Monthly Archives: Jul 2021

ချင်းပြည်နယ် မင်းတပ်တွင် တိုက်ပွဲပြန်ဖြစ်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် အပစ်ရပ်သဘောတူညီမှုပျက်ပြီးနောက် စစ်ကောင်စီတပ်က ရုတ်တရက်ထိုးစစ်ဆင်လာ၍ ယနေ့ (ဇူလိုင် ၂၁) နံနက်ပိုင်းတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) တာဝန်ရှိသူက ပြောသည်။

အပစ်ရပ်ထားရန် စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဇွန် ၂၃ ရက်တွင် သဘောတူညီခဲ့ခြင်းဖြစ်သည်။ သို့သော် CDF က သိမ်းပိုက်ရရှိထားသည့် လက်နက်များ ပြန်လည်အပ်နှံရန် စစ်ကောင်စီဘက်က တောင်းဆိုခြင်းကြောင့် ထိုသဘောတူညီမှု သက်တမ်းတိုးနိုင်ခဲ့ခြင်း မရှိပေ။

“အကြမ်းဖျင်းကတော့ လက်နက်တော်တော်များများကို ပြန်တောင်းတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းလို့ အဆင်မပြေဘူး။ အဲဒီလောက်ပဲပြောလို့ရပါတယ်” ဟု CDF တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

နှစ်ဖက်ညှိနှိုင်းမရသဖြင့် အပစ်ရပ်သဘောတူညီမှုမှာ ဇူလိုင် ၁၆ ရက်တွင် ပျက်ပြယ်ခဲ့သည်။ ထို့နောက် ဇူလိုင် ၂၀ ရက်တွင် မင်းတပ်မြို့ပေါ်သို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီရောက်လာပြီးနောက် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

UNHCR ၏ ထောက်ပံ့ကူညီရေးအစီအစဉ်ကို စစ်ကောင်စီက မင်းတပ်မြို့ပေါ်၌သာ ခွင့်ပြုခဲ့ပြီး စစ်ရှောင်အများစုရှိရာ ကျေးရွာများသို့ သွားရောက်ခွင့်မပြုခဲ့ပေ။ UNHCR အစီအစဉ်ပြီးနောက် စစ်ကောင်စီက ကျေးရွာများကို ရုတ်ချည်း ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

​ယ​နေ့နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရုတ်တရက်ထိုးစစ်ဆင်လာ၍ မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ်ရှိ ရွှေတွင်းတူးရွာအနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့​သည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။

မင်တပ်မြို့နယ်တွင် စစ်ကောင်စီ၏ နယ်​မြေခံတပ်ရင်း ၂၇၄ အပါအဝင် တပ်ရင်း ၆ ခုရှိပြီး တပ်ရင်း​လေးရင်းမှာ လူမြင်ကွင်းတွင် လှုပ်ရှား​နေသော်လည်း တပ်ရင်းနှစ်ရင်းမှာ တပ်​ဖျောက်လှုပ်ရှားနေသည်ဟု ဆိုသည်။ ထိုအပြင် မတူပီမြို့မှ ဇူလိုင် ၁၉ ရက်တွင် ထွက်ခွာလာသော စစ်ကြောင်းသည် ယခုအခါ မင်းတပ်မြို့နှင့် မိုင် ၇၀ အကွာသို့ ရောက်ရှိနေသည်ဟု သိရသည်။ 

ယနေ့ နံနက်ပိုင်းတိုက်ပွဲအတွင်း အထိအခိုက်ရှိသည်ဟု သိရသော်လည်း လတ်တလောတွင် အတည်ပြုပြောဆိုရန် အဆင်မပြေသေး​ကြောင်း CDF တာဝန်ရှိသူက ဆိုသည်။

