Monthly Archives: Jul 2021

မန္တလေးမြို့က အောက်ဆီဂျင် အခက်အခဲ

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် မြန်မာနိုင်ငံမှာ ရောဂါခံစားရပြီး အောက်ဆီဂျင် ပြတ်လပ်မှု၊ မလုံလောက်မှု၊ ထိရောက်သော ဆေးကုသမှုတွေ မပေးနိုင်လို့ နေ့စဉ်အသက်ဆုံးရှုံး ရသူ အများအပြားရှိနေသလို မန္တလေးမြို့မှာ အောက်ဆီဂျင် အခက်အခဲပြဿနာ နေ့စဉ်ကြုံတွေနေကြပါတယ်။

လှုမှုကူညီရေးအသင်းတွေနဲ့ စေတနာရှင်ကုသိုလ်ရှင်တွေ ပူးပေါင်းကာ လိုအပ်သောနေရာတွေမှာ ကူညီ ဖြည့်တင်းပေးနေကြပြီး စက်ရုံတွေမှာလည်း တန်းစီကာဝယ်သူများပြားနေပါတယ်။DVB

ကိုဗစ်သံသယကြောင့် မြောက်ဦးစစ်ရှောင်စခန်းတစ်ခုကို အသွားအလာ ကန့်သတ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရ၍ လူ လေးထောင်ဝန်းကျင်ရှိ စစ်ရှောင်စခန်းတစ်ခုကို ယမန်နေ့ (ဇူလိုင် ၁၄) ညနေပိုင်းက စပြီး အသွားအလာ ကန့်သတ်လိုက်သည်။  

စခန်းတွင် အိမ်ထောင်စု ၇၇၅ စု၊ လူဦးရေ ၃၉၀၁ ဦးရှိပြီး မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၂ ခု အနက် လူဦးရေအများဆုံး ခိုလှုံနေသောစခန်းတစ်ခုဖြစ်ကြောင်း စခန်းတာဝန်ခံ မဥမ္မာနွယ်က ပြောသည်။

“မနေ့က ညနေပိုင်းကနေ Lockdown ချလိုက် (အသွားအလာ ကန့်သတ်လိုက်) ပါတယ်။ အချိန်ဘယ်လောက်ကြာကြာ ချမလဲဆိုတာကိုတော့ မသိသေးပါ။ ပိုးတွေ့လူနာမိသားစုတွေကိုလည်း အခု မြောက်ဦး (ဆေးရုံ) ကို ပို့ဖို့လုပ်နေပါတယ်” ဟု မဥမ္မာနွယ်က ဆိုသည်။

ထိုအမျိုးသမီးနှင့် ဆက်စပ်သည့် မိသားစုဝင်နှစ်ဦးနှင့် ဘုရားကြီးကျေးရွာမှ ကျန်မိသားစုဝင် နှစ်ဦးကိုလည်း မြောက်ဦးသို့ပို့မည်ဟု ၎င်းက ဆက်ပြောသည်။

အသက် ၄၀ ကျော်အရွယ်ရှိ ထိုအမျိုးသမီးသည် ဖျားနာနေသောကြောင့် မြောက်ဦးဆေးရုံသို့ လာရောက်ပြသရာမှ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံနေရသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

စခန်းအနီးတစ်ဝိုက်မှ ရွာများကိုလည်း ယနေ့ (ဇူလိုင် ၁၅ ) မှ စတင်ကာ အသွားအလာကန့်သတ်လိုက်ပြီ ဖြစ်သည်။ 

“အခုက ရွာတွေကိုလည်း Lockdown ချထားတယ်။ ကယ်ဆယ်ရေး (စစ်ရှောင်စခန်း) လည်း Lockdown ချထားတယ်ဆိုတော့ စားဝတ်နေရေးက လုံးဝအခက်အခဲဖြစ်နေတယ်။ အဲဒီကိစ္စ ပိုလို့ စိုးရိမ်စရာ ဖြစ်နေတယ်” ဟု မဥမ္မာနွယ်က ပြောသည်။

