Monthly Archives: Jul 2021

မော်လမြိုင်သုသာန်များတွင် ၃ ရက်အတွင်း ကိုဗစ်လူနာ ၇၀ ကျော် မီးသင်္ဂြိုင်ပေးခဲ့ရ

မွန်ပြည်နယ် မော်လမြိုင် သုသာန်တွေမှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၇၀ ကျော် မီးသင်္ဂြိုင်ပေးခဲ့ရတယ်လို့ သုသာန်တာဝန်ရှိသူတွေက ပြောပါတယ်။

မော်လမြိုင် ပိန္နဲကုန်း သုသာန်မှာတော့ ဇူလိုင် ၁၁ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၁၇ ဦး၊ ဇူလိုင် ၁၂ ရက်နေ့မှာ ၂၁ ဦး၊ ဇူလိုင် ၁၃ ရက်နေ့မှာ ၁၇ ဦး စုစုပေါင်း ၆၅ ဦး မီးသင်္ဂြိုင်ပေးခဲ့ရတာပါ။

မော်လမြိုင် ပိန္နဲကုန်း သုသာန် တာဝန်ရှိသူ တစ်ဦးက “တခါမှ အဲလောက် ကိုဗစ်အတည်ပြုလူနာတွေကို မီးမသင်္ဂြိုင်ပေးခဲ့ဘူး၊ အခုက ရက်ဆက်ပဲ။ သုသာန်ဖွင့်တာနဲ့ ရောက်နေပြီး” လို့ DVB ကို ပြောပါတယ်။

အရင်က မော်လမြိုင် ပိန္နဲကုန်းသုသာန်မှာ တစ်ရက်ကို ကိုဗစ်အတည်ပြုလူနာ ၂ ဦးလောက်သာ မီးသင်္ဂြိုင်ပေးခဲ့ရပြီး ဒီ သုံးရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၆၅ ဦးကို မီးသင်္ဂြိုင်ပေးခဲ့ရတာ ဖြစ်ပါတယ်။

အစ္စလာမ်သုသာန်ဖြစ်တဲ့ မော်လမြိုင် မြို့မစန္နီမွတ်စလင်ဥယျာဉ်မှာတော့ အခု ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးကို မြှုပ်နှံပေးခဲ့ရတယ်လို့ ဥယျာဉ်တော် တာဝန်ရှိသူ တစ်ဦးက DVB ကို ပြောပါတယ်။

“အခုက ရက်ဆက်ပဲ ကျနော်တို့ နေ့စဉ် မြှုပ်နှံပေးနေရတာ၊ လာတဲ့သူတွေကလည်း ကိုဗစ်အတည်ပြုလူနာတွေ များတယ်”လို့ သူက ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၁၃ ရက်နေ့ ကိုဗစ်အတည်ပြုလူနာ ၂၈၀၀ ကျော်ထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ သေဆုံးသူ ၁၀၀ နီးပါးထိ ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ ရက်အတွင်း မွန်ပြည်နယ် တစ်ခုလုံးမှာ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၂၁ ဦးသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်တွေမှာတော့ မော်လမြိုင် ပိန္နဲကုန်း သုသာန်နဲ့ မော်လမြိုင် မြို့မစန္နီမွတ်စလင်ဥယျာဉ်တို့မှာ အဲဒီ ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၇၆ ဦးကို မီးသင်္ဂြိုင်ပေးခဲ့ရတာ ဖြစ်ပါတယ်။DVB

စစ်ကောင်စီက တရားရုံးကို မထေမဲ့မြင်ပြုပြီး ဓာတ်ပုံရိုက်ခဲ့သဖြင့် ရှေ့နေတားမြစ်

စစ်ကောင်စီကတရားရုံးကို မထေမဲ့မြင်ပြုပြီး တရားရုံးမှာ ဓာတ်ပုံရိုက်ခဲ့တာကို  တားမြစ်ပေးဖို့  နိုင်ငံခေါင်းဆောင် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့  ရှေ့နေတွေက ဒီနေ့ ဇူလိုင် ၁၃ရက်နေ့ရုံးချိန်းမှာ တရားရုံးထံ တောင်းဆိုခဲ့ပါတယ်။