“CDF အနေနဲ့ ငြိမ်းချမ်းချင်တယ်။ ဒါပေမဲ့လည်း ဒီတိုက်ပွဲက ငြိမ်းချမ်းရေးတိုက်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် လုပ်နေတာမဟုတ်ဘူးလေ။ အာဏာရှင်ဖြုတ်ချရေးအတွက်ဆိုတော့ တိုက်ပွဲမဖြစ်ချင်သော်ငြားလည်း အချိန်မရွေးဖြစ်ကြတဲ့သဘောပါပဲ။ ဒီတစ်ကြိမ်တော့ ပြင်းထန်မယ်နဲ့တူပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီလ ၂၄ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများ ဖမ်းဆီးခံခဲ့ရာမှ ဒေသခံများနှင့် အခြေအနေဖြစ်ပွားပြီးနောက် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားလာသည်အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အင်အားအလုံးအရင်းဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အပြင်းအထန်ဖြိုခွင်းရန် ကြိုးပမ်းခဲ့သည်။ ဒေသခံ CDF မင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ဧပြီလကုန်ပိုင်းမှ ဇွန်လဆန်းအထိ တစ်လခွဲကျော်ကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ကျော်ဖြစ်ပွားခဲ့သည်။

ဒေသခံ CDF အဖွဲ့ဝင်များက ရိုးရာလက်လုပ် တူမီးသေနတ်များကိုသာ အားကိုးအားထားပြုကာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်ခြင်းဖြစ်သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့ပြီး ၎င်းတို့တပ်ဖွဲ့ဝင် ၂၄ ဦးကျဆုံးခဲ့သည်ဟုလည်း CDF က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများကြောင့် မင်းတပ်ဒေသခံ သောင်းနှင့်ချီ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ စစ်ရှောင်ပြည်သူ ၆၀၀၀ ကျော် ကျန်ရှိနေသည်ဟု မင်းတပ်စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။myanmar now

ကိုဗစ်အကြောင်းပြ ရာဇဝတ်သားရွေးလွှတ်မည့်လုပ်ရပ် ဝေဖန်ခံရ

ကူးစက်မှုမြင့်တက်နေသော ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကို အကြောင်းပြ၍ အကျဉ်းသားများလွှတ်မည်ဆိုသော စစ်ကောင်စီ၏ ကြေညာချက်မှာ ရိုးသားမှုမရှိဟု ဝါရင့်ရှေ့နေတစ်ဦးနှင့် AAPP တာဝန်ရှိသူတို့က ဆိုသည်။ 

“ကိုဗစ်ကြောင့် အကျဉ်းသားတွေ နစ်နာတယ်ဆိုရင် အကုန်လုံးလွှတ်ရမှာ၊ မဟုတ်ဘူးလား။ ကိုဗစ်ကြောင့် ပြည့်တန်ဆာလုပ်တဲ့ အမျိုးသမီးတွေ နစ်နာတယ်၊ မူးယစ်ဆေးသုံးတဲ့ ကလေးတွေ နစ်နာတယ်ဆိုတော့ ကျန်တဲ့သူတွေက မနစ်နာတာမှ မဟုတ်ဘဲ” ဟု ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

အာဏာမသိမ်းမီက ပြစ်မှု ၁၁ မျိုးဖြင့် ချုပ်နှောင်တရားစွဲဆိုခံထားရသည့် အကျဉ်းသားများကို ချက်ချင်းလွှတ်ရမည်ဟု ယမန်နေ့ (ဇူလိုင် ၂၀) တွင် စစ်ကောင်စီက ကြေညာခဲ့သည်။ 

စစ်ကောင်စီ၏ ကြေညာချက်တွင် ကိုဗစ်နိုငတင်းကူးစက်မှုကို ကာကွယ်ကုသနိုင်ရေး၊ ကိုဗစ်နိုင်တင်းကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်ကြောင့် တရားစွဲခံထားရသူများကို ရုံးမထုတ်နိုင်ခြင်းများကြောင့် သက်ညှာစွာ စဉ်းစားပေးခဲ့သည်ဟု ပါဝင်သည်။

ထိုသို့ ကိုဗစ်ကို အကြောင်းပြ၍ ခိုးမှု၊ လုယက်မှု၊ သစ်တောမှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှုစသည့် အမှုအမျိုးအစား ၁၁ ခုဖြင့် အကျုံးဝင်သည့် ရာဇဝတ်အချုပ်သားများကိုသာ လွှတ်မည့် စစ်ကောင်စီ၏ အစီအမံကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်သောက တိုးပွားလာနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ တာဝန်ရှိသူတစ်ဦးကလည်း မှတ်ချက်ပြုသည်။