ထိုသို့ အသွားအလာကန့်သတ်လိုက်သောကြောင့် စခန်းတွင်နေထိုင်သူများအတွက် စားသောက်ရေးအခက်အခဲ ပိုဖြစ်စေသော်လည်း ဒေသတွင်း ထပ်မံကူးစက်ပျံနှံ့မှုမရှိစေရေး လုပ်ဆောင်ရခြင်းဖြစ်ကြောင်း စစ်ရှောင်အရေးကူညီနေသူ မြတန်ဆောင်ဆရာတော် ဦးနန္ဒာစာရက မိန့်ကြားသည်။

“စားနပ်ရိက္ခာကတော့ အခက်အခဲဖြစ်လာမယ်။ အဲဒီစခန်းကို ICRC (အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ) ကတော့ လစဉ်ထောက်ပံ့ပါတယ်။ ထောက်ပံ့တဲ့ပစ္စည်းက ဆန်အပါအဝင် ဆီ၊ ဆား၊ ငရုတ် ပစ္စည်း ၆ မျိုး ပေးပါတယ်။ ဟင်းတွေ၊ ငါးတွေကျတော့ ကိုယ့်ဟာကို ရှာစားရတယ်။ ဆိုလိုတာက မိသားစုတစ်စု၏ စားဝတ်နေရေးကို ICRC က ၅၀ ရာခိုင်နှုန်း ထောက်ပံ့ပါတယ်။ ကျန် ၅၀ ရာခိုင်နှုန်းကို စစ်ဘေးရှောင်တွေက ကိုယ့်ဟာကိုယ် ရှာစားကြရပါတယ်” ဟု ဦးနန္ဒာစာရက မိန့်သည်။

စခန်း၌ ကိုဗစ်နိုင်တင်းရောဂါကာကွယ်ရန် လက်ဆေးဘေစင်များ ထားရှိပေးထားသော်လည်း ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လိုအပ်နေသည်ဟု စခန်းတာဝန်ခံ မဥမ္မာနွယ်ထံမှ သိရသည်။

“Mask လည်းမရှိ။ လက်သန့်ဆေးရည်တွေလည်း မရှိ။ မနှစ်က ပေးတာကလည်း (အခု) မရှိတော့ဘူး။ အခု နောက်ပိုင်းတော့ လှူတဲ့လူလည်းမရှိတော့ တစ်ခုမှမရှိဘူးဖြစ်နေတယ်” ဟု ၎င်းစခန်းတာဝန်ခံက ဆိုသည်။

နှစ်နှစ်တာ စစ်ပွဲများဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင် စစ်ပွဲများရပ်တန့်နေသည်မှာ ၉ လခန့် ရှိလာသော်လည်း စစ်ရှောင်အများစုသည် နေအိမ်များပျက်စီးခြင်း၊ စစ်တပ်တပ်စွဲထားခြင်းနှင့် စစ်ကျန်လက်နက်ကြီးအန္တရာယ်များကြောင့် နေရပ်မပြန်နိုင်သေးဘဲ မြို့ပေါ်နှင့် နီးစပ်ရာ စစ်ရှောင်စခန်းများတွင် သိန်းဂဏန်းခန့် ဆက်လက်ခိုလှုံနေကြရသည်။ 

ထို့ပြင် စစ်ရှောင်စခန်းများသည် လူနေကျပ်သိပ်ကာ တစ်အိမ်ထောင်စုနှင့် တစ်အိမ်ထောင်စု မလှမ်းမကမ်းတွင် နေထိုင်ရသောကြောင့် ပိုးကူးစက်မှုအန္တရာယ် မြင့်မားနေသည်။ 

ပြီးခဲ့သည့် ကိုဗစ်ဒုတိယလှိုင်းတွင်လည်း ရခိုင်ပြည်နယ်သည် ကိုဗစ်ကူးစက်မှုဒဏ် အကြီးအကျယ်ခံစားခဲ့ရသည်။ 

ရခိုင်ပြည်နယ်တွင် ပိုးတွေ့ရှိသူများလာပြီး ကိုဗစ်နိုင်တင်းကူးစက်မှုမြင့်တက်လာ၍ နယ်စပ်ဂိတ်များကို ဇူလိုင် ၁၅ မှ လကုန်အထိ၊ စာသင်ကျောင်းများကို ဇူလိုင် ၉ မှ ၂၃ အထိ စစ်ကောင်စီက နှစ်ပတ်ကြာ ပိတ်ထားခဲ့သည်။​​

ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးတွင် မေ ၂၅ မှ ဇူလိုင် ၁၄ အထိ ကိုဗစ်နိုင်တင်းရောဂါကူးစက်ခံနေရသူ ၈၂၂ ဦး ရှိပြီး သေဆုံးသူ ၂၂ ဦး ရှိသည်။

ထို့ပြင် ဇူလိုင်လဆန်းက ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်သို့ ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲနှင့် မိသားစုဝင် ၁၅၀ ကျော်တွင် အစုလိုက်အပြုံလိုက် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု စစ်ဆေးတွေ့ရှိခဲ့သည်။ 

စစ်ကောင်စီကျန်းမာရေးဌာနမှ စစ်ဆေးချက်များအရ ဇူလိုင် ၁၄ ထုတ်ပြန်ချက်တွင် ကိုဗစ်နိုင်တင်း (Covid-19) အတည်ပြုလူနာ ၇,၀၈၃ ဦး တွေ့ရှိရပြီး အတည်ပြုလူနာစုစုပေါင်း ၂၀၈,၃၅၇ ဦး ရှိပြီဟု ထုတ်ပြန်ထားသည်။ myanmar now

စစ်ကိုင်းတွင် တရက်တည်း ကိုဗစ်အတည်ပြုလူနာ ၁၈၇ ဦး စံချိန်တင်တွေ့၊ ၃ ဦးသေဆုံး

စစ်ကိုင်းမြို့မှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၇ ဦး စံချိန်တင်တွေ့ခဲ့ပြီး လူနာ ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက“ခုမနက်ပိုင်းက ကျွန်တော်တို့စစ်ကိုင်းမြိူ့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း၃ယော က်သေဆုံးသွားတယ်။ ကျနော်တို့ စစ်ကိုင်းမြို့မှာ ဒီနေ့ ကိုဗစ်စစ်ဆေးသူ ၄၅၀ ရှိတယ်၊ အဲဒီထဲ ၁၈၇ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်” လို့  ပြောပါတယ်။

စစ်ကိုင်းမြို့မှာ ဇူလိုင် ၁၅ ရက်ထိ ကိုဗစ်ကူးစက်သူ ၄၈၉ ဦးရှိပြီး သေဆုံး ၁၂ ယောက်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက်မှုများလာတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အောက်ဆီဂျင် လိုအပ်နေတယ်လို့ သိရပါတယ်။

အခုနောက်ပိုင်း ရောဂါပိုးတွေ့ရှိမှု တနေ့တခြား များပြားလာနေပြီး ဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ ကျန်းမာရေးဝန်ထမ်း အင်အားနည်းပါးမှုကြောင့် ရောဂါပိုးစစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့အတွက် နေအိမ်တွေမှာပဲ ကုသနေတဲ့ ပိုးတွေ့လူနာတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးဝမြို့ ဒေသခံတစ်ဦးက “အခုဆို ကျမတို့ ကလေးဝမြို့မှာ ဆရာဝန်နဲ့ အောက်ဆီဂျင်လုံလောက်မှုမရှိဘူး။ အောက်ဆီဂျင်တွေကို မုံရွာကနေပဲ သယ်ယူရတယ်။ ဆေးရုံသွားတာ နည်းပြီး နေအိမ်တွေမှာပဲ ကုသနေတယ်။ ဆေးရုံသွားပြရင် အဆင်မပြေဘူး ဆရာဝန်တွေမရှိတော့ လူနာတွေ ဂရုစိုက်မကုနိုင်ဘူး” လို့ ပြောပါတယ်။

စစ်ကိုင်တိုင်းမှာ ပိုးတွေ့လူနာ အများဆုံးမြို့နယ်တွေကတော့ ဟုမ္မလင်း၊ ကလေး၊  တမူး၊ မုံရွာနဲ့  စစ်ကိုင်းမြို့တို့ဖြစ်ပြီး ကလေးမြို့က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။DVB

