Monthly Archives: Jul 2021

မန္တလေးတွင် အရပ်သား ပြည်သူ ၅ ဦးကို PDF ဟုဆိုကာ ပစ်ခတ်ဖမ်းဆီးသွား၊ ရပ်ကွက်နေပြည်သူများကို သတင်းမပေါက်ကြားရန် စစ်တပ်က ခြိမ်းခြောက်

မန္တလေး၊ ၆၆ C လမ်း ၊ ၁၀၅ လမ်း A နှင့် ၁၀၆ ကြား ရှိ PDF စခန်းဟုဆိုသော နေရာတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်စီးနင်းပစ်ခတ်ပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီအင်အား ၅၀ ခန့်က အဆိုပါ နေရာကို ဝင်ရောက်စီးနင်းခဲ့ပြီး ပစ်ခတ်ဖမ်းဆီးရာ ပြည်သူ ၁ ဦး ကျည်ထိမှန်ကြောင်း၊ ယင်းဒဏ်ရာရ ပြည်သူ အပါအဝင် ၅ ဦးကို အကြမ်းဖက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“စစ်တပ်က PDF ဆိုပြီး ဝင်ဖမ်းတယ်။ ကြားတာတော့ ၅ ယောက်မိတယ်။ လက်နက် ၂ လက်၊ ဗုံး ၁၅ လုံး မိတယ်လည်း ကြားတယ်။ နောက်ပြီး အနီးအနား ပတ် ဝန်းကျင်က အိမ်တွေကိုလည်း ဝင်စစ်တယ်။

အဲဒီသတင်းကို စစ်တပ်က မပေါက်ဖို့ ဖုံးဖုံးဖိဖိလုပ်နေတဲ့သဘောရှိတယ်။ ကွင်းဆက်ရှာဖို့ သတင်းဖုံးတယ်ထင်တာပဲ” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်များက PDF ဟု ယူဆရသူ ၅ ဦးကို ဖမ်းဆီးပြီးနောက် ပြန်လည် ထွက်ခွာစဉ် ခြောက်လှန့်ပစ်ခတ်မှုတချို့လည်း လုပ်ဆောင်သည်ဟု သိရှိရသည်။khit thit

စစ်တပ်ကပစ်ခတ်သဖြင့်သေဆုံးသွားသည့် ဆိပ်ခွန်ရွာသား လူငယ် ၄ ဦးကို မီးသင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှာ  စစ်တပ်က ပစ်ခတ်ခဲ့လို့ သေဆုံးသွားတဲ့ ရွာသား လူငယ်  ၄  ယောက်ရဲ့ ရုပ်အလောင်းတွေကို   ဇူလိုင် ၁၈ ရက် ညနေ ၃ နာရီလောက်က ကျေးရွာသုသာမှာ မီးသင်္ဂြိုဟ်လိုက်တယ်လို့  ဒေသခံတွေကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင် ၁၇ ရက် ည ၁၂ နာရီလောက်က  ကျေးရွာအတွင်းဝင်လာပြီး ရပ်ရွာလုံခြုံရေးဆောင်ရွက်နေတဲ့လူငယ်တွေကို အကြောင်းမဲ့ပစ်ခတ်ခဲ့တဲ့အတွက် လူငယ် ၄ ဦးသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ လူငယ်တွေရဲ့ ရုပ်အလောင်းတွေကို စုပုံထားခဲ့ပြီး မနက် ၈ နာရီလောက်မှ  လူမှုကူညီရေးကားနဲ့ ရွှေဘိုဆေးရုံကြီးကို သယ်သွားကြပြီး ရင်ခွဲပြီးမှ အလောင်းတွေကို ရွာ ပြန်ပို့ခဲ့တာလို့ သိရပါတယ်။

