Monthly Archives: Jul 2021

စစ်ကောင်စီက ကိုဗစ်ကို လက်နက်အဖြစ် သုံးပြီး တရားဝင်မှု ရရှိရေး လုပ်ဆောင်နေ၊ ဒီမိုကရေစီလှုပ်ရှားသူများမှတစ်ဆင့် မြန်မာပြည်သူများကို အရေးပေါ် ချက်ချင်းကူညီကြရန် SAC-M တိုက်တွန်း

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် ကိုဗစ်ကူးစက်ရောဂါ အကျပ်အတည်းကို ချက် ချင်း တုံ့ပြန်ဆောင် ရွက်လိုအပ်နေပြီး အသက်ကယ်ဆယ်ရေး အရေးပေါ် အကူအညီများကို ဒီမိုကရေစီလှုပ်ရှားသူများ၏ ကွန်ရက်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ပြီး ကူညီရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က သတင်းထုတ်ပြန်တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရNUG ၊ CDM လှုပ်ရှားသူများ ၊ တိုင်းရင်းသားအဖွဲ့များ၊ CSO များအပါအဝင် ဒီမိုကရေစီ အရေးလှုပ်ရှားသူများက ပြည်သူသန်းပေါင်းများစွာကို ကူညီနိုင်ရေး ကြိုးပမ်းလျက်ရှိပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း၊ ၎င်းတို့ကို ကူညီရန် SAC-M က ထုတ်ပြန်ပြောဆိုထားသည်။

” ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက ကိုဗစ်ကို လွတ်လွတ်လပ်လပ်ကူးစက်နိုင်အောင် ခွင့်ပြုထားတယ်။ စစ်ကောင်စီအနေနဲ့ အစိုးရ ဖွဲ့စည်းပုံ ထူထောင်လို့ မရသေးသလို အစိုးရလုပ်ငန်းတွေလည်း လုပ်လို့မရသေးပါဘူး။ ကိုဗစ်အကျပ်အတည်းကို ဖြေရှင်းဖို့ရာကတော့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေနဲ့ အတူ လုပ်ဆောင်ရမှာပါ” ဟု SAC-M မှ Chris Sidoti က ပြောသည်။

ဆေးဘက်ဆိုင်ရာ ဆရာဝန်များအပါအဝင် လူပေါင်း ရာပေါင်းများစွာသည် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးနှိပ်စက်မှုများကြောင့် နယ်စပ်ဒေသများနှင့် တောထဲသို့ ထွက်ပြေးလာရပြီး ဆေးကုသခန်းများ လျှို့ဝှက်စွာ ဖွင့်လှစ် လုပ်ကိုင်နေကြရကြောင်း ဖော်ပြထားသည်။

မြောက်ပိုင်းတွင် ကချင်ပြည်နယ်၊ အရှေ့ပိုင်းတွင် ကရင်ပြည်နှင့် ကရင်နီ ပြည်နယ်၊ အနောက်ပိုင်းတွင် ချင်းပြည်နယ်တို့မှတစ်ဆင့် အရေးပေါ် အ ထောက် အကူပြု လမ်းကြောင်း ဖွင့်လှစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တိုင်းရင်းသားများ၏ အုပ်ချုပ်မှု အဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းများ၏ ကွန်ရက်များမှတစ်ဆင့် မြန်မာပြည်သူများအတွက် ပံ့ပိုး ကူညီရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

“အာဆီယံက လူသားချင်းစာနာထောက်ထားမှု အကူအညီ ထောက်ထားရေးကို ဘုံသဘောတူညီချက်အဖြစ် ချမှတ်ထားပြီးဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးနေချိန်မှာ အာဆီယံအနေနဲ့ စစ်ကောင်စီအလိုကျ လုပ်နေတာဟာ လက်မခံနိုင်စရာပါပဲ။ အာဆီယံ ကုလသမဂ္ဂနဲ့ အခြား အဖွဲ့အစည်းတွေအနေနဲ့ ဒီအခြေအနေမှာ နှောင့်နှေးနေဖို့ မသင့်ပါဘူး။

မြန်မာပြည်သူတွေဆီ အကူအညီတွေ တိုက်ရိုက်ပေးရမယ့် နည်းလမ်းတွေရှိနေပါပြီ” ဟု SAC-M မှ Marzuki Darusman က ပြောသည်။ စစ်အာဏာသိမ်းစဉ်က စစ်ကောင်စီသည် ဆရာဝန်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လူနာတင်ကားများ၊ ဆေးခန်းများ၊ စေတနာ့ဝန်ထမ်းများကို တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ဆေးရုံများနှင့် ဆေးပစ္စည်းများကို သိမ်းပိုက်ခြင်းများ လုပ်ဆောင်ကြောင်း၊ ယခုအခါ အောက်စီဂျင်အိုးများကို သိမ်းပိုက်ပြီး အောက်စီဂျင်စက်ရုံများကိုလည်း ပိတ်ပင်နေကြောင်း ထုတ်ပြန်သည်။

“စစ်ကောင်စီက ကိုဗစ်ကို လက်နက်အဖြစ် သုံးနေတယ်။ ဒီလို သုံးနေတာက သူရဲ့ နိုင်ငံရေး ရလိုမှုနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ပျက်ပြယ်စေဖို့ပါပဲ။ နိုင်ငံတကာ တရား ၀ င်အသိအမှတ်ပြုဖို့ အတွက် ဒီလို ဘေးအကျပ်အတည်းကို ဖန်တီးပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိလာအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်တွေကအကူအညီပေးရေးအတွက်လုပ်ဖော်ကိုင်ဖက်တွေမဟုတ်ဘူး။ သူတို့ဟာလူသတ်သမားတွေဖြစ်ပြီးသူတို့ရဲ့ရာဇ ၀ တ်မှုတွေအတွက်တရားစွဲဆိုခံရမှာဖြစ်တယ်” ဟု SAC-M မှ Yanghee Lee က ဆိုသည်။khit thit