ရာဇဝတ်အချုပ်သားများကို ပြန်လွှတ်ပေးမည်ဆိုပါ နိုင်ငံရေးအရ ၎င်းတို့ဖမ်းဆီးချုပ်နှောင်ထားသူများကိုလည်း ပြန်လွှတ်ပေးသင့်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“အခုလိုမျိုး အကျဉ်းထောင်ထဲမှာ အချုပ်သားတွေ လွှတ်လိုက်တော့ နောက်ထပ်ထပ်ပြီးတော့မှ သူတို့ကို ဆန့်ကျင်တဲ့သူတွေကို နိုင်ငံရေးသမားတွေကို ထပ်ပြီးတော့ ဖမ်းဖို့အတွက် နေရာလွတ်တွေ ဖန်တီးလိုက်တယ်လို့တောင် ထင်မိတယ်”ဟု အဆိုပါ AAPP တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၁၂ ရက်အကြာတွင် ထောင်ကျအကျဉ်းသား နှစ်သောင်းကျော်ကို ပထမဆုံးအကြိမ်လွှတ်ပေးခဲ့ဖူးပြီး ထိုလွတ်မြောက်လာသူအချို့က ခိုးဆိုးလုယက်မှုထပ်မံ ကျူးလွန်သဖြင့် မကြာမီ၌ပင် ပြန်လည်အဖမ်းခံကြရသည့် ဖြစ်စဉ်အချို့လည်း ရှိခဲ့သည်။ 

ထို့အတူ အကျဉ်းထောင်များ၊ ရဲဘက်စခန်းများမှ အချိန်မတော်ပြန်လွှတ်သဖြင့် နေရပ်ပြန်ရန် ခက်ခဲကြသည့် အကျဉ်းသားဟောင်းများက နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း ဝင်ရောက်ခိုလှုံရာကြိုးပမ်းရာတွင် အများပြည်သူ အထိတ်တလန့်ဖြစ်ခဲ့ရသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

သို့သော် ယမန်နေ့ညက ကြေညာသည့် စစ်ကောင်စီ၏ ရာဇဝတ်အချုပ်သားများ ချက်ခြင်းလွှတ်ရန် အမိန့်နှင့် အကျုံးဝင်သူများ၏ စာရင်းကို ယနေ့(ဇူလိုင် ၂၁) ညနေပိုင်းအထိ မရသေး၍ ယခု တစ်ကြိမ်တွင် လွတ်မြောက်မည့်အရေအတွက်ကို မပြောနိုင်သေးကြောင်း အကျဉ်းဦးစီးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“သူတို့(စကစ)က အမှုရုပ်သိမ်းပေးမှ ကျွန်တော်တို့က လွှတ်လို့ရမှာ။ အဲ့ဒါကြောင့် လောလောဆယ်တော့ သူတို့ဒီနေ့ အမှုရုပ်သိမ်းပေးရင် ကျွန်တော်တို့ ဒီနေ့လွှတ်မှာ”ဟု အထက်ပါ အရာရှိက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီက အမှုများကို စိစစ်နေဆဲဖြစ်ကြောင်း ကြားသိရပြီး ကြေညာချက်နှင့် ကိုက်ညီအကျုံးဝင်သည့် အချုပ်သားများကို နိုင်ငံအနှံ့ အကျဉ်းထောင်များမှတစ်ဆင့် အသုတ်စီခွဲ၍ လွှတ်နိုင်ခြေရှိသည်ဟု ၎င်းက ခန့်မှန်းသည်။

“သူတို့ တရားရေးက စစ်မယ်၊ ကျွန်တော်တို့ စာရင်းနဲ့တိုက်ဆိုင်မယ်။ ဒါ သူတို့ ကိုက်ညီတဲ့ဟာဆိုရင် သူတို့လွတ်မိန့်ပေးမှာပေါ့။ လွတ်မိန့်ပေးတဲ့အပေါ်မှာပဲ ကျွန်တော်တို့ လွှတ်ပေးသွားရမှာပါ။ ဒါကတော့ ထောင်ကျမဟုတ်တဲ့အခါကျတော့ ပြန်လွတ်ရမယ့်အရေအတွက်က အတိအကျပြောလို့ မရသေးဘူး”ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ကိုဗစ်နိုင်တင်းတတိယလှိုင်း အပြင်းအထန်စကြုံနေရသည့် ဇူလိုင်လဆန်းမှစ၍ အင်းစိန်အကျဉ်းထောင်တွင် ခြောက်ဦး၊ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်းများတွင် ၃၇၅ ဦး ကူးစက်ခံထားရပြီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။  

