Monthly Archives: Jul 2021

ကလေးမြို့တွင် ယနေ့ ကိုဗစ်-19 ဖြင့် positive လူနာ ၄ ဦး သံသယလူနာ ၂၉ ဦး စုစုပေါင်း ၃၃ ဦးသေဆုံး

စစ်ကိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ဖြင့် ဇူလိုင်လ ၃ ရက်နေ့တွင် ကိုဗစ်စင်တာမှ positive လူနာ ၄ ဦးနှင့် သံသယလူနာ ၂၉ စုစုပေါင်းဦး စုစုပေါင်း ၃၃ ဦးသေဆုံးဟုသိရသည်။

သေဆုံးလူနာများမှာ အိတ်စွပ်ကိုဗစ်စင်တာမှ ၂ ဦးနှင့် ပြည်သူ့ဆေးရုံမှ ၂ ဦးတို့ဖြစ်ပြီး ကျန်သည့် ၂၉ ဦးမှာ သံသယလူနာများဖြစ်ကြသည်ဟုသိရသည်။

ကိုဗစ်- ၁၉ တတိယလှိုင်းတွင် ကလေးမြို့ ၏ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်သေဆုံးမှုနှုန်း မြင့်တတ်နေသောကြောင့် စျေးအချို့ ကိုလည်း ယာယီ ပိတ်ထားပြီး အိမ်ဆိုင်အချို့မှာလည်း ပိတ်ထားကြသည်ဟု သိရသည်။

Stay at Home ကြေညာထားသည့် ကလေး မြို့တွင် ကိုဗစ်- ၁၉ ဖြင့် ဇွန်လ ၁ လထဲတွင် ၂၇၀ ဦး သေဆုံးခဲ့ပြီး လက်ရှိ သေဆုံးသူဦးရေ ၃၀၀ ဝန်းကျင်ရှိပြီဟု သိရသည်။chin world

မြောက်ဥက္ကလာတွင် အရပ်ဝတ်လက်နက်ကိုင်များက လူငယ်တစ်ဦးကို ဖမ်းဆီး ​

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်အတွင်း လူစည်ကားရာ ဧရာလမ်းမထိပ်တွင် ယနေ့(ဇူလိုင်၃) နံနက်ပိုင်းက လူငယ်တစ်ဦးကို အရပ်ဝတ်ဖြင့်လက်နက်ကိုင်များက ဖမ်းဆီးခဲ့ပြီး လက်နက်ကိုင်များအနက် မောင်းပြန်ရိုင်ဖယ်ကိုင်ဆောင်ထားသူမှာ ဈရပ်ကွက်၌ ရဲသတင်းပေးအဖြစ် နာမည်ကျော်သူ ဆန်းမင်းဦးဖြစ်ကြောင်း ဒေသခံအချို့က အတည်ပြုသည်။

“ဟိုးအရင်ကတည်းက သူက ရဲသတင်းပေးလုပ်နေတာ။ ဈရပ်ကွက်က။ ကျန်တဲ့သုံးယောက်ကတော့ မသိဘူး။ ငယ်ငယ်လေးတွေဗျ။ ကြည့်ရတာတော့ ရဲရုပ်တွေလဲမပေါက်ဘူး”ဟု အမည်မဖော်လိုသူ ရပ်ကွက်နေသူတစ်ဦးက Myanmar Now ကို ပြောသည်။

ဧရာလမ်းမထိပ် လူမြင်ကွင်း၌ပင် အရပ်ဝတ်လက်နက်ကိုင်များက အဆိုပါလူငယ်ကို ဆိုင်ကယ်ချင်းတိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူအချို့က အတည်ပြုသည်။ 