တရားရုံးတွေမှာ ကျင့်ဝတ်အရ သတင်းထောက်တွေ အပါအဝင် ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံ၊ ဗီဒီယိုမရိုက်ဖို့ စည်းကမ်းသတ်မှတ်ထားတာပါ။ တရားရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက “ဆရာဦးခင်မောင်ဇော်က သူတို့ ဓာတ်ပုံရိုက်တဲ့ဟာကို တရားရုံးတွေမှာ ဓာတ်ပုံရိုက်ဖို့ခွင့်မပြုဘူး။ သတင်းထောက်တွေကိုလည်း ခွင့်မပြုဘူး။ အဲ့ဒီအတွက်ကြောင့်မိုလို့ တရားရုံးတော်ကိုဓာတ်ပုံရိုက်ခြင်းဟာ မထီမဲ့မြင်ပြုရာရောက်တဲ့အတွက် တားမြစ်ပေးဖို့ဆိုပြီးလျှောက်တယ်။ တရားသူကြီးကတော့ တရားရုံး မှတ်တမ်းမှာလည်း ဖော်ပြပါရှိပြီးဖြစ်တဲ့အတွက်ကြောင့် ညှိနှိုင်းပြီးဆောင်ရွက်ပေး မယ်လို့ပြောတယ်”လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဇူလိုင် ၁၃ ရက်နေ့ရုံးချိန်းမှာ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးယောက်တွဲ အစွဲခံထားရဲ့ ပုဒ်မ ၅၀၅(ခ) အမှုအတွက် တရားလိုပြသက်သေ ဒုရဲမှူးတစ်ယောက်နဲ့ လဝကဦး စီးမှူးတစ်ယောက်ကို စစ်ဆေးခဲ့ပါတယ်။

သုံးဦးတွဲအမှုအတွက် နောက်ထပ်ရုံးချိန်းကို အချိန်နှစ်ပတ်ခွာပြီး ဇူလိုင် ၂၇ ရက်နေ့မှာ ပြန်ချိန်းခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဥပဒေအမှုအတွက်ကတော့ သက်သေတွေတစ်ယောက်မှမလာနိုင်တဲ့အတွက် ဇူလိုင် ၂၂ရက်နေ့ကို ရုံးချိန်းရွှေ့ဆိုင်းလိုက်ပါတယ်။

ရှေ့နေ ဒေါ်မင်းမင်းစိုးက “ဒီနေ့ကတော့ ထူးပြီးတော့ ဘာမှတော့ မပြောပါဘူး။ အမေကျန်းကျန်းမာမာရှိတယ်။ သူတို့ ၃ ဦးနဲ့ စကားပြောစရာရှိလို့ တခြားသီးသန့် သိပ်မပြောဖြစ်ဘူး။ မနေ့ကတော့ ပြည်သူတွေအတွက်နည်းနည်းပြောဖြစ်တယ်ပေါ့နော်။ ဒီနေ့က ဘာမှ မပြောဖြစ်ဘူး။ ကျန်းမာပါတယ်။ သူတို့ ၃ ယောက်လုံးက ဒီနေ့တချိန်တည်း တွေ့ရတာလေ”လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့ တရားစွဲခဲ့တာပါ။ ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ ထပ်မံစွဲဆိုထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှုဟာ စုစုပေါင်း ၁၁ မှု အထိရှိလာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အမှု ပထမဆုံးအကြိမ်ရုံးချိန်းမှာလည်း စစ်ကောင်စီမီီဒီယာတွေက ကျင့်ဝတ်ချိုးဖောက် ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ပြီး ထုတ်လွှင့်ပြသခဲ့ပါတယ်။DVB

စစ်အုပ်စုတပ်တွေ နှမ်းခါးကျေးရွာထဲ ဝင်ရောက်မွှေနှောက်သွားတဲ့အတွက် ဒေသခံတွေထွက်ပြေးနေရ

အာဏာသိမ်းစစ်အုပ်စုတပ်တွေက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာထဲ ဝင်ရောက်မွှေနှောက်သွားတဲ့အတွက် ရွာသူရွာသားတွေ အိမ်မပြန်ရဲသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

