Monthly Archives: Jul 2021

ဝါးခယ်မတွင် ကိုဗစ်သံသယလူနာများကို ရောဂါပိုး စစ်မပေးတော့

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ သံသယလူနာတွေကို ရောဂါပိုး ရှိ မရှိ စစ်မပေးတော့ဘဲ အိမ်မှာနေထိုင်ခိုင်းတာတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

အနံ့ပျောက်လူဦးရေများလာပြီး ရောဂါပိုးစစ်ဆေးဖို့ RDT Test kits မလုံလောက်တော့တာကြောင့် သံသယလူနာတွေကို အိမ်မှာ ၁၀ ရက်နေထိုင်ခိုင်းတာလို့ ဆရာဝန် ၁ ဦးက ပြောပါတယ်။

“စစ်ပေးဖို့အတွက် ပစ္စည်းမလုံလောက်တော့တာကြောင့် အရေးကြီးတဲ့ လူနာတွေကို စစ်ပေးဖို့ချန်ထားတာပါ၊ အားလုံးကို မစစ်ပေးတော့တာမဟုတ်ဘူး အခြေအနေဆိုးရွာတဲ့ လူနာတွေအတွက် သုံးဖို့ချန်လိုက်တဲ့ သဘောပါ” လို့ ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားချိန်မှာ စစ်ကောင်စီက ရောဂါပိုးစစ်ဖို့အတွက် RDT Test Kits အခုရေ ၁၃၀ သာပေးထားပြီး ရောဂါပိုးတွေ့ရှိသူများလာပြီး စစ်ဆေးရတဲ့ အရေအတွက် များလာလို့ စစ်ဆေးဖို့ မလုံလောက်တော့တာလို့ ဆိုပါတယ်။

ဒါ့ကြောင့် အတည်ပြုလူနာတွေနဲ့ ထိစပ်မိတဲ့ သံသယလူနာတွေကိုလည်း ရောဂါပိုးစစ်မပေးတော့ဘဲ အိမ်မှာ ၁၀ ရက်နေထိုင်ခိုင်းထားတယ်လို့ သိရပါတယ်။

ဝါးခယ်မမြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ဇူလိုင်လ ၈ ရက်နေ့ထိ စာရင်းတွေအရ အတည်ပြုလူနာ ၅၀ ကျော်ရှိကာ သေဆုံးသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။DVB

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲချက်တင်အမိန့်ချ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ဖမ်းဆီးစွဲဆိုထားတဲ့အမှုတွေနဲ့ ပတ်သက်လို့ ဇူလိုင် ၉ ရက်နေ့က စွဲချက်တင်အမိန့်ချခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားကာ တရားလိုနဲ့ တရားလိုပြ သက်သေတွေ စစ်ဆေးပြီးဖြစ်တာကြောင့် စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ပဲ စွဲချက်တင်ခဲ့တာပါ။

“ဝန်ကြီးချုပ်ကြီး အနေနဲ့ ထောင်ထဲမှာ အရင်ရက်တွေက ရာသီဥတု အရမ်းပူတော့ ကျန်းမာရေး မကောင်းတာတော့ဖြစ်တယ်။ အရမ်းတော့ စိုးရိမ်စရာအခြေအနေမရှိပါဘူး။” လို့ ရှေ့နေ တစ်ဦး က ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာဝေဒနာ ခံစားနေရတဲ့ လူနာ တစ်ဦးလည်းဖြစ်ပါတယ်.

သူ့ရဲ့ အမှုနဲ့ ပတ်သက်လို့ ဇူလိုင် ၃၀  ရက်နေ့မှာ ဆက်လက်ရုံးချိန်းပေးခဲ့ပြီး ပြန်ခေါ်သက်သေစစ်ဖို့ တင်ပြထားတယ်လို့ သိရပါတယ်။DVB

စစ်ကောင်စီ၏ သပ်လျှိုမှုကို သတိထားရန် KIA တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထုနှင့် ကချင်လွတ်​မြောက်​ရေးတပ်မ​တော်(KIO/KIA) အကြား သပ်လျှိုသွေးခွဲသည့် ကိစ္စရပ်များ လုပ်ကြံဖန်တီးပြီး စဉ်ဆက်မပြတ်လုပ်ကိုင်လျက်ရှိကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