သာကေတတွင် ပြည်သူများ ကိုဗစ် ရောဂါ ကူးစက်မှု မဖြစ်ပွားစေရန် “ပြည်သူကပြည်သူကိုပြန်စောင့်ရှောင့်ပါ” လှုပ်ရှားမှုဖြင့် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ကြောင်း ဆန္ဒပြ

khit thit

တိုးမြှင့်စစ်ဆေးနိုင်ခြင်းမရှိသော်လည်း တစ်ရက်ချင်း ပိုးတွေ့လူနာများလာ

​ရန်ကုန်နှင့် မန္တလေးတွင် နေ့စဉ်သေဆုံးသူဦးရေ ရာဂဏန်းအထိ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကူးစက်ပြန့်ပွားမှုမြင့်တက်လာပြီး တိုးမြှင့်စစ်ဆေးနိုင်ခြင်းမရှိသော်လည်း တစ်ရက်ချင်းအလိုက် ပိုးတွေ့လူနာအရေအတွက်လည်း များပြားလာသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ကိုဗစ်ဖြစ်ပွားနေမှုအခြေအနေကို မသိရသော်လည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်တစ်ခုတည်းအရပင်လျှင် ပိုးတွေ့ရှိမှုမှာ နေ့စဉ်စစ်ဆေးသည့် အရေအတွက်၏ သုံးပုံတစ်ပုံရှိနေသည်။

ယမန်နေ့ (ဇူလိုင် ၁၄) တစ်ရက်တည်း၌ပင် ဓာတ်ခွဲနမူနာ ၂၁,၃၅၂ စစ်ဆေးခဲ့ရာ ၇,၀၈၃ ဦးအထိ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၄၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ခွဲနမူနာ တစ်သောင်းခွဲမှ နှစ်သောင်းဝန်းကျင်ကို နေ့စဉ်စစ်ဆေးလျက်ရှိရာ ဇူလိုင် ၁ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၂,၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုသုံးရက်အတွင်း ၅၀၀၀ ဝန်းကျင်မှ ၇၀၀၀ ကျော်အထိ ဖြစ်လာသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို အခြေခံတွက်ချက်မှုအရ ရောဂါပိုးတွေ့ရှိမှုနှုန်းသည်လည်း ဇွန်လတွင် ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ဇူလိုင်လဆန်းပိုင်း (ဇူလိုင် ၁ မှ ၁၄) ၂၈ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ 

ဆေးရုံဆေးခန်းများပြည့်နှက်နေသည်အထိ ကိုဗစ်နိုင်တင်းကပ်ရောဂါ အခြေအနေဆိုးနေသော်လည်း ဆေးစစ်မှုတိုးမြှင့်ရန် မရှိဟု ဇူလိုင် ၁၂ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့သည်။

“ကျွန်တော်တို့ ဝန်ခံပါတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း ပြည့်နေတယ်။ ကွာရန်တင်းစင်တာတွေမှာလည်း ပြည့်နေတယ်။ ထပ်ပြီးလက်မခံနိုင်တဲ့ဟာတွေလည်း ရှိပါတယ်” ဟု စစ်ကောင်စီ၏ ပြန် ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ထားချက်အရ နေပြည်တော်နှင့် ရန်ကုန်ရှိ ဓာတ်ခွဲများ၌ စစ်ဆေးနိုင်မှု ပမာဏအနည်းငယ်သာရှိပြီး ပြည်နယ်နှင့် တိုင်းများရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် Rapid Test kit ဖြင့် အများဆုံးစစ်ဆေးပေးနေခြင်းဖြစ်သည်။

ရန်ကုန်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) တစ်ခုတည်းသာ စစ်ဆေးပေးနိုင်ကြောင်း ဆေးသုတေသနညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ပါမောက္ခဒေါက်တာဇော်သန်းထွန်းက Myanmar Now ကို ပြောသည်။

