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရှိခဲ့ပြီးနောက် ပြည်တွင်း၌ သုံးစွဲသူ ၁၈ သန်း ကျော်ကို ဝန်ဆောင်မှုပေးနေသော တယ်လီနောမြန်မာ၏ အနာဂတ်သည် နိုင်ငံတွင်းဖြစ်ပေါ်နေသော အခြေအနေများပေါ် မူတည်ကာ အကဲဖြတ်သုံးသပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာသော စီးပွားရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာအခြေအနေများ၊ ပျက်စီးယိုယွင်းလာသော လုံခြုံရေးနှင့် လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ တယ်လီနောအုပ်စုက မေလဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၇၈၂ သန်း အရှုံးစာရင်းပြခဲ့သည်။ 

တယ်လီနောသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းကို ပြန်လည်ရောင်းချရန်စီစဉ်နေကြောင်း တယ်လီကွန်းနှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဖော်ပြသည့် TMT Finance ၏ အစီရင်ခံစာကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

တယ်လီနောမြန်မာကို စျေးနှုန်းအရှင်ထားကာ သီးသန့်လေလံစနစ်ဖြင့် ရောင်းချရန် Citigroup အောက်ရှိ Citi ငွေရေးကြေးရေးဝန်ဆောင်မှုကုမ္ပဏီကို ငှားရမ်းထားကာ နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူမှုများကို ရင်ဆိုင်ရန် မရှိသည့် တရုတ်ဝယ်လက်တချို့ကို ဖိတ်ကြားထားသည်ဟု ရိုက်တာသတင်းက ဆိုသည်။ 

မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည့် ကာတာအခြေစိုက် အူရီဒူးဆက်သွယ်ရေးကုမ္ပဏီကလည်း တယ်လီနောမြန်မာကို ဝယ်ယူရန် စိတ်ဝင်စားနေပြီး ဘဏ္ဍာရေးဆိုင်ရာအကြံပေးကို ရှာဖွေနေသည်ဟု ဆိုသည်။ 

မိခင်ကုမ္ပဏီဖြစ်သော တယ်လီနောအုပ်စုသည် ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက် တစ်ခုဖြစ်ပြီး ၂၀၂၀ တွင် အသုံးပြုသူပေါင်း ၁၈၇ သန်းကျော်ရှိကာ နှစ်စဉ်ရောင်းအား အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ ရှိသည်ဟု တယ်လီနောအုပ်စု၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဒီဂျစ်တယ်အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့တစ်ခုဖြစ်သည့် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar) ၏ အကြံပေး Oliver Spencer ကမူ တယ်လီနောအုပ်စု မြန်မာနိုင်ငံမှ ထွက်ခွာသွားပါက မြန်မာပြည်သူများ၏ အင်တာနက်လွတ်လပ်မှုအခြေအနေ ပိုမိုဆိုးရွားသွားလိမ့်မည်ဟု ဆိုသည်။ 

“တယ်လီနော ထွက်ခွာသွားရင် သူတို့တွေရရှိနေတဲ့ အကန့်အသတ်နဲ့ လွတ်လပ်မှုဟာလည်း ထွက်ခွာသွားမှာ ဖြစ်ပါတယ်” ဟု Oliver Spencer က Myanmar Now ကို ပြောသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများအနက် ဒီဂျစ်တယ်အခွင့်အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုအရှိဆုံးအော်ပရေတာဖြစ်ရာ ယင်းနေရာတွင် တရုတ်နှင့် ရုရှားကုမ္ပဏီများ ‘အစားထိုး’ နိုင်လိမ့်မည် မဟုတ်ဟု ၎င်းက ဆိုသည်။ 

“တယ်လီနောဟာ ဆက်သွယ်ရေးအော်ပရေတာတွေ၊ အော်ပရေတာတွေကာကွယ်စောင့်ရှောက်ပေးရမယ့် လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ကိုင်တွယ်စီမံတဲ့နေရာမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်” ဟု Oliver Spencer က ပြောသည်။ 

မြန်မာစစ်တပ်က လက်လှမ်းမီနေသော စုံစမ်းထောက်လှမ်းနည်းပညာများနှင့် ပတ်သက်ပြီး စိုးရိမ်မှုများရှိနေချိန်တွင် တရုတ်နှင့် ရုရှား ဆက်သွယ်ရေးကုမ္ပဏီများက ဝင်ရောက်နေရာယူလာပါက စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သည်ဟု ၎င်းက ဆိုသည်။ myanmar now

မန္တလေးတွင် စစ်ကောင်စီတပ်များ ရမ်းကားနေသည့်ကြားမှ အောင်ပင်လယ် ပင်မသပိတ်စစ်ကြောင်း ချီတက်

မန္တလေးမြို့တွင် အကြမ်းဖက် လူသတ် စစ်ကောင်စီတပ်များ ရမ်းကားနေသော်လည်း ယနေ့ ဇူလိုင်လ ၂ရက်နေ့တွင် အောင်ပင်လယ် သပိတ်စစ်ကြောင်း ချီတက်နိုင်ခဲ့သည်ဟု သိရသည်။khit thit

ကောလင်းမြို့ပေါ် နေအိမ်တစ်လုံးအတွင်း စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် ကျ၍ အမျိုး သမီး နှစ်ဦး ဒဏ်ရာရ၊ သစ်ဆိမ့်ကုန်းတွင် စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတိုက်ခိုက် (Video)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ နေအိမ်တစ်လုံးအတွင်း ဇူလိုင်လ ၂ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အနည်းဆုံး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသည်ဟု သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီက ကောလင်းမြို့ရှိ ထွေအုပ်ရုံးအတွင်းမှနေ၍ လက်နက်ကြီးပစ်ခတ်ကြောင်း၊ ထွန်းဖောင်ဒေးရှင်းဘဏ်အနောက်လမ်းရှိ နေအိမ်တလုံး ခေါင်မိုးပွင့်ထွက်သွားပြီး အနည်းဆုံး အမျိုးသမီးနှစ်ဦး လက်နက်ကြီးကျည် ထိမှန်၍ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့တွင် ကောလင်းမြို့ သစ်ဆိမ့်ကုန်းရှိ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦး အသတ်ခံရခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီက ယနေ့တွင် ကောလင်းမြို့ပေါ်၌ လုံခြုံရေးတင်းကြပ်စွာချထားပြီး ယခုလို လက်နက်ကြီးများဖြင့် မြို့ပေါ်တွင် ရမ်းသန်းပစ်ခတ်နေခြင်း ဖြစ်သည်။

ကောလင်း သစ်ဆိမ့်ကုန်းတွင် စစ်ကောင်စီတပ်များကို KIA နင့် PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ပြီး တိုက်ပွဲများ ယနေ့ ညနေအချိန်အထိ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။khit thit

« Older Entries