“လေးယောက်လုံးကို ရင်ခွဲတယ်၊ နှစ်ယောက်ကိုတော့ ချုပ်ပေးလိုက်တယ်။ နှစ်ယောက်က ချုပ်မပေးပဲ ပြန်ပို့တယ်။ နီးစပ်သူတစ်ယောက်ကပြောတာတော့ ဦးခေါင်းတွေကို ပီပီသသမရှိဘူး။ အနီးကပ် သေနတ်နဲ့တေ့ ပစ်ထားပြီး တရွတ်တိုက် ဆွဲခေါ်သွားတာလို့။  ပွန်းပဲ့ဒဏ်ရာတွေလည်း အများကြီးပဲတွေ့ရတယ်”လို့ ဒေသခံရွာသား တစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေကတော့ အသက် ၃၄ နှစ်ခန့်ရှိ ကိုသက်စိုး၊ အသက် ၂၅ နှစ်အရွယ် ကိုဌေးလှိုင်ဝင်း၊ အသက် ၂၀ အရွယ် ကိုအောင်ပိုင်ထွေးနဲ့ အသက် ၂၂ နှစ်အရွယ် ကိုအောင်ဟိန်းကျော်တို့ ဖြစ်ကြပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရွှေဘိုမြို့နယ်၊ ပလိုင်းရွာနဲ့ တက်တူရွာကြားမှာလည်း  ဒေသခံ PDF နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဇူလိုင် ၁၈ ရက် ဒီနေ့ ညနေ ၃ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက တက်တူရွာနဲ့ ပလိုင်းရွာကို စစ်တပ်က ခြေလျင် တောနင်းရှာဖွေတာတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံ PDF တွေက ခုခံ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ၁၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့ပြီး လတ်တလော မြေပြင်သတင်းအရ တိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ယောက်သေပြီး PDF ဘက်ကတော့ ထိခိုက်မှု အနည်းအကျဉ်း ရှိတယ်လို့ သိရပါတယ်။DVB

တောင်တွင်းကြီးက ၁၀၃ ခြေမြန်တပ်ရင်းဂိတ်အဝင်ပေါက်မှာ ဗုံးပေါက်ကွဲ

တောင်တွင်းကြီးက တပ်မ ၈၈ လက်အောက်ခံ ၁၀၃ ခြေမြန်တပ်ရင်းဂိတ်အဝင်ပေါက်မှာ ဇူလိုင်လ ၁၈ ရက်နေ့ညပိုင်း ၇ နာရီခွဲလောက်က ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

”ခမရ ၁၀၃ ရှေ့က အသံကြားလိုက်တယ်။ ထိခိုက်မှုတော့ မရှိဘူး။ အခုတော့ လမ်းသွားလမ်းလာတွေကို စစ်နေတယ်” လို့ တပ်နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။တောင်တွင်းကြီးမြို့မှာ စစ်တပ်ကအာဏာသိမ်းပြီး တောင်တွင်းကြီးမြို့မှာ စစ်တပ်နဲ့ရဲက လုံခြုံရေးတင်းကျပ်ထားတာလည်းဖြစ်ပါတယ်။khit thit

မင်းကင်းမြို့ဒေသခံ ၃ ဦးကို စစ်တပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းအနောက်ဘက်ကျေးရွာများကို ဝင်မွှေနေသည့် စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့်တစ်ပတ်အတွင်း ကိုးတန်းကျောင်းသားတစ်ဦးအပါအဝင် ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့သည်။ 

ဇူလိုင် ၁၁ မှ ၁၆ အတွင်း ကျေးရွာ ၃ ရွာမှ အရပ်သား ၃ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

မင်းကင်းမြို့နယ်၊ အင်ပင်လှကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များသည် ဇူလိုင် ၁၆ က ဝင်ရောက် စီးနင်းစဉ် အသက် ၁၉ နှစ်အရွယ် ကိုးတန်းကျောင်းသား မောင်ဇွဲကိုကိုသည် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ 

“(စစ်တပ်က) ရွာထဲကို ဝင်လာတော့ ပုန်းနေရာကနေ ထွက်ပြေးတာ၊ ကလေးတွေ၊ ပြေးတဲ့သူတွေ မှန်သမျှကို ပစ်တာဗျာ။ အဲ့ဒီမှာ အဲဒီကလေးကို မှန်သွားတာ။ ပစ်တာကတော့ အကုန်လုံးကို ပစ်တာ။ ဒီအတိုင်း စက်သေနတ်နဲ့ ပစ်ဝင်တာပဲ” ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် သူရိယက ပြောသည်။ 

ထို့နောက် နေအိမ်တစ်လုံးကို မီးရှို့ကြောင်း၊ အိမ်တချို့ကိုလည်း ဖျက်ဆီးဝင်ရောက်ပြီး အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ 

ဇူလိုင် ၁၃ ကလည်း သံပေါက်ရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ အသက် ၆၀ အရွယ် ဦးမြင့်ဆွေကို စစ်ကောင်စီတပ်များက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ 

