Monthly Archives: Jul 2021

ရခိုင်နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ကျောင်းများ ယာယီပိတ်မည်

ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်နေသူများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများထံတွင် ကိုဗစ်နိုင်တင်းဖြစ်ပွားမှုများပြားနေသဖြင့် ရခိုင်ပြည်နယ်ရှိ နယ်စပ်ဂိတ်နှင့် စာသင်ကျောင်းများကို သီတင်းနှစ်ပတ်ကြာ ပိတ်လိုက်သည်။

တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် စစ်တွေမြို့ ရွှေမင်းဂံ၊ မောင်တောမြို့ ကညင်ချောင်း စီးပွား‌ရေးဇုန် ကုန်သွယ်ရေးဂိတ်များကို ဇူလိုင် ၁၅ မှ ၃၁ အထိ၊ ကိုဗစ်နိုင်တင်းတတိယလှိုင်း ကြုံနေလျက်နှင့် တစ်နိုင်ငံလုံး၌ အတင်းအကျပ်ဖွင့်လှစ်ထားခဲ့သည့် အခြေခံပညာစာသင်ကျောင်းများကို ဇူလိုင် ၉ မှ ၂၃ အထိ ပိတ်မည်ဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်သိမ်းရန် ဇူလိုင် ၈တွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံ အကြောင်းကြားခဲ့သည်။

စာသင်ကျောင်းများယာယီပိတ်ရန်အတွက်မူ ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီ က ဇူလိုင် ၉တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အစိုးရကျောင်းများအပြင်၊ ပုဂ္ဂလိကနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများလည်း အကျုံးဝင်သည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ယာယီရပ်နားထားရခြင်းမှာ ဘင်္ဂလားဒေ့ရှ်နှင့် ကူးသန်းသွားလာနေသည့် သင်္ဘောသားများနှင့် လှေသားများတွင် ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်ခံရမှုများပြားနေ၍ဖြစ်သည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဇူလိုင် ၉  သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

အထက်ပါ နယ်စပ်ဂိတ်များတွင် ဇူလိုင် ၈ တစ်ရက်တည်းဆေးစစ်ချက်များအရ အတည်ပြုလူနာ ၉ ဦးထိရှိခဲ့ကြောင်း၊ မေလမှစ၍ ဇူလိုင် ၇ အထိ ကျောင်းသား/သူ ၁၃ ဦး၊ ဆရာ/မ ၇ ဦး ပညာ‌ရေးမှူးရုံးဝန်ထမ်းတစ်ဦး ကူးစက်ခံထားရသည်ဟု ဆိုသည်။

ကူးစက်ခံနေရသူများထဲတွင် မောင်တောခရိုင်သို့ တာဝန်ထမ်းဆောင်ရန် မိသားစုလိုက်ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ဌာနဝန်ထမ်းများ မိသားစုဝင်များ ပါဝင်နေသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီကိုယ်တိုင်ကပင် ရခိုင်အပါအဝင် နိုင်ငံအနှံ့ မျိုးရိုးဗီဇပြောင်းလဲသွားသည့် ကူးစက်မြန်ပိုးတွေ့ရှိမှုနှုန်း နေ့စဉ်များပြားနေသည်ဟု ဝန်ခံထားပြီးဖြစ်သည်။

ယမန်နေ့(ဇူလိုင်၉)အထိ ပိုးတွေ့သူဦးရေ နှစ်သိန်းနီးပါးရှိကာ သေဆုံးသူ လေးထောင်ဝန်းကျင်ရှိပြီဟု စစ်ကောင်စီ၏ အချက်အလက်များက ဆိုသည်။