အာဏာမသိမ်းမီက ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းနှင့် ဆေးသုတေသနဓာတ်ခွဲခန်း နှစ်ခုလုံးတွင် စစ်ဆေးပေးနိုင်ခဲ့သော်လည်း လက်ရှိတွင် NHL တစ်ခုတည်းစစ်ဆေးပေးနိုင်ပြီး အရေအတွက်အားဖြင့်လည်း ၁၅၀၀ ခန့်သာ ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ၌ ရောဂါကူးစက်နိုင်ခြေ ပိုမိုမြင့်မားသည့် မျိုးရိုးဗီဇကွဲ Covid-19 ရောဂါပိုးများဖြစ်သည့် Alpha နှင့် Delta အမျိုးအစားများ တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက် ပိုးတွေ့ရှိနှုန်းမြင့်တက်လာရာ လက်ရှိတွင် နေ့စဉ်စစ်ဆေးမှု ၏ သုံးပုံတစ်ပုံအထိ ရှိလာသည်။

လက်ရှိတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါကူးစက်မှု အဆမတန်မြင့်မားလာပြီး စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနအရ နေ့စဉ်သေဆုံးသူ ၁၀၀ ဝန်းကျင်သာရှိသော်လည်း အမှန်တကယ်သေဆုံးမှုအရေအတွက်မှာ ထိုထက်များပြားလျက်ရှိသည်။

စစ်တပ်က အာဏာသိမ်းထားသည့် အခြေအနေတွင် ညမထွက်ရအမိန့်နှင့် အခြားသော တင်းကျပ်မှုများကြောင့် နေရာအနှံ့အပြားမှ ကိုဗစ်လူနာများ သေဆုံးမှုများကို အတိအကျသိရှိနိုင်ရန် ခက်ခဲသော်လည်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ပင် နေ့စဉ်သေဆုံးသူရေ ၅၀၀ မှ ၁၀၀၀ ကြားရှိလာသည်။

ရန်ကုန်တွင် ကိုဗစ်ကပ်ရောဂါလက္ခဏာဖြင့် သေဆုံးသူ ၆၀၀ ဝန်းကျင်ကို သုဿန်လေးခုသို့ နေ့စဉ် ပို့ဆောင် သင်္ဂြိုဟ်ပေးနေရသည်မှာ တစ်ပတ်ကျော်ရှိလာပြီး မနိုင်မနင်ဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့ သုံးခုက Myanmar Now ကို ပြောကြားထားသည်။ 

မန္တလေးမြို့တွင်လည်း နေ့စဉ်သေဆုံးသူဦးရေ ၄၀၀ ခန့်ရှိသည်ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ 

“သေတာက အရမ်းများတယ်။ အနည်းဆုံး ၄၀၀ လောက်ရှိမယ်။ အဓိကတော့ အောက်ဆီဂျင် ရှာမရတာပဲ။ တပ်ထဲမှာလည်း အရမ်းဖြစ်နေတယ်။ နန်းတွင်းထဲဆို Lock Down ချထားရတယ်” ဟု အဆိုပါ မြို့ခံက ဆိုသည်။myanmar now

ဧရာဝတီတိုင်းက မြို့နယ်အချို့မှာ Onlineကနေ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေ

CDMပြုလုပ်နေဆဲ ဆရာဝန်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ဧရာဝတီတိုင်းအတွင်း မြောင်းမြ၊ဘိုကလေး၊ ရေကြည်အစရှိတဲ့ မြို့တွေမှာ Covid19 ရောဂါနဲ့ပက်သက်ပြီး ကျန်းမာရေးဆွေးနွေးစောင့်ရှောက်မှုတွေကို Onlineပေါ်ကနေ ကူညီလုပ်ဆောင်ပေးနေကြပါတယ်။

သက်ဆိုင်ရာ မြို့နယ်တွေအလိုက် တယ်လီကျန်းမာဆိုတဲ့ Facebook Pageတွေကို ဖွင့်လှစ်ကာ နေအိမ်မှာဆေးဝါးကုသမှု ခံယူနေတဲ့ ကိုဗစ်လူနာတွေအတွက် ဆေးဝါးလမ်းညွှန်မှုတွေ အခမဲ့ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

