Monthly Archives: Jul 2021

လားရှိုးတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူနာများ နေ့စဉ်သေဆုံးနေ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူတွေ နေ့တိုင်းလို ရှိနေတယ်လို့  လူနာတွေကို လိုအပ်သလိုအကူအညီပေးနေတဲ့ မြို့ခံပရဟိတအဖွဲ့က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာပဲ ကိုဗစ်-၁၉ ကူးစက်ခံရပြီးဆုံးသွားတဲ့ လူနာ ၄ ယောက်နဲ့ သံသယနဲ့ ဆုံးသွားတဲ့ ၂ ယောက် စုစုပေါင်း ၆ ယောက်ကို မီးသင်္ဂြိုလ်စက်သို့ ပို့ပေးခဲ့တယ်လို့ လားရှိုးမြို့ ပေးသောလက်စေတနာရှင် သွေးနှင့် လူမှုကူညီရေးအသင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီမနက်ပိုင်းမှာဘဲ ဆုံးသွားတဲ့ Positive လူနာ ၄ ယောက်နဲ့ သံသယ ၂ ယောက်ကို သုသာန်ပို့ပေးခဲ့ပါတယ်ခင်ဗျာ။ သေဆုံးသူက နေ့တိုင်းလိုရှိနေပါတယ်၊ အများစုက အောက်စီဂျင် မလုံလောက်လို့ သေဆုံးရတာပါ။  ကျနော်တို့ အသင်း တစ်သင်းတည်းအနေနဲ့ ဒီသုသာန်မှာ လာချ ပေးတာ စုစုပေါင်း ၄၀ ကျော်ရှိပါပြီ။”

လားရှိုးမှာ ကိုဗစ်-၁၉ ကိစ္စနဲ့ ပတ်သက်ပြီး လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ပေါင်း ၁၀ ဖွဲ့ကျော်ရှိပြီး နေ့စဉ် ပိုးကူးစက်ခံရသူ နဲ့ သေဆုံးသူစာရင်းချုပ်ကိုတော့ မသိရ ကြောင်း၊ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကူးစက် သေဆုံးသူစာရင်းတွေ ထက်တော့ ပိုများတယ်လို့ သူကပြောပါတယ်။ 

 လာရှိုးမှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၅ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိတယ်လို့ စစ်ကောင်စီကျန်းမာရေးဌာနက ဇူလိုင် ၁၇ ရက်က ထုတ်ပြန်ထားပါတယ်။  

လားရှိုးသတင်းမှာတော့ ဇူလိုင်လ ၁၈ ရက်နေ့ တစ်ရက်တည်းတင် ကိုဗစ်ပိုးကူးစက်ခံရသူ ၉၄ ဦးရှိကြောင်း ၊ ဇွန်လ ၉ ရက်မှ  ဇူလိုင် ၁၈ ရက်နေ့ထိ ရက်ပေါင်း ၄၀ အတွင်း ပိုးကူးစက်ခံရသူ စုစုပေါင်း ၁၁၁၁ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၆၂၆ ဦး နဲ့ သေဆုံးသူ ၅၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ 

ဒီကနေ့မှာလည်း မိုးကုတ်ဝိပဿနာတရားစခန်းဝင်းထဲက ကိုဗစ်စစ်ဆေးတဲ့နေရာမှာ ပိုးတွေ့ သူများနဲ့ ဆက်စပ်နေသူ လူအယောက် ၂၀၀ ကျော်ကို  အာခေါင်တို့ဖတ်ယူပြီး ဓာတ်ခွဲစစ်ဆေး နေပါတယ်။DVB

CDF တစ်ဖွဲ့ကိုပဲ အသိအမှတ်ပြုကြောင်း နိုင်ငံတကာရောက် မင်းတပ်လူမှု့အဖွဲ့အစည်းတွေ ကြေညာ