စစ်ကောင်စီထုတ်ပြောသည့် ကိုဗစ်ကူးစက်ခံရသူစာရင်းတွင် ပါဝင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာမူ အင်းစိန်ထောင်မှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သေးသော်လည်း ယမန်နေ့(ဇူလိုင်၂၀) နံနက်ပိုင်းက ကွယ်လွန်ခဲ့ရသည်။

AAPP ၏ စာရင်းအရ ယမန်နေ့(ဇူလိုင် ၂၀)အထိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအရ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချခံခဲ့ရသူ ၅၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် ၆၅ ဦးမှာ သေဒဏ်ချခံထားရကြောင်း သိရသည်။myanmar now

ကယားတွင် ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်တပ်ရန် အလှူငွေ သိန်း ၁၀၀၀ နီးပါးရရှိ

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ လူနာတွေအတွက် လိုအပ်နေတဲ့ အောင်ဆီဂျင် ဖြည့်ပေးနိုင်ဖို့ ဒေသခံတွေ ဦးဆောင်က အလှူငွေတွေ ကောက်ခံနေရာမှာ  ၄ ရက်အတွင်း အလှူငွေ ကျပ် သိန်း ၁၀၀၀ လောက်ရရှိတယ်လို့  ကယားပြည်နယ် Oxygen Plant ဖြစ်မြောက်ရေးကော်မီတီက ကြေညာပါတယ်။

မျိုးရိုးဗီဇပြောင်း ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉  တတိယလှိုင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုတွေ မြန်မာနိုင်ငံ တဝန်းကြုံတွေ့နေရသလို ကယားပြည်နယ်မှာလည်း တနေ့ထက်တနေ့ တိုးလာနေပါတယ်။

ကယားပြည်နယ်တွင်လည်း ကိုဗစ်ကူးစက်ခံရသူတွေ အောက်ဆီဂျင်မလုံလောက်ပါက အထောက် အကူပြုနိုင်ရေး Oxygen Plant စက်တစ်ခုအား ကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဒေသခံတွေက Oxygen Plant ဖြစ်မြောက်ရေးကော်မီတီဖွဲ့က အလှူငွေတွေ စတင် ကောက်ခံနေတာဖြစ်ပါတယ်။

အလှူငွေကို ဇူလိုင် ၁၇ ရက်မှ စတင်ကောက်ခံကာ ဇူလိုင်လ ၂၀ ရက်နေ့ ည ၈ နာရီအထိ အလှူငွေ ကျပ် ၉၇,၇၈၆,၀၄၅ တိတိ ကောက်ခံရရှိထားကြောင်း ကော်မီတီရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဒီကော်မီတီအနေနဲ့ ကယားပြည်နယ်ရဲ့  အောက်ဆီဂျင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်ဖို့၊ အရေးပေါ် လူနာတွေ အောက်ဆီဂျင်ကို အလွယ်တကူရရှိနိုင်စေဖို့နဲ့  အနာဂတ်မှာလည်း အောက်ဆီဂျင်ကို  ပြည်နယ်အတွင်းမှာ လွယ်ကူစွာရရှိသုံးစွဲနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့  ဆိုပါတယ်။

တနေ့ကို 40 L ဆန့် အောက်ဆီဂျင်အိုးကြီး အလုံး ၉၀ လောက် ဖြည့်ပေးနိုင်မယ့် စက်အမျိုးအစားကို ရွေးချယ် ဝယ်ယူသွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

စက်ပစ္စည်း တပ်ဆင်ပြီးစီးတဲ့အထိ ကုန်ကျငွေ ကျပ်သိန်း ၁၀၈၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားကြောင်းနဲ့ စက်အမျိုးအစားအပေါ်မူတည်ပြီး ဈေးနှုန်း ကွာဟချက် ရှိနိုင်မှာ ဖြစ်ပါတယ်။