သို့သော် ကာကွယ်၊ ကုသ၊ ထိန်းချုပ်စီမံခန့်ခွဲရာတွင် စစ်ကောင်စီ၏ အားနည်းချက်၊ လိုအပ်ချက် လွန်စွာများနေသဖြင့် တတိယလှိုင်းကြုံနေရချိန်တွင် ကိုဗစ်နိုင်တင်းကူးစက်ခံရသူနှင့် သေဆုံးသူ ထို့ထက်များနိုင်ကြောင်း၊ အောက်စီဂျင်အရေးပေါ်လိုအပ်နေသည့် နိုင်ငံအနှံ့အဖြစ်အပျက်များက သက်သေပြနေကြောင်း ဝေဖန်မှုတို့ရှိသော်လည်း ကိန်းဂဏန်းအတိအကျကိုမူ အတည်မပြုနိုင်သေးပေ။

တရားဝင်ထုတ်ပြန်သော ကိုဗစ်ထိခိုက်မှုကိန်းဂဏန်းများထက် ကူးစက်၊ သေဆုံးနှုန်းမြင့်မားနေသည်ဟု အများက ယူဆရပြီး ထိုသို့ မြင့်မားရခြင်းမှာ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ စေတနာမဲ့ခြင်းကြောင့်ဟု ဝေဖန်ခံနေရသည်။myanmar now

မီတာခအား ခြိမ်းခြောက်၍နည်းမျိူးစုံဖြင့်ကောက်ခံပါက ပြည်သူဘက်မှရပ်တည်ကာ ဆောင်ရွက်မည်ဟု မိုးဗြဲ MPDF သတိပေး

အကြမ်းဖက်စစ်ကောင်စီတပ်၏ လျှပ်စစ်ဌာနဘက်မှပြည်သူလူထုကို ခြိမ်းခြောက်၍ နည်းမျိူးစုံဖြင့်မီတာခအား ကောက်ခံပါကပြည်သူဘက်မှ ရပ်တည်ပြီး အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ လိုအပ်သလို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MPDF မှ ယနေ့ဇူလိုင်လ ၁၀ ရက်တွင်အထူးသတိပေးထုတ်ပြန်လိုက်သည်။

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ရှိ လျှပ်စစ်ဌာန အကြီးအကဲများ၊ဝန်ထမ်းများအ‌နေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အကြောင်းပြချက်အမျိုးအမျိုးပေး၍ မီတာခ ကောက်ခံခြင်းမပြုလုပ်ရန်အဆိုပါ MPDF တပ်ဖွဲ့မှတစ်ပါတည်းတောင်းဆိုထားသည်။

ပြည်သူပိုင်သည့် လျှပ်စစ်မီးသည် ပြည်သူ့အတွက်သာ ဖြစ်သောကြောင့် အကြမ်းဖက်စစ်တပ်သည် ပြည်သူအပါအ၀င် ကမ္ဘာမှအသိအမှတ်မပြုသည့် လက်နက်ကိုင် အကြမ်းဖက်အုပ်စုသာဖြစ်သဖြင့် ပြည်သူ့အခွန်ဖြင့်အနိုင်ကျင့်ဗိုလ်ကျသည့် ၎င်းတို့၏ကျည်ဖိုး၊ လက်နက်ဖိုး ဖြစ်စေမည့်် အခွန်မှန်သမျှအား ပြည်သူများမှ အခွန်အခပေးဆောင်စရာ မလိုအပ်ကြောင်းထုတ်ပြန်ချက်တွင်တိုက်တွန်းထားသည်။mizzima

မွန်ပြည်နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာနှင့်သံသယလူနာ ၁၂ ဦး ထပ်မံသေဆုံး

မွန်ပြည်နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယလူနာ ၁၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကိုဗစ်အရေးကူညီနေသူတွေက DVB ကို ပြောပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးမှာ မော်လမြိုင်မြို့နယ်က ၁၀ ဦးနဲ့ ချောင်းဆုံမြို့နယ် ၁ ဦး၊ စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

ကိုဗစ်သံသယလူနာ သေဆုံးသူ တစ်ဦးကတော့ မော်လမြိုင်၊ ကျောက်တန်းရပ်ကွက်က အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာတွေဟာ အောက်စီကျပြီး သေဆုံးသွားတာ အများစု ပါဝင်နေတယ်လို့ ကိုဗစ်အရေးကူညီနေသူတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၂၀၀၀ ကျော်ထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ သေဆုံးသူ ၇၀ နီးပါးထိ  ရှိလာခဲ့ပါတယ်။DVB