မင်းတပ်မြို့နယ်အတွင်း CDF တစ်ဖွဲ့ကိုပဲ အသိအမှတ်ပြုကြောင်း နိုင်ငံတကာရောက် မင်းတပ်လူမှု့အဖွဲ့အစည်းတွေ ကြေညာလိုက်ပါတယ်။စစ်အာဏာသိမ်းမှုကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်လိုက်ပြီး အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းစေဖို့ လက်နက်ကိုင် တော်လှန်တာကလွဲလို့ ရွေးချယ်စရာ တခြားနည်းလမ်းမရှိတော့ကြောင်းလည်းဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေးမှာ ဒေသတစ်ခုတည်းမှာပဲ လက်နက်ကိုင်တစ်ဖွဲ့ထက်ပိုမို လှုပ်ရှားပါက မလိုလားအပ်တဲ့ပြဿနာတွေရှိလာနိုင်ပြီး စည်းလုံးမှုကိုလည်းထိခိုက်စေနိုင်တယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် နိုင်ငံတကာရောက် မင်းတပ်လူမှု့အဖွဲ့အစည်းတွေအနေနဲ့ CDF တစ်ဖွဲ့တည်းကိုသာအသိအမှတ်ပြုကြောင်း အတိအလင်းကြေညာလိုက်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အလားတူပဲ မတူပီမြို့နယ်မှာလည်း ချင်းအမျိုးသားတပ်ဦး (CNF) နှင့် CDF-Matupi တို့နဲ့ မူဝါဒကွဲလွဲတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမှ လှုပ်ရှားခွင့်ပြုမည်မဟုတ်ကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။mizzima

ဘောလခဲမြို့နယ်တွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေ

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်းမှာ ဇူလိုင် ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ကရင်နီတပ်မတော် (KA)၊ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီး တော်ခူကျေးရွာသစ်နဲ့ ကလိလျားကျေးရွာကြားမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တို့က ခုခံတိုက်ခိုက်ခဲ့လို့  တိုက်ပွဲ‌တွေ ဖြစ်ပွားခဲ့တာလို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီ တပ်မ ၆၆ က ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းမှာ နန်းဖဲကျေးရွာကို ရောက်ရှိ တပ်စွဲထားရာကနေ ညနပိုင်းမှာ တော်ခူကျေးရွာသစ်ဘက်ကို စစ်တင်ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တာကြောင့် ကရင်နီ ပူးပေါင်းတပ်တို့က ပြန်လည် ခုခံတိုက်ခိုက်ခဲ့တလို့ ဆိုပါတယ်။

အလားတူ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီလောက်မှာလည်း ကလိလျား ကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို မနက် ၁၁ နာရီခန်လောက်မှာလည်း ဘောလခဲမြို့ရှိ တပ်ရင်းကနေ ကလိလျားရွာအနီး တဝိုက်ကို တာဝေးပစ်အမြှောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။

ဘောလခဲမြို့နယ်၊ နန်ဖဲကျေးရွာအနီးက ကျွန်းပင်ကုန်းအဆင်းမှာ ကရင်နီတပ်မတော် (KA)၊ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)  ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား  ဇူလိုင် ၁၆ ရက် မွန်လွဲပိုင်းကလည်း နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။DVB

CDF-Mindat နှင့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က ၂၀၀ ဝန်းကျင်သေဆုံးဟုထုတ်ပြန်

ဧပြီလ ၂၄ ရက်နေ့ မှ ဇွန်လ ၈ နေ့အထိ တစ်လခွဲကာလအတွင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး -CDF-Mindat နှင့် စစ်ကောင်စီတပ်များအကြား အကြိမ် ၂၀ ကျော် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့သည်ဟု ဇူလိုင်လ ၁၉ ရက်နေ့တွင် အဖွဲ့က ထုတ်ပြန်သည်။

ထို့အပြင် CDF-Mindat အနေဖြင့် စစ်ကားခြောက်စီးမီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်းပါရှိသည်။CDF-Mindat ဘက်မှလည်း အာဏာရှင်အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေး၊ တိုင်းပြည်နှင့် လူမျိုးအတွက် စစ်မြေပြင်တွင် ရဲဘော်အာဇာနည် ၂၄ ဦး အသက်ပေးသွားခဲ့ကြောင်းနှင့် အောက်မေ့သတိရ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်ဟု အဖွဲ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ထုတ်ပြန်သည်။

