Monthly Archives: Jul 2021

ပဲခူး၊ ထန်းတပင်တွင် စစ်ကောင်စီဆန့်ကျင်သူ အမျိုးသမီး ပစ်သတ်ခံရ

ပစ်သတ်ခံရသူ ဒေါ်ကလယ်၏ ရုပ်အလောင်း နေအိမ်သို့ ပြန်ရောက်လာသည်ကို ဇူလိုင် ၁၉ ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်တပင်မြို့နယ်၊ ကင်မွန်းခြုံရွာတွင် ဇူလိုင် ၁၈ ညက သေနတ်သမားတချို့၏ ပစ်ခတ်မှုကြောင့် အာဏာသိမ်းမှုကန့်ကွက်သူ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး သူ၏သမီး ၇ တန်းကျောင်းသူလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

ည ၉ နာရီခွဲခန့်အချိန်က အသက် ၃၅ နှစ်အရွယ် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဒေါ်ကလယ်သည် သမီး ၃ ဦးနှင့် နေအိမ်အတွင်းရှိနေစဉ် လူ ၃ ဦးက နေအိမ်အတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောသည်။ 

“သူ (ဒေါ်ကလယ်)ကတော့ နှလုံးတည့်တည့်ကို တစ်ချက်ပဲ ထိတယ်လို့ ပြောတယ်။ သူ့သမီးလေးကတော့ ၃ နေရာ( ထိတယ်) လို့  ပြောတယ်။ လက်မောင်းမှာ တစ်ချက်ထိတယ်။ ခြေသလုံးမှာတော့ တစ်ချက်။ ခါးမှာ ၅ ချက်ထိတယ် ပြောတယ်” ဟု အသက် ၃၀ အရွယ် ထိုအမျိုးသမီးက ဆိုသည်။

ကျန် သမီးနှစ်ဦး ကျည်ထိမှန်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပစ်ခတ်ခံရပြီး မိနစ်ပိုင်းအတွင်း ရဲနှင့် စစ်သားများ ရောက်ရှိလာကာ ရုပ်အလောင်းကို ယူဆောင်သွားပြီး ဒဏ်ရာရထားသည့် သမီးဖြစ်သူကို တောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ရွာအနီး စစ်တပ်စခန်းတစ်ခုရှိကြောင်း၊ ယမန်နေ့ (ဇူလိုင်၁၉)  မွန်းတည့် ၁ နာရီတွင် ဒေါ်ကလယ်၏ ရုပ်အလောင်းကို စစ်တပ်က နေအိမ်ပြန်ပို့ခဲ့သောကြောင့် ညနေပိုင်း၌ သင်္ဂြိုဟ်ခဲ့ကြောင်း၊ ဒဏ်ရာရသူ မိန်းကလေးငယ်ကို တောင်ငူဆေးရုံ၌ ယနေ့ (ဇူလိုင် ၂၀) တွင် ခွဲစိတ်ကုသပေးနေသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။ 

အသုပ်စုံရောင်းသူ ဒေါ်ကလယ်သည် အာဏာသိမ်းစစ်ကောင်စီကို သံပုံးတီးဆန့်ကျင်သလို ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြောင်း၊ ရပ်ရွာနှင့် သဟဇာတဖြစ်သူဖြစ်သော်လည်း ဘေးအိမ်မှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၆၀ ဝန်းကျင် ဦးအောင်ဝင်းနှင့် ပြေလည်သူမဟုတ်ကြောင်း အသက် ၂၆ နှစ်အရွယ် ရွာခံအမျိုးသားက ဆက်ပြောသည်။

“အမြဲတမ်း ပြဿနာတက်တယ်လို့တော့ ပြောတယ်။ မကြာခဏလည်း စကားများတယ်။ တစ်ယောက်နဲ့တစ်ယောက် ရွဲ့ကြ၊ စောင်းကြ၊ စကားများကြ၊ ရန်ဖြစ်ကြတဲ့ပုံစံမျိုး ရှိတယ်” ဟု ရပ်ရွာအပြောကို ကိုးကား၍ ၎င်းက ဆိုသည်။ 

