မင်းတပ်တွင် စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာ သယ်ယူခွင့် စစ်ကောင်စီက ပိတ်ပင်ထား

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် မင်းတပ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တို့ကြား အပစ်အခတ်များ ရပ်စဲထားသည့်အချိန်တွင် လိုအပ်သည့် စားနပ်ရိက္ခာများကို မြို့မိမြို့ဖအဖွဲ့ များကိုသာ စစ်ဆေးပြီး သယ်ယူခွင့်ပြုပြီး ဒေသခံ ပြည်သူလူထု စစ်ရှောင်များကို သယ်ယူခွင့် မပြုကြောင်း သိရသည်။
“ဒေသခံ ပြည်သူတွေအတွက် အကျိုးမရှိဘူး။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတောင်မှ လွတ်လွတ်လပ်လပ် သယ်လို့ မရသေးဘူး။ သူတို့ မြို့ မိမြို့ဖအဖွဲ့တွေက သယ်လို့ ရတယ်။ သူတို့ကိုတော့ စစ်ကောင်စီက သယ်ခွင့်ပေးတယ်။ စားနပ်ရိက္ခာ ဖူလုံမှု မရှိဘူး။ သူတို့ ခွင့်ပြုတယ်ဆိုတာက မြို့မမြို့ဖတွေပဲ သယ်လို့ရတဲ့ အနေအထား ရှိတယ်။
ဒါတောင် စစ်ကောင်စီက အမြဲတန်း စစ်ဆေးနေတာ”ဟု မင်းတပ်မြို့ ဒေသခံတဦးက ပြောသည်။မြို့ပေါ်တွင် ကုန်ဈေးနှုန်း အဆင်မတန်ကို မြင့်တက်နေပြီး ယခင် ဆန်တအိတ် ကျပ် ၂၅၀၀၀ တန်မှာ ယခုအခါ ကျပ် ၃၅၀၀၀ ကျော်အထိ ဈေးပေါက်နေကြောင်း၊ စက်သုံးဆီ လွတ်လပ်စွာ ဝယ်ယူ သယ်ဆောင်ခွင့် မရကြောင်း၊ ပိုက်ဆံ ထုတ်လိုပါကလည်း ၁၅ ရာခိုင်နှုန်း အဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။“အရင်လို အခြေအနေမျိုးကို လုံးဝ မရောက်သေးဘူး။
အခုချိန်စစ်ထဖြစ်မယ်ဆိုရင် ကျနေ်ာတို့ ချင်းတွေ အထိနာတော့ မယ်။ ဘာဖြစ်လို့လဲဆိုတော့ လောင်စာဆီကို စစ်ကောင်စီကို ထိန်းချုပ်ထားတဲ့အတွက် ကျနော်တို့ဆီမှာ ဘာမှ မရှိတော့ ဘူး။ သူတို့ဘက်မှာ လိုအပ်တာတွေ အကုန်ဖြည့်ထားပြီးနေပြီ။ ဒေသခံတွေကတော့ မြို့ထဲကိုပြန်ဝင်တာ တဝက်နီးပါး လောက် တော့ ပြန်ရောက်နေကြပြီ။
လူငယ်တွေတော့ မပါဘူး။ လူငယ်တွေဆိုရင် ဂိတ်တွေမှာ အရမ်းစစ်ဆေးလို့ မပြန်ရဲကြဘူး”ဟု ဒေသခံတဦးက ပြောသည်။စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် ချင်းပြည်နယ် မင်းတပ်မြို့တွင် ဒေသခံလူငယ်များ အဖမ်းခံခဲ့ရသည့် ဖြစ်စဉ်မှ တဆင့် အကြမ်းဖက် စစ်ကောင်စီတပ်များကို ဒေသခံ ချင်းတိုင်းရင်းသားများက တူမီးသေနတ်များဖြင့် ခုခံ တော်လှန် တိုက်ခိုက်ခဲ့ရာ ဇွန် ၂၀ ရက်နေ့တွင် စစ်ရှောင်များအတွက် အခက်အခဲများ ရှိနေသည် ဆိုသော အကြောင်းပြချက်ဖြင့် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားခဲ့ခြင်း ဖြစ်သည်။
အပစ်ရပ်ထားချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်များနှင့် မင်းတပ် (CDF) တို့ကြား သဘောတူညီချက်များမှာ မင်း တပ်မြို့ပေါ်တွင် လက်နက်ကိုင် စောင့်ကြပ်မှုများ မပြုလုပ်ရန်၊ CDM ဝန်ထမ်းများကို ဖိအားပေး၍ လုပ်ငန်းခွင်သို့ ဝင်ရောက် ခိုင်းခြင်း မပြုလုပ်ရန်၊ ပြည်သူလူထုကို မခြိမ်းခြောက်ရန်၊ သတင်းမှားများ ဖြန့်ချီမှု မပြုလုပ်ကြရန်၊ ကျောက်ထု – မတူပီ – မင်းတပ် လမ်းကြောင်းတွင် ဆိုင်ကယ်များကို တားဆီးနှောက်ယှက်ခြင်း မပြုလုပ်ရန်၊ ရိက္ခာသယ်သော ကားများကို အဝင်အထွက် စစ်ဆေးပြီး သွားလာခွင့်ပြုရန်တို့ ဖြစ်ကြောင်း သိရှိရသည်။khit thit