Monthly Archives: Jul 2021

ရေ​ဝေးသုသာန်တွင် ညအချိန်အထိ အ​လောင်းများ ပုံပြီး သဂြိုလ်ရန် တန်းစီ​နေ

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်း ကူးစက်​နေပြီး ရန်ကုန်တွင် ကိုဗစ်​ကြောင့် ​သေဆုံးသူများ များပြား​နေရာ ဇူလိုင် ၁၄ ရက်​နေ့ ညပိုင်းအချိန်အထိ အ​လောင်းများ မီးသဂြိုလ်​ပေး​နေရဆဲဖြစ်​ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။ယ​နေ့ ​ရေ​​​ဝေးတွင် သဂြိုလ်ရသည့်အ​လောင်းအ​ရေအတွက် ၂၅၀ ​ကျော် ၃၀၀ နီးပါး ရှိ​ကြောင်း ပရဟိတ အဖွဲ့တချို့က ဆို​သော်လည်း ​ရေ​ဝေးသုသာန်မှ စည်ပင်ဌာနမှူးများက အတည်ပြု ထုတ်ပြန်​ပြောဆိုခြင်းမရှိ​ပေ။ စစ်​ကောင်စီကမူ ယ​နေ့ ဇူလိုင်လ ၁၄ ရက်​နေ့ ကိုဗစ်အတည်ပြုလူနာ ၇၀၈၃ ဦးရှိပြီး ​သေဆုံးသူ ၁၄၅ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။khit thit

မန်းစည်ပင်ပိုင် ဆီဘောက်ဆာတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရဟုဆို

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မော်တော်ယာဉ်ဌာနတွင် ယနေ့ (ဇူလိုင်) နံနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ဆီသယ်ယာဉ် (ဆီဘောက်ဆာ) တစ်စီး မီးလောင်ပျက်စီးခဲ့သည်ဟု တာဝန်ရှိသူက အတည်ပြုသည်။

“ရိုးရိုး မီးမတော်တဆလောင်တာတော့ မဟုတ်ဘူး။ လက်လုပ်ဗုံးကွဲတာလို့ ယူဆရပါတယ်။ တာဝန်ရှိသူတွေ စစ်ဆေးနေတုန်းပါ။ ဒီမှာက ဝန်ထမ်းကလည်း ၆၀၀၀ ကျော်လောက်ရှိတယ်။ အဝင်အထွက်ကလည်း ရှုပ်တော့ ဘယ်သူက ဘယ်လိုလုပ်တာလဲဆိုတာတော့ ပြောရခက်ပါတယ်” ဟု စည်ပင်သာယာရေးကော်မတီမှ အရာရှိကြီးတစ်ဦးက ပြောသည်။ 

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ ၁၀၅ လမ်းနှင့် ၁၀၆ လမ်းကြားရှိ စည်ပင်သာယာရေးကော်မတီ၏ မော်တော်ယာဉ်ဌာနအတွင်း ယနေ့ နံနက် ၆ နာရီခန့်က ဆီဘောက်ဆာကားတစ်စီး မီးလောင်ပြီး ပေါက်ကွဲသံများဆူညံနေခဲ့ကြောင်း ထိုပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။ 

“ပေါက်ကွဲသံတွေ အကျယ်ကြီးတွေ အရင်ကြားရတာ။ ချက်ချင်းပဲ မီးခိုးတွေ အများကြီးထွက်လာတာ။ နောက်မှ သိရတာက ဆီဘောက်ဆာကားမှာ ဗုံးထောင်ထားပြီး ကွဲတာလို့သိရတာ။ အသံတွေကတော့ အကျယ်ကြီးတွေ၊ ဆီဘောက်ဆာဖြစ်တဲ့အတွက် အဲ့ဒါကွဲပြီး ထွက်တာထင်တယ်” ဟု လမ်း ၆၀ အနီး ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

လူမှုကွန်ရက်တွင် တွေ့ရှိရသည့် ဗီဒီယိုတစ်ခုတွင် ဆီဘောက်ဆာကာ မီးလောင်ခဲ့ပြီး အဆိုပါအဆောက်အအုံအတွင်းရှိ အခြားယာဉ်များ လောင်ကျွမ်းခြင်းမရှိသည်ကို တွေ့ရသည်။ 

