Monthly Archives: Jul 2021

ထန်တလန်မြို့တွင် ဒလန်ဟု သတ်မှတ်ခံရသူ တစ်ဦး အသတ်ခံရ

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ဒလန်တစ်ဦး ယနေ့ဇူလိုင် ၅ရက်နေ့ နေ့လယ် ၃နာရီကျော်ခန့်တွင် သေနတ်ပစ်သတ်ခံရကြောင်း ဒေသခံများ ပြောကြားချက်အရသိရသည်။

“လမ်းခလယ်မှာ ဒီအတိုင်း လဲနေတာတွေ့တယ်၊သေတာတော့သေချာပါတယ်၊ဆိုင်ကယ်မောင်းတဲ့ချိန် ပစ်သတ်ခံရတယ်လို့တော့ ကြားတယ်၊လုံးတီာလ်ရပ်ကွက်ဘက်မှာ ဖြစ်သွားတာပါ”ဟု ဒေသခံ တစ်ဦးမှ Chin World Media သို့ သတင်းပေးထားချက်အရသိရသည်။

ပစ်သတ်ခံရသည့် ဖြစ်စဥ်နှင့် ပတ်သတ်ပြီး ဆက်လက်စုံစမ်းသော်လည်း တိကျသော သတင်းမရရှိသေးပါ။chinworld

ထန်တလန်မြို့တွင် ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဒုရဲအုပ် တစ်ဦး ယနေ့ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၃ နာရီတွင် ပစ်သတ်ခံရကြောင်း ဒေသသတင်းရင်းမြစ် Zalen က သတင်းဖော်ပြသည်။

ယနေ့ ဇူလိုင် ၅ရက် ညနေ ၃ နာရီအချိန်ခန့် ဆိုင်ကယ်ဖြင့်မြို့ထဲဗိုလ်ချုပ်လမ်းပေါ်သွားနေစဉ် သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရပြီး နေရာတွင် ပွဲချင်းသေဆုံးသွားကြောင်း၊ သေဆုံးသူ ဒုရဲအုပ်သည် ပြည်မဘက်ကလာသူဖြစ်ကြောင်း သတင်းက ဆိုသည်။khit thit

ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ် သင်တန်း အပတ်စဉ် ၅ အထိ ရောက်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်သင်တန်းများ ပို့ချလျက်ရှိရာ လက်ရှိတွင် စစ်သင်တန်း အပတ်စဉ် ၅ အထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်သင်တန်း အပတ်စဉ် ၅ သို့ ပေးပို့သော သင်တန်းဆင်းပွဲ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပေးပို့သော သဝဏ်လွှာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်သင်တန်း အပတ်စဉ် (၅) ကို အောင်မြင်စွာ စီစဉ်ပြုလုပ်နိုင်ခဲ့သည့်အတွက် ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ စစ်တိုင်းဖွဲ့စည်းပေါ်ပေါက်ရေး ကော်မတီဝင်များ၊ သင်တန်းဆင်းတပ်မတော်သားများ အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူး တင်ရှိကြောင်း ဖော်ပြလိုကြောင်း၊ တရားမဝင် အာဏာသိမ်း စစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက်ညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုများကြောင့် မြန်မာပြည်သူများသည် “မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်” ကို ဥပဒေနှင့်အညီ ကျင့်သုံးလာရကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမျိုးသား ညီညွတ်ရေး အစိုးရသည် မိမိပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော တရားဝင် ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ နိုင်ငံအနှံ့ ပေါ်ပေါက်နေသော လူငယ်အစုအဖွဲ့များ၏ ခုခံစစ် လှုပ်ရှားမှုများကို စနစ်တကျ တစ်စုတစ်စည်းတည်း ဖြစ်စေရန် ရည်ရွယ်၍ “ပြည်သူ့ကာကွယ်ရေး တပ်မတော်” (PDF) ကို ထူထောင်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အား “ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်” ၏ ရှေ့ပြေး အမြုအတေ အဖြစ် ထူထောင်ခြင်း လည်းဖြစ်သည်။