ပြည်ခိုင်ဖြိုးထောက်ခံသူ ဦးဆန်းဝင်းဆိုသူသည် စစ်ရှောင်နေရာမှ သူ၏နေရပ် ဇင်ကလဲရွာသို့ စားနပ်ရိက္ခာပြန်ယူစဉ် ၎င်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်။

“သူက ပြည်ခိုင်ဖြိုးအားပေးတဲ့သူတစ်ယောက်၊ တောထဲမှာ ရှောင်နေရင်းက ဆန်သွားယူတာ။ ဆန်မရှိလို့နေမှာပေါ့ဗျာ။ ခေါင်းကိုပစ်လိုက်တာ။ စစ်ကောင်စီကတော့ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပါတီမရွေး ပစ်သတ်နေတယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများကို ပစ်သတ်ခြင်း၊ အိမ်မီးရှို့ခြင်း၊ အိမ်ထဲတင်ပြီး ပစ္စည်းများယူဆောင်ခြင်း စသည့် အမှုများ ကျူးလွန်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် ကြိုးစားသော်လည်း စစ်ကောင်စီပြောခွင့်ရသူတို့နှင့် ဖုန်းအဆက်အသွယ်မရသေးပေ။

ချင်းတွင်းမြစ်ဘေးတည်ရှိသည့် ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်စပ်မှ ကျေးရွာများကို စစ်တပ်က ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ကာ ဝင်ရောက်မွှေနှောက်နေသည့်အတွက် ဒေသခံထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ထိုသို့ တိမ်းရှောင်နေသော စစ်ရှောင်အရပ်သားများကိုလည်း စစ်ကောင်စီက ချမ်းသာမပေးခဲ့ပေ။ 

ကနီမြို့နယ် ၊ ယင်းရွာ ဒေသခံများသည် တောထဲတွင် တိမ်းရှောင်နေရာ စစ်ကောင်စီတပ်က ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်တို့၌ တောထဲထိ လိုက်လံပစ်ခတ်ခဲ့သည်။ 

ထို့နောက် လက်ပြန်ကြိုးတုပ်ကာ နှိပ်စက်ညှင်းပန်းဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည့် အရပ်သား ၁၆ ဦး၏ ရုပ်အလောင်းများကို ယင်းရွာအနီးတဝိုက်တွင် ဒေသခံများက ရှာဖွေတွေ့ရှိခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများအားကောင်းခဲ့သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ကနီ စသည့် မြို့နယ်များကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က မကြာခဏဝင်ရောက်လေ့ရှိသလို ဒေသခံများကလည်း လက်နက်ကိုင် ပြန်ခုခံနေသည်။ 

စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ကလေး၊ ကန့်ဘလူ၊ တန့်ဆည်နှင့် ပုလဲမြို့နယ်တို့တွင် ဧပြီလမှ ဇူလိုင်အထိ ၅၈ ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၆၇ ဦး သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆၀ သေဆုံးကြောင်း စစ်ကိုင်တိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့က ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။ 

စစ်ကိုင်းတိုင်းမှ မြို့နယ်များတွင် အပြန်အလှန်ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

စစ်ကိုင်းတိုင်းအပါအဝင် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး ခုခံတော်လှန်နေသည့် မြို့နယ်များတွင် အပြန်အလှန်ပစ်ခတ်မှုများတွင် သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်လေ့မရှိပေ။ 

စစ်ကောင်စီတပ်များသည် လက်နက်အင်အား၊ လူအင်အားသာလွန်သည်။ ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်အကျအဆုံး နည်းပါးရခြင်းမှာ နယ်မြေကျွမ်းကျင်မှုရှိခြင်း၊​ ပြောက်ကျားတိုက်ခိုက်ရေးစနစ်ကျင့်သုံးခြင်းတို့ကြောင့် ဖြစ်သည်ဟု သူကဆိုသည်။ 

ယင်းမာပင်၊ ကနီနှင့် မင်းကင်းမြို့နယ်များတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ထိခိုက်သေဆုံးခဲ့သည်။ 

“ပြည်သူတွေက ကိုယ့်ဒေသကို ကျွမ်းကျင်ကြတယ်။ အသက်ရှင်ရပ်တည်ရေးအတွက် ပြန်ခုခံတယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်။ သူတို့ကကျတော့ အထက်ကခိုင်းတာကို လုပ်တယ်။ သူတို့က တာဝန်ဆိုတဲ့ဟာပေါ့။ မတူတော့တာပေါ့” ဟု ရဲဘော်သူရိယက ဆိုသည်။ myanmar now

