Monthly Archives: Jul 2021

မိုးကုတ်သပိတ်ခေါင်းဆောင်ကိုစိုးဌေး၏ သမီးကြီး မသိမ့်စန္ဒီစိုးကို စစ်ကောင်စီက နှိပ်စက်စစ်ဆေး၍ ကျန်းမာရေးဆိုးဝါး၊ အာဏာရှင်အမြစ်ပြတ်ရေး ကြိုးစားအားထုတ်မည်ဟု ဖခင်ဖြစ်သူ ပြော

မိုးကုတ်မြို့မှ တက်ကြွလှုပ်ရှားသူ ကိုစိုးဌေး၏ သမီးကြီး ဥပဒေအထူးပြု တတိယနှစ်ကျောင်းသူ မသိမ့်စန္ဒီစိုးသည် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံထားရပြီး အချုပ်ထောင်အတွင်း နှိပ်စက်မှုကြောင့် ကျန်းမာရေးဆိုးရွားနေပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ကိုစိုးဌေးမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

“သမီးကြီး ကျန်းမာရေးမကောင်းဘူးဆိုတာ ဟိုဘက်က (စစ်ကောင်စီ) ကျနော့် အသိတစ်ဦးက ပြောလာတယ်၊ နဂိုကတည်းက သမီးကြီးမှာ သွေးလေးဘက်နာရှိတယ်၊ သူ့ကို စစ်ကြောရေးမှာ သံမံတလင်းပေါ်မှာ ဒူးထောက်၊ လက်ထိပ်ခတ်ပြီး နှစ်နာရီ၊ သုံးနာရီ ကြာအောင် စစ်တာမျိုး အကြိမ်ကြိမ်လုပ်တယ်လို့ ပြောတယ်” ဟု ကိုစိုးဌေးမှ ပြောသည်။

နွေဦးတော်လှန်ရေးအတွင်း မိုးကုတ်မြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ကိုစိုးဌေးမှာ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သေ ာကြောင့် အကြမ်းဖက်စစ်ကောင်စီမှ နေအိမ်သို့ ဝင်ရောက်ပြီး ကိုစိုးဌေးကို မတွေ့သဖြင့် ကိုစိုးဌေး၏ ဇနီးနှင့် သမီးနှစ်ဦးကို အဓမ္မဖမ်းဆီးသွားခဲ့သည်။ကိုစိုးဌေး၏ အသက် ၅ နှစ်ရှိ သမီးငယ် မစုထက်ဝိုင်းကို ဇွန်လ ၃၀ ရက်တွင် အကြမ်းဖက်စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့ပြီး ဇနီးနှင့် သမီးကြီး မသိမ့်စန္ဒီစိုးတို့ကိုမူ ဓါးစားခံလုပ်ကာ ဆက်လက်ဖမ်းဆီးနှိပ်စက်နေသည်။

“ကျနော်ကတော့ နိုင်ငံရေးအရပဲ တုံ့ပြန်မှာ၊ အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံအနှံ့မှာ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ထားတာ အများကြီးပဲလေ၊ ဆိုတော့ နေဝင်းလက်ထက်ကတည်းက မင်းအောင်လှိုင်အထိ သူတို့ နှိပ်စက် သတ်ဖြတ်နေတာ အများကြီးပဲ၊ တိုင်းရင်းသားဒေသတွေမှာဆို လူမသိ သူမသိ ကျဆုံးသွားတဲ့ ဘဝဆုံးသွားတဲ့ သူတွေ အများကြီးပဲ၊ အဲဒီတော့ ကျနော်က နိုင်ငံရေးအရပဲ တုန့်ပြန်မယ်၊ အာဏာရှင် အမြစ်ပြတ်ဖို့အတွက်ပဲ ကြိုးစားအားထုတ်သွားမယ်” ဟု ကိုစိုးဌေးမှ ပြတ်သားစွာ ဆိုသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ အကြမ်းဖက်ဖက်ဆစ်စစ်တပ်မှ ပြည်သူ ၈၉၀ ဦးကို သတ်ဖြတ်ထားပြီး၊ ၅၀၈၆ ဦးကို ဖမ်းဆီးနှိပ်စက်နေဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထုတ်ပြန်ထားသည်။khit thit