တိုင်းရင်းသား ပြည်သူအားလုံး၏ နိုင်ငံရေးဆိုင်ရာမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ဖျက်လျက် အနာဂတ်နိုင်ငံတော်ကို စစ်မှန်သော ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်သွားရန်ဖြစ်သကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား အား လုံးအနေဖြင့် စစ်ကျွန်ဘဝမှ မြန်မာပြည်သူတစ်ရပ်လုံးကို လွတ်မြောက်စေလျက် ငြိမ်းချမ်းသာယာဝပြောသော ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုကို တည်ဆောက်နိုင်သည်အထိ ညီနောင်တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် အတူလက်တွဲ ကြိုးပမ်း ကြပါစို့ဟု တိုက်တွန်နှိုးဆော်ကြောင်း ဖော်ပြထားသည်။khit thit

ရခိုင်ဒေသရောက် နယ်ခြားစောင့်ရဲများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပြောင်းရွှေ့‌ရောက်ရှိလာသော စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲများနှင့် မိသားစုဝင်များတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုရှိနေပြီး နယ်ခြားစောင့်ရဲတပ်ကြပ်တစ်ဦး ကိုဗစ်နိုင်တင်း (Covid -19) ရောဂါဖြင့် သေဆုံးခဲ့သည်။ 

သေဆုံးသူသည် မောင်တောမြို့နယ်မြောက်ပိုင်း၊ ရွက်ညိုတောင်ကျေးရွာ နယ်ခြားစောင့်ရဲကင်းစခန်းမှ တပ်ကြပ်တစ်ဦးဖြစ်ပြီး ယခင်ကတည်းက တာဝန်ကျနေသူဖြစ်သည်။ 

ဇူလိုင် ၃ တွင် ရဲတပ်ကြပ်သည် သေဆုံးပြီးမှ ဆေးရုံရောက်လာသည်ဟု မောင်တောခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာနုကေသီဇံက ပြောသည်။

“မောင်တောမှာ သေတာက နှစ်ယောက်ပါ။ နယ်ခြားစောင့်(ရဲ)က အသေရောက်လာတာပါ။ သေပြီးမှ စစ်ဆေးကြည့်တဲ့အခါ ပိုးတွေ့ခဲ့တာပါ”  ဟု ဒေါက်တာနုကေသီဇံက ပြောသည်။

ယင်းနေ့မှာပင် ဖျားနာ၍ ဆေးရုံတက်ရောက်နေသော မောင်တောမြို့မ အမှတ်(၂)ရပ်ကွက်နေ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးလည်း ထိုရောဂါဖြင့် သေဆုံးခဲ့သည်။ 

မောင်တောမြို့နယ်တွင် နယ်ခြားစောင့်ရဲနှင့် မိသားစုဝင် ၁၀၅ ဦး ၊ ဘူးသီးတောင်မြို့နယ်တွင် ၅၀ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည်။ 

ပြီးခဲ့သည့် ဇွန် ၂၈ က မောင်တောသို့ အသစ်ပြောင်းရွှေ့ရောက်ရှိလာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် မိသားစုဝင် ၉၁ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပြီး မောင်တောသို့ ကမ်းထိုးရေယာဉ်တစ်စီးတည်းဖြင့် အတူလာရောက်စဉ် ပိုးရှိလူနာမှတစ်ဆင့် တခြားသူများကို ကူးစက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆနေကြသည်။ 

လက်ရှိတွင် ၎င်းတို့အားလုံးကို အသွားအလာကန့်သတ် စောင့်ကြည့်ထားသည်ဟု မောင်တောဆေးရုံအုပ်က ဆိုသည်။ 

