ဧည့်လမ်းညွှန်ဖြစ်တဲ့ ကိုတင်နိုင်မှာ အိပ်မက်တွေ ရှိပါတယ်။ အဲဒါတွေထဲက တစ်ခုက ကမ်းခြေမှာ ဘန်ဂလိုလေးတစ်လုံး တည်ပြီး ခရီးသွားလုပ်ငန်းလုပ်ချင်တာပါ။ သူပိုင် ခရီးသွား ကုမ္ပဏီ လည်း ရှိပါတယ်။
အခုတော့ ကုမ္ပဏီ ပိုင်ရှင်တဖြစ်လဲ PDF တပ်သား ကိုတင်နိုင်တစ်ယောက် သူယုံကြည်ရာ ဒီမိုကရေစီအရေးအတွက် အသက်စွန့်သွားပါပြီ။ ကိုတင်နိုင်ဟာ ထားဝယ်မြို့နယ်ထဲက ရောင်းမော်ရွာမှာ ဇူလိုင်လ ၇ ရက်ညကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ရတာပါ။ စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာပဲ ထားဝယ်မြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အမြဲမြင်တွေ့ရလေ့ရှိတဲ့ ကိုတင်နိုင်ဟာ အရင်က ခရီးသွားကုမ္ပဏီပိုင်ရှင် တစ်ယောက်ပါ။
စစ်တပ်က ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းချိန်မှာတော့ သူဟာ စစ်အာဏာရှင်ကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ဖို့အတွက် ထားဝယ်ဒေသတောတွင်းတစ်နေရာကို သွားရောက်ခဲ့ပါတယ်။ လူကောင် သေးညှက်ပေမယ့် ကြံ့ခိုင်တဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ ကိုတင်နိုင် တစ်ယောက် မြို့ပြနဲ့ ဝေးရာရောက်ချိန်မှာတော့ Dawei Defense Team ကို စိတ်တူကိုယ်တူသူတွေနဲ့ ထူထောင်ပြီး စစ်အာဏာရှင်ရဲ့ လက်ကိုင် တုတ် စစ်ကောင်စီတပ်တွေကို တုံ့ပြန်ဖို့ လေ့ကျင်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။
ဒီနောက်မှာတော့ လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တာ ၊ ဗုံးခွဲတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို အကြမ်းဖက်လုယူသွားတဲ့ စစ်ကောင်စီတွေ၊ ဒလန်တွေကိုတိုက်ခိုက်ရင်း ရောင်းမော်ရွာတိုက်ပွဲမှာ အခြား PDF တပ်သားတစ်ယောက်နဲ့အတူ ကျဆုံးသွားခဲ့တာပါ။
ရောင်းမော်ရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ အဖွဲ့ကို ဗုံးနှစ်လုံးနဲ့ သွားပစ်ပါတယ်။ဒီအချိန်မှာ ကျောင်းထဲမှာ တပ်စွဲထားတဲ့ အဖွဲ့က သေနတ်နဲ့ ပြန်ပစ်တဲ့အချိန်မှာ ကိုတင်နိုင်ကို ထိမှန်ပြီး ကျဆုံးသွားခဲ့တာပါ။ ကျောင်းထဲမှာ တပ်စွဲထားတာ ပျူစောထီး အဖွဲ့လို့ ဆိုကြပေမဲ့ သူတို့ကတော့ ဒေသခံ ပြည်သူ့စစ်တပ်သာ ဖြစ်တယ်လို့ ပြန်ပြောပါတယ်။
တပ်ဖွဲ့ဝင်တွေဟာ စာသင်ကျောင်းကို သွားတဲ့အချိန်ဟာ ညအချိန်မတော် ဆိုင်ကယ်တဲ့သွားကြတာဖြစ်လို့ လမ်းက ဒလန်တစ်ယောက်က ကျောင်းစောင့် တပ်ဖွဲ့ကို ကြိုတင်သတင်းပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါကြောင့် ကျောင်းစောင့် တပ်ဖွဲ့က အလစ်ငိုက်မဖြစ်တော့ဘဲ ကြိုတင်စောင့်ဆိုင်းပြီး အပေါ်စီးကနေ ပစ်ခတ်နိုင်ခဲ့တယ်လို့အနီးအနားရွာက ဒေသခံတွေက သုံးသပ်ပါတယ်။
အဲဒီညက DDT အဖွဲ့ဟာ နှစ်ဖွဲ့ခွဲ လှုပ်ရှားခဲ့ပြီး တစ်ဖွဲ့က စစ်ကားလာမယ့်လမ်းမှာ မိုင်းထောင်ခဲ့တယ်လို သိရပါတယ်။ မိုင်းခွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ DDT တပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။ ကျဆုံးသွားတဲ့ ကိုတင်နိုင်ဟာ ခရီးသွားကုမ္ပဏီမထောင်မီ အလှသစ်စင်တာအရှေ့ တော်ဝင်ဂိတ်မှာ ဆိုင်ကယ်ကယ်ရီမောင်းခဲ့ပါတယ်။
