Monthly Archives: Jul 2021

ကျီစုသုသာန်၏ အလောင်းစောင့်ချစနစ်က နေအိမ်များတွင်အလောင်းပုံနေ

နာရေးကားများ အချိန်ကြာမြင့်စွာ ရပ်နား၍အလောင်းများကို စောင့်ချနေရသဖြင့် အခြားအလောင်းများ သယ်ယူရန် အခက်အခဲများရှိလာကာ အိမ်‌တွင်အလောင်းများ ပုံသွားနိုင်ကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်သည်။

“ ဒီလို စောင့်နေရတော့ အခြားအိမ်က အလောင်း‌တွေ ကျန်နေသေးတယ်။ ကျွန်တော်တို့ကို ဖုန်းဆက်ထားတယ်။ ပြန်လာယူပါမယ်လို့။ အခုလို ရောဂါကာလမှာ အိမ်မှာအလောင်းတွေ ဒီလိုထားတော့ မကောင်းဘူးပေါ့။ အလောင်းတွေလည်း ပုံသွားနိုင်တယ် ” ဟု မေတ္တာရှင်ရဲ့အစေခံနာရေးကူညီမှုအသင်း၏ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။ကျီစုသုသာန်တွင် ဇူလှိုင် ၁၆ ရက်က သုသာန်အသွားလမ်းတွင် ရာနှင့်ချီသောအလောင်းများစုပုံခဲ့ရာက ယနေ့ ဇူလှိုင် ၁၇ တွင် ချထွက်စနစ်ကို စောင့်ချစနစ်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် သုသာန်တွင် အလောင်းများ ပုံမနေသော်လည်း သုသာန်လမ်းတစ်လျှောက် အလောင်းသယ်ယာဉ်များ ညနေပိုင်းထိ အရှိန်လျော့သွားခြင်း မရှိသည်ကို တွေ့ရသည်။ “ ပြည့်နေတာပဲ။ ဘာလုပ်လို့ လုပ်ရမလဲ မသိတော့ဘူး ” ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက အခြားသူတစ်ဦးကို ပြောနေသည်။

သဂြိုလ်စက်တစ်လုံးလျှင် ကားနှစ်စီးကျ အလှည့်ကျစနစ်ဖြင့် ချရသော်လည်း ကားတစ်စီးကို အနည်းဆုံး ၁၅ မိနစ်ခန့် ကြာမြင့်နေရာ သုသာန်တွင် အလောင်းသယ်ယာဉ်များ ပုံထပ်သွားသည်။

ယာဉ်မှအလောင်း ချပြီးသည်နှင့် ဒုန်းဆိုင်းမောင်းထွက်သွားသည်ကို တွေ့ရသည်။ အလောင်းလာပို့သော နာရေးယာဉ်များထဲတွင် ယနေ့မှစရောက်လာသော အရိုးကုန်းလူမှုကူညီရေးအသင်းကဲ့သို့ ပရဟိတအဖွဲ့များစွာ ရှိသည်။ ညနေပိုင်းချိန်ထိ ပရဟိတအဖွဲ့ပေါင်း ၃၀ ကျော်ထိ ကူညီ‌ပို့ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။နေအိမ်မှ တက္ကစီဖြင့်အလောင်းသယ်ရသောဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံံ့လာသည်ကိုတွေ့ရသည်၊mizzima

ကြံခင်းမြို့နယ်ပညာရေးမှူးရုံးနား ဗုံးပေါက်ကွဲပြီး နေအိမ်အချို့မှန်ကွဲ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ကြံခင်းမြို့နယ်ပညာရေးမှူးရုံးအနီးမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဒီမနက် ၄ နာရီလောက်မှာ မြို့နယ်ပညာရေးမှူးရုံးနားဗုံးပေါက်ကွဲခဲ့ တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ဗုံးက အစောကြီးပေါက်တာ အသံကတော့ တော်တော်ကျယ်တယ်။ အုန်းခနဲဆိုပြီး ကြားရတာ လူကြီးတွေတော့ သိလောက်မယ်”လို့ ဒေသခံတဦးကပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ပညာရေးမှူးရုံးအနီးမှာနေထိုင်တဲ့ နေအိမ်တချို့မှန်ကွဲတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ ပညာရေးမှူးရုံးနားကို  ရဲနဲ့စစ်တပ်က မနက်ပိုင်းမှာ လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။DVB