“သူ့(ဖမ်းခံရသည့်လူငယ်) နောက်ကနေ နောက်ယောင်ခံပြီး လိုက်လာတယ်ထင်တာပဲ”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ထိုလူငယ်ကို ဖမ်းဆီးပြီးနောက် ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ကိုပါ အရပ်ဝတ်လက်နက်ကိုင်များက ယူဆောင်သွားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရသူလူငယ်မှာ မည်သူဖြစ်ကြောင်းနှင့် မည်သည့်အတွက်ဖမ်းဆီးခံရသည်ကို ယနေ့(ဇူလိုင်၃) ညနေပိုင်းအထိ စုံစမ်း၍မရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူများ လုပ်ကြံသတ်ဖြတ်ခံရမှု ဆက်တိုက်ဖြစ်လာချိန်တွင် စစ်ကောင်စီက ထိန်းချုပ်ထားသည်ဟု ယူဆရသော “ပျူစောထီး”ဆိုသော အရပ်ဝတ်လက်နက်ကိုင်အဖွဲ့များလည်း ပေါ်ထွက်လာသည်။ 

ယမန်နေ့(ဇူလိုင် ၂) ညကပင် မန္တလေးတိုင်း မြင်းခြံမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဇနီးမောင်နှံနှစ်ဦး နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ကျူးလွန်သူများက “ပျူစောထီးအဖွဲ့က ပစ်တာကွ”ဟု ရပ်ရွာကြားအောင် ဟစ်အော်သွားကြောင်း ဒေသခံတို့က Myanmar Now ကို ပြောကြားထားသည်။myanmar now

သံဗုံးတီးနေသည့် အိမ်များကို စစ်ကောင်စီတပ်က လေးခွဖြင့် လိုက်လံပစ်ခတ်

ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ငမိုးရိပ်လမ်း ပြည်တော်အေးလမ်း ရိပ်သာလမ်းတို့တွင်သံဗုံးတီးနေသည့် အိမ်များကို အကြမ်းဖက် စစ်သားများက လေးခွဖြင့် လိုက်လံပစ်ခတ်၍ ဆဲဆိုမှုများကို စနေနေ့ည ၈ နာရီဝန်းကျင်တွင် ပြုလုပ်ခဲ့ကြသည်။

” သံဗုံးတီးတဲ့အိမ်တွေကို လေးခွနဲ့ လိုက်ပစ်ပြီး အောက်ဆင်းခဲ့ဖို့ အော်ပြော ဆဲဆိုနေတာ။ အဲ့ဒါက ၈နာရီ လောက်ကပေါ။ အခုလည်းလမ်းထိပ်မှာ Hi-jet တစ်စီးရပ်ထား စစ်သားတွေလည်းရှိတယ် ”ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ အကြမ်းဖက်စစ်သားများသည် အိမ်အတွင်းမှ ကြည့်နေသည့် အရပ်သားများကိုလည်း ရုန့်ရင်းကြမ်းတမ်းစွာဆဲရေးတိုင်းထွာကြသည်။” အိမ်ထဲကနေ သူတို့ကို လှမ်းကြည့်လို့ဆိုပြီး အော်ဆဲနေတာ။ အိမ်အကုန်လုံးလဲ မီးတွေပိတ်ထားရတယ်”ဟု အဆိုပါအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသူက ပြောသည်။

စစ်ကား အသေး လေးစီးနှင့် ကားအကြီးတစ်စီးဖြင့် အကြမ်းဖက်စစ်သားများရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၆၅ နှစ်မြောက်မွေးနေ့တွင် ရန်ကုန်မြို့အနှံ့ မကောင်းဆိုးရွားနှင်တောထုတ်သံများဆူညံနေခဲ့သည်။mizzima

သရက်ချောင်းတွင် “ ဇူလိုင်လဆန်း ၃ရက်ဟာ မအေလိုးမွေးနေ့ပါ သမိုင်းဝင်မော်ကွန်းထိုး စစ်အာဏာရှင် မအေလိုး” စာတမ်းကိုင်ဆောင်ကာ ချီတက် သပိတ်မှောက်

သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာတွင် ဇူလိုင်လ ၃ရက်နေ့ “ ဇူလိုင်လဆန်း ၃ရက်ဟာ မအေလိုးမွေးနေ့ပါ သမိုင်းဝင်မော်ကွန်းထိုး စစ်အာဏာရှင် မအေလိုး” စာတမ်းကိုင်ဆိုင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ချီတက်သပိတ်မှောက်ခဲ့သည်။khit thit

ထားဝယ်မြို့ ရှေ့တောနယ်သပိတ်စစ်ကြောင်းက ဇူလိုင်လ၃ရက်နေ့တွင် “ Happy Death Day MAL လုပ်ရပ်တွေတွက်ပြန်ပေးဆပ်ရမည်” စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်

khit thit

စစ်ကောင်စီဒေါက်တိုင်များ အတိုက်ခံရသည့် ပေါင်းတည်တွင် ၂၀ ကျော်ဖမ်းခံရ

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် စစ်ကောင်စီယန္တရားကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ရက်ပိုင်းအတွင်း လူ ၂၀ ကျော်ဖမ်းခံထားရကြောင်း ဒေသခံများက ပြောသည်။

နွယ်ချို ၂ ရပ်ကွက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွင် ဇူလိုင် ၁ က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် ဟင်္သာကန်ရပ်ကွက်၌ စစ်ကောင်စီသတင်းပေးဟု နာမည်ကျော်သူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်များ ပေါ်ပေါက်ပြီးနောက် စစ်ကောင်စီက အဖမ်းအဆီးကြမ်းနေခြင်းဖြစ်သည်။

“အိမ်ကိုရှာတော့လည်း ဘာမှမတွေ့ဘူး။ အိမ်မှာရှာလို့ တွေ့လို့ သံသယရှိလို့ ဖမ်းတယ်ဆိုတာမျိုးလည်း မဟုတ်ဘူး။ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ သူတို့စိတ်ထဲမှာ မကျေနပ်ရင်မကျေနပ်သလို လုပ်နေတဲ့ သဘောဖြစ်နေတာပေါ့” ဟု ယမန်နေ့က ဖမ်းဆီးခံခဲ့ရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

ဖမ်းခံထားရသူအများစုမှာ လူငယ်များဖြစ်ပြီး အားလုံးကို ပေါင်းတည်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသော်လည်း ချုပ်နှောင်ခံထားရသူများထဲမှ အများစုကို ဆက်သွယ်၍ မရသေးကြောင်း မိသားစုဝင်အချို့က ပြောသည်။

“ဘာလို့ဖမ်းရတယ်ဆိုတဲ့ အကြောင်းပြချက်မရှိဘူး။ အဓိကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့နဲ့ အဆက်အသွယ်ရှိလားဆိုပြီးတော့ ဖမ်းတာ” ဟု မြို့ခံတစ်ဦးကလည်း ပြောသည်။

အများစုမှာ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထို့အတူ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး၏ နေအိမ်သို့ ယနေ့ (ဇူလိုင်၃)နံနက်ပိုင်းက စစ်သားနှင့် ရဲအင်အား ၃၀ ကျော်ရောက်လာပြီး အလိုရှိနေသူ လာရောက်အဖမ်းမခံပါက မိသားစုဝင်တစ်ဦးဦးကို ဖမ်းဆီးအမှုဖွင့်မည်ဟုပင် ခြိမ်းခြောက်ခဲ့သေးသည်ဟု သိရသည်။

“ကျွန်တော် ရဲစခန်းကို မလာရင် ၅၀၅ ကနဲ့ ခင်ဗျားကို (မိသားစုဝင်) တရားစွဲမယ်။ လာရင်မစွဲဘူးဆိုပြီး ပြောတယ်။ အဲဒီလိုပြောပြီး အိမ်ထဲ အပေါ်ထပ်၊ အောက်ထပ် အကုန်လှန်လှောရှာသွားတယ်”ဟု ထွက်ပြေးတိမ်းရှောင်နေရသူက Myanmar Now ကို ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲမှုမှာ မည်သူ့လက်ချက်ဖြစ်သည်ကို စုံစမ်း၍မရသေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းလည်း မရှိသေးပေ။