ဇူလိုင် ၁ တွင် နယ်ခြားစောင့်ရဲများအပါအဝင် လူ ၁၀၀ နီးပါး အစုလိုက်အပြုံလိုက်ကူးစက်ပြီးနောက် ဇူလိုင် ၃ တွင် နယ်ခြားစောင့်ရဲဝန်ထမ်းများနှင့် မိသားစုဝင် ၁၄ ဦးအပါအဝင် လူ ၂၀ ခန့်ကို ကူးစက်ကြောင်း မောင်တောဆေးရုံမှ အချက်အလက်များအရ သိရသည်။ 

မောင်တောမှ ကူးစက်ခံရသူများထဲတွင် ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေး (လဝက) ဝန်ထမ်းများ၊ အကောက်ခွန်ဝန်ထမ်းများ ပါဝင်နေသည်။ 

ဘူးသီးတောင်မြို့တွင်လည်း ပြည်မဘက်မှ ပြောင်းရွေ့လာသည့် နယ်ခြားစောင့်ရဲများနှင့် ၎င်းတို့မိသားစုဝင် စုစုပေါင်း ၅၀ ခန့်တွင် ကူးစက်ခံထားရကြောင်း ဘူးသီးတောင်မြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာစောမင်းသိန်းက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၉ တွင်  ဘူးသီးတောင်သို့ ရန်ကုန်မှ ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲဝန်ထမ်း ၂ ဦးတွင် ပိုးတွေ့ရှိခဲ့သောကြောင့် ဇူလိုင် ၁ တွင် ကျန်နယ်ခြားစောင့်ရဲများနှင့် မိသားစုဝင်များကို ထပ်မံစစ်ဆေးခဲ့ရာ ၄၈ ဦးတွင် ပိုးတွေ့ရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ဘူးသီးတောင်ဘက်မှာ ဒေသတွင်းကူးစက်မှု မရှိသေးပါ။ တွေ့ထားတဲ့ (လူ) ၅၀ ကလည်း ရန်ကုန်က ပြောင်းလာတဲ့ ဝန်ထမ်းတွေမှာ တွေ့တာပါ။ နယ်ခြားစောင့်ရဲဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေပါ” ဟု ၎င်းက ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်နိုင်တင်းကူးစက်မှုများအနက် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တွင် အများဆုံးဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်မြေချင်းထိစပ်နေသော မောင်တောမြို့နယ်တွင် ဇူလိုင် ၄ အထိ ကိုဗစ်ပိုးတွေ့လူနာ ၃ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၂ ဦး၊  ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၁၇၉ ဦး၊  ဆေးကုသမှုခံယူနေရသူ ၁၇၀ ရှိသည်။

ကူးစက်မှုမြင့်မားလာနေသောကြောင့် မောင်တောမြို့တွင် ဇူလိုင် ၃ မှ စတင်ကာ ဆိုင်ထိုင်စားသောက်ခွင့် မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်ယာယာရေးအဖွဲ့က စာထုတ်ပြန်ထားသည်။

ယခင်က မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများ ရှိခဲ့သော်လည်း ဘဏ်နှင့် ကျောင်းများ၊ နယ်စပ်ဂိတ်များ ဆက်လက်ဖွင့်လှစ်နေခဲ့ပြီး ယခုရက်ပိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေး ခေတ္တပိတ်ထားရန် စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့က ကြေညာထားသည်။

မောင်တောမြို့၌ ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိမှုနှင့် ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ယနေ့ (ဇူလိုင် ၅) တွင် သတိပေးစာထုတ်ပြန်ခဲ့သည်။