KIA က ထောက်ပံ့သည့် လက်နက်ခဲယမ်းများ သပိတ်ကျင်းမြို့အနီး ဖမ်းဆီးခံရမှုမှာ သူလျှိုများကြောင့်ဖြစ်ကြောင်း၊ စိမ့်ဝင်နေသည့် စစ်တပ်သူလျှိုများကို ဖော်ထုတ်ပြီး စစ်ဆေးအပြစ်ပေးရန် တိုက်တွန်းကြောင်း စသည့် အချက်အလက်အမှားများ ​​​ရေးသားထားသည့် စာများကို ယခုရက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ်တွင် ကပ်ထားသည်ကို တွေ့ရသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA သည် မြေပြန့်ဒေသအသီးသီးမှ စစ်သင်တန်းတက်လိုသည့် လူငယ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို ကူညီနေသည်ဟု သတင်းထွက်နေချိန်တွင် ပေါ်ပေါက်လာသော ထိုစာများမှာ စစ်ကောင်စီ၏ လုပ်ကြံဖန်တီးချက်ဖြစ်နိုင်သည်ဟု သူက ယူဆသည်။  

“သူတို့က ဒါမျိုးပဲ လုပ်နေတာ။ အချင်းချင်း သွေးခွဲတာတွေ၊ သပ်သွင်းတာတွေပေါ့။ ဒါမျိုးတွေ အမြဲတမ်း သူတို့လုပ်နေတာ။ သတင်းအမှားပဲဖြစ်ပါတယ်၊ မယုံကြပါနဲ့လို့ပဲ ပြောလိုပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ​ပြောသည်။

“အရင်ကလည်း ဖေဖော်ဝါရီလပိုင်းမှာလည်း ကျွန်တော်တို့ ကချင်ပြည်နယ်မှာ KIA ဘက်က မိုင်းခွဲမယ်၊ ဘာမယ်ဆိုပြီးမှ သူတို့က ကြေညာစာတွေကပ်တာလည်း ရှိတယ်။ နောက်ပြီးတော့ မန္တလေးမှာ PDF နဲ့ တိုက်ပွဲဖြစ်တုန်းက လက်နက်ခဲယမ်းတွေဘာတွေ ဖမ်းမိတာက KIA ဘက်က သတင်းပေါက်ကြားလို့ ဖြစ်ပါတယ်ဆိုပြီးမှ ကြေညာစာတွေထုတ်တာတွေ အမြဲတမ်းတွေ့ပါတယ်” 

စစ်ကောင်စီအနေဖြင့် KIA နှင့် ကချင်တိုင်းရင်းသားများအကြား၊ တိုင်းရင်းသားအချင်းချင်းအကြား၊ နိုင်ငံအနှံ့အပြားမှ ပြည်သူလူထုနှင့် ကချင်များအကြား သွေးခွဲမှုများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ဖော်ပြနိုင်ရန် စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို ဆက်သွယ်၍ မရသေးပေ။ 

KIA သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ မြို့နယ်များနှင့် စစ်ကိုင်းတိုင်းရှိ ဒေသအချို့မှ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများ၊ ရဲစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုလျက်ရှိသည်။ 

စစ်ကိုင်းတိုင်းအတွင်းမှ ကသာ၊ ကောလင်းနှင့် ထီးချိုင့်မြို့နယ်များရှိ PDD တပ်ဖွဲ့ဝင်များကို ပူးပေါင်းကူညီပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည်။ myanmar now

မီတာ မဆောင်ရင် အလှည့်ကျမီးပေးရလိမ့်မယ်လို့ YESC က ထုတ်ပြန်

နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေတင်မကဘဲ ပုဂ္ဂလိကပိုင်စက်ရုံတွေကပါ ဓာတ်အားတွေကို ဝယ်ယူဖြန့်ဖြူးပေးနေရလို့ မီတာခမဆောင်ရင် အလှည့်ကျမီးပေးရလိမ့်မယ်လို့ YESC ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ပြည်သူတွေဓာတ်အားခမပေးကြဖို့နဲ့ မီတာခကောက်ခံတာတွေရပ်တန့်ဖို့ ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) ကသတိပေးထုတ်ပြန်အပြီး YESC က တုံ့ပြန်လာတာပါ။ မီတာမဆောင်ရင် ဓာတ်အားထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရတဲ့ သဘာဝဓာတ်ငွေ တို့အတွက် ဝင်ငွေမရဘဲ အခက်အခဲတွေဖြစ်လာနိုင်တယ်လို့ဆိုပါတာပါ။