မုံရွာတွင်ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျေးလတ် ညနေဆည်းဆာ သပိတ်

မုံရွာမြို့ အမြင့်လမ်းကျေးရွာတွင် ဇူလိုင်လ ၄ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ကျေးလတ် ညနေဆည်းဆာသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။khit thit

စေတနာ့ဝန်ထမ်းများ တိမ်းရှောင်နေရချိန် ကိုဗစ်လူနာ များပြားလာ

အာဏာသိမ်းမှုဆန့်ကျင်သည့် ကိုဗစ်စေတနာ့ဝန်ထမ်းများ စစ်ကောင်စီရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုက အဆမတန် မြင့်တက်လာနေသည်။ 

ကျန်းမာရေးဌာနထုတ်ပြန်ချက်များအရ ဇွန်လဆန်းတွင် စတင်မြင့်တက်လာခြင်းဖြစ်ပြီး ဇွန်လကုန်ခန့်တွင် တစ်နေ့လျှင် ကူးစက်သူ ၁၂၀၀ ကျော် ရှိလာသည်။ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်ခြင်း မရှိသော်လည်း ဇူလိုင် ၃ တွင် ၁၈၇၇ ဦးအထိ မြင့်တက်လာသည်။  

ရန်ကုန်၊ မန္တလေးအပါအဝင် ပုသိမ်၊ မြောင်းမြ၊ စစ်တွေ၊ မောင်တောတို့တွင် ပိုးတွေ့လူနာ များပြားနေပြီး ရက်ပိုင်းအတွင်း ဧရာ၀တီတိုင်း မြောင်းမြမြို့၊ ပုသိမ်မြို့နှင့် ရခိုင်ပြည်နယ် မောင်တောမြို့တွင် တစ်နေ့တည်း လူအစုလိုက်အပြုံလိုက် ကူးစက်ခဲ့သည်။ 

ယခင်က မြောင်းမြမြို့တွင် ကိုဗစ်ဖြစ်သူ၂၃၀ သာ ရှိခဲ့ပြီး ယခု ရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၂၂၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်သည်။ ယခုကဲ့သို့ အစုအလိုက်အပြုံလိုက်ကူးစက်မှုမျိုး မကြုံခဲ့ရကြောင်း မြောင်းမြမြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ တွင် ရခိုင်ပြည်နယ်၊ မောင်တောသို့ ပြောင်းလာသည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၀၀ နီးပါးတွင် ပိုးတွေ့ရှိခဲ့သည်။ 

စစ်တပ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးဝန်ထမ်းများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဦးဆောင်ပါဝင်ခဲ့ကြပြီး လုပ်ငန်းခွင်ဝင်ရောက်ခြင်း မရှိကြတော့ပေ။ ကိုဗစ်စေတနာ့ဝန်ထမ်းများသည်လည်း ဆန္ဒပြပွဲများ၌ ပါဝင်နေသည်။ 

စေတနာ့ဝန်ထမ်းအများအပြား အဖမ်းခံရပြီး တိမ်းရှောင်ရသူလည်း များလာသည်။ 

ကိုဗစ်စေတနာ့ဝန်ထမ်းခေါင်းဆောင် ကိုသူနေအောင် အဖမ်းဆီးခံထားရသည့် ပုသိမ်မြို့တွင် ဇွန် ၃၀ ၌ တစ်ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၇၀ ထက်မနည်း ရှိခဲ့သည်။

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးတွင် အဓိကပါဝင်ခဲ့သည့် လူမှုရေးအသင်းအဖွဲ့ရုံးအများအပြားကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းကာ တွေ့သည့်သူကို ဖမ်းဆီးခြင်း၊ လိုအပ်သောအရာများ ယူဆောင်ခြင်းကြောင့် စေတနာ့ဝန်ထမ်းများ ခြေရာဖျောက်နေကြပြီဖြစ်သည်။