စစ်တပ်ကို ဘုရားလိုကိုးကွယ်ခိုင်းခဲ့သော်လည်း ဆက်လက်ထိန်းသိမ်းခံထားရသူ

အာဏာသိမ်းစစ်ကောင်စီက ၎င်းကိုထောက်ခံခဲ့သည့် နာမည်ကျော်ပုဂ္ဂိုလ်သုံးဦးကို အင်းစိန်ထောင်မှ ပြန်လွှတ်ပေးခဲ့သော်လည်း စစ်တပ်ကို ဘုရားလိုကိုးကွယ်ခိုင်းခဲ့သူ ဘုန်းကြီး ဦးဝီရသူကိုမူ ဆက်လက်ထိန်းသိမ်းထားသည်။  

ဦးဝီရသူသည် ၂၀၁၉ ခုနှစ်အတွင်းက ရန်ကုန်မြို့တော်ခန်းမအနီး ဟောပြောပွဲမှုတွင် တပ်မတော်သားများကို လူထုက ဘုရားကဲ့သို့ ကိုးကွယ်သင့်ကြောင်း ဟောပြောခဲ့သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရကို ကြမ်းတမ်းသော စကားလုံးများဖြင့် ဟောပြောတိုက်ခိုက်ခဲ့သည်။ 

ထို့နောက် ဦးဝီရသူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကဖြင့် အမှုဖွင့်အရေးယူခံခဲ့ရသည်။ တစ်နှစ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့နေခဲ့သည့် ဝရမ်းပြေးဆရာတော်မှာ  ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလို နိုဝင်ဘာလဆန်းပိုင်းတွင် ကိုယ်တိုင်ထွက်အဖမ်းခံခဲ့သည်။ 

ဦးဝီရသူနည်းတူ ပုဒ်မ ၁၂၄-က ဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်၊ မိုက်ကယ်ကျော်မြင့်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးလှဆွေတို့မှာ စစ်တပ်က အာဏာသိမ်းပြီး တစ်လမပြည့်ခင် ပြန်လည်လွတ်မြောက်ခဲ့ကြသည်။

ဦးဝီရသူမှာ အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအေးကျော်က အတည်ပြုသည်။ 

“အင်းစိန်ထောင်မှာပဲ။ သူက တရားဥပဒေအတိုင်းပဲလေ။ ကျနော်တို့ကတော့ အကျဉ်းဦးစီးကတော့ လာအပ်တဲ့သူကို ထိန်းသိမ်းထားတာပဲ ရှိတယ်။ သူပါရင်လွတ်မှာပေါ့။ မပါရင် မလွတ်ဘူးပေါ့” ဟု ၎င်းက ယမန်နေ့ (ဇူလိုင် ၈) တွင် Myanmar Now ကို ပြောသည်။

ဦးဝီရသူ၏ လုံခြုံရေးအတွက် စိုးရိမ်၍ ပြန်မလွတ်ပေးခြင်းဖြစ်နိုင်ကြောင်း ဦး ဝီရသူပြန်လည်လွတ်မြောက်ရေး စစ်ကောင်စီထံ စာတင်သူများတွင် ပါဝင်သည့် ဆရာတော်တစ်ပါးဖြစ်သည့် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ဆိုသည်။ 

“အပြင်မှာ လုံခြုံမှုမရှိလို့ သူ့ကိုမလွတ်တဲ့သဘောမျိုးလည်း ဖြစ်နိုင်တယ်။ အခုအခါမျိုးက ကျောင်းတွေကော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကော အမျိုးသားရေးသမားတွေ အသတ်ခံနေရတာတွေက ထင်ရှားနေတယ်။ အဲ့ဒါကြောင့်မို့လို့ ဦးဝီရသူကို အဲ့ဒီအဖြစ်မျိုး ဖြစ်မှာကြောက်လို့ မလွတ်သေးတာ၊ လုံခြုံမှုအပြည့်အဝရအောင်လို့ မလွတ်တာမျိုးလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက မိန့်သည်။