ဒီထုတ်ပြန်ချက်နဲ့ပက်သက်လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ယောက်က “ ဒီငွေတွေက စစ်တပ်ဆီပဲသွားမှာလေ။ အဲ့တာမို့မဆောင်တာ၊ နောက်ပြီး မီတာဆောင်ချင်ရင်တောင် ဆောင်စရာငွေသားကရှိမနေဘူး။

အကုန်လုံးကျပ်တည်းနေကြတာလေ ” လို့ ပြောပါတယ်။ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ ကမထုတ်ပြန်စာ မထုတ်ခင်ကတည်းက သေနတ်ကိုင်လုံခြုံရေးတွေနဲ့ ဓာတ်အားခ လိုက်ကောက်နေခဲ့ပြီး မီတာမဆောင်တဲ့ အိမ်တချို့ကိုပါ မီးဖြတ်တောက်ခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကတော့ ပြည်သူတွေမီတာဆောင်ဖို့ကို အာဏာသိမ်းအပြီး ၅ လအတွင်း ပထမဆုံးအကြိမ် တရားဝင်ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။mizzima

မန္တလေး လူငယ်သင်တန်းကျောင်းတွင် လူငယ်တစ်ဦး သေဆုံး

မန္တလေးမြို့ လူငယ်သင်တန်းကျောင်းမှာ ဇူလိုင်လ ၉ ရက်နေ့ မနက် အစောပိုင်းက ကျောင်းသားတစ်ဦး သေဆုံးမှုဖြစ်ခဲ့ပါတယ်။

မန္တလေး လူငယ်သင်တန်းကျောင်းက လက်ခံချုပ်နှောင်ထားတဲ့ ကျောင်းသား အောင်ကျော်ထက် (ခ) အောင်ဇော်ထက် (ခ) စိုးပေဟာ ညပိုင်းက ဗိုက်နာ၊ အသက်ရှူကြပ် တာကြောင့် ဆေးရုံတင်ဖို့ လူနာတင်ကား ခေါ်နေချိန်မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးသူဟာ စစ်ကိုင်းမြို့မရဲစခန်း (ပ) ၄၃၆/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ အမှုနဲ့ မန္တလေး လူငယ်သင်တန်းကျောင်း က လက်ခံချုပ်နှောင်ထားတာဖြစ်ပါတယ်။

အောင်ကျော်ထက် (ခ) အောင်ဇော်ထက် (ခ) စိုးပေ သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ဆေးရာ ပြင်ပဒဏ်ရာမတွေ့ရဘဲ ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ် မဟုတ် စစ်ဆေးသွားမယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။DVB

ကာလတိုအိမ်ငှားတို့ကို ပစ်မှတ်ထား ဧည့်စာရင်းစစ်ရန် စစ်ကောင်စီကြိုးပမ်း

အာဏာသိမ်းသည့် ဖေဖော်ဝါရီလနောက်ပိုင်း ကွန်ဒို၊ တိုက်ခန်းနှင့် မြို့နယ်၊ ရပ်ကွက်များရှိ ကာလတိုငှားရမ်းနေထိုင်သူများကို ပစ်မှတ်ထား၍ ဧည့်စာရင်းစစ်ရန် စစ်ကောင်စီက ညွှန်ကြားထားသည်။

Myanmar Now က ရရှိထားသည့် ရန်ကုန်မြောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၎င်းလက်အောက်ရှိ မြို့နယ်ရုံးများကို ဇူလိုင် ၂ ရက်စွဲဖြင့် ပေးပို့သည့် စာတွင် ယင်းသို့ ညွှန်ကြားထားခြင်းဖြစ်သည်။

