ဝိုင်းမော်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၆ ဦးထပ်တိုး၊ လူနာ ၁ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဦး တွေ့ရှိခဲ့ပြီး လူနာအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနကနေ သိရပါတယ်။
သေဆုံးလူနာဟာ ဝူယန်ကျေးရွာက အမျိုးသားဖြစ်ပြီး အသည်းရောဂါအခံရှိကာ မြစ်ကြီးနားဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေစဉ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားပြီးနောက် မိသားစု၀င်ဇနီးနဲ့ သားဖြစ်သူကို ကျန်းမာရေးစစ်ဆေးရာမှ ပိုးထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာတွေနဲ့ ထိစပ်သူ စုစုပေါင်း အယောက် ၄၀ ဦးကို စစ်ဆေးရာမှာ ၁၆ ယောက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာပါ။
မြို့ပေါ် ရက်ကွက် ၁ မှာ ကျောင်းသား ၁ ဦးအပါအဝင် ၁၀ ဦး အများဆုံး တွေ့ရှိခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာသိန်းမြို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ ဝိုင်းမော်မြို့နယ်က ပထမဆုံး ပိုးတွေ့အတည်ပြုလူနာရှိခဲ့တာဖြစ်ပြီး ကိုဗစ်တတိယလှိုင်းကာလ ဇူလိုင် ၆ ရက်အထိ စုစုပေါင်း ၅၈ ယောက်တွေ့ရှိ ၁ ယောက် သေဆုံးကာ ဆေးရုံမှဆင်းသူ ၇ ယောက်ရှိပါတယ်။DVB