အဆိုပါ ရွာသူကြီးသည် ရပ်ရွာထဲရှိ အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများနှင့် CDM ဝန်ထမ်းများကို မကြာခဏ ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်မှုဖြစ်ပွားစဉ် အမိန့်ပေးသံကြားရကြောင်း၊ ထိုအသံမှာ အုပ်ချုပ်ရေးမှူး၏ အသံဖြစ်ကြောင်း ကိုယ်တိုင်ကြားလိုက်ရသော ရွာခံတချို့ကို ကိုးကားပြီး အမျိုးသားတစ်ဦးက Myanmar Now က ပြောသည်။ 

“ပစ်နေတဲ့ အချိန်မှာလဲ အုပ်ချုပ်ရေးမှူးက ပစ်၊ ပစ် သေအောင်ပစ်ဆိုတဲ့ပုံစံမျိုး ပြောနေတဲ့ အသံတွေ ကြားတယ်” ဟု ထိုအမျိုးသားက ပြောသည်။ 

ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး  Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စွပ်စွဲခံရသည့် အုပ်ချုပ်ရေးမှူးကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ထန်းတပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) က ဒေါ်ကလယ်ပစ်သတ်ခံရမှုသည် ၎င်းတို့အဖွဲ့နှင့် သက်ဆိုင်မှုမရှိကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်တပ်သတင်းပေးများ၊ စစ်တပ်ထောက်ခံသူ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ အများအပြား သတ်ဖြတ်ခံရချိန်တွင် စစ်တပ်က ဒေသခံများကို ဖမ်းဆီးစစ်ဆေးတတ်သော်လည်း ၎င်းအမျိုးသမီး ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုရွာမှ မည်သူ့ကိုမျှ ဖမ်းဆီးအရေးယူ စစ်ဆေးနေခြင်းမရှိကြောင်း ရွာခံများထံမှ သိရသည်။ 

ဇူလိုင် ၂ ရက်နေ့က မြင်းခြံမြို့မှ NLD အဖွဲ့ဝင် လင်မယားနှစ်ဦး သတ်ဖြတ်ခံရစဉ်ကလည်း စစ်ကောင်စီက အလားတူ ပြုမူခဲ့သည်။ myanmar now

ကျေးလက်ဒေသ စစ်ရှောင်များအတွက် ပစ္စည်းလှူဒါန်းရေး UNHCR နှင့် စစ်ကောင်စီတပ် ညှိနှိုင်းမှုအဆင်မပြေ

ချင်းပြည်နယ် မင်းတပ်မြို့အတွက် ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) မှ သယ်ဆောင်လာသော စစ်ဘေးရှောင်များအတွက် လှူဒါန်းသောပစ္စည်းများကို ယနေ့မနက်တွင် စစ်ကောင်စီက ခွင့်ပြုထားသော မြို့ပေါ် စစ်ရှောင်စခန်းများအတွက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ကျေးရွာမြို့နှင့် တောတွင်းစစ်ဘေးရှောင်များအတွက် ထောက်ပံ့မှုမပေးနိုင်ဘဲဖြစ်နေသည်။

” စကစ ကသူတို့ခွင့်ပြုတဲ့စစ်ရှောင်စခန်းတွေမှာပဲ ထောက်ပံ့တဲ့ပစ္စည်းတွေကိုပေးခိုင်းတယ်။ စစ်ဘေးရှောင်ပြီး အိမ်ကိုပြန်လာကြတဲ့မိသားစုတွေ၊ရွာတွေဖက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းကသူတွေကိုတော့ ထောက်ပံ့တာခွင့်မပြုဘူးလို့သိရတယ် ။” ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။

” ဒီတော့ ကျွန်တော့်အထင်မြို့ပေါ်စာရင်းရှိတဲ့အိမ်ထောင်စုက ၅၀ မကျော်ဘူးလေ။UNHCR ကလည်း အားလုံးမထားခဲ့ဘူ။ အဲဒီ အိမ်ထောင်စုအတွက်ပဲ ပစ္စည်းတွေထားခဲ့ပြီးကျန်တာတွေကိုပြန်သယ်သွားမယ်လို့ပြောနေကြတယ်။ ထားခဲ့ရင်လည်း စစ်ဘေးရှောင်တွေရမှာမဟုတ်မှန်းသူတို့သိတယ်ထင်တယ် ”ဟု သူက ထပ်ပြောသည်။