“စစ်ကား ၃ စီး၊ အင်အား ၈ဝ လောက်နဲ့ လာပြီးမှ ထိုင်နေတာဗျ။ ရွာထဲက နေမကောင်းတဲ့ လူကြီးတွေ၊ ရာသီတုပ်ကွေးဖြစ်နေတဲ့ သူတွေရော သူတို့လာလို့ အကုန်လုံးရှောင်ပြေးကြရတာ” လို့ ဒေသခံက ပြောပါတယ်။ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က နှမ်းခါးရွာကို အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးတွေအပါအဝင် စစ်အုပ်စုတပ်တွေက စစ်ကား သုံးစီး၊ အင်အား ၈ဝ ဝန်းကျင်နဲ့ လာရောက်ခဲ့ပြီးတော့ ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှ ပြန်သွားကြတယ်လို့ ဒေသခံက ပြောပါတယ်။

“ဘာကြောင့်လဲတော့ မသိဘူး။ အရင်ခါကလည်း လာနေကြဆိုတော့ ဇူလိုင် ၉ ရက် ညနေ ၅ နာရီဝန်းကျင်လောက်မှာ ရောက်လာတယ်။ ဒီနေ့မနက် ၅ နာရီခွဲလောက်မှ ပြန်သွားကြတယ်။

သူတို့က အခုလမ်းကြောင်းရှိလို့ နှမ်းခါးရွာတောင်ဘက် ဂန့်ဂေါလမ်းတစ်လျှောက်မှာ ကင်းပုန်းတွေဘာတွေ သွားစောင့်တဲ့ သဘောရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။နှမ်းခါးရွာမှာ လေးညအိပ်နေသွားတဲ့ စစ်အုပ်စုတပ်တွေဟာ ရွာသူရွာသားတွေ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန် ကြက်နဲ့ နွားတွေကိုလည်း သတ်ဖြတ်စားသောက်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုတပ်တွေ ရွာထဲကထွက်သွားပေမယ့် ကျန်းမာရေးအခြေအနေကြောင့် ပြန်ရတဲ့သူကလွဲပြီး အများစုကတော့ နေအိမ်ကို မပြန်ရဲကြသေးဘူးလို့လည်း သိရပါတယ်။“နွား နှစ်ကောင်မှာ တစ်ကောင်က သတ်ထားခဲ့တယ်။ တစ်ကောင်က သတ်ပြီး ချက်စားသွားတယ်။ ပြီးတော့ ရွာထဲမှာ လိုက်ပြီး ကြက်တွေ သတ်စားတာ။

တစ်နေ့ အကောင် သုံးဆယ်၊ လေးဆယ်လောက်ရှိတယ်။ လူတွေကတော့ သူတို့လာတာနဲ့ ရွာကနေ အကုန်ရှောင်နေကြတာ” လို့ ပြောပါတယ်။မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာမှာ အိမ်ခြေတစ်ထောင်ဝန်းကျင်ရှိတယ်လို့ သိရပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးတွေအပါအဝင် ရွာသူရွာသားတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး တောထဲမှာ ဆေးဝါးအခက်အခဲတွေလည်း အဓိကကြုံတွေ့နေရတယ်လို့ သိရပါတယ်။mizzima

မိတ္ထီလာခရိုင်၌ ကလေးအထူးကုဆရာဝန်ကြီးနှင့် ဝန်ထမ်းအချို့ ကိုဗစ်-၁၉ ကူးစက်ခံရ

မန္တလေးတိုင်း၊ သာစည်၊ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း ၄ မြို့နယ်မှာ ဇူလိုင် ၁၂ ရက်နေ့က ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ ကလေးအထူးကုဆရာဝန်ကြီး တစ်ယောက်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပါတယ်။