မင်းတပ်စစ်ဆေးရေးဂိတ် ကိုဗစ်-၁၉ ပစ္စည်းများ သိမ်းဆည်း

ချင်းပြည်နယ် မင်းတပ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကံကြီးဘက်ခြမ်းမှကားဖြင့်သယ်ဆောင်လာသည့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ပတ် သက်သော ပစ္စည်းများဖြစ်သည့် Mask အထုတ်ကြီး ငါးထုတ် ၊Test Kit နှစ်ဘူး ၊ လက်အိတ်တစ်ဖာ နှင့်လေဆာဖြန်းဆေးနှစ်ဘူးကို သိမ်း ဆည်းလိုက်ကြသည်။

ကာလတန်ဖိုး ကျပ်သိန်းနှစ်ဆယ်နီးပါးရှိ ပစ္စည်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသိမ်းခိုင်းခြင်းဖြစ်သည်ဟု ပြောဆိုသည်ဟု သတင်းရင်းမြစ်က ပြောသည်။ယခု အခါ မင်းတပ်မြို့နယ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ငါးဉီးရှိနေသည်ဟုသိရသည်။mizzima

မြစ်ကြီးနား မိဘမဲ့ဂေဟာက ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် (၂) ဂျပန်လမ်းမှာရှိတဲ့  မိဘမဲ့ဂေဟာက ကလေး ၁၄ ယောက်မှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ဂေဟာကို ဇူလိုင် ၁၆ နေ့က စတင် အသွားအလာ ကန့်သတ်ထားပါတယ်။

မိဘမဲ့ဂေဟာမှာ ကလေးတချို့ မျက်လုံးနီရဲနေတာ၊ အနံ့ပျောက်တာတွေ ဖြစ်ပေါ်နေလို့ ခရိုင် ကျန်းမာရေးဦးစီးဌာနက လာရောက် စစ်ဆေးပေးရာမှာ ကလေးငယ် ၁၄ ယောက်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့တဲ့ ကလေးတွေကို  သီးခြားအိမ်တစ်လုံးမှာ ထားရှိပြီး ဂေဟာက ဝန်ထမ်းတွေကို စစ်ဆေးရာမှာတော့ ပိုးကူးစက်တာမတွေ့ရပါဘူး။

မြစ်ကြီးနား မြို့နယ်အတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း၊ မျက်မမြင်ကျောင်း အပါအဝင် စားသောက်ကုန်ဆိုင်တွေနဲ့ လူနေအိမ်တွေကို အသွားအလာကန့်သတ်ထားပါတယ်။

ဇူလိုင် ၁၃ ရက်နေ့က စတင်ကာ မြစ်ကြီးနားမြို့နယ်ကို  Stay at Home  မြို့နယ် အဖြစ်သတ်မှတ်ခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက် ည ၈ နာရီမှ  ဇူလိုင် ၁၅ ရက်ည ၈ နာရီအတွင်း ကချင်ပြည်နယ်တစ်ခုလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၂ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိပြီး မြစ်ကြီးနားမြို့နယ်မှာတော့ ကူးစက်ခံရသူ ၃၉ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။DVB

ဘားအံက အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး စစ်ကောင်စီနဲ့ ပါတ်သတ်လို့ ဝေဖန်ခံရ

ဘားအံမြို့သူမြို့သားများ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး အလှူငွေများအား စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ စက်ရုံအတွက် အလှူငွေလှူလိုက်ကြောင်း သတင်းများပြန့်နှံ့ကာ ဝေဖန်မှုများပြားလျှက်ရှိသည်။

စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့အောက်ဆီဂျင်စက်ရုံအတွက် လှူဒါန်းခြင်းသည် မဟုတ်မှန်ကြောင်း ဘားအံမြို့သူမြို့သားများ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေး ကော်မတီဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

“ဒီအဖွဲ့မှာကျွန်တော်ပါတယ်၊ ကျွန်တော်တို့မြို့မိမြို့ဖအဖွဲ့တွေက ဒီစက်ဖြစ်မြောက်ရေးအတွက် အလှူခံကြတယ်၊ နှစ်ရက်လောက်အတွင်းမှာ စက်ဖိုးရသွားတယ်၊ စက်ဖိုးက သိန်း ၇၅၀ လောက်ကျတယ်၊ စရံငွေ သိန်း ၃၀၀‌ ပေးပြီးမှာလိုက်တယ်၊ အလှူခံဌာနကို အလှူငွေတွေက ဆက်ဝင်နေတယ်၊ အဲ့တော့ငွေတွေပိုလာတယ်၊ ဘားအံမှာကလဲ အောက်ဆီဂျင်လိုအပ်ချက်က ဖြစ်လာပြီ၊ အောက်ဆီဂျင်အိုးကို ဆက်ပြီးဝယ်ကြဖို့ စီစဉ်တယ်၊ မြန်မာပြည်မှာလဲ အိုးက ဝယ်ဖို့ဘယ်မှာမှ သိပ်အဆင်မပြေဘူး၊ ထိုင်းဘက်ကိုထပ်မှာတယ်” ဟု သူကဆိုသည်။