ဟသ်ာကန်ရပ်ကွက်၌ စစ်တပ်သတင်းပေးဟု ကျော်ကြားသူ ပစ်သတ်ခံရမှုမှာမူ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးအဖွဲ့က အချိန်မဆိုင်းဘဲ ထုတ်ဖော်ပြောကြားထားသည်။

ပေါင်းတည်သည် ဖေဖော်၀ါရီလဆန်းပိုင်း အာဏာသိမ်းမှုဆန့်ကျင်သည့်လှုပ်ရှားမှုများ စတင်ပေါ်ပေါက်ရာ မြို့တစ်မြို့ဖြစ်သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ ငါးလအတွင်း စစ်ကောင်စီက ဖမ်းဆီး၊ သတ်ဖြတ်မှုများ အဆက်မပြတ်ပြုလုပ်လျက်ရှိရာ ဆက်လက်ထိန်းသိမ်းခံနေရသူ ၅၀၀၀ ကျော် အနည်းဆုံးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဇူလိုင် ၂ တွင် သတင်းထုတ်ပြန်ထားသည်။

AAPP ကို တရားမဝင်ဟု ကြေညာထားသည့် စစ်ကောင်စီကမူ ဖမ်းဆီးခံရသူဦးရေကို ယနေ့တိုင် အတည်ပြုပြောဆိုခြင်းမရှိသော်လည်း ဇွန် ၃၀ တစ်ရက်တည်း၌ပင် အချုပ်သား ၂၀၀၀ ကျော် လွှတ်ပေးထားသည်။myanmar now

မွေးနေ့မှာ အသေဆိုးနှင့် သေပါစေကြောင်း ဆုတောင်းမေတ္တာပို့သခံရသူ

“ဝဋ်အမြန်လည်ပြီး ငရဲအမြန်ရောက်ပါစေ၊ လေယာဉ်စီးရင် လေယာဉ်ပျက်ကျ၊ ကားစီးရင် ကားတိုက်သေပါစေ၊ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ အမြန်ဆုံးသေပြီး ပြည်သူတွေ စိတ်ချမ်းသာပျော်ရွှင်မယ့်ရက် အမြန်ရောက်ပါစေ” ဟု အားတက်သရော ပြောလာသူမှာ ကချင်ပြည်နယ် ဖားကန့်မြို့မှ အမျိုးသားတစ်ဦးဖြစ်သည်။

ယနေ့ကျရောက်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မွေးနေ့တွင် အာဏာသိမ်းခေါင်းဆောင် ကျဆုံးပါစေကြောင်း ဖားကန့်မြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်သူများ စုပေါင်းဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ရင်း ၎င်းက အထက်ပါအတိုင်း ပြောလာခြင်းဖြစ်သည်။ 

ဇူလိုင်လ ၃ ရက်နေ့ မွေးနေ့ရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် နိုင်ငံ့အနှံ့အပြားရှိ ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ‘မွေးနေ့နဲ့ သေနေ့ တစ်ရက်တည်းကျပါစေ’ အစချီသော ဆုတောင်းများအပြင် မွေးနေ့ရှင်ဓာတ်ပုံပေါ်တွင် ကျင်ငယ်စွန့်ခြင်း၊ မွေးနေ့ရှင်ဓာတ်ပုံများကို မီးရှို့ခြင်း၊ မွေးနေ့ရှင်၏ အသုဘအခမ်းအနားပြုလုပ်ခြင်းများဖြစ်ကြသည်။ 