“အသင်းရဲ့လှုပ်ရှားမှုတွေလည်း ရပ်တန့်သွားတာကြာပါပြီ။ အသင်းက ကလေးတွေလည်း ဒီဆန္ဒပြပွဲတွေမှာ ပါကြတော့ အခုအချိန် စစ်ကောင်စီက ပိုက်စိပ်တိုက်ဖမ်းနေတဲ့အချိန်မှာ သူတို့လည်း လွတ်ရာကျွတ်ရာ ရှောင်နေရတယ်” ဟု မြောင်းမြမြို့တွင် ကိုဗစ်စေတနာ့ဝန်ထမ်းအဖြစ် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

မတ် ၂၁ က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၉၁ လမ်းရှိ  ကိုဗစ်ကာလ စေတနာ့ဝန်ထမ်းအဖွဲ့ကြီးဖြစ်သည့် We Love Yangon ၏ ရုံးခန်း ဝင်ရောက်စီးနင်းရှာဖွေခံရသည်။ 

CDM ဝန်ထမ်းတို့အတွက် အလှူငွေ၊ ဆေးဝါးနှင့် ပစ္စည်းမျိုးစုံရှိသော ထိုရုံးခန်းနှင့် ဘေးမှအဆောက်အဦ ဝင်ရောက်ရှာဖွေခံရစဉ် အမျိုးသမီး ၁ ဦး ၅ လွှာမှ ပြုတ်ကျ သေဆုံးသွားသည်။ 

စစ်ကား ၁၆ စီးဖြင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းကို မတ် ၃ ညသန်းခေါင်ယံအချိန်တွင် ဝင်ရောက်သွားပြီး ရုံးခန်းရှိပစ္စည်းများကို ဖျက်ဆီးကာ အသင်းသား ၁၀ ဦးကို ရိုက်နှက်ခဲ့သည်။ နာကူအသင်းသည် ကိုဗစ်စေတနာ့ဝန်ထမ်းလုပ်ငန်းများစွာ လုပ်ကိုင်ခဲ့သောအဖွဲ့ဖြစ်သည်။ 

လတ်တလောတွင် ပိုးတွေ့လူနာများနေသော ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ သာပေါင်းမြို့တို့ကို နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် ပါဝင်ကြောင်း စစ်ကောင်စီက ယနေ့ (ဇူလိုင် ၄) တွင် ကြေညာခဲ့သည်။ 

စေတနာ့ဝန်ထမ်းများလိုအပ်နေကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးက ဇူလိုင် ၂၆ တွင် ပြောခဲ့သော်လည်း အတွေ့အကြုံရှိသူများက လုပ်အားပြန်ပေးရန် အသင့်မဖြစ်ကြသေးပေ။  

“လက်ရှိအချိန်မှာ တော်တော်စိုးရိမ်ရတဲ့အခြေအနေပါ၊ စစ်ကောင်စီနဲ့ လူထုကလည်း တက်တက်ကြွကြွ၊ အတူတူပူးပေါင်းကာကွယ်ရမယ့် အခြေအနေမဟုတ်တာလည်း လူထုက အသိပဲလေ။ (ကိုဗစ်) ဖြစ်လာရင်တော့ တော်တော်ကြီးကို အခြေအနေဆိုးမှာပါ။ အခြေအနေဆိုးမဲ့ အရိပ်အယောင်လည်း ကျွန်တော်တို့ မြင်နေရပါတယ်” ဟု ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် လုပ်အားပေးခဲ့သူတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်ကမူ လိုအပ်သည့် စေတနာ့ဝန်ထမ်းများကို နေ့စားဝန်ထမ်းများဖြင့်  အစားထိုးသွားမည်ဟု ဆိုသည်။

သို့သော်လည်း ထိုအစီအစဉ်အလုပ်ဖြစ်ရေးမှာ မသေချာပေ။  

“အရင်ကိုဗစ်လှိုင်းတွေတုန်းက စေတနာ့ဝန်ထမ်းတွေအများကြီး ဘာအခကြေးငွေမှ မယူဘဲ စိတ်ဓာတ်နဲ့ လုပ်ကြတာ။ သူတို့ အဲ့ဒီလောက်အများကြီး နေ့စားခန့်နိုင်မလား မေးခွန်းထုတ်ချင်တယ်” ဟု ကိုဗစ်ပထမလှိုင်း စေတနာ့ဝန်ထမ်းဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။ 

၎င်းကိုယ်တိုင်သည်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့အပြီး ရှောင်တိမ်းနေရသည်။ 