မီးလောင်ပေါက်ကွဲရာသို့ မီးသတ်တပ်ဖွဲ့က အင်အားအများအပြားဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ပြီး ဆီဘောက်ဆာကားနှင့် အဆောက်အအုံပျက်စီးသွားသည်ကိုလည်း တွေ့ရှိရသည်။ 

မန္တလေးမြို့ရှိ စည်ပင်သာယာရေးကော်မတီရုံးအပါအဝင် မော်တော်ယာဉ်ဌာနသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးရုံးများနည်းတူ လုံခြုံရေးအကာအရံ ထူထပ်သည့် နေရာများဖြစ်သည်။ 

အာဏာသိမ်းမှုဆန့်ကျင်သူများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခဲ့သောကြောင့် ရာနှင့်ချီသော အရပ်သားပြည်သူများ သေဆုံးခဲ့ရပြီး နိုင်ငံတဝန်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းကာ စစ်ကောင်စီကို ခုခံတော်လှန်လျက်ရှိသည်။

မြို့ကြီးများနှင့် ဒေသအချို့တွင် စစ်ကောင်စီသတင်းပေးများနှင့် အုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခံရမှုများပေါ်ပေါက်ခဲ့သည့်နည်းတူ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအတွင်းရှိ အခြေခံအဆောက်အအုံများ ဗုံးခွဲတိုက်ခိုက်ခံရခြင်းများလည်း ရှိသည်။ myanmar now

ကျောက်ဆည်လျှပ်စစ်ရုံးကို ဗုံးခွဲခဲ့ဟု KDDF အဖွဲ့ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မှာရှိတဲ့ လျှပ်စစ်ရုံးကို ဇူလိုင် ၁၄ ညနေ ၃ နာရီမှာ  ဗုံးခွဲခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF ကကြေညာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  ပြည်သူတွေဟာ ကိုဗစ်-၁၉ ရောဂါနဲ့ပါ  စီးပွားရေးကျပ်တည်းနေချိန် ကျောက်ဆည်လျှပ်စစ်ရုံးEPC အဖွဲ့သားတွေက မီတာခတွေကို ဆက်ကြေးကောက်သလို ခြိမ်းခြောက်ကောက်ခံနေတာကြောင့်  ကျောက်ဆည်လျှပ်စစ်ရုံးကို ဗုံးခွဲအသိပေးလိုက်တာလို့ ဆိုပါတယ်။ 

“ရွာတွေက လူတွေကို ပိုဖိအားပေးပြီး လိုက်ကောက်နေတယ်။ ရွာကလူတွေက သူတို့တစ်အိမ်ထဲ မီးဖြတ်ခံရရင် အန်အယ်လ်ဒီအိမ်ဆိုပြီး  ဒုက္ခပေးခံရမှာကြောက်လို့ မရှိရှိတာ ချေးငှားပြီး ပေးနေရတယ်။ EPC ရုံးကို ပထမအကြိမ် သတိပေးစာထုတ်ပြန်ခဲ့ပြီးပြီး။ ဒါဟာ ဒုတိယအကြိမ် ဗုံးခွဲအသိပေးတာ။ ဆက်လုပ်နေ ဦးမယ်ဆိုရင် ပြည်သူ့ဆန္ဒအတိုင်း စီရင်သွားရမှာပဲ” လို့ KDDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ 

ကျောက်ဆည်မြို့ပေါ်က လူငယ်တစ်ဦးကလည်း ” မီတာခကို သုံးလေးလစာ ပေါင်းကောက်တယ်။ မီတာလာကောက်ရင်လည်း အနည်းဆုံး ၂ ယောက်လောက် အမြဲလာတယ်။ မပေးရင် တရားစွဲမယ်လို့ ပြောတယ်။ တချို့အိမ်တွေဆို လက်နက်နဲ့ပါ ခြိမ်းခြောက်တယ်။ ကျနော်တို့က မပေးနိုင်လို့ လာတာနဲ့ တံခါးစွဲပိတ်ပြီး နေရတယ်” လို့ ပြောပါတယ်။