ထိုရက်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေး အဖွဲ့မှ မြို့မိမြို့ဖများသို့ ဆက်သွယ်လာပြီး အောက်ဆီဂျင်အိုးများ ခွဲတန်းချပေးမည်ဖြစ်ကြောင်း ပြောကြားလာသည်ဟု အဆိုပါ ကော်မတီဝင်ကဆိုသည်။

“ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ဖုန်းဆက်လာတယ်၊ သူတို့တဲ့ အောက်ဆီဂျင်အိုး အလုံး ၃၀၀ မှာထားတယ်တဲ့၊ အဲ့ဒီထဲကနေ ၁၅၀ ကို မြို့မိမြို့ဖအသင်းကိုတဲ့ ခွဲပေးမယ်တဲ့ ယူမလားတဲ့၊ အဲ့တာနဲ့ကျွန်တော်တို့ကလဲ၊ အောက်ဆီဂျင်အိုးလွယ်လွယ်ကူကူရတယ်ဆိုတော့ ယူမယ်ဆိုပြီး သူတို့ကို တစ်လုံး ၃ သိန်းနဲ့ အလုံး၁၅၀ သိန်း ၄၅၀ ကိုသူတို့ကိုသွားပေးလိုက်တယ်၊ သွားပေးတဲ့အထဲတော့ကျွန်တော်မပါဘူး၊ အဖွဲ့ထဲကသူတစ်ချို့သွားကြတာ ဘယ်လိုပုံစံမျိုးပေးခဲ့ရလဲတော့ သေချာမပြောနိုင်ဘူး၊ နောက်တော့ခုလိုသတင်းတွေတက်လာတာပဲ ၊ စစ်ကောင်စီဘက်က အောက်ဆီဂျင်စက်ရုံဆောက်ဖို့လှူတယ်ဆိုပြီး” ဟုသူကဆိုသည်။

“ကျနော်တို့သည် ကရင်ပြည်နယ်အတွင်းရှိမြို့နယ်များဖြစ်သည့် ကျနော်တို့သွားရောက်၍မရနိုင်သော သံတောင်ကြီး/သံတောင်လေး/လိပ်သို/ဘော်ကလိ/ဖာပွန်/ကမမောင်းစသည့်မြို့နယ်များတွင်အောက်ဆီဂျင်လိုအပ်ချက်ရှိနေသည်ကို ခွဲဝေလှူဒါန်းရန် အကြောင်းကြားလာပါသဖြင့် အိုး ၁၅၀ ခွဲဝေပြီးပေးပို့လှူဒါန်းပေးရန်စီစဉ်ရခြင်းဖြစ်ပါသည် ။(၁၅၀ * ၃၀၀၀၀၀= ၄၅၀ ၀၀ ၀၀၀/-)သိန်းလေးရာငါးဆယ်ကျပ်ကို အောက်ဆီဂျင်အိုးများအပေါ်တွင် (ဘားအံမြို့သူ/မြို့သားများအလှူ)ဟုတံဆိပ်ရိုက်နှိပ်ပြီး လှူဒါန်းရန်အတွက်သာ ဖြစ်ပါသည်။

အစိုးရအဖွဲ့မှ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရန် လှူဒါန်းခြင်း လုံးဝ လုံးဝမဟုတ်ပါ။” ဟု ဘားအံမြို့သူမြို့သားများ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး လူမှုကွန်ယက်စာမျက်နှာမှ ရှင်းလင်းရေးသားထားသည်။ ထိုရှင်းလင်းချက်အောက်တွင် အလှူရှင်အချို့က အကြမ်းဖက်စစ်ကောင်စီနှင့် ပါတ်သတ်မှုပြုလုပ်ခဲ့မှုအပေါ် သဘောမတူနိုင်ကြောင်းဝေဖန်ရေးသားကြသလို အလှူရှင်တစ်ဦးကလဲ ခုလိုဆိုသည်။

