Monthly Archives: Jul 2021

PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ ထိုင်းAACမဟာမိတ်အဖွဲ့ က ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းပြီးပြီ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့က ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းပြီးဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့မှ ဦးဆောင်သူ ဦးရဲမင်းက ပြောသည်။

PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် NUG အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနသို့ ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့မှ အရေးပေါ် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ကျပ်ငွေ သိန်း(၁၀၀၀)ကို ၆ ကြိမ်တိတိပေးပို့လှူဒါန်းခဲ့ရာတွင် ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့ အထိ ၆ ကြိမ်ပေးပို့လှူဒါန်းခဲ့ကြောင်း၊ ပထမအကြိမ်တွင် ထိုင်းဘတ်ငွေ ၆၁၂၀၀၀ ၊ ဒုတိယအကြိမ်တွင် ထိုင်းဘတ် ၂၁၉၄၂၁ ၊ တတိယအကြိမ်တွင် ၃၃၆၄၃၀ ဘတ်၊ လေးကြိမ်မြောက်တွင် ထိုင်းဘတ် ၂၄၂၀၀၂ ဘတ် ၊ ငါးကြိမ်မြောက်တွင် ထိုင်းဘတ် ၄၅၆၂၇၂ ဘတ်၊ ခြောက်ကြိမ်မြောက်တွင်ထိုင်းဘတ် ၁၇၃ ၈၇၅ ဘတ် စုစုပေါင်း ဘတ် ၂ သန်းလေးသောင်းဘတ် ပေးပို့လှူဒါန်းထားကြောင်း သိရှိရသည်။

NUG အစိုးရစတင်ဖွဲ့စည်း​ပြီးခါစအချိန်တုန်းကလည်း ကာကွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးဦးရည်မွန် ထံသို့ပထမ ဦးဆုံး အလှူရှင်အဖြစ် AAC အဖွဲ့က ဘတ်တစ်သန်း တိတိလှူဒါန်းပေးခဲ့ပြီးဖြစ်သည်။

ထိုင်းအခြေစိုက် AAC မဟာမိတ်အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လှူဒါန်းမှုများအား သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အရေးပေါ်လိုအပ်သည့် နေရာများသို့ တိုက်ရိုက်ရောက်ရှိနိုင်ရန် ချိတ်ဆက်လှူဒါန်းလျက်ရှိပြီး လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံပစ္စည်းများပါမကျန် အမျိုးသားညီညွတ်ရေး အစိုးရအတွက် လှူဒါန်းပေးလျက်ရှိသည်။khit thit

ဧရာဝတီတိုင်းမ် သတင်းထောက် ကိုအောင်မြသန်း ထောင်ကလွတ်ပြီး ၁၀ ရက်ကြာ ပြန်အဖမ်းခံရ

ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ မအူပင်အခြေစိုက်သတင်းထောက် ကိုအောင်မြသန်းကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့ပြီး ၁၀ မြောက်တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ညပိုင်းမှာ ပြန်လည်ဖမ်းဆီးသွားပါတယ်။

သတင်းထောက် ကိုအောင်မြသန်းရဲ့ မိသားစုဝင်တွေကတော့ အဖမ်းခံရတာသိပေမယ့် ဘယ်လိုအကြောင်းကြောင့် ဘယ်နေရာမှာ ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးသလို အဆက်အသွယ်လည်း မရသေးဘူးလို့ ပြော ပါတယ်။

“မနေ့ညပိုင်းက စစ်တပ်ကဖမ်းသွားတာ ဘာကြောင့်ဖမ်းတာလည်းတော့ မသိရသေးဘူး၊ ဒီမနက်ပိုင်းတော့ ရဲစခန်းမှာတွေ့တယ်”လို့ ကိုအောင်မြသန်းရဲ့ မိတ်ဆွေတစ်ဦးက ဒီဗွီဘီကိုပြော ပါတယ်။

ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မိသားစုနဲ့ ဆက်သွယ်လို့ အတည်ပြုလို့ရပေမယ့် ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးတဲ့အကြောင်းနဲ့ လိုအပ်တာတွေကူညီပေးဖို့တော့ ပြင်ဆင်နေတယ်လို့ ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ တစ်ဦးက DVB ကိုပြောပါတယ်။

” လွတ်လာတာ ရက်ပိုင်းရှိသေးတယ်။ ဒီလို ခဏခဏ သံသယနဲ့ ဖမ်းနေတာတော့ အဓိပ္ပါယ်မရှိဘူး။ သူ့အခြေအနေကို အသေးစိတ်သိရဖို့ ကျနော်တို့ စုံစမ်းနေပါတယ်၊ ဘာကြောင့်အဖမ်းခံရတာသိရင် ဥပဒေကြောင်းအရ ကူညီပေးဖို့လည်း စီစဥ်နေပါတယ်”လို့ ပြောပါတယ်။

မအူပင်မြို့မရဲစခန်းမှာ ကိုအောင်မြသန်းကို စစ်တပ်ကဖမ်းဆီးပြီး ရဲစခန်းမှာလာချုပ်ထားပေမယ့် ရဲစခန်းတာဝန်ရှိသူတွေက မိသားစုနဲ့တွေ့ခွင့်ပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ကိုအောင်မြသန်းဟာ မေလ ၂၅ ရက်နေ့က ပထမအကြိမ် ဖမ်းဆီးခံရပြီးနောက် ၃၆ ရက်ကြာထောင်ထဲနေခဲ့ရကာ  ဇွန်လ ၃၀ ရက်နေ့က ပြန်လွတ်လာတာဖြစ်ပါတယ်။DVB

ရေဖြူကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက် ရမ်းကားမှုကို ကြွေး ကြော်သံများဖြင့် ညောပြင်ရွာညသပိတ်က ကန့်ကွက် ဆန္ဒပြ

khit thit

ကွတ်ခိုင်တွင် ကိုဗစ်တတိယလှိုင်း၏ ပထမဆုံးလူနာ သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၇၀ ကျော်အနက် ပထမဆုံးအနေဖြင့် အမျိုးသမီးလူနာတစ်ဦး ယနေ့ သေဆုံးသွားခဲ့သည်။

” ကူသမှုခံယူနေတာ ၇၇ဦး။ ဒီနေ့ တစ်ယောက် သေဆုံးသွားတယ်။ ဒေသခံတွေအနေနဲ့ ကိုဗစ်ကို ပေါ့မတွက်စေချင်ဘူး”ဟု ကွတ်ခိုင်မြို့မှ လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ကွတ်ခိုင်မြို့၏ ပထမဆုံးသေဆုံးသည့် ပိုးတွေ့လူနာမှာ အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ကွတ်ခိုင်အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင်ကိုဗစ်ပိုးတွေ့လူနာ များပြားလာပြီး သီပေါမြို့တွင်လည်း ယနေ့ တစ်ရက်တည်း၌ ၁၃ ဦး တွေ့ရှိခဲ့သည်။mizzima

ဂျပန်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်ရေး ကြွေးကြော်သံများနှင့် NUG အစိုးရကို ထောက်ခံကြောင်း ချီတက် ဆန္ဒပြ

ဂျပန်နိုင်ငံတွင် ယနေ့ မွန်းလွဲ၃နာရီက အိုဆာကာမြို့၊ Nakanoshima ပန်းခြံတွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်သံများများနှင့် NUG အစိုးရကိုထောက်ခံကြောင်း နွေဦးတော်လှန်ရေး ဆန္ဒပြပွဲကို ဂျပန်ရောက်မြန်မာများနှင့် မြန်မာ့အရေး ကူညီအားဖြည့်သူ ဂျပန်လူမျိုးအချို့ပူးပေါင်းကာ ချီတက် လှည့်လည် ဆန္ဒပြခဲ့သည်။