ဧရာဝတီတိုင်းမှာ စစ်ကြောရေးလုပ်ဆောင်နေတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ ကိုဗစ်ကူးစက်နေ

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကြောရေးလုပ်ဆောင်နေတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ ကိုဗစ် ၁၉ ကူးစက်ခံနေရပြီး ပုသိမ်မြို့ မဆရ-၄ တောင်ပေါ် စစ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ အမည်မဖော်လိုသူ သတင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းရှိ မြို့နယ်အသီးသီးကနေ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေအနက် ခေါင်းဆောင်လို့ ယူဆရသူတွေကို ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ပို့ဆောင်ပြီး စစ်တပ်နဲ့ သတင်းရဲတပ်ဖွဲ့ (SB)တို့က ပူးပေါင်းစစ်ဆေးနေတာဖြစ်ပါတယ်။ မြို့နယ်အလိုက် သတင်းရဲတပ်ဖွဲ့ခေါင်းဆောင်တွေကို ပုသိမ်မြို့မှာ ယာယီနေထိုင်စေပြီး စစ်ကြောရေးပြုလုပ်စေရာမှာ အခုလို အစုအပြုံလိုက် ကိုဗစ် ၁၉ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

“စစ်ကြောရေးအတွက် တောင်ပေါ်ကို ခေါ်ထားပြီး ပူးပေါင်းစစ်ကြောရေးလုပ်ခိုင်းတာ ဘယ်သူကနေ စကူးလည်းမသိဘူး။ အကုန်ဖျားတော့မှ စစ်လိုက်တော့ အကုန်လုံးနီးပါး Positive ထွက်တယ်၊ ဖမ်းထားတဲ့သူတွေကိုတော့ မစစ်ပေးဘူး။ ဒီအတိုင်း ခေါ်လာလိုက် ပြန်ပို့လိုက်နဲ့ထားတာပဲ၊ Positive သမားတွေကို မဆရ-၄မှာ ကုပေးတယ်၊ ဆေးဝါးလည်းမပြည့်စုံပါဘူး။

အဓိက အောက်ဆီဂျင်ပေါ့ အဲ့ဒါလည်း ကျွန်တော်တို့ကတော့ မလိုသေးဘူး လိုနေတဲ့သူတွေ တွေ့တယ် မပေးနိုင်ဘူး၊ ကျွန်တော်တို့ အဖွဲ့ထဲကပဲ သက်သာပြီးတော့ တာဝန်ကျရာမြို့ကို ပြန်ပို့လိုက်တဲ့သူတွေရှိတယ်။ ရောက်တဲ့နေရာမှာ Home Quarantine နေပေါ့”လို့ သတင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်တွေအများအပြားလည်း ကိုဗစ် ၁၉ကူးစက်ခံနေရတယ်လို့ သူက ဆက်လက်ပြောကြားပါတယ်။

“တပ်ထဲမှာလည်း Lock Down တော့ချထားတယ်၊ စည်းလေးစည်းပေါ့ အရပ်သားတွေ ဝင်ခွင့်ရတဲ့ စည်းကတစ်စည်း၊ တပ်တွင်းကမှ အပြင်ကို ပတ်နေရတာက တစ်စည်း၊ တပ်ထဲကို ပြန်ဝင်တာက တမျိုး၊ အရာရှိကြီးတွေနဲ့ သူတို့လုံခြုံရေးက သက်သက် အဲ့လိုခွဲထားတယ်၊ တော်တော်များများ ဖျားနာနေကြတယ်။

အတွင်းစည်းလောက်ပဲ စစ်ပေးတာ။ ကျန်တဲ့သူတွေကို စစ်မပေးဘူး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကိုလည်း သတင်းပေးမသိဘူး ခွဲထားတယ်”လို့ သူကပြောပါတယ်။