“ဒေသခံများမဟုတ်ဘဲ ပြည်မဘက်မှ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသူများထဲတွင် ကိုဗစ်နိုင်တင်းကူးစက်ရောဂါပိုးအား တတိယလှိုင်းအစ၌ အစုလိုက်အပြုံလိုက် တွေ့ရှိခြင်းမှာ ကြိုတင်ကာကွယ်တားဆီးခြင်း၊ စစ်ဆေးခြင်း၊ သီးသန့်ထားခြင်းလုပ်ငန်းများကို ထိရောက်စွာမလုပ်နိုင်သေးခြင်း ပြသရာရောက်သည်ဟု” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျန်းမာရေးဆိုင်ရာစည်းကမ်းများနှင့် ULA က ထုတ်ပြန်ထားသော ဒေသန္တရအမိန့်ကို တသွေမတိမ်း တိကျစွာလိုက်နာကြရန်နှင့် မပေါ့ဆကြရန် သတိပေးထားသည်။ 

ဇူလိုင် ၄ အထိ မောင်တောခရိုင်တွင် အတည်ပြုလူနာ စုစုပေါင်း ၂၂၉ ဦးအထိရှိနေပြီး သေဆုံးသူ မောင်တောတွင် ၂ ဦး၊ စစ်တွေတွင် ၁ ဦး ရှိလာပြီဖြစ်သည်။myanmar now

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ၃ ရက်အတွင်း ကိုဗစ်ရောဂါ စိစစ်တွေ့ရှိသူ အလွန် များလာ၍ ထားစရာ နေရာမရှိတော့

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ဇူလိုင်လ ၃ ရက်နေ့မှ စတင်၍ ကိုဗစ် သံသယ လူနာများကို ဆေးစစ်ပေး လျက်ရှိရာ ၃ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ အလွန်များပြားလာသဖြင့် ဆေးရုံတွင် နေရာမပေးနိုင်တော့ဟု ဆေးရုံအုပ်ကြီး က လူနာများကို ပြောဆိုခဲ့သည်ဟု လူနာရှင်တဦးထံမှ သိရသည်။

ပိုးတွေ့သူ များပြားလာဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် လူနာ ၇၀ ကျော် လက်ခံထားပြီး ဖြစ်ကြောင်း၊ ထပ်မံ လက်မခံနိုင်တော့ကြောင်း၊ စည်ပင်ဧည့်ရိပ်သာ ၂ သို့ သွားမည်ဆိုပါကလည်း နေထိုင်ရေးအတွက် အခန်းသာ ရှိပြီး ယင်းနေရာတွင်လည်း လူများ ပြည့်ကျပ်နေသဖြင့် အဆင်မပြေနိုင်တော့ကြောင်း ဆေးရုံတာဝန်ရှိသူများက ပြောဆိုခဲ့သည် ဟု သိရှိရသည်။

“ပိုးတွေ့ လူနာတွေကို နေပြည်တော် ကုတင် ၃၀၀ မှာ ထားတယ်။ ပုဗ္ဗသီရိဆေးရုံမှာလည်း ထားတယ်။ ဒက္ခိဏသီရိ ဆေးရုံမှာလည်း ထားတယ်။ ဟိုတယ် Quarantine ကို ဇမ္ဗူသီရိဟိုတယ်မှာ ထားတယ်။ အဲဒီမှာ ပိုးတွေ့ပြီး ကုတင် ၁၀၀၀ ရောက် လာတဲ့သူတွေလည်း ရှိတယ်။ အခုက စစ်လိုက်တိုင်း တွေ့နေတော့ နေပြည်တော်မှာ ပြည်တွင်း ကူးစက်မှုကတော့ ဖြစ်နေပြီ။

ထိန်းချုပ်ဖို့ သိပ်အဆင်မပြေလောက်တော့ဘူး”ဟု နေပြည်တော်မှ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။ နေပြည်တော်တွင် တတိယလှိုင်းအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၂ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၂၀၀ နီးပါး ရှိသည်ဟု နေပြည်တော်ကောင်စီက သတင်းထုတ်ပြန်ထားပြီး ကူးစက်မှု အများဆုံး မြို့နယ်များမှာ အစိုးရရုံးများ အ ခြေစိုက်သည့် ဇမ္ဗူသီရိမြို့နယ်နှင့် စစ်တပ်များ အခြေစိုက်သည့် ဇေယျာသီရိမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။khit thit