လုံခြုံရေးအခြေအနေကြောင့်ဟုဆိုသော်လည်း ဦးဝီရသူသည် တစ်သက်လုံးထောင်ထဲတွင် ရှိမနေသင့်ဟု ဦးပါမောက္ခက ဆိုသည်။ 

“ဦးဝီရသူနဲ့တန်းတူ အခြားသော ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဦးဌေးအောင်တို့၊ ဘူးလက်လှဆွေတို့၊ မိုက်ကယ်ကျော်မြင့်တို့ကို လွှတ်ပြီးတော့ သူ့ကိုတော့ ဘာဖြစ်လို့ မလွှတ်တာလဲ။ ဦးဝီရသူက အမှန်တကယ် ပြစ်မှုကျူးလွန်ထားလို့လား။ ဒါမှမဟုတ်ရင် လွှတ်ပေးလိုက်တဲ့အခါ ဦးဝီရသူက ထောက်ပြ၊ ဝေဖန်မှာ ကြောက်လို့လားလို့ မေးစရာရှိပါတယ်” ဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့် ဇွန် ၁၂ လအတွင်းက ပြုလုပ်သော စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတစ်ဦးက ဦးဝီရသူ၏အခြေအနေကို မေးမြန်းခဲ့ရာတွင် စစ်ကောင်စီ၏ ဒုတိယပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မသိ” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။ 

အာဏာသိမ်းပြီး ငါးလကြာသည့်တိုင် ထောင်မှပြန်လွှတ်ပေးခြင်း မရှိသော်လည်း စစ်ကောင်စီက ဦးဝီရသူကို အကောင်းဆုံးစောင့်ရှောက်ထားလိမ့်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ဦးဝီရသူလိုပုဂ္ဂိုလ်မျိုးက အပြင်ထွက်လာလို့ရှိရင် လုပ်ကြံခံရနိုင်တဲ့ အခြေအနေရှိတယ်လို့ ယူဆပါတယ်။ အဲဒီလိုလုပ်ကြံခံရတယ်ဆိုလို့ရှိရင် သူတို့(စစ်ကောင်စီ) အတွက် အာဘော်ဖန်တီးနိုင်တဲ့သူတစ်ယောက် ဆုံးရှုံးသွားနိုင်တာပေါ့။ အဲ့ဒါကြောင့် ဆက်လက်ပြီးတော့ ကာလတစ်ခု အခြေအနေစောင့်ကြည့်ရင်းနဲ့ ဦးဝီရသူကို သေချာစောင့်ရှောက်ထားလိမ့်မယ်လို့ ယူဆပါတယ်”ဟု ၎င်းက‌ ပြောသည်။

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးတွင် “အကြမ်းဖက်ဗုဒ္ဓဘာသာပြယုဂ်” အဖြစ် ဖော်ပြခံခဲ့ရသူ ဦးဝီရသူသည် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သော လူသေဆုံးသည်အထိဖြစ်ခဲ့သည့် ဘာသာရေးအဓိကရုဏ်းကို ဦးဆောင်ဖန်တီးမှုဖြင့် ပုဒ်မ ၅ ခုဖြင့် တရားစွဲခံရကာ ထောင်ဒဏ် ၂၅ နှစ်ချခံခဲ့ရသူ ဖြစ်သည်။

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ တွင် ပြန်လွတ်လာပြီးနောက် ဦးဝီရသူက အမျိုးဘာသာ၊ သာသနာ အကြောင်းပြကာ လိုက်လံဟောပြောမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၄ တွင် ဖွဲ့စည်းခဲ့သော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) တွင်လည်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ 

ဦးဝီရသူသည် လူမျိုးရေး၊ ဘာသာရေးအမုန်းတရားများဖြစ်ပွားစေသည့် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ အမုန်းတရားကြီးထွားစေသည့် ၉၆၉ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူလည်းဖြစ်သည်။ ၎င်းသည် ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖြစ်စေသော အစွန်းရောက်ဟောပြောမှုများကြောင့် NLD အစိုးရလက်ထက်အတွင်း တရားဟောခွင့်ပိတ်ခံရသူလည်းဖြစ်သည်။