မြောင်းမြမြို့မှာ ဇူလိုင်လဆန်းပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၁ဦး အစုလိုက်အပြုံလိုက် ကူးစက်ခံရတဲ့ သတင်းထုတ်ပြန်မှုအပြီး နောက်ပိုင်းမှာ စစ်ကောင်စီက သတင်းအမှောင်ချပြီး ယခုအချိန်ထိ ဆက်လက်ထုတ်ပြန်ခြင်း မရှိတော့ပါဘူး။ဓာတ်ပုံ – မနောဖြူပရဟိတအသင်းမှ ပုသိမ်မြို့ကကိုဗစ်လူနာတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောက်နေခြင်းဖြစ်သည်။mizzima

စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် လူငယ် ၄ ဦးကို စစ်ကောင်စီတပ်များက အကြောင်းမဲ့ပစ်သတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် လူငယ် ၄ ဦးကို စစ်ကောင်စီတပ်များက ယမန်နေ့ညပိုင်းက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ဒေသခံများက အတည်ပြုပြောဆိုကြသည်။

ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်း ဆိပ်ခွန်ကျေးရွာတွင် စစ်ကောင်စီတပ်များက ပစ်သတ်လိုက်သည့် လူငယ် ၄ ဦးမှာ ကိုသက်စိုး၊ကိုဌေးလှိုင်ဝင်း၊ ကိုအောင်ပိုင်ထွေးနှင့်ကိုအောင်ဟိန်းကျော်တို့ဖြစ်ပြီး ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။

“မနေ့ညပိုင်း စစ်တပ်က ည ၁၀ နာရီလောက်ကတည်းက ရွာကို ပတ်လည်၀ိုင်းပြီး သေနတ်တွေပစ်တယ်။ ဗုံးတွေခွဲတယ်။ ည ၁ နာရီလောက်မှာ ဆိပ်ခွန်ကျေးရွာနားမှာ သေနတ်ပစ်ခတ်သံ အချက်ပေါင်းများစွာ ကြားရတယ်။ လူငယ် ၄ ဦးက သူတို့ လာတဲ့အချိန်မှာ ထွက်ပြေးလို့ ပစ်သတ်တယ်လို့ပြောတယ်။

တစ်ညလုံး ရွာကို ၀ိုင်းပြီး ပစ်ခတ်သတ်ဖြတ်တဲ့သဘောပဲ။ ပြေးတဲ့လူတွေက ပြေးကြပြီးပြီ။ သက်သက် ရွာကို ဝင်ပြီး အနိုင်ကျင့် သတ်ဖြတ်တာပါပဲ” ဟုဒေသခံတစ်ဦးက ဆိုသည်။

သေဆုံးသူလူငယ် ၄ ဦးသည် အရပ်သားများဖြစ်ပြီး ရိုးသားစွာ နေထိုင်စားသောက်ကြသူများဖြစ်ကြောင်း၊ ညနေပိုင်းတွင် ရုပ်အလောင်းများ ပြန်လည်ရရှိပြီး မီးသဂြိုလ်လိုက်ကြောင်း သိရှိရသည်။khit thit

ရွေဘိုနယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ကျေးရွာလေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများထဲသို့ အဆက်မပြတ်ပစ်ခတ်လျှက်ရှိသည်။

ဒီကနေ့ဇူလိုင်လ ၁၈ ရက် မနက်ပိုင်းတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးမှ ဒေသခံကာကွယ်ရေးတပ်များရှိသည်ဟု သတင်းပေးမှုကြောင့် စစ်ကားအကြီး သုံးစီးဖြင့် ရောက်လာခြင်းဖြစ်ပြီး ပလိုင်းအုပ်စု တပ်တူကျေးရွာဘက်တွင် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့များအား ပြည်သူ့ကာကွယ်ရေးဒေသခံအဖွဲ့များမှ လက်လုပ်သေနတ်များဖြင့် ခုခံတိုက်ခိုက်ရာတွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။

“မနက်ပိုင်းမှာ သူတို့ တပ်တူဘက်မှာပဲ ကျွန်တော်တို့ဘက်က အင်အားများမှန်းသိတယ်၊ အာ့ကြောင့်ဒီဘက်ကိုမလာဘူး၊ ခုညနေ သုံးနာရီလောက်ကျတော့ ကားတွေနဲ့ စစ်ကူတွေထပ်ရောက်လာပြီး ကျွန်တော်တို့ တပ်တူ၊ ပလိုင်း၊ ဂုန်နန်၊ ကန်သာ အဲ့ဒီလေးရွာကို လက်နက်ကြီးတွေနဲ့ အဆက်မပျက်ပစ်ပြီး ခုဝင်မွှေနေကြပြီ၊ လက်နက်အင်အားက ဘယ်လိုမှမမျှတော့ တိုက်ဖို့မလွယ်ဘူး” ဟု တပ်တူရွာသားတစ်ဦးက ဆို သည်။