“အာဏာသိမ်းတာ နောက်ဆုံးပဲဖြစ်ရမယ်။ ဖက်ဆစ်စစ်တပ် အမြစ်ပါဖြတ်မယ်။ နောက်မျိုးဆက်တွေမှာ စစ်အုပ်ချုပ်မှု မရှိစေရဘူး။ သူ့မွေးနေ့ မင်္ဂလာဖြစ်စေချင်တဲ့အရာကို နံနှိမ်ပြီး မီးရှို့အဆဲသပိတ်လုပ်ခဲ့တယ်။ သူ့ဘဝ အမြန်ဆုံး နိဂုံးချုပ်ပါစေ” ဟုလည်း မွေးနေ့ရှင်စစ်ခေါင်းဆောင်ကို ဆန့်ကျင်သော ဖားကန့်မြို့မှ ယနေ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

မွေးနေ့ရှင်တိုင်းကို ‘ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ’ ဟုသာ အများသူငါ ဆုတောင်းပေးလေ့ရှိကြသည်။ မွေးနေ့ရှင်ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပေးခြင်းသည် မင်္ဂလာတရားနှင့်ညီသော အပြုအမူလည်းဖြစ်သည်။ သို့အတွက်ကြောင့်လည်း မွေးနေ့မင်္ဂလာဟု ဆိုစမှတ်ပြုကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရည်စူးကာ ရင့်ရင့်သီးသီးမေတ္တာပို့ကြခြင်းမှာ တိုင်းပြည်အတွက် မလုပ်သင့်မလုပ်ထိုက်တာကို လုပ်ခဲ့သည့်အတွက် စေတနာအကျိုးပေးခြင်းပင်ဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနှင့် ဝါရင့်ရှေ့နေကြီးတစ်ဦးဖြစ်သူ ဦးကြီးမြင့်က ဆိုသည်။ 

“မွေးနေ့ဆိုတာကတော့ လူတိုင်းက အမြတ်တနိုးထားကြတာပဲ။ ခင်မင်တဲ့သူတွေကလည်း မေတ္တာပို့ကြ ဆုတောင်းကြ၊ ဒါကောင်းမွန်တဲ့အစဉ်အလာပဲ။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်အတွက် မလုပ်သင့်မလုပ်ထိုက်တာကို သူ့ကိုယ်ကျိုးအတွက်လုပ်တယ်။ လူတွေအများကြီး သတ်တယ်” ဟု ၎င်းက ပြောသည်။

လူထုမေတ္တာခံယူရရှိခြင်း၌ ခေတ်အဆက်ဆက် အာဏာရှင်စစ်ခေါင်းဆောင်များပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မီနိုင်မည်မဟုတ်ပေ။ အာဏာသိမ်းခေါင်းဆောင် အသေဆိုးနှင့် သေပါစေကြောင်း လူထု၏ ဆန္ဒနှင့် ထိုဆန္ဒကို ထုတ်ဖော်ပြသမှုများက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်ကတည်းက အတောမသတ်ဖြစ်ပေါ်ခဲ့သည်။ 

“စစ်ခေါင်းဆောင်တွေရဲ့ အပြုအမူတွေမှာ အဆိုးဆုံးပဲ။ အဆိုးဆုံးမင်းပဲ။ အင်မတန်ရက်စက်တယ်။ အဓိပ္ပာယ်မရှိ မခိုင်လုံဘဲနဲ့ အာဏာသိမ်းတယ်။ တရားဥပဒေစိုးမိုးမှုဆိုတာ လုံးဝနီးပါး မရှိတော့ဘူး။ ပြည်သူကို ကာကွယ်ပေးမယ့် ဥပဒေတွေ အကုန်ဖျက်ပစ်တယ်။ သူ့စိတ်ကြိုက်လုပ်နေတယ်။ တွေ့ကြုံသမျှ ဖြတ်သန်းခဲ့ရသမျှတွေထဲမှာတော့ အဆိုးဆုံးစစ်ဗိုလ်ချုပ်ပဲလို့ ပြောချင်တယ်” ဟု ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က ဆိုသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများက စစ်ခေါင်းဆောင်၏ မွေးနေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြရာ၌ ရန်ကုန်၊ တောင်ဒဂုံမြို့နယ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံစံတူ အခေါင်းကို မီးရှို့ကာ မွေးနေ့ရှင်အတွက် အသုဘအခမ်းအနားပြုလုပ်ခဲ့ကြသည်။