မြို့ပေါ် စစ်ဘေးရှောင်စခန်းများဖြစ်သည့် ဗဟိုကျောင်း နှင့် မင်းတပ်နှစ်ခြင်းအသင်းတော် (MBC) ဘုရားကျောင်းရှိ စစ်ရှောင်မိသားစု ၅၀ ဝန်း ကျင်သာရရှိမည်ဟုသိရသည်။သို့သော် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(FAO) ပါဝင်သည့် ကုလသမဂ္ဂနှင့်မိတ်ဖက်အဖွဲ့အစည်းများကလှူဒါန်းပြီး UNHCR က ဇူလိုင်လ ၁၉ ရက်နေ့က သယ်ဆောင်လာသော ကိုဗစ်-၁၉ ကာကွယ်ရေးအသုံးအဆောင်များ၊ တာပေါ်လင်၊ ခြင်ထောင်၊ စောင်နှင့် မီးဖိုချောင်သုံးပစ္စည်းများမှာ အိမ်ထောင်စု ၁၀၀၀ (လူဦးရေ ၅,၀၀၀ ) ကို ထောက်ပံ့နိုင်သည်။

မည်သည့်အတွက်ကြောင့် စစ်ကောင်စီတပ်က အခြားစစ်ရှောင်များကိုအကူညီပေးရေးပစ္စည်းများ ဝေငှခွင့်မပြုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။မင်းတပ်မြို့ပေါ်တွင်ပင် စစ်ကောင်စီက ဖွင့်လှစ်ထားရှိသော စစ်ဘေးရှောင်စခန်း ကိုးခုရှိပြီး၊ ယောနယ်ဘက်ခြမ်းတွင် လေးခု၊ ရွာများတွင်လည်း ခိုလှုံမှုများ၊ စခန်းမှပြန်သွားသူများလည်းရှိသည်။

မြို့နှင့်အလှမ်းဝေးသော ကျေးလက်နေအိမ်များတွင် အကူညီလိုအပ်နေသူ ဦးရေပိုများသည်။ ဧပြီနှောင်းပိုင်းကတည်းက စတင်ခဲ့သော စစ်အာဏာသိမ်းဆန့်ကျင်သော ချင်းလူထုနှင့်ဖွဲ့စည်းထားသည့်ချင်းပြည်နယ်ကာကွယ် ရေးတပ်ဖွဲ့ (CDF) နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ၁၅,၀၀၀ ကျော် အိုးအိမ်စွန့်ထွက်ပြေးခဲ့ရသည်။mizzima

ရိုက်နှက်ဖမ်းဆီးခံရသည့် ပရဟိတဆရာဝန် ဒေါက်တာကျော်ကျော်သက် မိသားစုနှင့် အဆက် အသွယ်မရ

စစ်ကောင်စီတပ်တွေရဲ့ မတရားရိုက်နှက်ဖမ်းဆီးခံရတဲ့ ပရဟိတဆရာဝန် ဒေါက်တာကျော်ကျော်သက်ကို တစ်ပတ်ပြည့်တဲ့အထိ သူ့ရဲ့မိသားစုဝင်တွေက အဆက်အသွယ်မရသေးဘူးလို့ ကျန်းမာရေး မိသားစု မန္တလေးကနေ သိရပါတယ်။

ဒေါက်တာ ကျော်ကျော်သက်ကို ဇူလိုင် ၁၃ ရက် ညအချိန်မတော်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက မတရားရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပြီး  ဘာကြောင့် ဖမ်းဆီးတယ် ဆိုတာနဲ့ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးပါဘူး။

ဒေါက်တာကျော်ကျော်သက်ဟာ ဆေးတက္ကသိုလ် (မန္တလေး) ရဲ့ ထူးချွန်ကျောင်းသား တစ်ဦးဖြစ်ခဲ့ပြီး ပရဟိတ လုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေနဲ့ ပညာဒါန လုပ်ငန်းတွေမှာ အားတက်သရော ပါဝင်ခဲ့သူဖြစ်တယ်လို့ ဆရာဝန်အသိုင်းအဝိုင်းက ဆိုကြတယ်။