ကွန်ဒိုအဆောက်အအုံတို့တွင် ရပ်နားထားသော မော်တော်ယာဉ်များကိုလည်း ညအချိန်စစ်ဆေးရန် ထည့်သွင်းညွန်ကြားထားသည်ကိုလည်း တွေ့ရပြီး စာပါကိစ္စရပ်များ စစ်ဆေးဆောင်ရွက်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို လစဉ် ၈ ရက်နေ့အရောက် အထက်ဌာနသို့ တင်ပြရန်အမိန့်ပေးထားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးလျှင်ပြီးချင်း၌ပင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကို ပြန်လည်ပြင်ဆင်၍ ဧည့်စာရင်းစစ်ဆေးနိုင်မည့် ပုဒ်မများကို ထည့်၍ စစ်ကောင်စီက တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၎င်းတို့၏ ရုံးများ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် ဧပြီနှောင်းပိုင်းမှစ၍ ဧည့်စာရင်းစစ်ဆေးမှုအရှိန်လျော့နည်းသွားမှုကို ယခုကဲ့သို့ ညွန်ကြားစာများဖြင့် တဖန်ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းခြင်းဖြစ်နိုင်သည်ဟု ပြည်သူအချို့က သုံးသပ်သည်။

“အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေ အုန်းအုန်းကျွက်ကျွက်ပေါ်တဲ့အချိန်တုန်းက သူတို့က အပြင်းအထန် အိမ်တွေထဲထိ လိုက်လံနှိမ်နင်းသလို ညကျရင်လည်း အချိန်မတော် ဧည့်စာရင်းဆိုပြီး လာလာဖမ်းတာတွေ ပြီးခဲ့တဲ့ တစ်လလုံးလိုလို ငြိမ်နေတာဗျ”ဟု ရန်ကုန်၊ ယုဇနဥယျဉ်မြို့တော်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အထက်ပါ ညွန်ကြားချက်မထုတ်ပြန်မီ ဇွန် ၁၂ကလည်း ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများပါမကျန် ဧည့်စာရင်းတိုင်ရန် စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် ညွှန်ကြားထားပြီးဖြစ်သည်။

ထို့အတူ ကိုဗစ်နိုင်တင်းကပ်ရောဂါတတိယလှိုင်း ဆိုးရွားပြင်းထန်နေချိန်တွင် ယင်းကိုအခွင့်ကောင်းယူ၍ ဧည့်စာရင်းနှင့်‌ ရောချကာ နိုင်ငံသားတို့၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ချုပ်ချယ်ရန် ကြိုးပမ်းလာနေသည်ဟု ပြည်သူအချို့က ပြောသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူတစ်ဦး၏ အဆိုအရ ယနေ့(ဇူလိုင်၈) နံနက် ၈နာရီခန့်တွင် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့မှ ကိုဗစ်နိုင်တင်းကာလ၌ မြို့နယ်အတွင်း သွားလာခွင့်ကတ်ပြား လာရောက်ပြုလုပ်ရန်၊ ဧည့်စာရင်းပါ တစ်ပါတည်းတိုင်ရန် တစ်အိမ်တက်ဆင်း လိုက်လံနှိုးဆော်နေသည်ဟု သိရသည်။

“ဧည့်စာရင်းကလည်း ဘာမှမသိသေးပါဘူး။ ညပိုင်းတုန်းကတော့ ကျွန်တော်တို့ဘက် ဧည့်စာရင်းစစ်တာတော့ မရှိဘူး။ ခါတိုင်းညတွေလို စစ်သားတွေစုရုံး၊ စုရုံး သွားလာနေတာမျိုးတော့ ရှိတယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်ဒေသခံတို့ကမူ ဧည့်စာရင်းကိစ္စ ထပ်မံတင်းကျပ်မည့် စစ်ကောင်စီ၏ အစီအစဉ်သည် ရပ်ကွက်အများအပြားတွင် သက်ရောက်မှုရှိပုံမရသေးဟု သုံးသပ်သည်။

“လာမစစ်ဘူး။ တိုင်လည်းမတိုင်ဘူး။ တချို့ သူတို့သတင်းအနံ့ရတဲ့ အိမ်တော့ ဝင်စစ်တာရှိတယ်။ မတိုင်လို့လည်း ဘာမှဖြစ်တာမရှိသေးဘူး”ဟု သာကေတမြို့နယ်အတွင်း အိမ်ခန်းတွဲများငှားရမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် လှိုင်သာယာမြို့နယ်အတွင်း၌မူ အာဏာသိမ်းပြီးချိန်နောက်ပိုင်းမှစ၍ ဧည့်စာရင်းစစ်ခံရသည့်ကိစ္စ လျော့ပါးမသွားသေးဟု ဒေသခံအချို့က ပြောသည်။