မိုးကုတ်မှ ဓားစာခံမိန်းကလေးကျန်းမာရေးအတွက် ဖခင် စိတ်ပူ

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားပြီး တိမ်းရှောင်နေသည့် ဦးစိုးဌေးက သူ့ကို ဖမ်းမမိသည့်အတွက် ဓားစာခံအဖြစ် တစ်လနီးပါးကြာ ဖမ်းဆီးခံထားရသည့် အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူ မသိမ့်စန္ဒီစိုး၏ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရကြောင်း ပြောသည်။ 

ထိန်းသိမ်းခံနေရသည့်နေရာနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးထံမှ သိရခြင်းဖြစ်သည်ဟု ဆိုသည်။

“သမီးအခြေအနေမကောင်းဘူး၊ ကျန်းမာရေးမကောင်းဘူး၊ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျွန်တော့်ကို မက်ဆေ့ချ်ပို့လာတယ်” ဟု  ဦးစိုးဌေးက ဆိုသည်။

“ဘာကြောင့်ဖြစ်တာလဲဆိုတော့ သူက နှစ်ခုပြောတယ်၊ တစ်ခုကတော့ နဂိုကတည်းက ကျန်းမာရေးမကောင်းလို့ ဖြစ်တာ၊ နောက်တစ်ခုကတော့ စစ်ကြောရေးကြောင့် ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်” 

ဓားစာခံအဖြစ် အထိန်းသိမ်းခံထားရသည့် အသက်မပြည့်သေးသူ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး Myanmar Now က မိုးကုတ်မြို့မရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။  

ပြီးခဲ့သည့် ဇွန် ၁၃ က ၎င်း၏ သမီး နှစ်ဦးနှင့် အသက် ၄၄ နှစ်အရွယ် ဇနီးတို့ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

၅ နှစ်အရွယ် သမီး မစုထက်ဝိုင်းကိုမူ မိုးကုတ်မြို့မရဲစခန်းက ဇွန် ၃၀ တွင် ပြန်လွှတ်ပေးခဲ့သည်။

ဖမ်းဆီးခံထားရသူနှစ်ဦး အတူရှိမရှိ မသိရကြောင်း၊ သမီးဖြစ်သူသည် သွေးလေးဘက်နာရောဂါ ခံစားနေရသူဖြစ်ပြီး တစ်ပတ်လျှင်တစ်ကြိမ် ဆေးကုသမှုခံယူနေရသူဖြစ်ကြောင်း ဦးစိုးဌေးက ပြောသည်။ 

“အေးရင် သူက ခြေဆစ်လက်ဆစ်တွေ ကိုက်တယ်။ သူက စစ်ကြောရေးမှာ နှစ်နာရီ၊ သုံးနာရီလောက် သံမံတလင်းပေါ်မှာ လက်ထိပ်ခတ်ထားပြီး၊ လက်မြောက်ခိုင်းထားပြီး စစ်တယ်လို့ ကျွန်တော်ကြားရတယ်။ အဲ့ဒါတွေကြောင့် ဖြစ်နိုင်တယ်”ဟု ဦးစိုးဌေးက ပြောသည်။

မိသားစုဝင်များနှင့် မိတ်ဆွေများကိုပင် တွေ့ဆုံခွင့်၊ ဆေးကုသပေးခွင့် မပေးကြောင်း၊ ပစ္စည်းများပို့ပေးလျှင်ပင် လက်မခံဘဲ မောင်းထုတ်နေသဖြင့် တွေ့ဆုံခွင့်ရရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