ဧပြီလ ၂၄ ရက်နေ့ တွင် “We Support NUG” ဟူသည့် စာတမ်းကပ် သပိတ်ပြုလုပ်သူများကို ဖမ်းဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူများကို ပစ်ခတ်ရာမှ စစ်ကောင်စီတပ်များနှင့် CDF-မင်းတပ် တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။mizzima

အင်းစိန်ထောင်တွင် ဖမ်းဆီးခံနေရသည့် သြစတြေးလျ စီးပွားရေးပညာရှင် တုပ်ကွေးဖြစ်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသား စီးပွားရေးပညာရှင်  မစ္စတာ ရှောင်တာနယ်လ်ဟာ အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရစဉ်   တုပ်ကွေးမိနေပြီး ကိုဗစ်-၁၉ အန္တရာယ်ရှိနေတယ်လို့ သူ့ရဲ့ဇနီးဖြစ်သူက လူမှုကွန်ရက်မှာ ရေးပါတယ်။

ရှောင်တာနယ်လ်ဟာ အအေးမိ၊ တုပ်ကွေးဖြစ်နေတဲ့ ရောဂါလက္ခာတွေခံစားနေရပြီး ကိုရိုနာဗိုင်းရပ်စ်ဒယ်တာမျိုးကွဲတစ်မျိုးဟာ အင်းစိန်ထောင်မှာ ပျံ့နှံ့နေတဲ့အတွက် သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ အလွန်တရာ အန္တရာယ်ရှိနေတယ်လို့ လည်း ဆိုပါတယ်။ 

ရှောင်တာနယ်လ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကတည်းက ပထမဆုံး အဖမ်းခံရတဲ့ နိုင်ငံခြားသားဖြစ်ပြီး သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုနဲ့  စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားတာ ဖြစ်ပါတယ်။

မစ္စတာရှောင်တာနယ်လ် ဖခင်ဖြစ်သူဟာလည်း လတ်တလော ကင်ဆာရောဂါဖြစ်နေတဲ့အတွက် စာနာရိုင်းပင်းကူညီတဲ့အနေနဲ့ သူ့ကို သနားသဖြင့်လွှတ်ပေးပြီး ဩစတြေးလျနိုင်ငံကို ပြန်ခွင့်ပြုဖို့လည်း ဇနီးဖြစ်သူက တောင်းဆိုပါတယ်။ 

ပါမောက္ခရှောင်တာနယ်လ်ကို ဖေဖော်ဝါရီ ၆ ရက်ကတည်းက စစ်ကောင်စီက ဖမ်းဆီးထားပြီးကတည်းက လူမြင်ကွင်းမှာ ပေါ်မလာသေးဘဲ ဇွန် ၂၃ ရက်နေ့ တရားရုံးကြားနာမှုမှာ တက်ရောက်လာတာလည်း မတွေ့ရပါဘူး။

သူ့ကို စွပ်စွဲထားတဲ့ပြစ်မှုတွေနဲ့ တခြားသူတွေရဲ့ ပြစ်မှုတွေကို တိကျတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း စစ်ကောင်စီက လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းကာလ ရောဂါကူးစက်မှုရော၊ ကူးစက်ခံရသူတွေ သေဆုံးမှုနှုန်းပါ စံချိန်တင်မြင့်တက်နေတာဖြစ်ပြီး  အကျဉ်းထောင်တွေထဲမှာလည်း  ရောဂါကူးစက်ခံရသူတွေ များပြားနေတာပါ။  

လက်ရှိ အကျဉ်းထောင်တွေထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ ၃၁၅ ဦးရှိပြီး  ဆေးရုံ ဆင်းလာသူ ၁၂၀ ဦး၊ ကုသဆဲ ၁၉၀ ဦး၊ ရောဂါအခံရှိတဲ့ သေဆုံးသူ ၅ ဦးရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနဲ့ ဗဟိုကော်မတီဝင် ဦးဟံသာတို့လည်း ထောင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရလို့ ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။  ဒါ့အပြင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် အန်အယ်လ်ဒီ ဗဟိုကော်မ တီဝင် ဦးဖြိုးမင်းသိန်းဟာလည်း စစ်ကြောရေးမှာ ကိုဗစ်-၁၉ ကူးစက်ခံရလို့ စစ်ဆေးရုံမှာ ဆက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။ DVB