“ဒီလိုအကြမ်းဖက်စစ်ခေါင်းဆောင်မျိုးကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းစေချင်လို့ ဆန္ဒပြဖြစ်တာပါ။ မအလ (မင်းအောင်လှိုင်) ရဲ့ဆွေစဉ်မျိုးဆက်နဲ့ ကျွန်တော်တို့နိုင်ငံမှာ ဆယ်သက်ဆယ်ကမ္ဘာ မကြုံပါရစေနဲ့လို ဆုတောင်းချင်ပါတယ်ဗျ။ ပြည်သူအားလုံးရဲ့ သစ္စာ၊ စစ်သူပုန်အားလုံး အမြန်စူးပါစေဗျ” ဟု ထိုဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းယူရန် ရှေးဦးမဆွကပင် အသေအချာ အကွက်ချစီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းထက် များစွာငယ်ရွယ်သော စစ်ဗိုလ်ချုပ်များကို တပ်မတော်တွင် အလွန်အရေးပါအရာရောက်သော ထိပ်တန်းရာထူများခန့်အပ်ပြီး တပ်တွင်းဩဇာ အခိုင်အမာတည်ဆောက်ခဲ့သည်။   

စစ်အာဏာသိမ်းပြီးနောက်ပိုင်းလည်း ၎င်းအတွက် အနှောင့်အယှက်ပေးနိုင်မည့် စစ်ဗိုလ်ချုပ်များကို နေရာပြောင်းရွှေ့ခြင်း၊ အနားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ကို စစ်အာဏာသိမ်းပြီးနောက် အနားပေးကာ အခြားဗိုလ်ချုပ်များဖြင့် အစားထိုးခဲ့သည်။

တပ်မတော်တွင် နံပါတ် ၃ အဆင့်ရှိ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်ဦးကို စစ်တပ်ရာထူးမှ အနားပေးကာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ထို့အတွင် ရေတပ်ကာကွယ် ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကိုလည်း စစ်တပ်ရာထူးမှ အနားပေးကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ 

ထို့ပြင် ၎င်း၏ အနီးကပ်လူယုံ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို တပ်မတော်တွင် နံပါတ် ၄ အဆင့်ရာထူးဖြစ်သော စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ခန့်အပ်ပြီး အာဏာသိမ်းစစ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ်ထားရှိခဲ့သည့်အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း ခန့်အပ်ခဲ့သည်။ 

တချိန်တည်းမှာပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း၏ နိုင်ငံရေးအိမ်မက်ကို မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိကာ နိုင်ငံခြားသတင်းဌာနများနှင့် တွေ့ဆုံရာတွင် နှစ်ပေါင်း ၄၀ ကျော် စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးအတွေ့အကြုံများ ရှိထားပြီးဖြစ်သဖြင့် တိုင်းပြည်အတွက် ဆက်လုပ်ရန် ဆန္ဒရှိကြောင်း၊ နိုင်ငံတော်ရဲ့အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း အာဏာမသိမ်းမီကပင် ထုတ်ဖော်ပြောကြားခဲ့သည်။  

ရွေးကောက်ပွဲမကျင်းပမီ လအနည်းငယ်အလိုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သော နိုင်ငံရေးပါတီ ၃၄ ခုနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် အာဏာသိမ်းယူရေးအလားအလာနှင့် ပတ်သက်၍ စကားဦးသန်းခဲ့သည့်အပြင် “ကျွန်တော် မလုပ်ရဲတာ ဘာမှမရှိဘူး” ဟုပင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