ဘားအံမြို့ အဝေးပြေး ခရီးသည်ယာဥ်လိုင်းများ ရပ်နား

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ခရီးသည်တင်ယာဥ်လိုင်းတွေကို ပြည်နယ်စစ်ကောင်စီရဲ့ ညွှန် ကြားချက်နဲ့ ဇူလိုင် ၁၅ ရက်က စပိတ်လိုက်ပြီလို့ အဝေးပြေးယာဥ်လိုင်း ဥက္ကဋ္ဌ ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း မျိုးရိုးဗီဇပြောင်း ကိုဗစ် -၁၉ ကူးဆက်ခံရသူများပြားလာတဲ့အတွက် ကုန်တင်ယာဥ်တွေမှအပ ခရီးသည်တင်ယာဥ်လိုင်းတွေကို ပြည်နယ်စစ်ကောင်စီ ညွန့်ကြားချက်နဲ့  သွားလာခွင့်ပိတ်လိုက်တာပါ။

အဝေးပြေးယာဥ်လိုင်းဥက္ကဋ္ဌ ဦးသိန်းနိုင်က “မနေ့ကစပြီး ယာဥ်လိုင်းတွေကို စပြီးပိတ်လိုက်တာပါ။ ခရီးသည်အစား ကုန်ပဲတင်လို့ရမယ်။ ခရီးသည်တင်ယာဥ်လိုင်း ပိတ်လိုက်တော့ ခရီးသည်ကော ယာဥ်လိုင်းက လူတွေကော အခက်အခဲတော့ ရှိတာပေါ့။ ဘယ်လောက်ကြာကြာ ပိတ်မလည်းတော့ မသိရသေးဘူး” လို့  ပြောပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာလည်း ကုန်တင်ယာဥ်တွေကိုပဲ ထွက်ခွင့်ပြုပြီး ခရီးသည်တင်ယာဥ်တွေ ရပ်နားခဲ့ရတဲ့အတွက် မိသားစုစားသောက်ရေး အခက်အခဲတွေဖြစ်ခဲ့တယ်လို့ ဘားအံမြို့ဒေသခံ အဝေးပြေးယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။

“ယာဉ်လိုင်းတွေ ပြန်ပြေးဆွဲတာ သုံးလလောက်ပဲရှိသေးတယ်။ အခုထပ်ပိတ်ခံရတော့ မိသားစုစားဝတ်နေရေး ဒုက္ခရောက်တာပေါ့။ ကိုဗစ်ဖြစ်ပြီး မသေဘူး။ အခုက  ငတ်သေဖို့ပဲ ရှိတော့တယ်” လို့ ဆိုပါတယ်။

အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဝင်ရောက်လာတဲ့ ခရီးသည်တင်ယာဉ်တွေကို ပြည်နယ်အတွင်း ဝင်ရောက်ခွင့်မရှိစေဖို့ စစ်ဆေးကြပ်မတ်လုပ်ဆောင်သွားမှာဖြစ်သလို  ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်တာမရှိရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်နယ်စစ်ကောင်စီက သတိပေးထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးအပါအဝင် အဝေးပြေးယာဉ်လိုင်းပေါင်း ၂၅ လိုင်းရှိကာ လက်ရှိ  ယာဥ်လိုင်း ၅ လိုင်းလောက်တာ ကုန်တင်ပြေးဆွဲနေပြီး ကျန်းမာရေးစစ်ဆေးမှုကိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုခံယူရတယ်လို့ တာဝန်ရှိသူက  ပြောပါတယ်။DVB

ရန်ကုန်၊ တာမွေတွင် ဆန္ဒပြနေစဉ် ပစ်ခတ်ဖြိုခွင်းခံရ

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး GSC ဆန္ဒပြစစ်ကြောင်း ယနေ့ (ဇူလိုင် ၁၆) ၌ ချီတက်ဆန္ဒပြနေစဉ် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရကြောင်း ဆန္ဒပြသူများက ပြောသည်။

နံနက် ၉ နာရီခန့်၊ ယုဇနပလာဇာအရှေ့မှ အောင်မင်္ဂလာမှတ်တိုင်ရှေ့သို့ ချီတက်နေစဉ် ရဲနှင့် စစ်သားများပါဝင်သော စစ်ကောင်စီတပ်များ ကားများဖြင့် ရောက်လာကာ ပစ်ခတ်ခဲ့သည်ဟု ယင်းဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူတစ်ဦးက ပြောသည်။

“အစီအစဉ်တစ်ဝက်မှာတင် ဖြိုခွဲခံရတယ်ပေါ့။ သပိတ်ကို အဝေးကနေ သေနတ်ဖောက်တာ ကြားလိုက်ရတယ်။ ပြေးကြလွှားကြရတာတွေ ဖြစ်ကုန်တယ်” ဟု အသက် ၂၈ နှစ်အရွယ် ဆန္ဒပြသူအမျိုးသားက ပြောသည်။ 

ထို့နောက် စစ်ကောင်စီတပ်များ ထပ်မံရောက်ရှိလာပြီး ယုဇနပလာဇာအနီးတစ်ဝိုက်ကို ပိတ်ဆို့ရှာဖွေခဲ့သောကြောင့် ပိတ်မိသူများလည်းရှိခဲ့သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် အခြားလူငယ်တစ်ဦးထံမှ သိရသည်။ 