ဝရမ်းပြေးအဖြစ် တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း လူမှုကွန်ရက်မှတစ်ဆင့် ရိုင်းပြရင့်သီးသော စကားလုံးများဖြင့် NLD အစိုးရကို ဦးဝီရသူက ဟောပြောတိုက်ခိုက်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးက ဦးဝီရသူကို ပြန်လွှတ်မပေးခြင်းမှာ စစ်ကောင်စီအတွက် အသုံးမလိုတော့၍ဟု မှတ်ချက်ပြုသည်။

“ဒီအချိန်မှာ ဦးဝီရသူကို သုံးဖို့အတွက် မလိုတော့တဲ့အတွက်ကြောင့် မလွှတ်ပေးဘူးလို့ မြင်တယ်။ သူတို့သုံးလို့ရတဲ့အချိန်မှာ သုံးခဲ့ပြီးပြီ။ ဒီတစ်ယောက်ကို ထုတ်ပြီးသုံးမယ်ဆိုရင် သူတို့အတွက် ပိုပြီးတော့ အန္တရာယ်များနိုင်တယ်လို့ သုံးသပ်ပြီးတော့ ထုတ်မသုံးတော့ဘဲနဲ့ ပိုနေမြဲ၊ ကျားနေမြဲနေရာမှာပဲ ဒီအတိုင်းပဲ အကြောင်းပြချက်အမျိုးမျိုးပေးပြီး ဆက်ထားလိုက်တာပဲ” ၎င်းက ဆိုသည်။ 

ဦးဝီရသူ ထောင်ကမလွတ်သေးသော်လည်း မဘသဂိုဏ်းချုပ်ဆရာတော်များဖြစ်သည့် အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသ၊ မွန်ပြည်နယ်ရှိ အထွေထွေအတွင်းရေးမှူးဖြစ်သူ မြစေတီကျောင်းဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိတို့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် သွားရောက်တွေ့ဆုံခဲ့သည်။ myanmar now

ဧရာဝတီတိုင်း မြို့နယ်အသီးသီးတွင် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းနေ

ဧရာဝတီတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ကာကွယ်နိုင်ဖို့ဆိုပြီး စစ်ကောင်စီက မြို့နယ်အလိုက် ပြည်သူ့စစ်တပ်ဖွဲ့တွေကို ဖွဲ့စည်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေသခံလူငယ်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကို စည်းရုံးကာ ရပ်ကွက် ၁ ခုကို အနည်းဆုံး ၁၀ ယောက်နဲ့  ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ စည်းနေတာ ဖြစ်ပါတယ်။

“ကျနော်တို့ဘက်မှာ လူလာစုတုန်းကတော့ ကိုယ့်ရပ် ကိုယ့်ဒေသကို ကာကွယ်နိုင်ဖို့ဆိုပြီး ပြောတယ်။ အဲဒါ ဝင်မယ့်သူမရှိတော့ ရွာတစ်ရွာကို အနည်းဆုံး အယောက် ၂၀ ပေးရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကို အတင်းတောင်းတယ်။ ပြီးတော့ စစ်သင်တန်းပေးတယ်”လို့ ဝါးခယ်မမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

ပြည်သူ့စစ်တွေကို ရပ်ကွက် ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ တပ်ခွဲရုံးတွေ ဖွင့်လှစ်ပေးထားတယ်လို့ ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အင်တာနက်အသုံးပြုဖို့ ခက်ခဲတဲ့ ဒေသတွေမှာတော့ “အမျိုးသားရေးအစ YMBA က၊ YMBA မှန်သမျှ ဌာနေပြည်သူ့စစ်ကို ဝင်ရောက်ကြ” စတဲ့ ပြောဆိုစည်းရုံးမှုတွေ ပြုလုပ်နေပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းက စစ်ကောင်စီက ရပ်ကွက်အလိုက် ပြည်သူ့စစ်ယူနီဖောင်း၊ ဦးထုပ်နဲ့ ဖိနပ် ၁၀ စုံစီထုတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