“တခရိုင်လုံးမှာ ထွေအုပ်ဝန်ထမ်း ၃ ဦး၊ လ.ဝ.က ဝန်ထမ်း ၂ ဦး၊ မြေစာရင်းဝန်ထမ်း ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦး ကိုဗစ်-၁၉ ဖြစ်သွားတယ်။ ကလေးအထူးကုဆရာဝန်ကြီးတဦးလည်း ကိုဗစ်-၁၉ ဖြစ်သွားတယ်လို့ သိရတယ်။ စားသောက်ကုန်နဲ့ ဆေးဆိုင်ကလွဲရင် တခြားဈေးဆိုင်တွေ ပိတ်ထားရတယ်။”လို့  မြို့ခံတစ်ဦးကပြောပါတယ်။

သာစည်မြို့နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၁၄၀ ရှိတဲ့အနက် ၄၇ ဦး ရောဂါပျောက်ကင်းသွားပြီး သေဆုံးသူ ၄ ဦး ရှိကာ ဆေးကုသမှုခံယူနေသူ ၈၉ ဦး ရှိနေပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၄ ဦးရှိတဲ့အနက် ၄ ဦး ပျောက်ကင်းပြီး ၂ ဦး သေဆုံးကာ ဆေးကုသမှုခံယူနေသူ ၁၁၈ ဦးရှိနေပါတယ်။

မလှိုင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၂ ဦးရှိတဲ့အနက် ၂ ဦး ပျောက်ကင်းပြီး ၁ ဦး သေဆုံးခဲ့သဖြင့် ၄၉ ဦး ဆေးကုသမှု ခံယူနေပါတယ်။

မိတ္ထီလာမြို့နယ်မှာ အတည်ပြုလူနာ ၁၁၀ ဦးအနက် မိတ္ထီလာဆေးရုံကို တခြားမြို့နယ်က လာရောက်ဆေးကုသတဲ့ ကိုဗစ်-၁၉ လူနာ ၅ ဦး သေဆုံးခဲ့ပြီး ပျောက်ကင်းသူ ၄ ဦးရှိကာ ဆေးကုသမှုခံယူနေသူ ၁၀၁ ဦး ရှိနေပါတယ်။

မိတ္ထီလာခရိုင်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂၀ ခန့်ရှိကာ ပျောက်ကင်းသူ ၆၄ ယောက် ရှိနေပြီး သေဆုံးသူ ၁၂ ဦး ရှိပါတယ်။DVB

ချင်းမိုင် ရွှေ့ပြောင်းလုပ်သားတန်းလျားတွင် ကိုဗစ် ၁၉ ပိုးတွေ့၊ လူ ၆၀ ခန့်ကို အသွားအလာ ကန့်သတ်

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆာရဖီးမြို့နယ် နောင်ဘက်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေ့ပြောင်းလုပ်သား ၂ ဦးဆီကနေ ကိုဗစ်-၁၉ ပိုး ကူးစက်ခံထားတာ တွေ့ရတဲ့အတွက် တာဝန်ရှိသူတွေက အဆိုပါ အလုပ်သမားတွေ စုဝေးနေထိုင်ရာ ဆိုက် (ကဲမ့်) ကို လော့ဒေါင်းချထားလိုက်တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါဆိုက် (ကဲမ့်) ထဲက အလုပ်သမား ၁ ဦးဟာ ချင်းမိုင်မြို့လယ် ဆန်ဒိတ် (ကလေးသူငယ်တရားရုံး) လမ်းဆုံနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ကိုဗစ် ၁၉ ကူးစက်ခဲ့တာဖြစ်ပြီး ဇူလိုင် ၁၀ ရက်နေ့မှာ တန်းလျားမှာ အတူနေတဲ့ နောက်ထပ်အလုပ်သမား ၁ ဦးထံမှာ ပိုးထပ်တွေ့ခဲ့တာပါ။

ဆာရဖီးမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လူထုကျန်းမာရေးဌာန တာဝန်ရှိသူတွေဟာ အဆိုပါ အလုပ်သမားကဲမ့်ကို လော့ဒေါင်းချထားလိုက်ပြီး ဆက်စပ်သူ ၁၈ ဦးကို swab ယူကာ ကလေးငယ် ၄ ဦး နဲ့ သက်ကြီးရွယ်အို ၂ ဦးအပါအဝင်  တန်းလျားမှာရှိတဲ့ လူပေါင်း ၆၈ ဦးကို ၁၄ ရက်တာ အသွားအလာ ကန့်သတ်ထားလိုက်ပါတယ်။ 