“CDMဆရာဝန်အင်အား ၁၀ဦးနဲ့ ကျွန်တော်တို့ လုပ်ပေးနေတာ နေ့စဉ် လူနာရာနဲ့ချီပြီး မေးမြန်းကုသပေးနေပါတယ်၊ ကိုဗစ်စင်တာ ရောက်နေသူတွေကိုလည်း လုပ်ပေးနေတယ်၊ နေ့စဉ် မနက် ၈နာရီကနေ ည ၁၁နာရီလို့ သတ်မှတ်ထားပေမဲ့ သန်းခေါင်ကျော်အထိလည်း ဖြေကြားပေးနေပါတယ်၊ ကိုဗစ်ကာလမှာ ဆေးရုံဆေးခန်း မသွားချင်တဲ့ လူနာတွေအတွက် အကူညီအထောက်ပံ့ကောင်းကောင်းဖြစ်မှာပါ”လို့ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်က ပြောပါတယ်။

ပြည်သူအများစုဟာ စစ်ကောင်စီရဲ့ ကိုဗစ်စင်တာတွေနဲ့ ဆေးရုံတွေမှာ ကုသမှုတွေမလုပ်ဘဲ နေအိမ်မှာပဲ ဆေးဝါးကုသမှု ပြုလုပ်နေကြပါတယ်။mizzima

ရန်ကုန်တွင် လူသုံးများသည့် ဆေးဝါးအချို့ပြတ်လပ်၊ ဆေးဆိုင်များ၌ ပြည်သူများတန်းစီ ဝယ်ယူနေရ

ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်ခံရသူတွေနဲ့ သေဆုံးသူတွေ များပြားနေချိန် ရန်ကုန်မြို့က ဆေးဝါးအရောင်းဆိုင်တွေမှာ လူသုံးများတဲ့ ဆေးဝါးတချို့ ပြတ်လပ်ပြီး ဆေးဆိုင်တချို့လည်း ပိတ်ထားကာ၊ ဆိုင်တချို့က အချိန်အကန့်အသတ်နဲ့ ဖွင့်လှစ်ရောင်းချနေ ရတယ်လို့ စုံစမ်းသိရပါတယ်။

“နှာစေး၊ ချောင်းဆိုး၊ ဖျားနာဆေးတွေ ပြတ်တယ်။ ပြီးတော့ အခု ဟော့နေတဲ့ ဆရာဝန်ညွှန်တယ်ဆိုတဲ့ အားဆေးတွေလည်း ပြတ်သွားတယ်။ ဘီပီအိုင်ထုတ် ဓာတ်ဆားလည်း ပြတ်တယ်။ ရှိတာတွေကလည်း ဈေး ၂ ဆလောက်တက်သွားတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ် ဆေးဆိုင်တဆိုင်က ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ် ဒေသခံတယောက်က “ရပ်ကွက်ထဲက ဆိုင်လေးတချို့ပိတ်ထားတယ်။ တချို့ ဖွင့်တဲ့ဆိုင်တွေမှာလည်း တန်းစီဝယ်ရတယ်။ ဆေးတချို့ကတော့ ဈေးတက်သွားတယ်။ ဒါကလည်း လမ်းပန်းဆက်သွယ်ရေးခက်လို့ကြောင့်လို့ ပြောတယ်” လို့ ဆိုပါတယ်။

နာတာရှည်ရောဂါသည်တွေအတွက် ဆေးတွေလည်း ဈေးတက်ပြီး ဆိုင်တိုင်းမှာ မရနိုင်တာကြောင့် ရနိုင်တဲ့ဆိုင်ကို လိုက်ရှာဝယ်ရကာ  ပေါက်ဈေးနဲ့ပဲ ဝယ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ခုချိန်ဟာ တုပ်ကွေးရာသီလည်း ဖြစ်နေတာကြောင့် သာမန် နှာစေးချောင်းဆိုး ဖြစ်နေတဲ့သူတွေလည်း ကိုဗစ်ကို စိုးရိမ်လို့ ရောဂါဖြစ်တာနဲ့ ဆေးဝယ်သောက်နေကြတာလို့ ရန်ကုန် ဒေသခံတယောက်က ပြောပါတယ်။

ပြီးတော့ ကိုဗစ်ကြောင့် သေဆုံးသူတွေ များနေတာကြောင့်လည်း ကိုယ်ခံအားကောင်းစေတယ်ဆိုတဲ့ ဆေးတွေကို အရင်ကထက် ပိုပြီးဝယ်နေကြတာလည်း ဖြစ်ပါတယ်။