သစ်ခိုးထုတ်သည့်ဒေသခံများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဖမ်းဆီးသတိပေး

စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်း၊ ပုလဲမြို့နယ်အတွင်း သစ်များ တရားမဝင်ခိုးထုတ်မှုကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးကာ သတိပေးတားဆီးကြောင်းသိရသည်။

ပုလဲမြို့နယ်အနောက်ဘက် ၇ မိုင်ဘက် တောထဲမှ ကျွန်းသစ်အပါအဝင်သစ်များ တင်ဆောင်လာသည့် ရွာသားနှစ်ဦးအား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက မနေ့က ဇူလိုင်လ ၁၈ ရက်နေ့တွင်ဖမ်းဆီးပြီး သတိပေးလိုက်ခြင်းဖြစ်ကြောင်း PPDF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။ “ကျွန်တော်တို့က သတင်းရလို့ သွားပြီးဖမ်းတာပါ၊

ဆိုင်ကယ်နှစ်စီးနဲ့တင်လာကြတာ၊ ကျွန်းရော၊ ပန်းတောက်ကော သစ်အချောတွေ၊ နောက်ကို ဒီလိုသစ်တွေခိုးမထုတ်ဖို့ သေခြာမှာတယ်ပြီးတော့ သူတို့အမည်တွေဘာတွေသေခြာမေးပြီး မှတ်တမ်းတင်ထားပြီး ပြန်လွှတ်လိုက်တာ၊ သူတို့ကလဲ ကျွန်တော်တို့မသိလို့ပါဆိုပြီး ကောင်းကောင်းမွန်မွန်ပြောပါတယ်၊ သစ်တွေချခိုင်းပြီးပြန်လွှတ်လိုက်တာ” ဟုသူကဆိုသည်။

ပုလဲနယ်အတွင်း သစ်ခိုးထုတ်မှုဖြစ်ခဲ့သည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ပထမအကြိမ်တွင် သစ်များခိုးထုတ်ကာ ကားတစ်စီးဖြင့်တင်လာသည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၁၄ ရက်တွင်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များမှ အဆိုပါသစ်များအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ဖမ်းဆီးရမိသည့် သစ်များအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကိုယ်ကျိုးရှာတယ်မထင်အောင် မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုသည်။

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် တရားမဝင်သစ်များ ခိုးထုတ်မှုကို တားမြစ်ကန့်သတ်ခြင်းနှင့် သစ်တောများကို ကာကွယ်စောင့်ရှောက်ရန် ထုတ်ပြန်ချက်တစ်စောင် ဇွန်လ ၁၆ ရက်တွင်ထုတ်ပြန်ထားသည်။

“ပုလဲ၊ ယင်းမာပင် နှင့် ကနီ သုံးမြို့နယ်အစပ် ပြည်သူတို့အမြတ်တနိုး တန်ဖိုးထားရာ အလောင်းတော်ကဿပဘုရားနယ်မြရှိ ဘေးမဲ့ကြိုးဝိုင်းသစ်တောများအား ခိုးထုတ်နေသူများ ကျွန်ုပ်တို့တွေ့ရှိခဲ့ပါက ပစ္စည်းရော အသက်ပါအန္တရာယ်ရှိစေနိုင်ကြာင်း အသိပေးကြေငြာလိုက်သည်” ဟုထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ကျွန်တော်တို့ပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ စားဝတ်နေရေးကြောင့်ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုသစ်တွေခိုးထုတ်နေတာက သယံဇာတအမွေအနှစ်တွေကို ဖျက်ဆီးရာလဲရောက်တယ်၊ နောက် စစ်ကောင်စီနဲ့ပါတ်သတ်တဲ့ သစ်တောဌာနတို့ရဲတို့ကို ပိုက်ဆံပေးပြီး လုပ်နေကြတာဆိုတော့ စစ်ကောင်စီအတွက် ဝင်ငွေပေးနေသလိုလဲဖြစ်တယ်၊ ဒါကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုင်ပင်ပြီး သစ်ခိုးထုတ်တာတွေကို ဖမ်းဖို့နဲ့ တားဆီးဖို့ ဆုံးဖြတ်ဖြစ်တာပါ” ဟုPPDF အဖွဲ့ဝင် ကဆိုသည်။mizzima