“ကျွန်မတို့ ဗမာပြည်သားတွေက သူတို့အာဏာသိမ်းတာကို လုံးဝလက်မခံဘူးဆိုတာ ပြချင်လို့ ဒီလိုမျိုး အပတ်တိုင်း ဆန္ဒပြပွဲတွေ လုပ်နေရတာပါ” ဟု ဆန္ဒပြပွဲ ဆောင်ရွက်သူ တစ်ဦးဖြစ်သည့် မမို့မို့ဦးက ပြောဆိုသည်။

မမို့မို့ဦးသည် အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းလိုက်သည့် အချိန်ကစ၍ အိုဆာကာနှင့် ဂျပန်အနောက်ပိုင်းဒေသရှိ မြန်မာနိုင်ငံသားများကို ဦးဆောင်ကာ ဆန္ဒပြပွဲများ စဉ်ဆက်မပြတ် လုပ်နေခဲ့သူ တစ်ဦးဖြစ်သည်။

ထို ဆန္ဒပြပွဲတွင် ဒီမိုကရေစီရရှိရေး၊ တရားမျှတမှုရရှိရေးနှင့် ဖမ်းဆီးထားသော ခေါင်းဆောင်များကို ပြန်လွှတ်ပေးရေး၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး အစရှိသည်တို့ကို ကြွေးကြော်သံများ ကြွေးကြော်ခဲ့သည်။

အိုဆာကာမြို့ရှိ မြန်မာများသည် အကြမ်းဖက် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလက စတင်ကာ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး ဧပြီလက စတင်ပြီး ကိုဗစ် ရောဂါ အရေးပေါ်အခြေအနေကြောင့် ဆန္ဒပြပွဲများ ရပ်နားခဲ့ရခြင်းဖြစ်သည်။khit thit

ပြင်ဦးလွင်မြို့၌ ဈေးဆိုင်ဖွင့်ချိန် ယာယီပြောင်းလဲ သတ်မှတ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ ဆေးဆိုင်၊ အခြေခံစားသောက်ကုန်ဆိုင်တွေအပြင် အစားအသောက်ရောင်းချတဲ့ ဆိုင်တွေကို  ဇူလိုင် ၁၁ ရက်နေ့ကစပြီး မနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမယ်လို့  ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။ 

စစ်တပ်တွေအခြေစိုက်တဲ့ ပြင်ဦးလွင်မြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူရော သေဆုံးသူပါ တိုးလာပြီးနောက် ခုလိုလုပ်ဆောင်တာဖြစ်ပါတယ်။ 

ပြင်ဦးလွင်မြို့မှာ ဒီကနေ့ ဇူလိုင် လ ၁၁ ရက် မနက်ပိုင်းမှာတော့ ကိုဗစ်-၁၉ အတည်ပြု လူနာ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။  ဇူလိုင် ၁ ရက် မှ ၁၀ ရက်အထိ  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ  ၂၈၄  ဦး ရှိပြီး သေဆုံးသူ  ၁၃ ဦး ရှိတယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။ 

ပြင်ဦးလွင်မြို့နယ်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့အတွက်  Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကာ အသွားအလာ ကန့်သတ်ထားတဲ့အပြင် စားသောက်ဆိုင်တွေကိုလည်း ပါဆယ်အဖြစ်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားပါတယ်။

ဒါ့အပြင် မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေ ထားရှိထားပြီး အိမ်အပြင်ထွက်ခွင့်ကတ်တွေကိုပါ လုပ်ပေးထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၃၇၇ ယောက်၊ သေဆုံးသူ ၇၁ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၈၈,၇၅၂ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။DVB

ကျောက်ဆည်တွင်စစ်ကောင်စီတပ်စွဲရာ အဆောက်အဦကိုမီးရှို့၊ ရဲစခန်းရှေ့ဗုံးဖောက်ခွဲ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဒွေးလှကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာ လမ်းမကြီးဘေးတွင်ရှိသည့် စစ်ကောင်စီတပ်စွဲလေ့ရှိရာ အဆောက်အဦတစ်ခုအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့မှ မီးရှို့ဖျက်စီးလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၀ ရက်၊ ညနေ ၃ နာရီအချိန်တွင် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးဘေးတွင်တည်ရှိသည့် “ဗိုလ်တဲ” ဟုခေါ်သည့် ထိုအဆောက်အဦအား မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