“ကားတွေပိတ်စစ်ပြီး အဲဒီနားဝန်းကျင်နားက ဆိုင်ခန်း၊ တိုက်ခန်းတွေရှာတာရှိတယ်။ အခုတော့ လွတ်သွားပါပြီ” ဟု ၎င်းက ဆိုသည်။ 

ဆန္ဒပြပွဲဖြိုခွင်းခံရမှုကြောင့် အနည်းဆုံး ၄ ဦးခန့် ဖမ်းဆီးခံရကြောင်း ကြားသိရသော်လည်း လတ်တလောတွင် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

၎င်း GSC ဆန္ဒပြစစ်ကြောင်းသည် အာဇာနည်နေ့အကြိုလှုပ်ရှားမှုအဖြစ် ယနေ့ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၇ တွင် ၅၉ နှစ်မြောက် ဆဲဗင်းဂျုလိုင်နေ့အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ကြသေးသည်။

စစ်ကောင်စီ၏ အပြင်းအထန်ဖိနှိပ်မှုကြောင့် ရန်ကုန်တွင် ဆန္ဒပြပွဲများ အားနည်းသွားသော်လည်း ဧပြီ ၂၃ မှ စတင်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ပြောက်ကျားနည်းဖြင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပြန်ပေါ်ပေါက်လာခဲ့ပြီး စစ်တပ်ကလည်း အဆိုပါလှုပ်ရှားမှုများကို ဖြိုခွင်းနှိမ်နင်းလျက်ရှိသည်။

အလားတူ မန္တလေးမြို့တွင်လည်း ဆန္ဒပြမှုများ အားကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း ဆန္ဒပြသူများကို လိုက်လံဖမ်းဆီးနေသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၃ ကလည်း မန္တလေး မြတောင်နှင့် မန္တလာတက္ကသိုလ်စစ်ကြောင်းနှစ်ခု ပူးပေါင်းဆန္ဒပြနေစဉ် ဖြိုခွင်းခံရပြီး အသက် ၂၀ အောက် မိန်းကလေးများအပါအဝင် ၇ ဦး အဖမ်းခံခဲ့ရသည်။ 

စစ်ကောင်စီက ၎င်းတို့အား အလိုမရှိကြောင်း ဆန္ဒပြနေသူများကို ဖမ်းဆီးပြီး ထောင်တွင်းချုပ်နှောင်ထားကာ ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် တရားစွဲထောင်ချနိုင်ရန် ကြိုးပမ်းနေသည်။ 

ဖေဖော်ဝါရီ ၁ မှ ယမန်နေ့ (ဇူလိုင် ၁၅) အထိ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အပြစ်မဲ့ပြည်သူ ၉၁၂ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၅၂၆၉ ဦးထက်မနည်း ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။myanmar now

အကြွေကမ်ပိန်းအလှူ အားလုံးပါဝင်နိုင်

လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါဘေးနဲ့ မတရားစစ်အာဏာသိမ်းကာလတွေ အတွင်း အခက်အခဲကြုံတွေ့နေရတဲ့ ပြည်သူလူထုအအတွက် လှူဒါန်းဖို့ ဒုတိယအကြိမ် အကြွေကမ်ပိန်းမှာ ပါဝင် လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

အလှူငွေအနေနဲ့ အကြွေကိုသာ လှူရမှာဖြစ်တဲ့အတွက် mBanking တွေနဲ့ အလှူ ငွေ လက်ခံမှာမဟုတ်ဘဲ KPay နဲ့ Wave Pay ကိုပဲသုံးပြီး အလှူငွေ လက်ခံမယ်လို့ ဆိုပါ တယ်။

ပါဝင်ကူညီလှူဒါန်းလိုသူတွေအနေနဲ့ Nu Nu Aye(Wave Pay) 09263003518 နဲ့ Khaing Pyae Hein(KBZ Pay) 09791061748 အကောင့်တွေကတဆင့် လာမယ့် ဇူလိုင် ၁၉ ရက်နေ့ထိ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

ဒီကမ်ပိန်းကိုတော့ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့က ပထမအကြိမ် လုပ်ခဲ့ဖူးပြီး ရရှိတဲ့အ လှူငွေ‌တွေကို ခက်ခဲနေကြတဲ့ အခြေခံလူတန်းစားတွေကို တကယ်ကူညီ ထောက်ပံ့ပေး နေတဲ့ အဖွဲ့တွေကတဆင့် လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ ခုတကြိမ်မှာတော့ လိုအပ်‌တဲ့နေရာ ထပ်လှူဖို့ အဖွဲ့အသစ်တွေနဲ့လည်း ချိတ်ဆက်ထားပြီးဖြစ်ကာ Risk ရှိတဲ့ကာလ ဖြစ်နေတဲ့အတွက်ကြောင့် ဘယ်နေရာ လှူဒါန်းမယ်ဆိုတာ တိတိကျကျ မဖော်ပြတော့ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လူဦးရေ ၃ သန်းခွဲလောက်ဟာ လာမယ့် ၃ လကနေ ၆ လ လောက်အတွင်း အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program က သတိပေးထားပါတယ်။

စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာရယ်၊ စက်ရုံ အလုပ်ရုံတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့နောက်မှာ အလုပ်လက်မဲ့တွေ တိုးပွားလာနေတာရယ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မူတွေကြောင့် စီးပွားရေးကျဆင်းမှု ပိုမိုဆိုးရွားလာနေပြီးတော့ လူမှုဘဝ အကျပ်အတည်းတွေ ပိုဆိုးလာစေတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံစီးပွားရေးအခြေအနေဟာ ပြီးခဲ့တဲ့  ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရပြီးသား ဖြစ်နေတယ်လို့လည်း WFP က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကစလို့ အခြေခံစားသောက်ကုန် ဆန်နဲ့ ဆီ ဈေးတွေဟာ ၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာခဲ့ပြီး စီးပွားရေးမြို့တော် ရန်ကုန်မှာတောင် အစားလျှော့စားနေရတာတွေ၊ အာဟာရရှိတဲ့ အစားအစာ မစားနိုင်တာတွေ၊ အကြွေးတင်နေကြတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါ တယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်း လောက် ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။DVB

အာဆီယံတွင် တရက်တည်း ကိုဗစ်-၁၉ ၉၀,၀၀၀ ကျော်ကူးစက်၊ အင်ဒိုနီးရှားနှင့် မြန်မာ အ ခြေအနေဆိုးရွားလာနေ

အာဆီယံနိုင်ငံတွေမှာ  ကိုဗစ်-၁၉ ကြောင့် တရက်တည်း ကူးစက်မှုအသစ် ၉၃,၁၄၃ ယောက်နဲ့ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မြန်မာနိုင် ငံတွေကတော့ အခြေအနေတွေ ပိုဆိုဆိုးရွားလာနေပါတယ်။

လက်ရှိအချိန်ထိ အာဆီယံဒေသတွင်း ရောဂါကူးစက်ခံရသူစုစုပေါင်းဟာလည်း ၅ ဒသမ ၈၅ သန်းကျော် လာခဲ့ပြီဖြစ်ကာ သေဆုံးသူစုစုပေါင်းကတော့ ၁၁၁,၇၇၂ ယောက်ထိ မြင့်တက်လာခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅၆,၇၅၇ ယောက်နဲ့ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး သေဆုံးသူ ၉၈၂ ယောက် ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂ ဒသမ ၇၂ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၇၀,၁၉၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း ကူးစက်မှု အမြင့်ဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါ ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းကထက် ၁၀ ဆ ပိုမိုမြင့်တက်လာနေခဲ့ပါ တယ်။

အင်ဒိုနီးရှားအစိုးရက နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် အများဆုံး ၆ သောင်းအထိသာ ရှိနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် ကျန်းမာရေးပညာရှင်တွေကတော့  အများဆုံး ၁ သိန်းထိ ကူးစက်မှုတွေ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံမှာတော့ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၁၈၈ ယောက်၊ သေဆုံးသူ ၁၆၅ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစု ပေါင်း ၂၁၂,၅၄၅ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ဇူလိုင် ၁၅ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းထဲမှာတော့ ကိုဗစ်-၁၉ လူနာတွေဟာ အောက်ဆီဂျင်အိုး ပြတ်လပ်တဲ့ ပြသနာတွေနဲ့ ရင်ဆိုင်နေကြရပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်တွေမှာ အောက်ဆီ ဂျင်အိုးဖြည့်ဖို့၊ ဝယ်ဖို့ ခက်ခဲတဲ့ အခြေအနေတွေကိုလည်း ကြုံတွေ့နေရပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားတဲ့အပြင် ပိုးတွေ့နှုန်း များတဲ့ မြို့နယ်တွေကိုလည်း Stay At Home မြို့နယ်တွေအဖြစ် ကန့်သတ်ထားပါတယ်။ 

အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်ဆုံးအင်ဒိုနီးရှားနိုင်ငံနောက် မှာတော့ ဖိလစ်ပိုင်နိုင်ငံက  ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၄၉ သန်းကျော်နဲ့ ရှိနေ တာပါ။

အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၈ သိန်းကျော်နဲ့ ရပ်တည်နေပြီး မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ရောဂါကူးစက်ခံရသူပေါင်း ၃ သိန်း ကျော်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂ သိန်းကျော်လာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံ ကတော့ အာဆီယံဒေတွင်း ကူးစက်မှု ပဉ္စမအမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။DVB

စစ်အုပ်စုခေါင်းဆောင်မိန့်ခွန်းများ ၁၀၀၀ ကျပ်တန်စာအုပ်အဖြစ်ထုတ်ဝေ

အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းချိန်မှစတင်ကာ ပြောကြားခဲ့သည့် မိန့်ခွန်းများအား စာအုပ်အဖြစ်ထုတ်ဝေကာ ပြန်ကြားရေးရုံးများ၊ ပြည်သူ့ဆက်ဆံရေးဌာန နှင့် စာအုပ်ဆိုင်အချို့တွင် ဖြန့်ဖြူးထားကြောင်းသိရသည်။

ပြည်သူများ ကျန်းမာသန်စွမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု နှင့် စီးပွားရေးဆိုင်ရာ ကိစ္စများအား အပါဝင်မိန့်ခွန်း ရှစ်ကြိမ်ပြောကြားမှုကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ထုတ်ဝေပြီး တစ်အုပ်လျှင် တစ်ထောင်ကျပ်တန်ဖြင့် ဝယ်ယူနိုင်ကြောင်းစစ်အုပ်စုလက်အောက်ခံ သတင်းစာတွင်ရေးသားထားသည်။