ထို့ကြောင့် အာဏာအတွက် မည်သည့်ရက်စက်ကြမ်းကြုတ်မှုမျိုးမဆို လုပ်ဆောင်မည်ဖြစ်ကြောင်း အာဏာမသိမ်းမီကပင် ဖွင့်ဟထားပြီးဖြစ်သည်။ 

အာဏာသိမ်းစစ်တပ်အကြီးအကဲအပေါ် လူထုက မုန်းတီးစက်ဆုပ်ရွံရှာနေခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ နှစ်အတန်ကြာ ပြည်သူလူထုထိတွေ့ခံစားခဲ့ရသော ဒီမိုကရေစီသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်ဗိုလ်ချုပ်ကြီးများကြောင့် ရုတ်တရက်ဆုံးရှုံးပျောက်ကွယ်ခဲ့ရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည်။ လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ရသည်။ ထောင်နှင့်ချီ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ အမျိုးမျိုးသော ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူ များစွာလည်းရှိနေသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးစီးသော စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများအတွင်း အသက် ၂၀ ဝန်းကျင် လူငယ်လူရွယ်များပေါင်းများစွာ သေဆုံးခဲ့ရသည်။ ဆန္ဒပြပွဲများတွင် ပါဝင်သူ ထိုလူငယ်အများစုမှာ ခေါင်းကို ချိန်ရွယ်ကာ သေနတ်ဖြင့် အသေပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ ခြေတစ်ဖက်ပြတ်သူ၊ လက်တစ်ဖက်ပြတ်၊ မျက်လုံးကွယ်ရသူ စသဖြင့် ဒုက္ခိတဖြစ်ရသူများစွာလည်း ရှိသည်။

“ဒီကောင်ရှိနေသရွေ့တော့ နေ့တိုင်း အသတ်ခံနေရမယ်။ ဘဝတွေက မလုံခြုံဘူး။ ဘယ်အချိန် ကိုယ့်အိမ်လာပြီး သေနတ်နဲ့ပစ်မလဲ၊ ဘယ်အချိန် လုယက်ခံရမလဲ၊ ဖျက်ဆီးခံရမလဲ စိုးရိမ်နေရတယ်။ ဒီကောင်အုပ်ချုပ်နေသမျှတော့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး” ဟု ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်အာဏာသိမ်းမှုဆန့်ကျင်သူမှန်သမျှကို တရားဥပဒေကင်းမဲ့စွာ ဖိနှိပ်ခဲ့သောကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် ပြည်သူလူထု၏ မုန်းတီးစက်ဆုပ်မှုများက ခိုင်မာသထက်ခိုင်မာ၊ ရင့်သန်သထက်ရင့်သန်လာခြင်းဖြစ်သည်။

တရားဝင်အရပ်သားအစိုးရတစ်ဖွဲ့လုံးကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည်မှာ ငါးလကျော်လာပြီဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရတက်မအေးနိုင်ပေးသေ။ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုများ အရှိန်ကောင်းသထက်ကောင်းလာကာ ကိုယ့်အသက်ကိုပင် ပဓာနမထားဘဲ ရရာလက်နက်ဖြင့် ခုခံတော်လှန်လျက်ရှိသည်။ 

အာဏာသိမ်းစစ်အုပ်စုကို မည်သည့်နိုင်ငံကမျှ အတိအလင်းအသိအမှတ်ပြုခြင်း မရှိပေ။ အရပ်သားပြည်သူများအပေါ် ရက်ရက်စက်စက်အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နိုင်ငံတကာက အရေးယူပိတ်ပင်လျက်ရှိသည့်နည်းတူ နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးမှုများလည်း ရှိနေသည်။