“ကျွန်တော့်သမီးက တတိယနှစ်ဥပဒေအထူးပြုဖြစ်တယ်၊ စာဖတ်တယ်၊ စာရေးတဲ့အခါကျတော့ ဒီလိုခပ်ကြမ်းကြမ်းလမ်းတွေကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ တကယ်လို့ သေသွားရင်တော့ မတတ်နိုင်ဘူးပေါ့လေ။ မသေသေးရင်တော့လည်း အာဏာရှင်ဆိုတာ ဘယ်လိုဆိုတာ သူ နားလည်ခွင့်ရသွားပါလိမ့်မယ်” ဟု ဦးစိုးဌေးက ဆိုသည်။  

“ဒီအရာတွေကို ကျော်လွှားဖို့ဆိုရင် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးအင်အားစုက အမြစ်ဖြတ်ချေမှုန်းမှရမယ်။ ကျွန်တော့်မိသားစု ဒီလိုကြုံနေရတယ်ဆိုတာထက်၊ ဒီထက်ဆိုးတာတွေ အများကြီးရှိဦးမယ်၊ လူမသိသူမသိ၊ ဘဝဆုံးသွားရတဲ့ ကျဆုံးသွားရတဲ့ ကျွန်တော်တို့ ညီငယ်ညီမငယ်တွေ အများကြီးရှိနိုင်တယ်၊ ဒီခံစားမှုတွေကနေ အင်အားဖြစ်ပြီး ဒီနွေဦးတော်လှန်ရေးကို အဆုံးအထိ တိုက်ပွဲဝင်ကြဖို့ နှိုးဆော်ချင်ပါတယ်” 

အသက် ၅ နှစ်အရွယ် မစုထက်ဝိုင်းမှာမူ နှစ်ပတ်ကျော်ကြာ ထိန်းသိမ်းခံရပြီးနောက် ဖခင်နှင့်အတူ ရှိနေပြီဖြစ်သည်။

၁၅ နှစ်နှင့် ၂၄ နှစ်အရွယ် သား ၂ ဦးလည်း သူနှင့်အတူ တိမ်းရှောင်နေကြရသည်။

စစ်ကောင်စီသည် ၎င်းတို့ ဖမ်းဆီးလိုသူကို မတွေ့ရှိပါက နေအိမ်တွင် ကျန်နေသည့် မိသားစုဝင်များကို ဖမ်းသွားလေ့ရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ကလည်း ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဟင်္သာရပ်ကွက်နေ ကိုပြည်ဘုန်းပိုင်ကို စစ်ကောင်စီတပ်က နေအိမ်၌ လာရောက်ရှာဖွေရာတွင် မတွေ့သဖြင့် ၎င်းဖခင်နှင့် အဘိုးဖြစ်သူတို့ ကို ဖမ်းခေါ်သွားခဲ့ပြီး နောက်ပိုင်းမှ ပြန်လွှတ်ပေးခဲ့သည်။ myanmar now

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော ပုဒ်မ ၅၀၅ (ခ) အမှု ခရိုင်တရားရုံး အယူခံတက်မှု ချက်ချင်း ပယ်ချခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အမှုတွင် တရားလို ဖြစ်သူ အကြမ်းဖက် စစ်ကောင်စီက တင်ပြခဲ့သည့် သက်သေခံ စာရွက် ၂ ရွက်ကို လက်မခံကြောင်း ရှေ့နေအဖွဲ့၏ ကန့် ကွက်ချက်ကို မြို့နယ်တရားရုံးက ပယ်ချခဲ့သဖြင့် ယနေ့ရုံးချိန်းတွင် ဒက္ခိဏခရိုင်တရားရုံးသို့ ဆက်လက် တင်ပြခဲ့သော် လည်း ချက်ချင်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

တရားလိုဘက်က တင်သွင်းသည့် သက်သေခံစာရွက်နှစ်ရွက်တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးပြီး ပြင်ပနှင့် အဆက်အသွယ် ပြတ်နေချိန်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နှင့် ၁၃ ရက်နေ့များက NLD ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဟုဆိုကာ ထွက်ပေါ်ခဲ့သည့် ကြေညာချက်နှစ်စောင်တွင် ၎င်းတို့ နှစ်ဦးလည်း တာဝန်ရှိသည်ဟုဆိုကာ တရားစွဲ အရေးယူထားခြင်း ဖြစ်ကြောင်း ရှေ့နေများက ပြောသည်။