ကိုဗစ်ကူးစက်နှုန်းများ မြင့်တက်နေသဖြင့် နေအိမ်တွင်သာ နေထိုင်ရန် မြို့တချို့တွင် ကြေညာချက်ထုတ်ထားသော်လည်း စာသင်ကျောင်းများ ၊ ဌာနဆိုင်ရာရုံးများ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များကို ဆက်လက်ဖွင့်လှစ်ထားဆဲ ဖြစ်သည်။ 

ကိုဗစ်ကုသရေးနှင့် ကွာရန်တင်းစင်တာများတွင်လည်း ယခင်ကကဲ့သို့ ဂရုတစိုက်လုပ်ဆောင်နိုင်ခြင်း အားနည်းသောကြောင့် ကူးစက်နှုန်းမှု ပိုဆိုးလာနိုင်ကြောင်း အများက စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်၌ ဒုတိယလှိုင်းပေါ်ပေါက်လာနိုင်ကြောင်း NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့ပြီးနောက် ၂၀၂၀ ဩဂုတ် ၁၇ တွင် စစ်တွေမြို့၌ အတည်ပြုလူနာများ တွေ့ရှိခဲ့ပြီး ဒေသတွင်း ကူးစက်ခံရမှုအများဆုံး ဖြစ်ခဲ့သည်။ 

ယခုအခါ ရခိုင်တစ်ပြည်နယ်လုံးတွင် ကူးစက်ခံရသူ ၂၀၀ ဝန်းကျင်ခန့် ရှိနေပြီး ပုဏ္ဏားကျွန်း၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနှင့် စစ်တွေမြို့တို့မှဖြစ်ပြီး မောင်တောမြို့နယ်တစ်ခုတည်းမှာပင် အတည်ပြုလူနာ ၁၀၀ ကျော်ထက်မနည်း ရှိနေသည်။

ပိုးတွေ့လူနာများလာသော မောင်တောမြို့တွင်လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်၊ ဘဏ်၊ ရုံး၊ စျေးဆိုင်နှင့် စာသင်ကျောင်းများကို ပိတ်ထားခြင်းမရှိသေးပေ။ မောင်တောတွင် ပိုးတွေ့လူနာများမှာ စစ်ကောင်စီတပ်ဖွဲ့အတွင်း အများဆုံးရှိနေပြီး  ဘဏ်ဝန်ထမ်း၊ ကျောင်းဆရာဆရာမ၊ ကျောင်းသူကျောင်းသားတချို့လည်း ကူးစက်ခံထားရသည်။

ကျောင်းဆရာမနှစ်ဦး ကူးစက်ခံထားရကြောင်း အတည်ပြနိုင်ပြီးနောက်ပိုင်း ၎င်းတို့တာဝန်ကျရာ မောင်တောမြို့နယ်ရှိ စာသင်ကျောင်း ၂ ကျောင်းကို ပိတ်ထားသည်။ 

ပထမလှိုင်း၊ ဒုတိယလှိုင်း ဖြစ်ခဲ့စဉ်က မည်သည့်နေရာမှ လာသည်ကို သိရှိရကြောင်း၊ ယခုတတိယလှိုင်းတွင် မည်သည့်နေရာမှလာပြီး မည်သူများနှင့် ဆက်စပ်မှုရှိခဲ့ကြောင်း၊ ကွင်းဆက်ရှာမရဖြစ်နေသည်ဟု သိရကြောင်း မောင်တောမြို့ နယ်၊ ကရုဏာကွန်ရက်ပရဟိတအသင်းဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က ဆိုသည်။

ထို့ကြောင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုများအနေဖြင့် လူစုလူဝေး မသွားရန်၊ မလိုအပ်ဘဲ အပြင်မထွက်ရန်၊ မဖြစ်မနေ အပြင်သွားရမည်ဆိုပါက Mask (နှာခေါင်းစည်း) တပ်ရန်၊ ကျန်းမာရေးစည်းကမ်းချက်များ လိုက်နာရန် ၎င်းက အကြံပြုခဲ့သည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၃ အထိ ပိုးတွေ့လူနာစုစုပေါင်း တစ်သိန်းခြောက်သောင်းကျော်၊ ထပ်မံသေဆုံးသူ ၂၀ ဦးအပါအဝင် သေသူစုစုပေါင်း သုံးထောင်ကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။ 