“ပြည်သူများ စားသောက်မှုပုံစံကို ကျန်းမာရေးနှင့်အညီပြုပြင်ပြောင်းလဲပေးရန်၊ အဓိကအားဖြင့် ဆီ၊အချိုမှုန့်စားသုံးမှုလျော့ချနိုင်ရန်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ရန်၊ အရက်၊ ဆေးလိပ်၊ကွမ်းယာစားသုံးမှုများ၊ လျှောချနိုင်ရေးအသိပညာပေးပြီး ကျန်းမာသန်စွမ်းကာ ပြည်သူများ သက်တမ်းစေ့နေနိုင်ရေးစဉ်းစားဆောင်ရွက်သွားမည်” ဆိုသည့် အချက်များထိုစာအုပ်တွင်ပါဝင်ကြောင်းသိရသည်။

“ခေတ်အဆက်ဆက်စစ်အုပ်စုခေါင်းဆောင်တွေက သူတို့တပ်အတွင်းထဲမှာ အချင်းချင်းသမိုင်းကို ဆင့်ကဲလိမ်ညာနိုင်ဖို့နဲ့ တပ်ထဲမှာ စည်းရုံးနိုင်ဖို့အတွက်ဖြစ်တယ်၊ စာပေအသိုင်းအဝန်းကလဲဒါမျိုးကို လက်ခံမှာမဟုတ်ဘူး” ဟုမုံရွာသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်နေမျိုးက မှတ်ချက်ပြုပြောဆိုသည်။mizzima

ကွတ်ခိုင်မြို့မဈေးမီးလောင်မှု ဆိုင်ခန်းပေါင်း ၄၀ နီးပါးဆုံးရှုံး

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့ ရပ်ကွက် ၅ ထဲရှိ မြို့မဈေးကြီးမှာ မနေ့ည သန်းခေါင်ကျော်  ဇူလိုင် ၁၆ ရက် မနက်အစောပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

မီးလောင်တာကို ကွတ်ခိုင်မီးသတ်တပ်ဖွဲ့၊ သိန္နီမီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ ရပ်ကွက်သူရပ်ကွက်သားတွေပါ ဝိုင်းပြီး မီးငြှိမ်းသတ်ရာမှာ မနက် ၁ နာရီကျော်လောက်မှာ ငြိမ်းသွားပါတယ်။

ဆိုင်ခန်းပေါင်း ၃၇ လုံးလောက်မီးထဲ ပါသွားတယ်လို့ ကွတ်ခိုင်ဒေသခံ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။

“မီးလောင်တယ်လို့ ကြားတာနဲ့ ကျနော်တို့လည်း နိုင်သလောက်သွားကူခဲ့ကြပါတယ်ခင်ဗျ။ ရေပုံးလေးနဲ့ နိုင်လည်း ရေပုံးဆွဲပြီးငြှိမ်းပေါ့။ အဓိကကတော့  မီးသတ်ကားတွေပေါ့ ဆယ်စီးထက်မ နည်းရှိတယ်။ သိန္နီမီးသတ်လည်းလာတယ်။ မနက် ၁ နာရီကျော်လောက် ငြိမ်းသွားပါတယ်။ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ ဈေးခြံစည်းရိုး အစပ်ပိုင်းမှာ လောင်နေပြီ၊ အဲဒီမှာ ဆန်ဆိုင်၊ တိုင်းရင်းဆေးဆိုင်၊ ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ အပ်ချုပ်ဆိုင်တွေရှိတယ်၊ စုစုပေါင်း ၃၇ ဆိုင်ရှိ တယ်လို့ ပြောတယ် ၊ ဈေးကြီးရဲ့ ၅ ပုံ ၁ ပုံလောက် လောင်သွားတယ်”

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတော့မရှိကြောင်း၊ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကိုလည်း သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတုန်းလို့ သူကဆက်ပြော ပါတယ်။

ကွတ်ခိုင်မှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် မြို့ထဲအသွားအလာနည်းပါးနေပြီး ဈေးကတော့ ပုံမှန်ဖွင့်နေပါတယ်။ DVB

စွမ်းရည်နည်း စစ်ကောင်စီနှင့် ကူရာမဲ့ ရန်ကုန်ကပ်ဘေး

မပြန်လမ်းသို့မြန်းတော့မည့် မိသားစုဝင်၏ ရုပ်ခန္ဓာကို မီးသင်္ဂြိုဟ်စက်အတွင်း မထည့်မီ တတ်နိုင်သမျှ အချိန်ဆွဲ ပူဆွေးတတ်ကြသည့် ပုံမှန်မြင်ကွင်းမျိုး ရန်ကုန်မြို့ ရေဝေးသုဿန်၌ ပျောက်ဆုံးနေသည်။

ရုပ်အလောင်းအနီးတွင် ဆွေမျိုးမိတ်သင်္ဂဟအပေါင်းခြံရံ၍ ယခင်ကကဲ့သို့ နှမြောတသလွမ်းဆွတ်နိုင်ခြင်း မရှိရုံမက နာရေးလိုက်ပါပို့ဆောင်သည့် မိသားစုဝင် တစ်ဦးစ၊ နှစ်ဦးစသည်ပင်လျှင် မီးသင်္ဂြိုဟ်စက်ရှေ့၌ ခြေချရန်ခက်နေသည်။

“ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူးဗျာ။ တကယ်ကို မလွယ်တာပါ”ဟု မြောက်ဥက္ကလာပမြို့နယ်အခြေစိုက် ဘိုစိန်လူမှုကယ်ဆယ်ရေးအသင်းထူထောင်သူ ဦးဘိုစိန်က ပြောလိုက်သည်။