အဲဒီနောက် ကဲမ့်ထဲက လူတွေအတွက် အစားအစာနဲ့ သောက်ရေတွေ ပို့ပေးခဲ့ပြီး ဇူလိုင် ၁၃ ရက်ထုတ် နောက်ဆက်တွဲသတင်းတွေအရ  အဆိုပါကဲမ့်ထဲကနေ နောက်ထပ် အလုပ်သမား ၂ ယောက် ကိုဗစ်-၁၉ ကူးစက်ခံထားရတာတွေ့လို့ စုစုပေါင်း ပိုးတွေ့သူ ၄ ဦးရှိသွားပြီလို့ ဆိုပါတယ်။ 

ချင်းမိုင်ခရိုင်ရဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေမှာ ဇူလိင် ၁၃ ရက်ထုတ်ပြန်ချက်အရ နောက်ထပ်ပိုးတွေ့သူ ၃၀ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိပါတယ်။ မနှစ်ကစ ဒီကနေ့ထိ ကိုဗစ် ၁၉ ကူးစက်ခံရသူပေါင်း ၄၄၃၆ ဦး သက်သာပျောက်ကင်းလို့ ဆေးရုံဆင်းရသူပေါင်း ၄၁၆၈ ဦးရှိပြီး သေဆုံးသူ ၂၇ ဦးရှိပါတယ်။ 

ချင်းမိုင်ခရိုင်ထဲမှာလည်း မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား ဝင်ရောက်လုပ်ကိုင်နေပါတယ်။DVB

Sky Net ရုပ်သံလိုင်းဝန်ထမ်းများတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ

ရန်ကုန်ရှိ Sky Net ရုပ်သံလိုင်းတွင် ဝန်ထမ်းအနည်းဆုံး ၁၀ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရကြောင်း ယုံကြည်စိတ်ချရသောသတင်းရင် းမြစ်များအရသိရသည်။

ရုံးဝန်ထမ်းများကို Test Kitဖြင့် ဆေးစစ်ရာက သတင်းခန်း၊ စားသောက်ဆိုင်၊ လုံခြုံရေးနှင့် ထုတ်လွှင့်ရေးကဏ္ဍများမှ ဝန်ထမ်းများထဲတွင် ကိုဗစ်ပိုးကူးစက်ခံရသူများတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ကိုဗစ်ပိုးတွေ့သူအားလုံးကို နေအိမ်ပြန်စေခဲ့ကာ မိမိကိုယ်ပိုင်အစီအစဉ်ဖြင့် ကုသမှုခံယူရမှာဖြစ်သည်ဟု သိရသည်။

ကိုဗစ်-၁၉ တတိယလှိုင်းတက်လာချိန်တွင် Sky Net ၏ ရုံးဝန်ထမ်းများကို Camp သွင်းရန် ( ရုံးမှာပင်နေ၊ ရုံးမှာစားကာ အလုပ်လုပ်ခြင်း) နှင့် Work from Home (နေအိမ်မှအလုပ်လုပ်ခြင်း) တို့ လူခွဲရန်အတွက် ဆေးစစ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်း ဧရာဝတီရေတပ်ဌာနချုပ်ရှေ့ရှိ Sky Net ရုပ်သံရုံးတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးသည့်အချိန်ကတည်းကစ၍ စစ်ကောင်စီတပ်များ တပ်စွဲနေခဲ့သည်။mizzima

တရုတ်နိုင်ငံ ဝမ်တိန်ဘက်ရောက် မြန်မာ့ ပင်လယ်ထွက်ကုန်နှင့်ကုန်စိမ်းများ မြေမြှုပ်ပစ်ရ