ယနေ့ ဇူလိုင် ၄ ညနေပိုင်းတွင် ဧရာဝတီတိုင်းရှိ Stay at Home သုံးမြို့၌ စာသင်ကျောင်းများပိတ်ထားရန် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ myanmar now

ဗကသများအဖွဲ့ချုပ်၏ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြတ်သူ ဖမ်းဆီးခံရ

မန္တလေးမြို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြတ်သူကို ယနေ့ ဇူလိုင်လ ၄ရက်နေ့ နေ့လည်ပိုင်းက မန္တလေးမြို့ရှိ ၎င်း တိမ်းရှောင်နေသော နေအိမ်တစ်အိမ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အင်းအားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးသွားပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို လက်ရှိချိန်ထိ မသိရှိရသေးဘဲ အဆက်အသွယ်ပြတ်လျက်ရှိကြောင်းသိရသည်။khit thit

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသည့် သတင်းသမား ၃၉ ဦး၊ ထောင်ဒဏ်ချမှတ်ခံရသူ ၆ ဦးရှိဟု NUG ထုတ်ပြန်

  မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလ ၅ လကျော်အတွင်း  လက်ရှိအချိန်ထိ ဖမ်းဆီး ခံထားရတဲ့ သတင်းသမား ၃၉ ယောက်နဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၆ ယောက်ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ် ပြန်ထားပါတယ်။

ဒီစာရင်းဟာ ဇူလိုင် ၃ ရက်နေ့အထိ ရရှိထားတဲ့ နောက်ဆုံးရ အချက်အလက်တွေ ဖြစ်ပြီး ဖမ်းဆီးခံထားရဆဲ သတင်းသမားတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ၁၀ ယောက်နဲ့ အများဆုံးပါဝင်နေပါတယ်။

ကချင်ပြည်နယ်က ၈ ယောက်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်က ၄ ယောက်စီ၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ၃ ယောက်စီ၊ မန္တလေးတိုင်း(နေပြည်တော်အပါအဝင်)၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးက ၂ ယောက်စီ၊ မွန်ပြည်နယ်က ၁ ယောက် ပါဝင်နေတာ ဖြစ်ပါတယ်။

ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းသမား ၆ ယောက်ထဲမှာတော့ ပုဒ်မ ၅၀၅(က) နဲ့ အမျိုးသား ၅ ယောက်နဲ့ ပုဒ်မ ၁၈၈ နဲ့ အမျိုးသမီး ၁ ယောက် ပါဝင်တယ်လို့ ဆိုပါ တယ်။

ဒဏ်ရာရရှိသူတွေထဲမှာတော့ သေနတ်နဲ့ ပစ်ခံရသူ ၁ ယောက်၊ ရာဘာကျည်နဲ့ ပစ်ခံရသူ ၁ ယောက်နဲ့ အရိုက်ခံရသူ ၁ ယောက် ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်က လွတ်မြောက်လာသူ ၁၄ ယောက်အပါအဝင် လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းသမား ၄၉ ယောက်ရှိနေပြီး အဲဒီထဲက ၆ ယောက်ကတော့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

ဒါ့အပြင် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သတင်းသမားဦးရေ ၂၆ ယောက်ထိ ရှိနေပြီး လိုင်စင်အသိမ်းခံရတဲ့ သတင်းမီဒီယာ ၈ ခုထိ ရှိခဲ့ကာ ဒီဗွီဘီသတင်းဌာန အပါအဝင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ မတရားအာဏာသိမ်းကာလအတွင်း စစ် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၅ လ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖစ်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကလေးငယ်တွေ ကျောင်းသားလူငယ်တွေအပါအဝင် အပြစ်မဲ့ ကျဆုံးပြည်သူပေါင်း ၈၉၀ ထိ ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

ကယား၊ ကရင်၊ ချင်းစတဲ့ ဒေသတွေမှာ ဒေသခံတိုင်းရင်းသား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်အုပ်စုကြား တိုက်ပွဲတွေကြောင့် ကျဆုံးရတာတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေနဲ့ အခြေအနေတွေဟာလည်း တင်းမာနေဆဲဖြစ်ကာ မြို့ပြ တိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ ရှိနေဆဲ ဖြစ်ပါတယ်။DVB