ကိုဗစ်တတိယလှိုင်းကြုံနေချိန် လူနေထူထပ်သည့် ရန်ကုန်မြို့ ရေဝေးသုဿန်၏ ဇူလိုင် ၁၄၊ ညနေ ငါးနာရီမြင်ကွင်းကို ဦးဘိုစိန်က သူ၏ Facebook တွင် ရုပ်သံတစ်ခု ရိုက်ကူးထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ကြည့်ရှုသူ ကိုးသိန်းကျော်ရှိသော၊ နှစ်မိနစ်ခန့်ကြာသော ရုပ်သံတွင် မီးသင်္ဂြိုဟ်စက် တံခါးဝရှေ့နှင့် ဘေး ဘယ်၊ ညာ၌ ရုပ်အလောင်း ၅၀ကျော် တန်းစီနေသည်ကို မြင်တွေ့ရသည်။

ယင်းတို့အနက် အခေါင်းဝယ်မရ၊ လက်တွန်းလှည်းရှာမရ၍ စောင်ဖြင့်၊ ဖျာဖြင့် ပတ်၍ ကြမ်းပြင်ပေါ်ချထားရသည့် ရုပ်အလောင်းများက ထက်ဝက်ခန့်ဖြစ်သည်။

ဦးဘိုစိန်မှာလည်း အဆိုပါရုပ်သံဖိုင်ကို မထုတ်လွှင့်မီ နှစ်ရက်(ဇူလိုင် ၁၂)ကမှ ကိုဗစ်လက္ခဏာဖြစ်သည့် အောက်ဆီဂျင်ထိုးကျသည့် ဝေဒနာရခဲ့သည့် ဖခင်နှင့် အဒေါ်ကို အချိန်အနည်းငယ်သာခြားကာ လက်လွှတ်လိုက်ရသူဖြစ်သည်။

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် မစိမ်းသူ ပရဟိတသမားကြီးကပင် ၎င်း၏ ဖခင်နှင့် အဒေါ်ကို ကုသရန်လက်ခံပေးမည့် ဆေးရုံ၊ ဆေးခန်း ရှာမရ၊ အောက်ဆီဂျင်ဝယ်မရအဖြစ်မျိုး ကြုံခဲ့ရကြောင်း ငြီးတွားသည်။

သို့သော် မိသားစုဝင်နှစ်ဦးအတွက် ရက်လည်အလှူဒါနပင်မလုပ်ရသေးသည့် ပရဟိတသမား ဦးဘိုစိန်အတွက် ရန်ကုန်မြို့အခြေအနေများက နားနေ၍ ပူဆွေးရန် အချိန်မပေးခဲ့ပါ။ 

“ကိုယ့်မိဘက ဆုံးသွားပေမယ့် နောက်လူတွေကျလည်း ကောင်းကောင်းမွန်မွန်ဖြစ်ပါစေတော့ဆိုပြီး (ပရဟိတကိစ္စတွေကို ချက်ချင်းပြန်)လုပ်တာ”ဟု ၎င်းက Myanmar Now ကို ပြောသည်။

ကူရာမဲ့ နမူနာ

ဦးဘိုစိန်မှာ ရန်ကုန်မြို့၌ တစ်ဦးတည်းသော ကံဆိုးသူတော့မဟုတ်ပါ။ ကိုဗစ်နိုင်တင်းတတိယလှိုင်း အပြင်းအထန်စတင်ကြုံတွေ့ရချိန် ဇူလိုင်လ၏ ပထမရက်သတ္တပတ်နှစ်ပတ်အတွင်း ရန်ကုန်မြို့အခြေအနေ မည်မျှဆိုးရွားနေသည်ကို သက်သေပြနိုင်သည့်ဖြစ်စဉ်များစွာရှိသည်။

ယင်းတို့အနက် အတူနေမိခင်နှင့် အခြားမိသားစုဝင်နှစ်ဦးကို တစ်ပတ်အတွင်း ဆုံးရှုံးလိုက်ရသည့် ရန်ကင်းမြို့နယ်နေ အမျိုးသမီးငယ်မှာလည်း အပါအဝင်ဖြစ်သည်။

အမောဖောက်လာသည့် အဖွားကို ရန်ကုန်ဆေးရုံကြီးသို့  ညတွင်းချင်းပို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ဆေးရုံတင်ခွင့်ရသော်လည်း ကိုဗစ်ကူးစက်ခံရကြောင်း အဖြေထွက်သည့် နောက်တနေ့ (ဇူလိုင် ၅) နံနက်ပိုင်း၌ပင် လက်လွှတ်လိုက်ရသည်။

နောက်သုံးရက်အကြာ(ဇူလိုင်၈)၌ အဖွားကို ဆေးရုံသို့ လိုက်ပို့ပေးခဲ့သည့် ဦးလေးဖြစ်သူတွင် ကိုဗစ်သံသယလက္ခဏာပြလာခဲ့သော်လည်း မည်သည့်စမ်းသပ်ကုသမှုမျှမရမီပင် ကွယ်လွန်သွားပြန်သည်။

ကိုဗစ်အတည်ပြုလူနာအဖြစ် ကွယ်လွန်သွားသည့် အဖွားကို ဆေးရုံစောင့်ခဲ့သူ ရန်ကင်းမြို့နယ်နေ အထက်ပါ အမျိုးသမီးငယ်၏ ဖြည်မဆည်နိုင်စရာအဖြစ်ဆိုးများက ထိုမျှနှင့်မရပ်ခဲ့ပါ။

လူနာကို အနီးကပ်ပြုစုခဲ့သဖြင့် ဆေးစစ်ပေးရန် တောင်းဆိုမှုကို ရန်ကုန်ဆေးရုံကြီးက ငြင်းပယ်ပြီး နေအိမ်သို့သာ ပြန်လွှတ်ခြင်းသည် သူ့အတွက် အဆိုးရွားဆုံး ကံဆိုးမိုးမှောင်ကျမှုကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်ခဲ့ရသည်။