ဒီကနေ့ညနေပိုင်း ၄ နာရီဝန်းကျင်အချိန်ထိ လက်နက်ကြီးများ ပစ်ခတ်မှုရှိနေပြီး ထိခိုက်ကျဆုံးသူများရှိနိုင်ကြောင်း ဒေသခံကပြောဆိုပြီး အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိအချိန်တွင် အဆိုပါကျေးရွာ လေးရွာမှ ပြည်သူများ လွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း ပေးပို့လာသော ရုပ်သံမှတ်တမ်းများအရသိရသည်။ မနေ့က ညပိုင်းတွင်တပ်တူကျေးရွာနှင့် နှစ်မိုင်ခန့်အကွာ ဆိပ်ခွန်ရွာသား လေးဦးအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။mizzima

မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးရန် NUG အစိုးရက နိုင်ငံတကာကို အရေးပေါ် မေတ္တာရပ်ခံ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်း အလွန်အမင်းတိုးပွားလာနေပြီး ပြည်သူ ၆ ဒသမ ၂ သန်း အစာရေစာပြတ်လပ်မှုနဲ့ ကြုံတွေ့နေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချူပ်ရုံးက နိုင်ငံတကာအသိုက်အဝန်းထံ အရေးပေါ် မေတ္တာရပ်ခံချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ နိုင်ငံတကာအသိုင်းအဝန်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ စေတနာ သဒ္ဓါတရားထက်သန်တဲ့ လူပုဂ္ဂိုလ်တွေဆီ ဇူလိုင် ၁၈ ရက်နေ့စွဲနဲ့   အကူအညီတောင်းခံလိုက်တာပါ။

“အခုအခါ မြန်မာနိုင်ငံကပြည်သူတွေဟာ  စစ်အာဏာရှင်ရဲ့ မတရားအာဏာသိမ်းယူတာကို တွန်းလှန်နေရသလို၊ ကိုဗစ်-၁၉  တတိယလှိုင်းကို အလူးအလဲကာကွယ်နေရတဲ့ အလွန်ဆိုးဝါးသော တစ်မျိုးသားလုံးဆိုင်ရာ ကပ်ဘေးကို ကြုံတွေ့နေရပါတယ်။အခုလို ဆိုးရွားလှတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒုက္ခပင်လယ် ဝေနေတဲ့ မြန်မာပြည်သူတွေအား နိုင်ငံတကာအသိုင်းအဝိုင်းက လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများ ပေးအပ်နိုင်ဖို့ မေတ္တာရပ်ခံတယ်”လို့ NUG က ဆိုပါတယ်။

စစ်တပ်က မတရားအာဏာ သိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး လူပေါင်း ၉၁၂ ဦး သေဆုံးခဲ့သလို ကလေး သူငယ်တွေနဲ့ ကျန်းမာရေးလုပ်သားတွေ အပါအဝင် ၉၂၇၇ ဦးမှလာလည်း တရားမဝင် စစ်ကောင်စီရဲ့ အမျိုးမျိုးသော အမိန့်တွေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အခုအခါ လူပေါင်း ၉၄၅၀၀၀ ကျော်မှာ အကူအညီလိုအပ်နေပြီး၊ ၃၃၆၀၀၀ ကျော်မှာ စစ်ဘေးဒဏ်ကို ပြေးရှောင်နေရသလို၊ အနည်းဆုံး လူပေါင်း ၆ ဒသမ ၂ သန်းမှာ အစားအစာပြတ်လပ်မှုကြုံနေရတယ်လို့ ဆိုပါတယ်။

တရားမဝင် စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကြောင့် ကိုဗစ်-၁၉  တတိယလှိုင်းရဲ့ ပြင်းထန်ဟာ ရိုက်ခတ်မှုဟာ မထိန်းသိမ်းနိုင်တော့တဲ့ အခြေအနေရောက်ရှိနေပြီး သေဆုံးမှုတွေဟာလည်း တိုးပွားနေတယ်လို့ မေတ္တာရပ်ခံချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅,၄၉၇ ယောက်၊ သေဆုံးသူ  ၂၃၃  ယောက်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၂၄,၂၃၆  ယောက်ထိရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေဟာ စနစ်တစ်ကျ ကောက်ယူ ထားခြင်းမရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတဲ့ စာရင်းထုတ်ပြန်ချက်တစ်ခုသာဖြစ်တယ်လို့ NUG အစိုးရက ဆိုပါတယ်။