တရုတ်နိုင်ငံ ဝမ်တိန်ဘက် ရောက်နေပြီဖြစ်တဲ့ မြန်မာ့ပင်လယ်ထွက်ကုန်နဲ့ ကုန်စိမ်းတွေမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတာ‌ကြောင့် မြေမြှုပ်ပစ်ရတယ်လို့ မြန်မာကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“ကုန်စိမ်းနဲ့ အေးခဲ သား၊ ငါး တင်လာတဲ့ကားတွေကတော့ အထဲရောက်တဲ့ကားကလည်း တရုတ်က ပိုးတွေ့လို့ စားသုံးခွင့်မပြုတဲ့အတွက် မြှုပ်ခိုင်းတယ်။ ဗမာဘက်ရှိနေတဲ့ မဝင်ရသေးတဲ့ ကားတွေကျ တချို့ လွှင့်ပစ်ကြတယ်” လို့ သူက ပြောပါတယ်။

ငါးရှဉ့်တွေလည်း လက်မခံတာကြောင့် ဇူလိုင် ၁၁ ရက်နေ့က မြေမြှုပ်ပစ်လိုက်ရကြောင်း၊  သက်ဆိုင်ရာ ကုန်သည်‌တွေနဲ့ အကျိုးအကြောင်း ပြေပြေလည်လည် ကြိုတင်ညှိနှိုင်းသင့်တယ်လို့ ဝမ်တိန်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

တရုတ်အနေနဲ့ မြန်မာဘက်က တင်ပို့လာတဲ့ ဖရဲ၊ ငှက်ပျောတွေကိုလည်း ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးပြီးမှ လက်ခံတာတွေ ရှိခဲ့ပါတယ်။

ကိုဗစ် အကြောင်းပြချက်နဲ့ မြန်မာ – တရုတ် အဓိက ကုန်သွယ်ရာ မန့်ဝိန်း၊ ကျင်စန်းကျော့နဲ့ ဝမ်တိန် ဂိတ်တွေကို ကိုဗစ်ကာလတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး ကန့်သတ်မှုတွေပြုလုပ်တာကြောင့် ဖရဲ၊ သခွား၊ သရက် စတဲ့ လုပ်ငန်းရှင်တွေ အရည်အသွေးကျတာတွေ၊ လက်မခံတာတွေကြောင့် များစွာ စွန့်ပစ်ခဲ့ရပြီး မြန်မာဘက်ခြမ်း နမ့်ခမ်းမြို့နယ်၊ မန့်ဝိန်းကြီးမြို့နယ်တွေဘက်က ကြံဧက သောင်းချီလည်း စွန့်ပစ်ခဲ့ရပါသေးတယ်။

မူဆယ်မြို့နယ်မှာ မြန်မာနဲ့တရုတ် နယ်စပ်ဂိတ်ပေါက် ၅ ခုရှိတာ ဖြစ်ပြီး မန့်ဝိန်း – ကျယ်ဂေါင် ဝင်/ထွက် ဂိတ်မှ မြန့်မာ့ လယ်ယာထွက်ပစ္စည်းတွေ၊ ပုပ်ပျက်မလွယ်တဲ့ ကုန်တွေနဲ့ ကြံတွေပါ တင်ပို့ပြီး တရုတ်ဘက်က ကုန်မျိုးစုံ ပြန်လည်တင်သွင်းနေတာပါ။

နန်းတော် – ကျယ်ဂေါင်၊ ဆင်ဖြူ – ကျယ်ဂေါင် ဂိတ်ကနေ လူဝင်၊ လူထွက် အဓိက ထားကာ ကျင်းစန်းကျော့ – ဝမ်တိန်၊ ကြူကုတ်(ပန်ဆိုင်း) – ဝမ်တိန်ဂိတ်ကနေ မြန်မာ့ ပင်လယ်ထွက်ကုန်နဲ့ အခြားကုန်တွေ တင်ပို့ပေမယ့် ကိုဗစ် တတိယလှိုင်းကာလမှာတော့ ကျင်စန်းကျော့ တဂိတ်တည်းကိုသာ အသုံးပြုပြီး နှစ်နိုင်ငံ အဓိက ကုန်သွယ်ရာမှာ ကိုဗစ်ပိုး ပြန်လည် စစ်ဆေးတွေ့ရှိတာကြောင့် ဇူလိုင် ၈ ရက်နေ့ကစ နယ်စပ်ဂိတ်အားလုံး ပိတ်လိုက်တာ ဖြစ်ပါတယ်။DVB

« Older Entries