အိမ်ပြန်ရောက်ချိန်(ဇူလိုင်၅)တွင် တစ်ဦးတည်းခွဲခြားနေထိုင်ပါသော်လည်း နောက်နှစ်ရက်တွင် အတူနေမိခင်မှာ မကျန်းမမာဖြစ်လာသည်။ 

“ညီမအမေကို ဆေးရုံပို့ချင်တာ။ ဘာလို့လဲဆိုတော့ ဆေးရုံမှာကျတော့ အောက်စီဂျင်လောက်တယ်လေ။ ဒါပေမယ့် ဆေးရုံသွားတဲ့ လမ်းမှာ တစ်ခုခုဖြစ်မှာလည်း စိုးရိမ်တယ်။ ဆေးရုံတွေကလည်း လက်မခံဘူး” ဟု အထက်ပါအမျိုးသမီးငယ်က Myanmar Now ကို ပြန်ပြောပြသည်။

မိခင်ကွယ်လွန်သည့်နေ့(ဇူလိုင် ၁၀) နောက်ဆုံးအချိန်အထိ အသက်ကယ်နိုင်ရန် မျှော်လင့်ချက်ဖြစ်သည့် အောက်ဆီဂျင်ရရှိရေး နံနက် ၄နာရီထကာ တောင်ဒဂုံစက်မှုဇုန်၌ သွားရောက်တန်းစီခဲ့သော်လည်း ညနေ ၅နာရီအထိ မရခဲ့သလို ၎င်း၏ ကြိုးပမ်းမှုမှာလည်း အချည်းနှီးဖြစ်ခဲ့ရသည်။

“ညီမက… ညီမအမေနဲ့ ညီမ နှစ်ယောက်တည်းရှိတာ။ အခုက အမေမရှိတော့ဘူး။ ဘယ်သူမှမရှိတော့ဘူး” ဟု အမျိုးသမီးငယ်ကပြောရင်း ငိုချလိုက်သည်။

စစ်ကောင်စီ၏ စွမ်းဆောင်ရည်

ထိုသို့ ဇူလိုင်လဆန်းမှစ၍ ရန်ကုန်မြို့ကြီး ငရဲပွက်တမျှဖြစ်နေချိန် နှစ်ပတ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်သောစာရင်းများ၌ တစ်နိုင်ငံလုံးတွင် ကိုဗစ်ကြောင့် သေဆုံးသူမှာ ၁၀၀ ဝန်းကျင်သာရှိသည်။

စစ်ကောင်စီ၏ ဇူလိုင် ၁၃ရက်ထုတ် ဝါဒဖြန့်သတင်းစာများတွင် အောက်ဆီဂျင် လုံလောက်စွာရှိကြောင်း၊ ပြတ်လပ်နေသည်ဟုဆိုခြင်းမှာ ကောလာဟလ၊ နိုင်ငံရေးအမြတ်ထုတ်မှုပင် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်ဆိုသည်ကိုလည်း ဖော်ပြထားသေးသည်။

ထို့အပြင် အာဏာသိမ်းပြီးချိန် ကိုဗစ်တတိယလှိုင်းနှင့် ရင်ဆိုင်တိုးချိန်တွင် ပြည်သူတို့ကို အရပ်ဘက် ဒေသန္တရကျန်းမာရေးဌာနများထံသွားရန် စစ်ခေါင်းဆောင်က လမ်းညွှန်ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းခေါင်းဆောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အရပ်သားအစိုးရလက်ထက် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းကြုံခဲ့ရစဉ်က တပ်မတော် ဆေးဘက်ဆိုင်ရာ စွမ်းအားအရင်းအမြစ်များကို ယူငင်မသုံးစွဲသဖြင့် စစ်တပ်ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် မကြာခဏ ငြိုငြင်ပြခဲ့သူဖြစ်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆရာဝန်များနှင့် ပရဟိတသမားများကို သတ်ဖြတ်၊ ဖမ်းဆီး၊ ဝရမ်းထုတ်ခဲ့သည့် စစ်ကောင်စီ၏ ကိုဗစ်တတိယလှိုင်း ရင်ဆိုင်မည့်အစီအမံတွင် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီရန်၊ ဆရာဝန်များကို စာချုပ်စနစ်ဖြင့်ခန့်ရန်တို့လည်းပါဝင်သည်။

စစ်ကောင်စီ၏ ကိုဗစ်ဆိုင်ရာအစီအမံများမှာ အဆီအငေါ်တည့်ရန်မရှိဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၌ ပါဝင်၍ ဖမ်းဝရမ်းထုတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဆရာဝန်အချို့က သုံးသပ်သည်။

“ရာဇပုလ္လင်ပေါ် မတန်မရာတက်ထိုင်တဲ့၊ ကိုယ့်တစ်ဘို့ထဲကြည့်တတ်တဲ့လူရဲ့ အမျှော်အမြင်နဲ့တော့ လမ်းမမြင်ဘူး။ ပြည်သူတွေ ဒုက္ခတရားလျော့နည်းသက်သာဖို့ အရင်လို ကိုယ်ထိလက်ရောက်လုပ်ပေးနိုင်တဲ့ အခြေအနေလည်းမရှိတော့ ဝမ်းနည်းနေရပါတယ်”ဟု ဆေးရုံအုပ်အဆင့် CDM ဆရာဝန်ကြီးတစ်ဦးက ပြောသည်။