စက်ကို  ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းပိုင်မြေနေရာဖြစ်တဲ့ ကွန်ပျူတာတက္ကသိုလ်အနီးရှိ မြေကွက်မှာ တည်ဆောက်ဖို့လျာထားပြီး    စက်တင်ဘာလအတွင်း စတင် လည်ပတ်နိုငအောင်  ကြိုးပမ်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။ DVB

တယ်လီနောထွက်ခွာမှုကြောင့် အချက်အလက်လုံခြုံမှုအပေါ် စိုးရိမ်မှုများရှိလာ

ဒစ်ဂျစ်တယ်အခွင့်အရေးနှင့် ပတ်သက်၍ တယ်လီနောကွန်ရက်ကို ယုံကြည်အားထားခဲ့သည်ဟု သုံးစွဲသူများက ဆိုသည်။ (ဓာတ်ပုံ − EPA/EFE) 

နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောအုပ်စုက တယ်လီနော(မြန်မာ) ကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 အုပ်စုထံ လွှဲပြောင်းရောင်းချလိုက်ပြီးနောက် မိုဘိုင်းဆက်သွယ်ရေးဆိုင်ရာ အချက်အလက်လုံခြုံမှုအပေါ် စိုးရိမ်လာကြောင်း တယ်လီနောအသုံးပြုသူများက ပြောသည်။ 

စစ်အာဏာသိမ်းပြီးနောက် ဖုန်းအသုံးပြုသူများ၏ အချက်အလက်လုံခြုံမှုအတွက် အာမခံချက်နည်းသွားသော်လည်း ဒစ်ဂျစ်တယ်အခွင့်အရေးနှင့် ပတ်သက်၍ တယ်လီနောကွန်ရက်ကို ယုံကြည်အားထားခဲ့သော်လည်း ယခုအခါ ထိုယုံကြည်မှု ပျောက်ဆုံးသွားသည်ဟု တယ်လီနောသုံးစွဲသူတစ်ဦးက ဆိုသည်။ 

“တယ်လီနောက အရင်က စစ်တပ်ရဲ့ဖိအားပေးမှုတွေကို အတိအလင်းငြင်းဆန်တဲ့ ပုံစံမျိုးတွေလည်း ရှိတယ်။ အဲ့ဒါတွေကြောင့် တယ်လီနောသုံးရတာ အားရှိတယ်။ M1 Group ကို ရောင်းချလိုက်တဲ့အတွက် စစ်တပ်ဘက်ကို ရောက်သွားတယ်လို့ ခံစားရတယ်” ဟု ရန်ကုန်မြို့ သာကေတမြို့နယ်တွင် နေထိုင်သူ ထိုအမျိုးသားက ပြောသည်။ 

ဆက်သွယ်ရေးအော်ပရေတာ လေးခုရှိသည့်အနက် Mytel နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ကို စစ်တပ်က အဓိကထိန်းချုပ်ထားသောကြောင့် တယ်လီနောနှင့် အူရီဒူးကိုသာ အားထားသုံးစွဲခဲ့သော်လည်း တယ်လီနောကို M1 Group က ပိုင်ဆိုင်တော့မည်ဖြစ်ရာ အချက်အလက်လုံခြုံမှုကို စိုးရိမ်မိသည်ဟု ၎င်းက ဆိုသည်။ 

နိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းကြီးဖြစ်သည့်အပြင် စားသုံးသူအခွင့်အရေးကို အလေးအနက်ထားသည့် အော်ပရေတာဖြစ်သောကြောင့် တယ်လီနောထွက်ခွာသွားမှုအပေါ် နှမြောမိကြောင်းလည်း တယ်လီနောကွန်ရက်အသုံးပြုသူ အဆိုပါအမျိုးသားက ဆိုသည်။

မိုဘိုင်းဖုန်းသုံးစွဲသူများ၏ အချက်အလက်ကို အာဏာပိုင်များက တိုက်ရိုက်ရယူရန် ကြိုးစားခဲ့ရာတွင် တယ်လီနောက လူအခွင့်အရေးရှုထောင့်အရ မေးခွန်းထုတ်မှုများရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုက်ဘာလုံခြုံရေးဥပဒေ အတည်ပြုရန် စစ်ကောင်စီ၏ အားထုတ်မှုကိုလည်း ကန့်ကွက်ခဲ့သည်။

နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီဖြစ်သောကြောင့် လူအခွင့်အရေးနှင့် ပုဂ္ဂလိကဆိုင်ရာ အချက်အလက်လုံခြုံမှုကို ပိုအလေးထားနိုင်သော်လည်း ဆက်သွယ်ရေးလုပ်ငန်းမှာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ တွင် ပြဌာန်းခဲ့သည့် ဆက်သွယ်ရေးဥပဒေအောက်တွင်သာ ရှိနေခြင်းကြောင့် အပြည့်အဝ မလွတ်လပ်သေးကြောင်း အမည်မဖော်လိုသည့် အိုင်တီပညာရှင်တစ်ဦးက ဆိုသည်။

“တကယ်တမ်းထိန်းချုပ်မှုက သူတို့ဆီ(အော်ပရေတာတွေ) မှာ အပြည့်အဝရှိတာတော့ မဟုတ်ဘူး။ Main Gateway ကလည်း သက်ဆိုင်ရာဝန်ကြီးဌာနက ပေးထားတဲ့အပေါ်မှာပဲ ဖြတ်သွားတဲ့ဟာကို နဂိုကတည်းက ဥပဒေထဲမှာလည်း ထည့်ပြီးချုပ်ထားတယ်။ အများအားဖြင့်က ဒီဥပဒေကပဲ ချုပ်ကိုင်ထားတယ်” ဟု ၎င်းက ဆိုသည်။

တယ်လီနော(မြန်မာ)ကို လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း သန်းကြွယ်သူဌေး Najib Mikati ပိုင်သည့် M1 Group က အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ပြီးခဲ့သည့်ဇွန်လအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။ M1 Group သည် မြန်မာစစ်တပ်ပိုင် Mytel အတွက် ဆက်သွယ်ရေးတာဝါတိုင်များတည်ဆောက်ပေးမှုဖြင့် အမည်ပျက်စာရင်းထည့်သွင်းခံရဖူးသော Irrawaddy Green Towers ကုမ္ပဏီတွင် ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသည့် ကုမ္ပဏီလည်းဖြစ်သည်။ 

မြန်မာနိုင်ငံ၌ အကြီးဆုံးဆက်သွယ်ရေးတာဝါတိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် Irrawaddy Green Towers ကို လူဇင်ဘတ်နိုင်ငံအခြေစိုက် CVC ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ၂၀၂၀ အတွင်း အမေရိကန်ဒေါ်လာသန်း ၇၀၀ ဖြင့် ဝယ်ယူရန်သဘောတူခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ဆိုင်းငံ့ထားသည်ဟု နိုင်ငံတကာသတင်းများက ဆိုသည်။

တယ်လီနောမြန်မာပိုင်ရှင်သစ်သည် စစ်တပ်နှင့် အဆက်အဆံရှိသည့် M1 အုပ်စုဖြစ်သောကြောင့် စစ်တပ်ပိုင်စီးပွားရေးနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ဆန့်ကျင်သပိတ်မှောက်နေသည့် ပြည်သူများအနေဖြင့် တယ်လီနောကွန်ရက်ကို ရွေးချယ်အသုံးပြုရေးမှာ စဉ်းစားစရာဖြစ်လာသည်။ 

ပဋိပက္ခဖိစီးသည့်​ အာဏာရှင်နိုင်ငံများတွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်လာသည့် M1 အုပ်စုသည် တယ်လီနောနှင့် နှိုင်းယှဉ်ပါက ဒစ်ဂျစ်တယ်အခွင့်အရေးစံနှုန်းဘက်တွင် အားနည်းနိုင်သော်လည်း ကွန်ရက်အသုံးပြုသူများ၏ အခွင့်အရေးအတွက် စေ့စပ်အရေးဆိုရာတွင် ကျွမ်းကျင်သူများဖြစ်လာနိုင်ကြောင်း Free Expression Myanmar အဖွဲ့၏ အကြံပေး Oliver Spencer က ဆိုသည်။ 