“အဆောင်တွေကို အဓိက စစ်တာတွေ့တယ်။ ဒီမှာက နယ်မှာ အလုပ်လာလုပ်တဲ့ ကလေးတွေများတော့ အများစုက ဧည့်စာရင်းတိုင်နေရတယ်”ဟု လှိုင်သာယာမြို့ခံတစ်ဦးက ပြောသည်။ 

ဧည့်စာရင်းအကြောင်းပြ၍ ၎င်းတို့အလိုရှိသူကို ဝင်ရောက်ရှာဖွေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အတွက်မူ ဧည့်စာရင်းစစ်ခြင်းသည် ဝင်ငွေကောင်းသည့် လုပ်ငန်းဖြစ်နေတတ်သည်ဟု ရန်ကုန်တွင်နေသူတချို့က ပြောသည်။

ရန်ကုန်မြို့၊ သမိုင်း (၁) ရပ်ကွက်သားတစ်ဦးကလည်း ဧည့်စာရင်းစစ်ချိန်တွင် စစ်ကောင်စီတပ်များ ငွေညှစ်တတ်သည်ဟု ဆိုသည်။

“ဒီမှာတော့ မကြာခဏ လာစစ်တာရှိတယ်၊ သူတို့ဖမ်းချင်တဲ့သူမဟုတ်ဘူးဆိုရင်တော့ ခံဝန်ထိုးခိုင်းတာ၊ ပိုက်ဆံယူပြီး ပြန်လွှတ်လိုက်တာမျိုးရှိတယ်” ဟု သူက ဆက်ပြောသည်။

ညအချိန် ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုသည် အများပြည်သူကို အနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်ခြင်းကြောင့်ဟုဆိုကာ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ(NLD) လက်ထက်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေမှ ပယ်ဖျက်ထားပြီးဖြစ်သည်။

သို့သော်လည်း စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီးပြီးချင်း ဧည့်စာရင်းစစ်ခွင့်ရရန် ဥပဒေပြင်လိုက်ကြသည်။

ဧည့်စာရင်းမတိုင်ပါက ထောင် ၇ရက်ချနိုင်သည့် ပုဒ်မနှင့် ၎င်းတို့အလိုရှိသလို နေအိမ်များသို့ ဝင်ရောက်စစ်ဆေးမည့်ကိစ္စများကို ဗိုလ်ချုပ်ကြီးများက ဥပဒေတွင် ပြန်လည်ထည့်သွင်းလိုက်ကာ ၎င်းတို့သည် ဥပဒေအတိုင်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု မကြာခဏ ပြောကြားလျက်ရှိသည်။myanmar now

မန္တလေးတွင် အောက်ဆီဂျင်ဘူး စျေးနှုန်း ၂ ဆမြင့်တက်ပြီး ပစ္စည်းပြတ်လပ်နေ

မန္တလေးမြို့မှာ ကိုဗစ်၁-၉ အတည်ပြုလူနာ များပြားလာချိန် အောက်ဆီဂျင်ဘူးတွေ စျေးနှုန်း နှစ်ဆမြင့်တက်ခဲ့ပြီး စ္စည်းပြတ်လပ်တဲ့ထိ ဖြစ်နေတယ်လို့ မြို့ခံပရဟိတအသင်းတစ်ခုမှ သိရပါတယ်။

မန္တလေးမှာ ကိုဗစ်ကူးစက်မှု မမြင့်တက်ခင်ကတည်းက အောက်ဆီဂျင်ဘူးနဲ့ ဆက်စပ်ပစ္စည်းတွေ ကြိုတင်စုဆောင်းဝယ်ယူထားကြတာကြောင့် အခုအခါ အမှန်တကယ် လိုအပ်နေသူတွေ လိုအပ်မှုမြင့်တက်ချိန် ဈေးကြီးပြီး  ပစ္စည်းပြတ်လပ်နေတာပါ။