ဒါ့အပြင် ဒေါက်တာ ကျော်ကျော်သက်ဟာ ကိုဗစ်လူနာတွေကို အွန်လိုင်းကနေ ကုသပေးနေပြီး ကျောင်းသား/ကျောင်းသူတွေနဲ့တွဲကာ မြေပြင်မှာပါ အတတ်နိုင်ဆုံး ကုသပေးဖို့ ပြင်ဆင်နေတဲ့သူ လို့လည်း သိရပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုအနေနဲ့ ဒေါက်တာကျော်ကျော်သက်ကို ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သူ့ကို ကာကွယ်ပေးဖို့ကို ကျန်းမာရေးမိသားစု – မန္တလေး က တောင်းဆိုထားပါတယ်။DVB

ဝိုင်းမော်မှ မြစ်ကြီးနားသို့ဝင်ရောက်သူများကို ကိုဗစ်ကော်မတီ မှတ်တမ်းတင်

မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်တုန့်ပြန်ရေးကော်မတီက ယနေ့မှစတင်ကာ ဝိုင်းမော်မြို့နယ်မှသည် မြစ်ကြီးနားမြို့နယ်သို့ နယ်ကျော် ဝင်ထွက်ထွက်သူများကို ဗလမင်းထင်တံတားထိပ်မှာ စစ်ဆေးနေသည်။

မြို့နယ်ကျော်သွားလာသူများ၏ အမည်စာရင်းအပြင် သွားရောက်မည့် အကြောင်းအရာနှင့် နေရပ်လိပ်စာ၊ ဖုန်းနပါတ်များကို မြစ်ကြီးနားမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်တုန့်ပြန်ရေးကော်မတီထံ မှတ်တမ်းပေးသွင်းရသည်။

ကချင်ပြည်နယ်တွင်း မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်ကူးစက်မှုအများဆုံးဖြစ်ပွားနေ၍ အခုလို မြို့နယ်ကျော်သွားလာသူများကို စတင်စစ်ဆေးနေတာဖြစ်သည်ဟု ကော်မတီဝင်တစ်ဦးကပြောသည်။

သို့သော် မြစ်ကြီးနားမြို့နယ်ကနေ ဝိုင်းမော်မြို့သို့ မြို့နယ်ကျော် သွားရောက်သူများကို စစ်ဆေးမှုမရှိသေးပါ။ တစ်ခြားသောမြို့နယ်များမှ ဝင်ပေါက်များတွင်လည်း စစ်ဆေးမှုမရှိသေးပါ။ကချင်ပြည်နယ်အတွင်း ကိုဗစ်၁၉ ပိုးတွေ့ရှိမှုနှုန်း မြှင့်တက်လျက်ရှိပြီး စစ်ကောင်စီ၏ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့နယ်မှာ ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့ထိ ပိုးတွေ့သူပေါင်း ၁၉၂၄ ဦး ရှိနေပြီဖြစ်သည်။mizzima

KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်မှာလည်း အောက်ဆီဂျင် အရေးပေါ် လိုအပ်ချက်ရှိနေ

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်မှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရသူတွေအတွက် ဆေးဝါးနဲ့ အောက်ဆီဂျင် အရေးပေါ် လိုအပ်ချက်တွေ ရှိနေတယ်လို့ လေးကေ့ကော်မြို့သစ် စီမံအုပ်ချုပ်ရေး ကော်မတီတာဝန်ရှိသူ စောဌေးမြင့်အောင်က မဇ္ဈိမကို ပြောပါတယ်။

လေးကေ့ကော်မြို့သစ် အထက်တန်းကျောင်းမှာ ကိုဗစ် ၁၉ အတည်ပြုလူနာတွေကိုထားရှိ ကုသမယ့် လူ ၂၀၀ ဆံ့ စင်တာတစ်ခု ဖွင့်လှစ်ထားပြီး လက်ရှိမှာ လူနာ ၆၀ လောက် ထားရှိကုသနေတယ်လို့ သိရပါတယ်။ ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးလို့ မတွေ့ရှိ သူတွေကိုတော့ နေအိမ်ကွာရန်တင်း ဝင်ခိုင်းပါတယ်။လေးကေ့ကော်မြို့သစ် စီမံအုပ်ချုပ်ရေး ကော်မတီတာဝန်ရှိသူ စောဌေးမြင့်အောင်က “ပိုးမတွေ့ရင်တော့ အိမ်မှာပြန်နေရင် ဘယ်လိုပုံစံမျိုးပေါ့၊ မထွက်ရဘူး။