ထိုင်းဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားပြောဆိုနိုင်တဲ့ အပြင် ထိုင်းနိုင်ငံမှာ ခရီးသွားဧည့်လမ်းညွှန်အဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့တော့ မကြာခင်မှာပဲ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး ကုမ္ပဏီတစ်ခု ထူထောင်ခဲ့ပါတယ်။
Titan ဆိုတဲ့အမည်နဲ့ ခရီးသွားကုမ္ပဏီထောင်ပြီး ထားဝယ်မြို့တွင်းလမ်းမှာ အိမ်ငှားပြီး ရုံးခန်းဖွင့်ခဲ့တာပါ။ အဲဒီအချိန်မှာ အဓိကအားဖြင့် နိုင်ငံခြားသားခရီးသွားတွေကို ကမ်းခြေတွေ၊ ပင်လယ်ထဲက ကျွန်းတွေကိုပို့ပေးပြီး သူကိုယ်တိုင် စကားပြန်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုပို့နေရင်းနဲ့ပဲ NLD အစိုးရလက်ထက်မှာ လောင်းလုံးမြို့နယ်ထဲက နာမည်ကြီး ကမ်းခြေတစ်ခုမှာ ခြံပိုင်ရှင်တစ်ယောက်နဲ့အတူ ရှယ်ယာလုပ်ပြီး စားသောက်ဆိုင်၊ ဘန်ဂလိုလုပ်ဖို့အတွက် စလုပ်ခဲ့ပါတယ်။
ခြံပိုင်ရှင်က မြေနေရာစိုက်ပြီး သူ့ကုမ္ပဏီက ငွေကြေးအရင်းအနှီး စိုက်ထုတ်မယ်ပေါ့။ဒါပေမယ့် NLD တိုင်းအစိုးရက ဒါကိုခွင့်ပြုချက်မပေးတဲ့အတွက် အချိန်တွေကြာလာပြီး ခြံပိုင်ရှင်နဲ့ ပြဿနာတက် တရားစွဲတဲ့အဆင့်ထိ ရောက်သွားခဲ့ပါတယ်။ NLD အစိုးရက အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုမိန့်မပေးလို့ လုပ်ငန်းဆက်လုပ်လို့မရဘဲ ဒုက္ခရောက်နေတဲ့ ကိုတင်နိုင်အတွက် နောက်ထပ်ဒုက္ခတစ်ခုက ထပ်ပေါ်လာပြန်ပါတယ်။
တရုတ်နိုင်ငံကနေ စပြီးကူးစက်ခဲ့တဲ့ ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းတွေလည်း ရပ်လိုက်ရပါတယ်။ အဲဒီက ဝင်ငွေကို မှီခိုလို့ မရတော့တဲ့နောက် ကိုတင်နိုင်ရဲ့ ကုမ္ပဏီကို ဖျက်သိမ်းလိုက်ရတဲ့အထိ ရိုက်ခတ်သွား ခဲ့တာပါ။ ဒါပေမဲ့ ကိုတင်နိုင် လက်မလျှော့ပါဘူး။ ကိုဗစ်ကြောင့် ကုမ္ပဏီဖျက်သိမ်းလိုက်ရတဲ့ ကိုတင်နိုင်ဟာ သူသင်ယူတတ်မြောက်ထားတဲ့ အတတ်ပညာနဲ့ ဝမ်းစာရေးကို ဖြေရှင်းခဲ့ပါတယ်။
ထားဝယ်မြို့ရှိ ပခုက္ကူဘုန်းတော်ကြီးကျောင်းအရှေ့(ဟိန္ဒူဘုရားကျောင်းအရှေ့) လမ်းဘေးတစ်နေရာမှာ ပလာတာလုပ်ရောင်းခဲ့ တာပါ။ သူရောင်းခဲ့တဲ့ ပလာတာတွေက အခြားသူတွေနဲ့ မတူဘဲ စတော်ဘယ်ရီပလာတာ၊ ငှက်ပျောသီးပလာတာတွေ လုပ်ရောင်းခဲ့တာပါ။
ဒီလိုပလာတာရောင်းရင် ဝမ်းရေးဖြေရှင်းနေတဲ့အချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တော့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ PDF အဖွဲ့ဝင် အဖြစ်နဲ့ပဲ စစ်အာဏာရှင်ကို တော်လှန်ခဲ့တယ်လို့ဆိုရမှာပါ။
လောင်းလုံးကျွန်းဆွယ်က နာမည်ကျော် ကမ်းခြေတစ်ခုမှာ ဘန်ဂလိုနဲ့ စားသောက်ဆိုင်ဖွင့်ဖို့ အိပ်မက်မက်ခဲ့တဲ့ ကိုတင်နိုင်တစ်ယောက် ဒီမိုကရေစီခရီးကြမ်းမှာ စောစီးစွာ အသက်ပေးလိုက်ရပြီဖြစ်ပါတယ်။ အသက်နဲ့ အတူ သူ့အိပ်မက်တွေကို အာဏာရှင်တိုက်ဖျက်ရေး ပေးလှူလိုက်ပါပြီ။khit thit
Like this:
Like Loading...