ရန်ကုန်တွင် ထိုသို့အဖြစ်ဆိုးကြုံနေရသည်ကို ဦးဘိုစိန်ကဲ့သို့သော ပရဟိတသမားကလည်း အတည်ပြုသည်။ ကိုဗစ်သံသယလူနာများစွာမှာ ဆေးရုံ၊ ဆေးခန်းများ၌ ကုသခွင့်မရဘဲ သေဆုံးသူများနေသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ (အလောင်း)သယ်ရတာက နေအိမ်တွေက များတယ်။ ဆေးရုံဆေးခန်းက မရှိသလောက်ပဲ။ 

အောက်စီဂျင်မလောက်ငှမှုနဲ့ ကြုံနေရတယ်။ အလောင်းသွားသယ်တဲ့အိမ်တွေမှာဆို အောက်စီဂျင်အိုး တစ်လုံးတောင်မရှိတာတွေ တွေ့တယ်”ဟု ဦးဘိုစိန်က ပြောပြသည်။

ဝေဝါးနေဆဲ မျှော်လင့်ချက်များ

အထက်ပါ အခြေအနေများနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခွင့်မရခဲ့ပါ။

အခြား မြို့ကြီးမြို့ငယ်များတွင် ကူးစက်မှုများသော်လည်း လူဦးရေ ၇ သန်းဝန်းကျင်ရှိသော ရန်ကုန်မှာ ကူးစက်ခံရသူ အများဆုံးဖြစ်သည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလက ရန်ကုန်တိုင်း၌ လွန်စွာအရေးပါခဲ့သော လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်းအချို့တွင် တာဝန်ယူခဲ့ဖူးပြီး စစ်ကောင်စီ၏ ရန်ရှာမှုမှ ကင်းလွတ်နေဆဲဖြစ်သော ဆရာဝန်အချို့ကမူ ယနေ့အချိန်တွင် လက်ပိုက်သာကြည့်နေနိုင်ကြောင်းပြောသည်။

“ပရဟိတသမားနဲ့ ဆရာဝန်အင်အား ခက်နေတယ်။ လူနာလွှဲမယ့်နေရာ သတ်မှတ်ထားတာ မရှိဘူး။ တတိယလှိုင်းမှာ အဲဒါ အခက်အခဲဖြစ်နေတယ်”ဟု ရန်ကုန်တိုင်း၊ ဖျားနာကုအခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

ဆေးခန်းများက ရောဂါရှိမရှိ စစ်ထုတ်ပြီးနောက် ရောဂါအခံရှိသူနှင့် အောက်ဆီဂျင်ကျသူ၊ အနံ့နှင့် အရသာပျောက်သူ စသဖြင့် အမျိုးအစားခွဲခြား၍ ကုသမှုခံယူရမည့် ဆေးရုံနှင့် စင်တာများသို့ စနစ်တကျ လွှဲအပ်ပေးနိုင်ခဲ့ခြင်းကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

ဇူလိုင်လတွင် စစ်ဆေးမှုနှင့် ပိုးတွေ့နှုန်းအချိုး ၃၀ ရာခိုင်နှုန်းခန့်ရှိလာပြီးနောက်တွင် မြို့နယ်အလိုက် ဖျားနာကုဆေးခန်းများပြန်ဖွင့်ရန် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှတစ်ဆင့် စစ်ကောင်စီက ကမ်းလှမ်းလာသော်လည်း ဝန်နှင့်အားမျှမည်မဟုတ်၍ အကောင်အထည်မဖော်နိုင်သေးဟု ၎င်းက ပြောသည်။

“အခုအချိန်မှာက တစ်အိမ်မှာ တစ်ယောက်နှုန်း ဖြစ်နေတယ်လို့ ပြောလို့ရတယ်”ဟု ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းလေးခု၏ ဇူလိုင် ၁၃ ရက် အချက်အလက်များအရ မြို့တော်ရှိ သုဿန်လေးခုတွင် နေ့စဉ် စုစုပေါင်း ရုပ်အလောင်း ၁၀၀ ကျော် မီးသင်္ဂြိုဟ်ရန် ပုံမှန်ပို့ဆောင်ပေးနေရာမှ ၆၀၀ ဝန်းကျင်အထိ ရုတ်တရက်ထိုးတက်ခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီဟု သိရသည်။

အဆိုပါအခြေအနေတွင် လက်ဆေးခြင်း၊ Mask တပ်ခြင်း၊ ခပ်ခွာခွာနေခြင်းကဲ့သို့သော ကိုဗစ်နိုင်တင်းကပ်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဂရုတစိုက်ဆောင်ရွက်ရန်၊ လက္ခဏာပြလာပါက အိမ်သားများနှင့် သီးခြားခွဲ၍နေထိုင်ခြင်း၊ လက်လှမ်းမီရာ ကျန်းမာရေးဝန်ထမ်းများထံဆက်သွယ်၍ ဆေးဝါးမှီဝဲခြင်းတို့ ဆောင်ရွက်ရန် ဒေါက်တာကျော်မင်းထွန်းက အကြံပြုသည်။

“ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ့် ပုံစံဖြစ်နေတယ်။ ဆေးရုံတွေကို လိုက်ပတ်ရှာ၊ (ကုသခွင့်) ဘယ်မှာရမလဲ၊ ရလိုရငြားပေါ့။ အဲဒီလိုမှရမယ်။ ဘယ်သူ့ကိုအားကိုးရမှန်း အခုအနေအထားက မသိတော့ဘူး” ၎င်းက မှတ်ချက်ပြုသည်။myanmar now

« Older Entries