ကျန်းမာရေးဆရာမတွေက ရှင်းပြတာပေါ့။ နေရာအခက်အခဲကြောင့်။ စစ်တာ ၁၅၀ ကျော်ပြီလေ။ ပိုးမရှိတဲ့သူကျတော့ အိမ်ပဲပြန်လွှတ်တာပေါ့” လို့ မဇ္ဈိမကို ပြောပါတယ်။လေးကေ့ကော်မြို့သစ်ဧရိယာအတွင်းမှာ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ဒီနေ့အထိ ရောဂါပိုး ကူးစက်ခံ ထားရသူ ၆၀ ဦးရှိပြီး သံသယလူနာ ၁၅၀ ကျော်နဲ့ သေဆုံးသူ တစ်ဦးရှိပါတယ်။

ကိုဗစ်အတည်ပြုလူနာ ၆၀ ဦးအနက် ငါးဦးကို အောက်ဆီဂျင်အရေးပေါ် ရှူခိုင်းထားရတယ်လို့ စောဌေးမြင့်အောင်က ပြောပါတယ်။“ဒီတစ်ရက်နှစ်ရက် အတိုးအတွင်းမှာတော့ အောက်ဆီဂျင်ပေါ့နော်၊ အဲလိုမျိုး လိုအပ်ချက် ရှိတယ်။ ဘာလို့လဲဆို တချို့က အသက်ရှူမဝတဲ့ လက္ခာဏာတွေရှိတယ်။

အောက်ဆီဂျင်က အလှူရှင်တွေ လှူပေးထားတဲ့ဟာတွေရှိတယ်။ အရေးပေါ် လိုအပ်ချက်တွေတော့ ရှိတာပေါ့” လို့ ပြောပါတယ်။

လေးကေ့ကော်မြို့သစ် ကိုဗစ်ကုသရေးစင်တာမှာတော့ လေးကေ့မြို့သစ်တစ်ခုတည်း မဟုတ်ဘဲ အနီးပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ဖလူးကျေးရွာအုပ်စုနဲ့ မယ်ထော်သလေး ကျေးရွာအုပ်စုက ဒေသခံတွေကိုလည်း လက်ခံကုသပေးထားတယ်လို့ သိရပါတယ်။mizzima

ကယားပြည်နယ် ဘောလခဲတွင် တိုက်ပွဲများဆက်ဖြစ်နေ၊ စစ်ဘေးရှောင်ရသူ ရာချီရှိ

ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် သုံးရက်ဆက် တိုက်ပွဲများကြောင့် ရာနှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ရှောင်ကူညီရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘောလခဲမြို့နယ် ကလိလျားရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ အနီးတဝိုက်ကျေးရွာများမှ ရာနှင့်ချီသော ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။

“အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ စစ်အာဏာရှင်ကို တော်လှန်ရမှာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးလုပ်ငန်းလည်း လုပ်ဖို့လိုအပ်သလို အခုအချိန်မှာ လူထု အထိအခိုက်နည်းစေတဲ့ လုပ်ငန်းမှန်သမျှကိုပဲ ကျွန်တော်တို့ စဉ်းစားပေးဖို့လိုအပ်တယ်” ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူ ဒေသခံက ပြောသည်။

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် ပြည်သူများ ဒုက္ခကြုံနေရချိန် တိုက်ပွဲများဖြစ်ပွား၍ အခက်အခဲများ ကြုံတွေ့နေကြရကြောင်းလည်း ၎င်းက ဆက်ပြောသည်။ 

မေလအတွင်းက ဒီးမောဆို၊ လွိုင်ကော်နှင့် ဖယ်ခုံ၊ မိုးဗြဲ စသည့် ကရင်နီဒေသများ၌ တိုက်ပွဲများဖြစ်ပွားခဲ့၍ စစ်ဘေးရှောင်နေကြရသည့် ပြည်သူများအပါအဝင် လက်ရှိတွင် စစ်ရှောင်ကရင်နီပြည်သူ ငါးသောင်းခန့်ရှိနေပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်က ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် ကလိလျားရွာဘက်သို့ ဦးတည်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ဘောလဲအခြေစိုက်စစ်တပ်ကလည်း တာဝေးပစ်အမြောက်များဖြင့် ပစ်ခတ်ခဲ့ကာ စစ်တပ်က အင်အားထပ်မံဖြည့်တင်းနေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုဖွဲ့ထားသည့် KNDF ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိ ဇူလိုင်လအတွင်း တိုက်ပွဲ ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

ဘောလခဲမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ဖရူဆိုနှင့် ဘောလခဲမြို့နယ်ကြား နန်းဖဲရွာအနီးတွင် KNPP/KNDF ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၆ ရက်တွင် ကြားဖြတ်တိုက်ခဲ့သည်။ 

ထို့နောက် ဇူလိုင် ၁၈ ရက်တွင် စစ်ကောင်စီက အင်အား ၂၀၀ ခန့်ဖြင့် ထပ်မံထိုးစစ်ဆင်ခဲ့ရာ နန်းဖဲရွာအနီးရှိ တော်ခူကျေးရွာသစ်နှင့် ကလိလျားကျေးရွာအကြားတွင် KNPP/KNDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

ဇူလိုင် ၁၆ ရက်နှင့် ၁၈ ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသုံးကြိမ်တွင် စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်မှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်​သေး​ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

​ယခင်က ကယားပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားလေ့မရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော KNPP က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည်။ 

ကရင်နီဒေသများတွင်သာမက ကချင်၊ ကရင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းတွင်လည်း စစ်ကောင်စီတပ်များကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိသည်။ myanmar now

ကန်ကြီးထောင့်မြို့နယ်တွင် ဗုံးတွေ့သဖြင့် စစ်တပ်က သေနတ်ပစ်ဖောက်ခွဲ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က  နေအိမ်တစ်အိမ်မှာ  ဇူလိုင် ၂၀ ရက် ဒီနေ့ မနက်ပိုင်းက ဗုံးတွေ့ခဲ့လို့ စစ်တပ်က လာရောက်ပြီး သေနတ်ပစ်ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

ပိတောက်ပင်ကျေးရွာက အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူရဲ့နေအိမ်နောက်ဘက်မှာ ဗုံးတွေ့ခဲ့တာဖြစ်ပြီး မနက် ၈ နာရီလောက်မှာ စစ်တပ်က သေနတ်နဲ့ပစ်ဖောက်ခွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” အဲ့ဒလန်အိမ်ရဲ့ နောက်ဘက်မှာတွေ့တယ်ပြောတယ်။ စစ်တပ်ကရောက်လာတော့ မဖြုတ်တော့ပဲ ဖောက်ခွဲလိုက်တာ။ မဖြုတ်ရဲတာလား၊  ဖြုတ်မရတာလားတော့ မသိဘူး။ အိမ်ရှေ့မှာပဲ ခွဲလိုက်တာ”လို့ ပြော ပါတယ်။

ဗုံးတွေ့တဲ့အိမ်ရဲ့ အနီးဝန်းကျင်က အိမ်တွေကို ဒီနေ့မနက်ပိုင်း လူစိမ်းအဝင်အထွက် ရှိ မရှိနဲ့ မသင်္ကာစရာတွေ့မိလားဆိုတာ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က ဗုံးကိုဖောက်ခွဲပြီး ပြန်ထွက်သွားချိန်မှာလည်း  ကျေးရွာထဲ ရွာသားတွေ ကြောက်လန့်အောင် သေနတ်ဖောက်သွားတယ်လို့လည်း သိရပါတယ်။DVB

မန္တလေး သံဃသမဂ္ဂဆရာတော်များဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂ဝရက်နေ့က ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

khit thit

ဖားကန့်မြို့နယ်တွင် ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ (ဇူလိုင် ၁၉) မွန်းလွဲ၌ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၂၀၀ ကျော် ဆက်လက်စစ်ဘေးရှောင်နေရသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။ 

ဖားကန့်မြို့ အရှေ့ဘက် ၁၈ မိုင်ခန့်ဝေးသည့် နန့်ယားကျေးရွာအခြေစိုက် စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ခွမ်ဆိုင်ဇွပ်ရွာနှင့် ဂေါ့လိုယန်ရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာများအနီးတွင် လက်နက်ကြီးတစ်လုံး၊ ခွမ်ဆိုင်ဇွပ်ရွာရှိ ဘုရားရှိခိုးကျောင်းအနီးတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ 