လူတကာက ‘ဂျပု’ ဟု နောက်ပြောင်ခေါ်ဝေါ်ခြင်းခံရသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတကာမှ ထောင်ထောင်မောင်းမောင်း ပုဂ္ဂိုလ်ကြီးများနှင့်အတူ ဓာတ်ပုံအရိုက်ခံရင်း လူရာဝင်လိုလှသော်လည်း အာဏာသိမ်းပြီးငါးလကျော်သည်အထိ ပြင်းထန်သော ပြည်တွင်းပြည်ပဆန့်ကျင်မှုများကို ရင်ဆိုင်ရလျက်ရှိသည်။

ဖရိုဖရဲကမောက်ကမအခြေအနေများနှင့် တိုင်းပြည်အာဏာကို ငါးလကျော်ကြာ အတင်းအဓမ္မလုယူထားသော အာဏာရှင်ပေါက်စ၏ ၆၅ နှစ်မြောက်မွေးနေ့သည် နာကျည်းမှုများဖြင့် ပြည့်လျှမ်းနေလျက်ရှိသည်။ တစ်တိုင်းတစ်ပြည်လုံး၏ ဆုတောင်းမေတ္တာပို့သူများ၏ ဆိုလိုရင်းအနှစ်ချုပ်မှာ မွေးနေ့ရှင် အသေဆိုးနှင့် သေပါစေကြောင်းပင်ဖြစ်သည်။ 

“အကြမ်းဖက်လူသတ်သမား အာဏာရူးမိစ္ဆာ၊ မင်းအောင်လှိုင်နဲ့အဖွဲ့ အသေဆိုးနဲ့ အမြန်သေပါစေ၊ အသက် ၆၅ နှစ်ထက် ပိုမရှည်ပါစေနဲ့လို့ပဲ ဆုတောင်းပေးပါတယ်” ဟု ယနေ့ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။ myanmar now

မကွေးတွင် စစ်ကောင်စီ ဝန်ထမ်းနှင့် မိသားစု ၂၄ ဦးအပါအဝင် ကိုဗစ်လူနာ ၅၁ ဦး စံချိန်တင်တွေ့

မကွေးမြို့မှာ ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီရဲ့ ဝန်ထမ်းနဲ့ မိသားစုဝင် ၂၄ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၁ ယောက်ထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ ပရဟိတ အဖွဲ့တွေကနေ သိရပါတယ်။

ပိုးတွေ့လူနာတွေကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝန်ထမ်းနဲ့ မိသားစု ၂၄ ယောက်၊ Union ဝက်ရှော့က ၆ ယောက်၊ ကန်သာရပ်ကွက်က ၄ ယောက်၊ ရွာသစ်ပွဲကြိုရပ်ကွက်က ၃ ယောက်၊ အောင်မေတ္တာရပ်ကွက်က ၃ ယောက်၊ သံဃာတော် ၃ ပါး၊ ရန်မျိုးလုံရပ်ကွက်က ၂ ယောက်၊ မြို့ဟောင်း၊ ဆားစည်၊ ရန်မျိုးနိုင်ရပ်ကွက်နဲ့ မြို့သစ်မြို့နယ် ငွေလေးနဲ့ ဇီးကျွန်းရွာက ၁ ယောက်စီမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တယ်လို့ ပရဟိတ အဖွဲ့ဝင်တ်ယောက်က ပြောပါတယ်။

အဲဒီပိုးတွေ့လူနာတွေကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ၅ ထပ်ဆောင်ကို ပို့ပေးခဲ့ပြီးတော့ သီးခြားကုသပေးနေတယ်လို့ သိရပါတယ်။DVB

အောက်ရေဖြူကျေးရွာတွင် စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ချီတက်၊ စစ်ကောင်စီအား အားပေးအားမြှောက်ပြုနေသည့် တရုတ်နိုင်ငံ၏ အလံအား မီးရှို့ဆန္ဒပြ

khit thit

« Older Entries