“အစက ညီမတို့ သိထားတာက ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်ရုံဆောက်မယ်ပဲ သိထားတာ အစ်ကိုရယ်.. ခုကျ သူတို့က ပြည်နယ်စကစကို သွားလှူလိုက်တော့ တစ်ဖက်လှည်နဲ့ နားလှည့်ပါးရိုက်သွားသလိုပဲ…သူတို့ Pageမှာတော့ရှင်းထားတယ်၊ ပိုက်ဆံပဲ သိန်း ၄၅၀ ပေးလိုက်တာဆိုတော့… အဲ့ပိုက်ဆံတွေက အောက်စီဂျင်အိုးဝယ်မဝယ်လဲ ဘယ်သူမှမသိနိုင်ဘူး..၊ကော်မတီထဲကလူတွေကိုတော့ ဖုန်းဆက်မေးမကြည့်ဖြစ်သေးဘူး၊ အသိကတစ်ဆင့်ပဲ မေးကြည့်တော့ သူတို့လဲ သေချာမသိဘူးဖြစ်နေတာ… တစ်ချို့ကတော့ တိုက်ရိုက်ဖုန်းဆက်ပြီးပြန်တောင်းကြတယ်တဲ့၊ စစ်ကောင်စီနဲ့တော့ မပါတ်သက်စေချင်ဘူးပေါ့… အဲ့လိုပါတ်သက်ရမယ်မှန်းသိရင် အစထဲကမလှူဘူး” ဟု ဘားအံမြို့ပေါ်တွင်နေထိုင်သူ အလှူရှင်တစ်ဦးကဆိုသည်။mizzima

ပွင့်ဖြူမြို့နယ်တွင် ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ထဲမှာ ဒေသခံပြည်သူ ၄ ယောက်ကို ဇူလိုင် ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒလန်တွေက လက်နက်တွေရှိတယ်လို့ မဟုတ်မမှန် သတင်းပေးတာကြောင့် အကြမ်းဖက်စစ်အုပ်စုတွေ အင်အား အလုံးရင်းနဲ့ ရောက်လာပြီး အပြစ်မဲ့ပြည်သူ ၄ ယောက်ကို ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ ပေတောကျေးရွာက ကိုမင်းဝေ၊ ကျွဲဒိကျေးရွာက ကိုစိုးနိုင်၊ သမင်ခြံကျေးရွာက ကိုတင်ဌေးအောင်နဲ့ ကံပြည့်ရွာက မမြင့်မြင့်ထွေးတို့ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ကံပြည့်ရွာက ကိုညွန့်ဝင်းကို လာရှာရာမှာ မတွေ့တာကြောင့် ဇနီးဖြစ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး မမြင့်မြင့်ထွေးကို အကြမ်းဖက်စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးသွားတာလို့ သိရပါတယ်။

သူတို့ ၄ ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဘာကြောင့် လရောက်ဖမ်းဆီးတယ်ဆိုတာကို‌တော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။DVB

အိမ်မဲမြို့ မြို့နယ်ဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်း၃ဦး ကိုဗစ်ကူးစက်ခံရ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ဆရာဝန်ကြီးတစ်ဦး၊ လက်ထောက်ဆရာဝန်တစ်ဦးနဲ့ အထက်တန်းသူနာပြု တစ်ဦးတို့ထံမှာ ကိုဗစ်၁၉ ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဇူလိုင်လ ၁၇ရက်နေ့မှာ မြို့နယ်ကျန်းမာရေးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။ဆရာဝန်အင်အားနည်းပါးသွားပေမဲ့ ကိုဗစ်၁၉ လူနာတွေကို ဆက်လက်လက်ခံပေးသွားမယ်လို့ ဆိုပါတယ်။အိမ်မဲမြို့နယ်မှာ ဇူလိုင်လ ၁၆ရက်နေ့အထိ ကိုဗစ် ၁၉အတည်ပြုလူနာ ၂၀၀ဦးထိရှိလာကာ ၁ဦးသေဆုံးခဲ့ပြီး ၇၅ဦးဟာ ရောဂါသက်သာပျောက်ကင်းတာကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပါတယ်။mizzima

မန္တလေးတွင် “ဒီပွဲဟာ အာဏာရူးတွေကို အမြစ်ကနေ ဆွဲနှုတ်နေတဲ့ နောက်ဆုံးပွဲ” အကြမ်း ဖက် စစ်ကောင်စီ ဖြုတ်ချရေး လူငယ်များ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

« Older Entries