“အကြောင်းကြားစာနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး သက်သေခံ တင်သွင်းခွင့် ပြုကြောင်း ချမှတ်ခဲ့တဲ့ အမိန့်အပေါ်မှာ ၂၀၂၁ ခုနှစ်၊ ရာဇဝတ်ပြင်ဆင်မှုအမိန့်နဲ့ တင်တယ်။ အကျဉ်းနည်းနဲ့ ခရိုင်တရားရုံးကနေ ပလပ်ပါတယ်”ဟု ရှေ့နေ ဒေါ်မင်းမင်းစိုးက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ယနေ့ နေပြည်တော်ကောင်စီထဲတွင် ပြုလုပ်သည့် ရုံးချိန်းတွင် သမ္မတ ဦးဝင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆို ထားသော အမှုများအနက် သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေနှင့် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မများ အတွက် တရားလိုဘက်မှ လူ ၇ ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

“အမေက ကျန်းမာတယ်။ ခါတိုင်းလို အနေအထားပဲ။ အရင်အတိုင်းပဲ အမှုတွေကို အခုချိန်အထိ စိတ်ပါလက်ပါနဲ့ မေးပါ တယ်။ သူဖြစ်ချင်တာ ပြောပါတယ်”ဟု ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းဖက် စစ်ကောင်စီက အာဏာရယူခဲ့သည့် ဖေဖော် ဝါရီလ ၁ ရက်နေ့ ကတည်းက နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ပြီး နေပြည်တော်တွင် ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ၊ သဘာဝ ဘေးအန္တရာယ် ဆိုင် ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ ရာဇသတ်ကြီး ဥပဒေပဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲခံရပြီး ရန်ကုန် မြို့ အရှေ့ပိုင်းခရိုင် တရားရုံးတွင် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ဖြင့် လည်း တရားစွဲခံထားရသည်ဟု ၎င်း၏ ရှေ့နေများထံမှ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းများကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့တိုင်း ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း သိရှိရသည်။khit thit

သာကေတ ၇ ဈေးရှိ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသော အိမ်သာစောင့် အမျိုးသမီး သေနတ်ဖြင့် နှစ်ချက် ပစ်ခံရ၊ ပုခုံးနှင့် ပါးတွင် ရှပ်ထိ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၇ ဈေးရှိ အကြမ်းဖက်စစ်ကောင်စီသတင်းပေး မဌေးဌေးဝင်း သေနတ်ဖြင့် နှစ်ချက်ပစ်ခံရပြီး ပါးနှင့် ပုခုံးတွင် ထိခိုက်သွားကြောင်း သတင်းရရှိသည်။

” သူက ၇ အ‌နောက်ရပ်ကွက်က သမဝါယမတန်းလျားမှာ နေတာ၊ သူက ၇ ဈေးက အိမ်သာစောင့်၊ သူ့အမျိုးသားက စည်ပင်ဝန်ထမ်း၊ သူ့သားက ရေတပ်က၊ အရင်ဆန္ဒပြပွဲတွေတုန်းက ကလေးတွေ ဈေးထဲ ပြေးဝင် အိမ်သာထဲ ဝင်ပုန်းတာတွေဆို သူက စစ်ခွေးတွေကို သတင်းပေးတာ၊ ဒလန်ပေါ့” ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

သေနတ် နှစ်ချက်ပစ်ခံရသော မဌေးဌေးဝင်း၏ ဒဏ်ရာအခြေအနေအသေး စိတ်ကို ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားဆက်သွယ်နေဆဲ ဖြစ်သည်။khit thit

« Older Entries