“လူပေါင်း ၁၆ သန်းလောက်က သူတို့ရဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးကို ကာကွယ်ပေးနိုင်ဖို့ တယ်လီနောကို ယုံကြည်အားထားခဲ့ကြတယ်။ ဘယ်သူ့ကိုပဲရောင်းရောင်း ပိုင်ရှင်သစ်က ဒီယုံကြည်မှုကို ဆက်ပြီးဖြည့်တင်းပေးမယ်ဆိုတဲ့ သတ်မှတ်ချက် ပါကိုပါသင့်တယ်” ဟု ၎င်းက ပြောသည်။ 

တယ်လီနောကို ရောင်းချပြီး နောက်ရက်တွင် တယ်လီနောအမှုဆောင်အရာရှိချုပ်က ဝန်ထမ်းများကို အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံအသိပေးခဲ့ကြောင်း တယ်လီနော(မြန်မာ) စတင်ချိန်ကတည်းက လုပ်ကိုင်ခဲ့သည့် လုပ်သက် ၇ နှစ်ရှိ အမျိုးသားဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။

ပိုင်ရှင်သစ်ထံ လုပ်ငန်းများလွှဲပြောင်းမှုသည် ၃ လမှ ၆ လအတွင်း ပြီးစီးဖွယ်ရှိပြီး ၂၀၂၁ နှစ်ကုန်ပိုင်းအထိ တယ်လီနောက စီမံလုပ်ကိုင်နေဦးမည်ဖြစ်ကာ ၂၀၂၂ နှစ်ဆန်းတွင် M1 အုပ်စုက စတင်ကိုင်တွယ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“ပိုင်ရှင်ပြောင်းသွားတဲ့အတွက် Organization Structure (ကုမ္ပဏီဖွဲ့စည်းပုံ) အနေနဲ့ နည်းနည်း အပြောင်းအလဲလေးရှိမယ်ပေါ့နော်။ ကျန်တဲ့ဟာကတော့ ဝန်ထမ်းတွေအားလုံး ဒီအတိုင်းပဲလို့တော့ လက်ရှိသိထားတာပေါ့” ဟု ၎င်းက ဆိုသည်။

လူ့အခွင့်ရေး၊ ဒစ်ဂျစ်တယ်အခွင့်အရေးနှင့် ပွင့်လင်မြင်သာမှုတွင် ကောင်းသတင်းရှိသည့် ကုမ္ပဏီနှင့် အသားကျနေရာမှ အစိမ်းသက်သက်ပိုင်ရှင်လက်အောက်တွင် ပြောင်းလဲလုပ်ကိုင်ရမည်ဖြစ်သောကြောင့် စိန်ခေါ်မှုများစွာရှိကြောင်းလည်း ၎င်းက ဆိုသည်။

အထူးသဖြင့် တယ်လီနောသည် ကုမ္ပဏီဝန်ထမ်းများအပြင် မိသားစုဝင်ကိုပါ ကျန်းမာရေးအာမခံထားပေးပြီး ကိုဗစ်နိုင်းတင်းနှင့် အခြားရာသီတုပ်ကွေးကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအထိ စီစဉ်ဆောင်ရွက်ပေးရာ ပိုင်ရှင်သစ်လက်ထက်တွင် မည်သို့ဖြစ်လာမည်ကို မသိရကြောင်း အထက်ပါ တယ်လီနောမြန်မာဝန်ထမ်းက ဆိုသည်။

“ဝန်ထမ်းအပေါ် အများကြီးကြည့်တဲ့ ကုမ္ပဏီတစ်ခုထွက်သွားတဲ့အတွက် အများကြီးတော့ စိတ်မကောင်းဖြစ်မိတယ်။ သူတို့ရောင်းလိုက်တဲ့အပေါ်မှာကတော့ ဘာမှတ်ချက်မှတော့ မပေးချင်ဘူး။ အားလုံးကတော့ အကြောင်းအမျိုးမျိုးရှိကြတာပဲ” ဟု ၎င်းက ဆိုသည်။