ကျောက်ဆည်ဒေသကရွာသားတစ်ဦးကလည်း ” ကျနော်တို့ဆို မီတာခမပေးလို့မရဘူး။ အိမ်က မိသားစုတွေက ကိုဗစ်ဖြစ်နေလို့ အောက်ဆီဂျင်တပ်ထားရတာ။ သူတို့မီးဖြတ်သွားရင် အကုန်ဒုက္ခရောက်မှာ” လို့ ပြောပါတယ်။

ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလ ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေချိန် အခြေခံ လူတန်းစာတွေအတွက် စားနပ်ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့သလို  မီတာခ အပါအဝင်  အခွန်အခတွေ လျော့ပေါ့ပေးတာ ၊ ကင်းလွတ်ခွင့်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အခု စစ်တပ်အာဏာသိမ်းပြီးနောက်  ကိုဗစ် တတိယလှိုင်းနဲ့ ပြည်သူတွေ အကြီးအကျယ် ဒုက္ခအခက်အခဲနဲ့ ကြုံတွေ့နေရချိန်မှာ စစ်ကောင်စီက မီတာခနဲ့ အခွန်တွေ အတင်းအကျပ် လိုက်ကောက်ခံနေတာ ဖြစ်ပါတယ်။ DVB

ဇူလိုင် ၁၉ အာဇာနည်နေ့တွင် ရွှေတိဂုံဘုရား ပိတ်ထားမည်

လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့မှာ ရွှေတိဂုံဘုရားကို ညနေ ၃ နာရီအထိ ခေတ္တပိတ်ထားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြေညာထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ခေါင်းဆောင်ကြီး ၈ ယောက်နဲ့ ကိုယ်ရံတော် ၁ ယောက် လုပ်ကြံခံခဲ့ရပြီး ကျဆုံးတဲ့နေ့ကို နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ် အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့တာဟာ အခုနှစ်မှာ ၇၄ နှစ်မြောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနေ့မှာတော့ အစိုးရရုံးတွေ၊ ဈေးဆိုင်တွေကို  ပိတ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အလံကို တိုင်တဝက်လွှင့်ထူထားကြလေ့ရှိပြီး အာဇာနည်နေ့အခမ်းအနားကိုတော့ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ခြေရင်းက အာဇာနည်ဗိမာန်မှာ နှစ်စဉ်ကျင်းပလေ့ရှိတာပါ။

ပြီးခဲ့တဲ့နှစ်က ၇၃ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပြီး လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။ 

အခုနှစ်မှာတော့ စစ်တပ်ကအာဏာသိမ်းထားပြီး  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားခဲ့တာမို့  ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ခွင့် ပြုမယ်မပြုမယ် မသေချာသေးပါဘူး။

ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းကလည်း ကရင်ပြည်နယ် ဘားအံ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့တွေက အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရက တည်ဆောက်ခဲ့တဲ့ အာဇာနည်ဗိမာန်တွေကို တပြိုင်တည်း ဖြိုဖျက်ခဲ့ပါသေးတယ်။DVB

တောင်ကြီးတွင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်များက ပစ်သတ်ပြီးနောက် EPC ရုံးရှေ့တွင် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်၊ လူတစ်ဦးထိခိုက်ဒဏ်ရာရပြီး ပြည်နယ်လျှပ်စစ်မှူး ကားပျက်စီး

တောင်ကြီးတွင် ယနေ့ မွန်းလွဲ ၂ နာရီက အိမ်းစီးကား ၁ စီးကို စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီးနောက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် တောင်ကြီးမြို့နယ် လျှပ်စစ်ရုံးရှေ့တွင် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားကာ လူတစ်ဦး ထိခိုက်သည့်အပြင် ပြည်နယ်လျှပ်စစ်မှူး၏ ကားလည်း ပျက်စီးကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါပေါက်ကွဲမှု အပြီး စစ်ကောင်စီတပ်များက ရောက်ရှိလာပြီး ရှာဖွေရာ မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးထပ်မံတွေ့ရှိရကြောင်း ၊ ပေါက် ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်များက တောင်ကြီးမြို့တစ်ခွင် လုံခြုံရေးတင်းကျပ်ပြီး ကင်းလှည့်နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။ ယနေ့ မွန်းလွဲ ၂ နာရီကလည်း တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ ရန်ကြီးအောင်လမ်းမှ မောင်းနှင်လာသော အိမ်စီးကားတစ်စီးကို စစ်ကောင် စီတပ်များက လိုက်လံပစ်ခတ်ရာ ပြည်သူ ၃ ဦးသေဆုံးသွားကြောင်း တောင်ကြီးဒေသခံများထံမှ သိရှိရသည်။khit thit