ချောင်းသာတွင် ကိုဗစ်ပိုးတွေ့လူနာ သေဆုံး

မတ်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ချောင်းသာကမ်း​​ခြေဒေသခံများ

ဧရာဝတီတိုင်းဒေသကြီးရှိ နာမည်ကြီးကမ်းခြေတစ်ခုဖြစ်သော ချောင်းသာကမ်းခြေတွင် ကိုဗစ်-၁၉ တကျော့ပြန်ဖြစ်ပွားအပြီး ပထမဆုံးအဖြစ် ဒေသခံအမျိုးသားတစ်ဦး ကွယ်လွန်သွားခဲ့သည်။

အသက် ၆၃ နှစ်အရွယ်ရှိ ဒေသခံအမျိုးသားသည် ကိုဗစ်ရောဂါပိုးတွေ့ပြီးနောက် ဆေးကုသမှုခံယူနေစဉ် ယနေ့(ဇူလိုင်လ ၄ ရက်နေ့) တွင် ကွယ်လွန်သွားဖြစ်ကြောင်း ဒေသခံများကပြောသည်။

” အရင်တုန်းကတော့ ကိုဗစ်တိုက်ဖျက်ရေးမှာ ဒေသခံအရပ်ဘက်အဖွဲ့တွေက တက်ညီလက်ညီရှိတယ်။ အာဏာသိမ်းပြီးတဲ့နောက် အာဏာပိုင်နဲ့ မဆက်စပ်ချင်ကြတော့ဘူး။ အခုတော့ လူနာဦးရေလည်း တိုးလာတာရယ် ၊ရောဂါထိန်းချုပ်ရေးအတွက် အရေးကြီးလို့ ပြန်ကူကြဖို့ ဆုံးဖြတ်ကြတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ကွယ်လွန်သူအမျိုးသားသည် ဆီးချိုရောဂါအခံရှိသည်ဟုလည်း သိရသည်။ ချောင်းသာကမ်းခြေတွင် ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါပိုးတွေ့လူနာဦးရေသည် ဇူလိုင် ၄ရက်အထိ ၃၅ဦးထပ်မနည်းရှိနေပြီဟု ဒေသခံများကပြောသည်။

စစ်အာဏာသိမ်းဂယက်နှင့် ကိုဗစ်ရောဂါ ဂယက်ကြောင့် ကမ်းခြေသို့ လာရောက်လည်ပတ်သူ နည်းပါးနေသလို အရောင်းအဝယ်များလည်း မကောင်းတော့၍ အခက်အခဲ ကြုံနေရသည်ဟု ဒေသခံများက ဆိုသည်။mizzima

ပဲခူးမြို့က ဒလန်ဟုသတင်းထွက်နေသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ၁ ဦးပစ်သတ်ခံရ

ပဲခူးမြို့မှာ ဇူလိုင် ၄ ရက် ဒီနေ့မနက် ၈ နာရီလောက်က ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ကျော်ကို လူနှစ်ယောက်က  သေနတ်နဲ့ ပစ်သတ်သွားပါတယ်။

”ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ကျော်က အိမ်ကနေစျေးကို ဆိုင်ကယ်နဲ့ထွက်သွားတာ။ ဆိုရှယ်လစ် ၉ လမ်းထိပ်ရောက်တော့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့နောက်က လိုက်လာပြီးတော့ သေနတ်နဲ့ နှစ်ချက်ပစ်သွားတယ်လို့သိရတယ်။ ကျည်က ဗိုက်ကိုထိတာ။ ဆေးရုံရောက်ပြီး သိပ်မကြာဘူး ဆုံးသွားတယ်လို့ကြားတယ်။ သူက စစ်ထွက်လေ။ ဒလန်အကြီးစားလို့ သတင်းထွက်နေတဲ့သူ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ကျော် ဟာ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်ဆိုရှယ်လစ် ၈ လမ်းမှာနေထိုင်ပြီး အခုပစ်ခတ်မှုကို ဘယ်အဖွဲ့ကပြုလုပ်တယ်ဆိုတာကို သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။DVB