ကုန်သွယ်ရေးဇုန် မူဆယ် ၁၀၅ မိုင် မိုင်းယုကျေးရွာက နယ်မြေများကို အဝင်၊ အထွက်ပိတ်

ကိုဗစ်-၁၉ ရောဂါကူးစက်မှု များလာတာကြောင့် မြန်မာ-တရုတ် အဓိက ကုန်သွယ်ရေးဇုန် ရှိရာ မူဆယ် ၁၀၅ မိုင် မိုင်းယုကျေးရွာက နယ်မြေတွေကို ဇူလိုင် ၁၉ ရက်နေ့ကစ အဝင်၊ အထွက်ပိတ် Lockdown ချလိုက်ကြောင်း မူဆယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဆီက သိရပါတယ်။

၁၀၅ မိုင် မိုင်းယု ကျေးရွာရှိ နယ်မြေ ၁၊၂၊ ၃၊ ၄ နဲ့ ၅ တို့ကို ဇူလိုင် ၁၉ ရက်နေ့ကစ ဇူလိုင် ၂၈ ရက်နေ့အထိ ၁၀ ရက်တိတိ ဝင်/ထွက် ခွင့်ပိတ်ပင်ထားလိုက်တယ်လို့ မူဆယ်ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ဦးမျိုးမင်းသူက ‌‌ပြောပါတယ်။

အဝင်လုံးဝခွင့်ပြုမှာ မဟုတ်ဘဲ ရပ်ကွက်ထဲက ထွက်သူတွေကို ပြန်လည်ဝင်ရောက်ခွင့်လည်း မပြုဘူးလို့ သူက ပြောပါတယ်။

ကျေးရွာအတွင်းရှိ နယ်မြေအချင်းချင်း သွားလာလို့ရအောင် လမ်းသွယ်တစ်ခုသာ ခွင့်ပြုမှာဖြစ်ပြီး ဝင်/ထွက် မှုတွေကို ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ရုံးဝန်ထမ်းနဲ့ ကုမ္ပဏီဝန်ထမ်း​တွေလည်း​​ အကျုံးဝင်တယ်လို့ ‌နီးစပ်သူ တစ်ဦးက ပြောပါတယ်။

မည်သူမဆို ဒေသန္တရစီမံမှုကို နာခံရမှာဖြစ်ပြီး ယာဉ်ရပ်နားကွင်းထဲရှိ ကားဆရာများ အချင်းချင်း ထပ်ဆင့် အသိပေးကြဖို့လည်း နှိုးဆော်ထားပါတယ်။

မူဆယ် ၁၀၅ မိုင်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အားလုံး ၁၀၀ ကျော်ရှိပြီး ပိုးတွေ့လူနာတွေထဲမှာ နယ်စပ်ကုန်သွယ်ရေးနဲ့ အကောက်ခွန်တို့က ဝန်ထမ်းတွေအပါအဝင် ယာဉ်မောင်း၊ အလုပ်သမားတွေနဲ့ ရပ်ကွက်တွင်းက ပြည်သူတွေ ပါပါတယ်။

မူဆယ်မြို့နယ် တခုလုံးမှာတော့ ဇွန် ၂၂ ရက်နေ့ကနေ ဇူလိုင‌ေ ၁၈ ရက်နေ့အထိ ပိုးတွေ့လူနာ ၆၀၀ ကျော်ထိရှိလာပြီဖြစ်ပြီး ဆေးရုံဆင်းသူ ၂၀၀ ကျော်နဲ့ သေဆုံးသူ ၁၆ ဦး ရှိပါတယ်။DVB

« Older Entries