ရန်ကုန် ဆေးကုမ္ပဏီတခုက ဝန်ထမ်းတယောက်ကတော့ ကုမ္ပဏီတွေမှာလည်း ပိုးတွေ့လူနာရှိလာလို့ ၂ ပတ်အရောင်းပိတ်ရတာကြောင့် ဈေးကွက်ထဲမှာ ဆေးပြတ်တာလို့ ဆိုပါတယ်။

“ဆိုင်တွေမှာ ပါရာစီတမောက ဈေး ၂ ဆတက်သွားတယ်။ ချောင်းဆိုးပျောက်ဆေးကတော့ နည်းနည်းပဲ။ အားဆေးတွေလည်း ဈေးတက်တယ်။ ဆိုင်တွေမှာတော့ ကြိတ်ကြိတ်တိုးဝယ်နေကြတာ။ ဆေးဆိုင်တွေ ပိတ်မယ်ဆိုပြီး ကောလာဟလတွေလည်း ထွက်နေတာကိုး။ ဆေးကုမ္ပဏီတချို့မှာလည်း ကိုဗစ်လူနာ တွေ့ရတာတွေရှိတော့ ဆိုင်တွေဆီကို ဆေးလာမချနိုင်တာကြောင့်လည်း ဆေးတချို့ပြတ်နေတာပါ” လို့ ပြောပါတယ်။

ဒီကာလမှာ ပိုးသတ်ဆေးလည်း အရောင်းသွက်ပြီး ဈေးတက်နေတယ်လို့ သူက ဆိုပါတယ်။ ကုမ္ပဏီတွေက ပစ္စည်းလာမပို့တာကြောင့် အဲဒီဆေးတွေ ရှိနေတဲ့ မင်္ဂလာဈေး ဆေးလက်ကားဆိုင်တွေဆီကနေ ခေါ်ဈေးအတိုင်း ဝယ်နေရပြီး ဈေးတက်နေတာလို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီက ရန်ကုန်မြို့တွင်း ဆေးဆိုင်တွေပိတ်ဖို့ ညွှန်ကြားချက်ထုတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဆေးဆိုင်တချို့ကိုတော့ လာရောက်ညွှန်ကြားတာမျိုးမရှိဘူးလို့ တောင်ဥက္ကလာပမြို့နယ်က ဆေးဆိုင်တစ်ဆိုင်ကပြောပါတယ်။

“ကျမတို့ဆီကိုတော့ ဘာညွှန်ကြားချက်မှ မလာပါဘူး။ ဖေ့စ်ဘွတ်ခ်မှာ တက်နေတာတွေတော့တွေ့ပါတယ်။ ဆိုင်ဖွင့်ပါတယ် တချို့ အဝယ်များတဲ့ဆေးတွေ ပြတ်တောက်နေပေမဲ့ ဆိုင်ဖွင့်ပြီး ဆက်လက်ရောင်းပေးနေပါတယ်”လို့ တောင်ဥက္ကလာပမြို့နယ်က ဆေးဆိုင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့တွင်းက နာမည်ကြီးဆေးဆိုင်တော်တော်များများဆေးရောင်းချပေးနေပြီး တချို့ဆိုင်တွေက အချိန်အကန့်အသတ်နဲ့ ရောင်းပေးနေကာ ဝယ်ယူသူအများအပြားဆေး ဆိုင်ရှေ့မှာ တန်းစီဝယ်ယူနေတာတွေ့မြင်ရပါတယ်။ 

တချို့မြို့နယ်တွေမှာတော့  လမ်းမတန်းပေါ်က ဆေးဆိုင်တွေကို ပိတ်ခိုင်းတာ၊ ဆေးသီးသန့်ရောင်းတဲ့ ဆိုင်တွေကို ပိတ်ခိုင်းတာရှိပြီး ဆေးရုံနဲ့တွဲဖွင့်ထားတဲ့ ဆိုင်တွေကိုတော့ ဖွင့်ခွင့်ပေးထားတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ 