လက်ရှိ ဧရာဝတီတိုင်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အင်တာနက်အခက်အခဲရှိတဲ့ ဒေသတွေမှာ စစ်ကောင်စီက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ဖွဲ့စည်းထားပြီး မြို့ကြီးများမှာလည်း ထပ်မံဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။DVB

နမ့်ခမ်းမြို့နယ်ပညာရေးမှူးကို PDF- နမ့်ခမ်းက ကျည်ဆံတစ်ထောင့်နဲ့ သတိပေးစာ ပေးပို့ထား

စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ပြုလုပ်နေတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ဖိအားပေး ခြိမ်းခြောက်တာတွေ မပြုလုပ်ဖို့ နမ့်ခမ်းမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်သွင်ကို ကျည်ဆံ တစ်ထောင့်နဲ့ သတိပေးအကြောင်းကြားလိုက်တယ်လို့ PDF – နမ့်ခမ်းအဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ပညာရေးဝန်ထမ်းတွေ လစာထဲက စုဆောင်းထားတဲ့ GEC ဝန်ထမ်းစုငွေကို ပြန်လည်ထုတ်ယူလိုရင် ကြိုတင်ချေးငွေ နှစ်လစာကို ပြန်လည်ပေးဆောင်ပြီးမှ ထုတ်ပေးမယ်ဆိုပြီး နမ့်ခမ်းမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်သွင်က ဝန်ထမ်းတွေအပေါ် ဖိအားပေး ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတယ်လို့ PDF – နမ့်ခမ်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အခုသတိပေး အကြောင်းကြားတာဟာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပြီး လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ရင် ထိရောက်စွာ အရေးယူသွားမယ်လို့ PDF – နမ့်ခမ်းက ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။mizzima

ရန်ကုန်တွင် Yangon Urban Guerrillas အမည်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ် ၁၄ ဖွဲ့ မဟာ မိတ်ဖွဲ့

ရန်ကုန်မြို့မှာ Yangon Urban Guerrillas အမည်နဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ ၁၄ ဖွဲ့ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ထုတ်ရေးအတွက် လူအင်အား၊ လက်နက်အင်အား၊ ငွေကြေးအင်အားတွေ ကြိုးစားစုဆောင်းနေတယ်လို့ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

လက်နက်အင်အား၊ လူအင်အား ဘယ်လောက်စုစည်းထားနိုင်တယ်ဆိုတာကိုတော့ ဖ.ဆ.လ.တ က အတည်ပြုမထုတ်ပြန်သေးပေမယ့် ဖက်ဆစ်ဝါဒကို ဆန့်ကျင်သူ ကျားမ ဘာသာ လူမျိုး လူတန်းစားပေါင်းစုံအဖွဲ့မှာ ပါဝင်တယ်လို့ ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ကပြောပါတယ်။

“ဖက်ဆစ်အုပ်စုကို တွန်းလှန်နိုင်ဖို့ ရနိုင်သမျှရင်းမြစ်တွေ အတတ်နိုင်ဆုံး စုဆောင်းနေပါတယ်။ မဟာမိတ်ချိတ်ဆက်မှုတွေလည်း ဆောင်ရွက်ထားရှိပါတယ်။ လောလောဆယ် Yangon Urban Guerrillas နာမည်ခံပြီး မဟာမိတ် ၁၄ ဖွဲ့ အတူတကွ လှုပ်ရှားနေပါတယ်” လို့ ဖ.ဆ.လ.တ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့သတင်းအချက်အလက်ရတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ စစ်ကောင်စီရဲ့ ငွေကြေး၊ ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို အင်အားချည့်နဲ့အောင်ဆောင်ရွက်ဖို့ စနစ်တကျဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့သတင်းပေးတွေ၊ သူလျှိုတွေ၊ ထောက်တိုင်တွေကို ရှင်းလင်းမယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာမက လက်အောက်ခံ ရဲနဲ့ အရန်အင်အားစု ဘယ်သူမဆို ပစ်မှတ်ထားတိုက်ခိုက်ခံရမယ်လို့လည်း ဖ.ဆ.လ.တ က သတိပေးပါတယ်။