မန္တလေးတွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် လူငယ် ၁ ဦး သေဆုံး

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၄၇ လမ်းနဲ့ ၄၈ လမ်းကြား၊ ၁၂၇ လမ်းနဲ့ ၁၂၈ လမ်းကြားမှာ ဇူလိုင် ၁၄ ရက် နေ့လယ် ၁ နာရီလောက်က လူအုပ်စုနဲ့ စကားများရန်ဖြစ်တာကို  စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က  ပစ်ခတ်ခဲ့လို့ လူငယ် ၁  ဦး သေဆုံးသွားပါတယ်။

လက်ဖက်ရည်ဆိုင်ရှေ့မှာ စကားများရာကနေစတင်ပြီး သားအမိနှစ်ယောက်ဖြစ်တဲ့ မအေးအေးသန်း (၄၄) နှစ်နဲ့  မစန်းစန်းတင့် (၁၇)နှစ် တို့အပါဝင် လူ ၁၀ ယောက်လောက်က  ဖြိုးသက်အောင် (၂၄) နှစ်ရဲ့ ဈေးဆိုင်ကို လာရောက်ဖျက်ဆီးခဲ့စဉ်မှာ စစ်တပ်က ရောက်လာပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

“မနက်ကတည်းက လက်ဖက်ရည်ဆိုင်ရှေ့မှာ စကားများကြပြီး ကောင်မလေးဘက်က မကျေနပ်တာနဲ့ အုပ်စုဖွဲ့ပြီးလာလုပ်တာ။ အဲ့ဒါနဲ့ အုပ်ချုပ်ရေးမှူး အကြောင်းကြားတော့ အုပ်ချုပ်ရေးမှူးက စစ်သားတွေကို ခေါ်လိုက်တာ။ အဲ့ဒီနောက် သေနတ်နဲ့ ပစ်လိုက်တာ တစ်ယောက်သေသွားတာပဲသိလိုက်တယ်။” လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ရဲမှုခင်းမှတ်တမ်းမှာတော့  မအေးအေးသန်းတို့နဲ့ အတူပါလာတဲ့အဖွဲ့ထဲက အသက် ၁၆ နှစ်အရွယ် စည်သူဟာ ပြန်လည်ခုခံတာကြောင့် သေနတ်နဲ့ ပစ်လိုက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သားအမိနှစ်ယောက်ဖြစ်တဲ့ မအေးအေးသန်း ၊မစန်းစန်းတင့်နဲ့ ကိုချစ်စန်းမောင် (၂၇) နှစ် တို့ကိုလည်း  ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။DVB

ကိုဗစ်ထိန်းချုပ်ကုသရေး မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကူညီဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ

ကိုဗစ် ၁၉ ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၃ ရက်နေ့မှာ မေတ္တာရပ်ခံထားပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ လုပ်ငန်းခွင် ပျက်ကွက်ပြီး လူအင်အား မပြည့်စုံတာနဲ့ အလွန်ကူးစက်မြန် ဗိုင်းရပ်ကူးစက်နေတာကြောင့် ဝန်နဲ့အား မမျှဖြစ်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးအပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်း အများအပြား အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒေသန္တရဆေးခန်းတွေနဲ့ ပြည်သူ့ဆေးရုံတွေမှာ ဆရာဝန်တွေ မရှိ၊ ဖွင့်လှစ်ထားတဲ့ ကိုဗစ်ကုသရေး စင်တာတွေမှာ ပါဝင်ကူညီပေးမယ့် စေတ နာ့ဝန်ထမ်းတွေမရှိတဲ့အတွက် ဆရာဝန်၊ သူနာပြုတွေကို ကန်ထရိုက် စာချုပ်စနစ်နဲ့ အာဏာသိမ်း စစ်ကောင်စီက စတင်ခေါ်ယူနေတာကိုလည်း တွေ့ရပါတယ်။mizzima

« Older Entries