“တိုက်ပွဲဖြစ်တာမရှိဘူး။ နန့်ယားစစ်တပ်ကုန်းက ပစ်လိုက်တာ။ သူတို့ (စစ်တပ်) ဘာကြောင့်ပစ်လိုက်လဲတော့ ကျွန်တော်တို့လည်း သေချာမသိဘူး။ နယ်မြေရှင်းလင်းရေးအတွက်လား၊ ဘာလားလည်းမသိဘူး ပစ်လိုက်တာ” ဟု ဖားကန့်အခြေစိုက် စစ်ရှောင်များကူညီရေးကော်မတီခေါင်းဆောင် ဦးလထွဲက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ နှင့် ၁၆ ရက်များက ဖားကန့်မြို့နယ်၊ ဂေါ့လိုယန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဧရိယာအတွင်းရှိ ခွပ်ဆိုင်ဇွပ်ရွာနှင့် အနီးအနားရွာများမှ စစ်ရှောင် ၂၀၀ ခန့်သည် ဆိုင်းဖရာရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဆိုင်းဖရာရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ လာရောက်ခိုလှုံခဲ့ကြသော အဆိုပါ စစ်ရှောင်များမှာ ယမန်နေ့ (ဇူလိုင် ၁၈) တွင် သက်ဆိုင်ရာကျေးရွာများသို့ ပြန်ခဲ့ကြသော်လည်း ယနေ့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆိုင်းဖရာရွာသို့ ပြန်လည်ရောက်ရှိလာကြသည်ဟု သိရသည်။ 

လက်ရှိတွင် မှော်ကပ်ကျေးရွာအုပ်စုအတွင်းရှိ တံတားညီနောင်၊ ဂေါ့လိုယန်၊ ခွမ်ဆိုင်ဇွပ်ရွာများမှ စစ်ရှောင် ၂၀၀ ခန့် ဆိုင်းဖရာရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ကလေးသူငယ်ဖွံ့ဖြိုးရေးဂေဟာနှင့် ရွာအတွင်းရှိ ဆွေမျိုးများအိမ်၌ တည်းခိုနေကြသည်ဟု ဦးလထွဲက ပြောသည်။

“လတ်တလောကတော့ အသင်းတော်ကနေ ထောက်ပံ့ထားတဲ့ဟာရှိတယ်။ ရွာနီးချုပ်စပ်ကနေ လာလှူထားတဲ့ ဆန်အိတ်တွေရှိတယ်။ အဲဒါတွေနဲ့စားနေရတာပေါ့” ဟု ဦးလထွဲက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်းမှ ကျေးရွာလူကြီးတချို့ကို နန့်ယားကျေးရွာအခြေစိုက် စစ်တပ်က ခေါ်ယူကာ KIA တပ်ဖွဲ့များ ဝင်ရောက်ပါက ရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ဇူလိုင် ၁၆ ရက်က တိုက်ပွဲများအတွင်း စစ်တပ်က လက်နက်ကြီးများပစ်ခတ်ခဲ့၍ ဒေသခံ ၆ ဦး ဒဏ်ရာရခဲ့သည်။

ယနေ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းသော်လည်း လတ်တလော ဆက်သွယ်၍မရပေ။

လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည့်နေရာမှာ KIA တပ်မဟာ ၉ ထိန်းချုပ်နယ်မြေဖြစ်ပြီး ဇူလိုင် ၁၅ ၊ ၁၆ ရက်များက အဆိုပါ KIA တပ်မဟာလက်အောက်ခံ တပ်ရင်း ၄၄ က စစ်တပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ကလည်း ဖားကန့်မြို့နယ်၊ ယူမာကျေးရွာတွင် အင်အား ၁၀ ဦးခန့်လိုက်ပါလာသည့် ရဲကားတစ်စီးကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သလို ယင်းမတိုင်မီတစ်ရက်ကလည်း ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို KIA က ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်များသိမ်းဆည်းခဲ့သည်။myanmar now

« Older Entries