မင်းအောင်လှိုင် နာရေးဆန္ဒပြပွဲ ဗီဒီယိုမှာ ပါဝင်သည်ဟုဆိုကာ ပြည်မြို့မှ အမျိုးသမီး ၃ ဦးဖမ်းဆီးခံရ

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နာရေးပုံစံ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ Video File တခုကို မနေ့ကပြုလုပ်သလိုပြန်တင်ထားပြီး အဲဒီအထဲမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပြည်မြို့မှ အမျိုးသမီး ၃ ဦးကို ဒီကနေ့ နံနက်ပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးမှာ အသက် ၃၇ နှစ်အရွယ် အိမ်ထောင်သည်မိခင်တဦးဖြစ်တဲ့ ဒေါ်သန္တာလင်းဖြစ်ပြီး သူ့ကို ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ပွင့်လှသိမ်ကုန်းရပ်ကွက်နေအိမ်မှာလာဖမ်းသွားတာဖြစ်ပါတယ်။

ကျန်အမျိုးသမီး ၂ ဦးရဲ့ အမည်နဲ့ လိပ်စာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။” ၁၀ နာရီခွဲဝန်းကျင်လောက်က အိမ်ထဲဝင်လာပြီး မသန္တာလင်းရှိလားမေးတယ်။ သူတို့က မသန္တာလင်းဆိုတာ ဘယ်သူမှန်းမသိဘူး။ အဲဒီအချိန် မသန္တာလင်းနဲ့အတူ သူ့အဖေရယ် ကောင်လေး ၂ယောက်ရှိတယ်။ အဲဒီကောင်လေးတွေက မရှိဘူးပြောင်းသွားပြီလို့ ပြောလိုက်တော့။

အဲဒီမှာရှိနေတဲ့ မသန္တာလင်းကို ရဲကဓာတ်ပုံရိုက်ယူသွားပြီး၊ ကားထဲမှာရှိနေတဲ့လူတယောက်ကို သွားပြတယ်။ ပြီးတော့မှ မသန္တာလင်းမှန်း သိပြီး ပြန်လာဖမ်းတာ။ ဟိုကလေး ၂ ယောက်ကိုလည်း ရှိရဲ့သားနဲ့ လိမ်ပြောတယ်ဆိုပြီး ဖမ်းဖို့လုပ်တော့ မနည်းတောင်းပန်လိုက်ရတယ် ” လို့ မိသားစုဝင်နဲ့ နီးစပ်သူ တဦးကပြောပါတယ်။

“ဖမ်းတာကတော့ မသန္တာလင်းနဲ့ နောက်အမျိုးသမီး ၂ ယောက် စုစုပေါင်း ၃ ယောက်ပေါ့၊ နောက် ၂ ယောက်ကတော့ နာမည်တွေမသိရသေးဘူး။ အဓိကတော့ အဲဒီ Video File ကို ပြန်တင်တာကနေစတာ။ အဲဒါကလည်း အာဏာသိမ်းခါကစက ဆန္ဒပြထားခဲ့တဲ့ Video ကြီး၊ အဲဒါကို မနေ့ကပုံစံမျိုးပြန်တင်ပြီး အဲဒီအထဲမှာပါတဲ့ လူတွေရဲ့ အိမ်ကို မီးလာရှို့မယ်လို့ လူတယောက်က ရေးထားတယ်။

လာဖမ်းတော့ ဘာကြောင့်ဖမ်းလဲမေးတော့ ဆန္ဒပြတဲ့အထဲမှာ ပါလို့ လို့ပြောသွားတယ်။” လို့ မိသားစုဝင်နဲ့ နီးစပ်သူက ဆိုပါတယ်။ဖမ်းဆီးခံရသူ မသန္တာလင်းမှာ သာမာန်အိမ်ထောင်ရှင် ၁၀ တန်းကျောင်းသူသမီးတဦးရဲ့ မိခင်ဖြစ်ပြီး၊ အမျိုးသားဖြစ်သူမှာ မှန်လုပ်ငန်းလုပ်ကိုင်သူတဦးဖြစ်ကြောင်းနဲ့ သူကို ပြည်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရဲ့ စစ်ကြောရေးမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။khit thit

« Older Entries