မြို့ခံပရဟိတအသင်းတစ်သင်းရဲ့ တာဝန်ရှိသူက” မန္တလေးမြို့က မြို့ကြီးဖြစ်တော့ ပိုက်ဆံရှိ အသိုင်းအဝိုင်းများတယ်။ သူတို့က ကလေးမြို့မှ ကူးစက်မှုမြင့်နေတယ်လို့ ကြားကတည်းက ကြိုတင်ဝယ်ယူထားကြတယ်။ အခု တကယ်လိုအပ်လာချိန် လိုအပ်နေသူတွေဆီမှာ ပစ္စည်းမရတော့ဘူး၊ စျေးကလဲ နှစ်ဆ၊ သုံးဆမြင့်တက်သွားတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့မှာ 40L အောက်ဆီဂျင် တစ်ဘူးကို အရင်က ကျပ်တစ်သိန်းခွဲသာ စျေးရှိခဲ့ပေမဲ့ အခု ကျပ်သုံးသိန်းခွဲကျော်အထိစျေးရှိနေပါတယ်။ အောက်ဆီဂျင် စက်တစ်လုံးကို အရင်က  ၁၀ သိန်းလောက်သာ စျေးရှိခဲ့ပေမယ် ယခုအခါ သိန်း ၂၀ လောက် ပေးဝယ်နေရပါတယ်။ 

အမှန်တကယ် လိုအပ်နေသူတွေက စျေးနှုန်းမြင့်ပေးပြီး လိုက်လံဝယ်ယူနေပေမယ် ဝယ်ယူလိုမရအောင် ပစ္စည်းပြတ်လပ်နေပါတယ်။

“အောက်ဆီဂျင်ဘူးတွေ ဘယ်နေရာမှာ ဖြည့်လို့ရလဲ၊ ဘယ်အချိန်တွေ ဖြည့်လို့ရလဲ၊ အမြဲနားစွင့်နေရတယ်။ အဆက်အသွယ် မပြတ်သွားဖို့ လုပ်နေရတယ်”လို့  မြို့ခံပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးမြို့ရှိ ပရဟိတအသင်းတွေထံမှာ အောက်ဆီဂျင်ဘူးငှားရမ်းထားသူတွေက ပြန်မပေးတာ ရှိနေတဲ့အတွက် နောက်ထပ် အောက်ဆီဂျင်ဘူး လိုအပ်နေသူတွေထံ ကူညီပေးနိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။

“အသင်းမှာ ရှိတဲ့ အောက်ဆီဂျင်ဘူးတွေ ငှားပေးတာ ပြန်မရတာတွေရှိတယ်၊ အသင်းကားပေါ်တောင် အောက်ဆီဂျင်ဘူး ထားဖို့တောင် မရှိတော့ဘူး” လို့ မြို့ခံပရဟိတအသင်းတစ်သင်းမှာ တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူအများစုက အောက်ဆီဂျင်မလုံလောက်တဲ့အတွက် အသက်ရှုရပ်ပြီး သေဆုံးတာ ဖြစ်ပါတယ်။DVB

အုတ်ဖိုမြို့တွင် တရက်တည်း ကိုဗစ်-၁၉ လူနာ ၄ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ ဒီနေ့တရက်တည်း ကိုဗစ်အတည်ပြုလူနာ ၄ ဉီးသေဆုံးခဲ့တယ်လို့ ဆေးရုံအုပ်ကြီးဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ်ဟာ ကိုဗစ်တတိယလှိုင်းမှာ ရောဂါပိုးကူးစက်ခံရသူပေါင်း ၂၄၁ ဦး ထိရှိပြီဖြစ်ကြောင်းနဲ့ သာယာဝတီခရိုင်တွင်း တတိယအများဆုံး ကူးစက်ခံရတဲ့မြို့နယ်ဖြစ်ပါတယ်။

သေဆုံးနှုန်းမှာတော့ ဒုတိယကူးစက်ခံရမှု အများဆုံးဖြစ်တဲ့ မင်းလှမြို့နယ်ထက် ပိုမြင့်နေပါတယ်။

လက်ပံတန်းနဲ့ မင်းလှမြို့နယ်‌တို့ကို Stay At Home အဖြစ် စစ်ကောင်စီက ကြေညာထားတာလည်းဖြစ်ပါတယ်။

အုတ်ဖိုမြို့နယ်မှာ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိလှိုင်းတွေအတွင်း ဒီကနေ့ လူနာသေဆုံးမှုဟာ ပထမဆုံးဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူလည်း မနက်ကအထိ ၄ ဦးရှိကြောင်း သိရပါတယ်။DVB

« Older Entries