လက်ရှိ အခြေအနေကတော့ ဆေးရုံတွေမှာ လူနေတွေအတွက် အိပ်ရာတွေမလုံလောက်တဲ့အပြင် ကိုဗစ်ရောဂါ ကူးစက်သူတွေလည်း ကုသဖို့ ငြင်းဆန်တာတွေဖြစ်ပေါ်နေပြီး အောက်စီဂျင်ပြတ်လပ်မှုမှာ တစ်ဖြည်းဖြည်း ပိုမိုဆိုးရွားလေကာ စစ်ကောင်စီကလည်း အောက်ဆီဂျင်ထုတ်လုပ်မှုတွေနဲ့ အောက်ဆီဂျင် ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကို လူမဆန်စွာ ပိတ်ပင်တားဆီးပြီး သိမ်းပိုက်ထားကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ကျန်းမာရေးစနစ်နဲ့ ကျန်းမာရေးလုပ်သားတွေအပေါ်ကိုလည်း ပစ်မှတ်ထား နှိမ်နင်းနေပြီး ကိုဗစ်-၁၉ ကပ်ရောဂါအား စစ်လက်နက်တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချနေကြောင်း တစ်ဖြည်းဖြည်း ပေါ်လွင်လာနေတယ်လို့ ဆိုပါတယ်။

အခုအခါ မြန်မာပြည်မှာ  ကျန်းမာရေး ဝန်ဆောင်စောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ၂၅၀ ကျော်ရှိပြီဖြစ်ပြီး တိုက်ခိုက်ခံရမှုအများဆုံး တိုင်းပြည်ဖြစ်သလို၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေအတွက် အန္တရာယ်အရှိဆုံး တိုင်းပြည်တစ်ခုဖြစ်လာနေတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာက ချက်ခြင်းကူညီဆောင်ရွက်ခြင်းမရှိပါက မြန်မာနိုင်ငံဟာ မျိုးကွဲရောဂါသစ် အပါအဝင် ကိုဗစ်-၁၉  ပြန့်ပွားစေတဲ့ အဓိက နိုင်ငံတစ်ခုဖြစ်လာနိုင်ကြောင်းလည်း NUG ရဲ့ မေတ္တာရပ်ခံစာက ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တစ်မျိုးသားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိနိုင်ဖို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်သလို ပြည်သူလူထုအားလုံး အတွက် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေနဲ့ ကာကွယ်ရေး လိုအပ်ချက်တွေကို အစွမ်းရှိသလောက် လုပ်ဆောင်ပေးသွားမယ်လို့လည်း NUG ရဲ့ ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ကိုဗစ်ကူးစက်ပျံ့နှံ့မှု အခြေအနေဟာ ထိန်းမနိုင် သိမ်းမရအဆင့်ကို ရောက်ရှိနေပြီး မြန်မာကိုဗစ် ဗိုင်းရပ်စ်မျိုးကွဲသစ်တွေက ကမ္ဘာကြီးကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မူဟာ မကြုံစဖူးလောက်အောင် အလိုအပ်ဆုံးအခြေအနေ ဖြစ်နေပြီလို့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

စုစုပေါင်းရင်ကမ္ဘာ့လူဦးရေ တဝက်လောက်ရှိတဲ့ နိုင်ငံကြီး၂ခုနဲ့ မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်းထိဆက်နေပြီး နယ်စပ်တွေဆိုတာ ရောဂါစိမ့်ဝင်ကူးစက်နိုင်ခြေရှိနေတယ်လို့ လည်း သတိပေးရေးသားထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ အကျပ်အတည်းဟာ ပိုမိုနက်ရှိုင်းလာနေပြီး အဆိုးတကာ့ပေါင်းစုံ ဆုံနေတဲ့ မြန်မာ့နိုင်ငံရေးမုန်တိုင်းကို ဖြေရှင်းပေးဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ အရေးပေါ်လုပ်ဆောင်ဖို့လည်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် သောမတ်စ်အင်ဒရူးက တောင်းဆိုထားပါတယ်။DVB

« Older Entries