ကိုဗစ်ရောဂါဖြစ်လာရင် သောက်နိုင်တဲ့ ဆေးတွေဆိုပြီး လူပြောများနေတဲ့ ပါရာစီတမော၊ စီဗစ်၊ အော်ရယ်ဒီ 20  နဲ့ ဘီကိုဇင့် ဆေးတွေတော့ ဆေးဆိုင်တော်တော်များများမှာ ပြတ်လတ်နေပြီး BRAND ငှက်သိုက်နဲ့ နှာခေါင်းအစက်ချဆေးတွေလည်း ကြိုတင်ဝယ်ယူသူတွေများ ပြားတာကြောင့် ဆေးဆိုင်တွေမှာ ပစ္စည်းပြတ်နေတယ်လို့ ပုဇွန်တောင်မြို့နယ်က ဆေးဆိုင်တာဝန်ရှိသူက ပြောပါတယ်။

တချို့ဆေးတွေက ပစ္စည်းဝယ်ရခက်ခဲတာတွေကြောင့် ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိပေမဲ့ အရင်ဝယ်ယူထားပြီးဆေးတွေကို ဈေးတင်ရောင်းချတာမျိုးတော့မလုပ်ဘဲ ပုံမှန်ဈေးနဲ့ပဲ ရောင်းချပေးနေတယ်လို့  ဆေးဆိုင်တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၇,၀၈၃ ယောက်၊ သေဆုံးသူ ၁၄၅ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၀၈,၃၅၇ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာတော့  ဇူလိုင် ၁၂ ည ၈ နာရီမှ  ဇူလိုင် ၁၃ ည ၈ နာရီအတွင်း  ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၃၇ ဦးနဲ့ သေဆုံးသူ ၃၂ ဦးရှိတယ်လို့ လည်း ထုတ်ပြန်ကြေညာထားပါတယ်။DVB

ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ အစိုးရပိုင် ကမ္ဘာ့ ရတနာဘဏ်(GTB) ဘဏ်သည် ဇူလိုင် ၁၅ရက် နံနက်က ဓါးပြတိုက်ခံရမူဖြစ်ပွားသည်။

တောင်ဥက္ကလာရဲစခန်းနှင့်မနီးမဝေးတွဖြစ်ကာ နန္ဒာဝန်ဈေးအနီး ဗြဟ္မစိုရ်လမ်းမပေါ် ရှိ မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်မှသည် အမည်ပြောင်းလဲဖွဲ့စည်းလိုက်သော ကမ္ဘာ့ရတနာဘဏ်(GTB) ဘဏ်သည် ဓါးပြတိုက်ခံရမှုတွင် ငွေပါသွားခြင်းရှိ မရှိကို မသိရသေးပါ။ ” Taxi နဲ့လာပြီး တိုက်သွားတာ။

သေနတ်ဖောက်သံတွေလည်း ကြားရတယ် ။ လူထိခိုက်မှုတော့ မရှိပါဘူး ”ဟု ဒေသခံတစ်ဦးက ဆိုသည်။အခင်းဖြစ်ပွားပြီး မိနစ်အနည်းငယ်အတွင်းမှာပင် လက်နက်ကိုင် စစ်သားများရောက်ရှိလာကြပြီး လမ်းများပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။” ဆယ်နာရီကျော်လောက်က လမ်းထဲ လုံးဝအဝင်မခံတော့ဘူး ။

လမ်း ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို လက်နက်ကိုင် စစ်သား သုံးယောက်လောက် ပိတ်ထားပြီး ဘဏ်အရှေ့မှာလည်း စစ်ကားအကြီးတစ်စီးရပ်ထားတာ တွေ့ရတယ်”ဟု ယင်းအနီးအနားဖြတ်သန်းသွားလာခဲ့သူတစ်ဦးက ပြောသည်။

နေ့လည်ပိုင်း ၁ နာရီကျော်တွင် ဗြဟ္မစိုရ် လမ်းမကြီးပေါ်တွင် လမ်းပိတ်ဆို့ စစ်ဆေးမှုများ မရှိတော့ဘဲ ဘဏ်အဝင်ပေါက်ကို လူတစ်ကိုယ်စာခန့် ဖွင့်ထားသည်ကို တွေ့မြင်ခဲ့ရသည်။

ကမ္ဘာ့ရတနာဘဏ်သည် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကို အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားသောဘဏ်ဖြစ်သည်။mizzima

« Older Entries