ထိုအဆောက်အဦကို အရေးကြီးသောအချိန်အခါမျိုးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများအင်အားအလုံးအရင်းဖြင့် တပ်စွဲလေ့ရှိပြီး ၊ ဗျူဟာကျသည့် နေရာတစ်ခုဖြစ်သည့်အတွက် ယခုလိုမီးရှို့ခဲ့ခြင်းဖြစ်ကြောင်းထုန်ပြန်ထားသည်။

“ဗိုလ်တဲ” ဟုခေါ်သောအဆောက်အဦသည် ရဲစခန်းဟောင်းနေရာဖြစ်ပြီး ကျောက်ဆည်မြို့အနောက်ဘက် ၁၁ မိုင်ခန့်အကွာတွင်တည်ရှိသည်။ လက်ရှိအချိန်တွင် နေထိုင်သူမရှိပေ။ စစ်အာဏာသိမ်းသည့်နေ့တွင်လည်း အဆိုပါ အဆောက်အအုံနေရာတွင် တပ်စွဲခဲ့ကာ နောက်ပိုင်းတွင်လည်း ငါးကြိမ်ခန့်ထိ တပ်သားအင်အား ရာဂဏန်းဖြင် တပ်စွဲကြောင်းဒေသခံပြောဆိုချက်အရသိရသည်။

အဆောက်အဦမီးလောင်ပြာကျပြီး တိုင်လုံးအချို့သာကျန်သည့်အချိန်တွင် စစ်ကောင်စီတပ်သားများ ကားအသေးတစ်စီး၊ စစ်ကားကြီးတစ်စီး၊ မီးသတ်ကားတစ်စီးနှင့်အတူ မီးငြိမ်းသတ်မှုပြုလုပ်ခဲ့ကြသည်။ ထို့နောက်အဆောက်အဦအနီးဝန်းကျင်ကျေးရွာဖြစ်သည့် ဒွေးလှကျေးရွာတွင် စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုမီးလောင်မှုဖြစ်စဉ်ဖြစ်သည့် ဇူလိုင်လ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ကျောက်ဆည်မြို့မရဲစခန်းရှေ့တွင် ဗုံးဖောက်ခွဲမှုတစ်ခုကို ထပ်မံပြုလုပ်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။mizzima

M1 Group သို့ တယ်လီနော ဆက်သွယ်ရေးလုပ်ငန်း ရောင်းချမှု မြန်မာလူထုအတွက် ရေနစ်ရာ ဝါးကူထိုးသည့်လုပ်ရပ် ဟု ဝေဖန်

လက်ဘနွန်အခြေစိုက် M1 Group ထံသို့ တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းရောင်းချမှုသည် မြန်မာလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပုဂ္ဂလိက လုံခြုံမှုအတွက် ရေနစ်ရာ ဝါးကူထိုးသည့် လုပ်ရပ်ဖြစ်ကြောင်း Justice For Myanmar က ဝေဖန်သည်။

တယ်လီနောကို ဝယ်ယူလိုက်သည့် M1 Group သည် ဖက်ဆစ်စစ်တပ်ထိန်းချုပ်သည့် မိုဘိုင်းဖုန်းအော်ပရေတာ Mytel နှင့် စီးပွားရေး လုပ်ဆောင်နေသည့် Irrawaddy Green Towers ဆက်သွယ်ရေးတာဝါတိုင်ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံထားသူဖြစ်သည်။