“ဖဆလတ က အရပ်သားဖြစ်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားပါတယ်။ အဲ့ဒီထုတ်ပြန်ချက်အရ အရပ်သားမဟုတ်လို့ သတ်မှတ်ခံရသူတွေ အားလုံးက ဖဆလတရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စကစ စစ်သားပင် ဖြစ်နေပါစေ အရပ်သား သတ်မှတ်ချက်ကို လိုက်နာမယ်ဆိုရင် (ဥပမာ CDM ပြုလုပ်ခြင်း) အရပ်သားအဖြစ် သတ်မှတ်ကာကွယ်ပေးခြင်းကို ခံရပါမယ်” လို့ ဖ.ဆ.လ.တ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့တစ်ခုတည်းအနေနဲ့ မတ်လနှောင်းပိုင်းကစပြီး တိုက်ခိုက်မှု ၃၀ ကျော်ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီလက်အောက်ခံ အနည်းဆုံး ၂၂ ဦးသေဆုံးခဲ့ပြီး ၂၅ ဦးကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က ပြည်သူ့ကာကွယ်ရေးအင်အားစုတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့မူဝါဒတွေအတိုင်း ရပ်တည်ဖို့ကြိုးစားနေပြီး  ဖက်ဒရယ်တပ်မတော်ထူထောင်တဲ့အခါ ပူးပေါင်းပါဝင်သွားမယ်လို့ ဆိုပါတယ်။DVB

ရန်ကုန်မြန်မာ့အသံရုံးက ဝန်ထမ်း ၁၁ ဦးမှာ ကိုဗစ်ပိုးတွေ့

ရန်ကုန်ရုံး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ဝန်ထမ်း ၁၁ ဦးမှာ ကူးစက်မြန်ရောဂါ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိထားတယ်လို့ ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောပါတယ်။

MRTV ရုံးအတွင်းမှာ ဖျားနာတဲ့သူ အရေအတွက် သိသိသာသာများလာတဲ့အတွက် မနေ့က (ဇူလိုင်လ ၉ ရက်) ပထမအသုတ်အနေနဲ့ ဝန်ထမ်း ၁၂ ဦးကို ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးကြည့်တဲ့အထဲ ၁၁ ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။“ရုံးမှာ ဖျားတဲ့သူက တစ်ယောက်မဟုတ်၊ နှစ်ယောက် ဖျားတော့ များလာလို့ စစ်ဆေးမှ ရတော့မယ်ဆိုပြီးတော့ မနေ့က လူ ၁၂ ဦးကို စစ်တာ။

၁၁ ဦးမှာ ကိုဗစ်တွေ့ပါတယ်” လို့ MRTV ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

အဲဒီလို ကိုဗစ်ပိုးတွေ့လူနာ ၁၁ ဦးကို ဒီကနေ့ ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းက အင်းယားစင်တာကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ အခုကိုဗစ်ပိုးကူးစက်ခံထားရသူတွေနဲ့ ထိတွေ့ဆက်စက်သူတွေကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

“ဌာနကတော့ ပေါင်းစုံပါ။ အဓိက ဖျားတဲ့သူတွေကို လိုက်စစ်တာပါ။ မော်တော်ယာဉ်လည်းပါတယ်၊ စီမံလည်းပါတယ်” လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။အခုကူးစက်ခံထားရသူ ၁၁ ဦးအနက် အမျိုးသမီး သုံးဦးပါဝင်ပြီး ကျန်သူတွေက အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရုံးတွင်း အသွားအလာကန့်သတ်လိုက်တာမျိုး မရှိသေးပေမယ့် ဂျူတီ သုံးဆိုင်းခွဲပြီး အလှည့်ကျ ရုံးတက်နေရတယ်လို့ သိရပါတယ်။mizzima

« Older Entries