M1 Group သည် အာဏာရှင်များနှင့် လက်ဝါးချင်းရိုက်ကာ အကျိုးအမြတ်ရှာဖွေရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများအတွက် ငွေကြေးထောက်ပံ့ခဲ့သော လုပ်ငန်းဖြစ်၍ မြန်မာပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ကြောင်း ယင်းကဆိုသည်။ တယ်လီနောမြန်မာကို ဝယ်ယူသူ M1 Group သည် မသမာသည့် စီးပွားရေး နိုင်ငံရေး နည်းလမ်း များဖြင့် အလွန်အမင်းချမ်းသာကြွယ်ဝလာကြသည့် လက်ဘနွန်နိုင်ငံသား မီကာတီ (Mikati) မိသားစုက ပိုင်ဆိုင်သည့် ဦးပိုင်ကုမ္ပဏီတစ်ခု ဖြစ်သည်ဟု JFM ကဆိုသည်။

အဆိုပါကုမ္ပဏီကို ယခင်က လက်ဘနွန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သူ နာဂျစ်မီကာတီနှင့် ၎င်း၏ အစ်ကိုဖြစ်သူ တာဟာတို့က တည်ထောင်ခဲ့သည်။

ယင်းမိသားစုသည် ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် လူ့အခွင့်အရေးနှင့် ပုဂ္ဂလိကလုံခြုံရေးတို့ကို လျစ်လျူရှုပြီးအာဏာရှင်များနှင့် လက်ဝါးချင်းရိုက် အကျင့်ပျက်ခြစားသည့် သမိုင်းကြောင်းဖြင့် ကျော်ဇောသူများဖြစ်ကြသည်ဟု Justice For Myanmar က ထုတ်ဖော်သည်။

၂၀၁၉ ခုနှစ်တွင် အစိုးရထောက်ပံ့အိမ်ရာချေးငွေအစီအစဉ်တစ်ရပ်မှတစ်ဆင့် တရားမဝင် ငွေကြေး ရယူခြင်းအတွက် နာဂျစ်မကာတီအပေါ် အကျင့်ပျက်ချစားမှုစွဲချက်များဖြင့် လက်ဘနွန်နိုင်ငံတွင် တရားစွဲဆိုခဲ့သော်လည်း ၂၀၂၁ ခုနှစ် မေလတွင် မီကာတီအပေါ် စွဲချက်များနှင့် အခြားသောနာမည်ကျော် အမှုများကို အမှုလိုက်နေသည့် အစိုးရရှေ့နေအား ရာထူးမှ ဖယ်ရှားခဲ့သည်ဟု JFM ကဆိုသည်။ တယ်လီနော၏ ရောင်းချမှုသည် မဆင်မခြင်လုပ်ရပ်ဖြစ်ပြီး ကျင့်ဝတ်မဲ့စီးပွားရေး ဆက်နွယ်မှု သမိုင်းကြောင်းများရှိသည့် မီကာတီ၏ ကုမ္ပဏီသည် ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံအတွင်း အဖက်တင် ကျန်ရစ်တော့မည်ဖြစ်ကြောင်း Justice For Myanmar က ထောက်ပြဝေဖန်သည်။khit thit

မကွေးမြို့၌ အချုပ်သား ၁၀ ဦးအပါဝင် ကိုဗစ်- ၁၉ အတည်ပြုလူနာ ၄၀ တွေ့ရှိ

မကွေးမြို့မှာ ဇူလိုင် ၁၁ ရက်နေ့က အချုပ်သား ၁၀ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ယောက်  ၄၀ ဦးတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

မကွေးမြို့မရဲစခန်းက အချုပ်သား ၁၀ ယောက်အပါအဝင် စစ်ကောင်စီရဲ့ဝန်ထမ်း ၁၉ ယောက်နဲ့ ဒေသခံပြည်သူ ၁၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရတဲ့ စစ်ကောင်စီရဲ့ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေကိုတော့ မကွေးတိုင်းပြည်သူဆေးရုံ ၅ ထပ်ဆောင်မှာကုသပေးမှာဖြစ်ပြီး အချုပ်သား ၁၀ ယောက်ကို ဘယ်မှာကုသပေးမယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၃၀၀ ကျော်ရှိပြီး သေဆုံးတဲ့သူ ၁၉ ယောက်ရှိပြီလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။DVB

« Older Entries