မိခင်ကုမ္ပဏီဖြစ်သော တယ်လီနောအုပ်စုသည် ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက် တစ်ခုဖြစ်ပြီး ၂၀၂၀ တွင် အသုံးပြုသူပေါင်း ၁၈၇ သန်းကျော်ရှိကာ နှစ်စဉ်ရောင်းအား အမေရိကန်ဒေါ်လာ ၁၄ ဘီလျံရှိသည်ဟု တယ်လီနောအုပ်စု၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။myanmar now

တိုက်ပွဲဖြစ်ပွားရာ မင်းတပ်သို့ စစ်ကားများဖြင့်အင်အားတိုးချဲ့

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ဘက်သို့ စစ်ကောင်စီတပ်သားများ စစ်ကားအကြီး ၁၄ စီးဖြင့် တပ်အင်အားတိုးချဲ့မှု ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့လယ်ပိုင်းတွင် ပြုလုပ်နေသည်။

“နေ့လည်ခင်း ၂ နာရီကျော်ကျော်အချိန်လောက်မှာ ယောချောင်း အုန်းတောတံတားကို ဖြတ်ပြီး မင်းတပ်ဖက်ကို သွားနေကြတာပါ။ တပ်မ ၁၀၁ ကစစ်သားတွေလို့သိရတယ်၊ ကျွန်တော်တို့ရေထားတာတော့ စစ်ခွေး ကား ၁၄ စီး အိမ်စီးကားတွေလဲပါတယ်” ဟုဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(CDF-Mindat) နှင့် စစ်ကောင်စီတပ်များသည် ရွှေတွင်းတူးရွာအနီးတွင် ယနေ့ နံနက်ကစ၍ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၁ နာရီကျော်အထိတိုက်ပွဲဖြစ်ပွားခဲ့သည်။

ဧပြီလ ၂၄ ရက်နေ့ တွင် “We Support NUG” ဟူသည့် စာတမ်းကပ် သပိတ်ပြုလုပ်သူများကို ဖမ်းဆီးရာ၊ အပြစ်မဲ့ပြည်သူများကို ပစ်ခတ်ရာမှစ၍ စစ်ကောင်စီတပ်များနှင့် CDF-မင်းတပ် တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည်။ ထိုနေ့မှစ၍ ဇွန်လ ၈ နေ့အထိ (၄၅ ရက်တာ) ကာလအတွင်း CDF မင်းတပ်သည် စစ်ကောင်စီတပ်နှင့် အကြိမ် (၂၀) ကျော် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများအတွင်း စစ်ကား ၆ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စကစ တပ်သား ၂၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့ကြောင်း CDF-Mindat အနေ့ဖြင့် တနင်္လာနေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း CDF-Mindat မှလည်း အာဏာရှင်အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေး၊ တိုင်းပြည်နှင့် လူမျိုးအတွက် စစ်မြေပြင်တွင် ရဲဘော်အာဇာနည် ၂၄ ဦး အသက်စွန့်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

မနေ့ကဇူလိုင်လ ၂၀ ရက်မှာလည်း ချင်းပြည်နယ် မင်းတပ်မြို့အတွက် ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) မှ သယ်ဆောင်လာသော စစ်ဘေးရှောင်များအတွက် လှူဒါန်းသောပစ္စည်းများကို စစ်ကောင်စီက ခွင့်ပြုထားသော မြို့ပေါ် စစ်ရှောင်စခန်းများအတွက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ကျေးရွာမြို့နှင့် တောတွင်းစစ်ဘေးရှောင်များအတွက် ထောက်ပံ့မှုမပေးနိုင်ဖြစ်ခဲ့ရသည်။

ဧပြီနှောင်းပိုင်းကတည်းက စတင်ခဲ့သည့် စစ်အာဏာသိမ်းဆန့်ကျင်သော ချင်းလူထုနှင့်ဖွဲ့စည်းထားသည့်ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ၁၅,၀၀၀ ကျော် အိုးအိမ်စွန့်ထွက်ပြေးခဲ့ရသည်။mizzima

ရန်ကုန်မြို့၏ ရှင်ရေး၊ သေရေး ဒုက္ခများ

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်မှ ၅၇ နှစ်အရွယ် ဦးကိုကိုနိုင် (အမည်လွှဲ) သည် ကိုဗစ်နိုင်တင်းကပ်ရောဂါ လက္ခဏာများခံစားနေရလျက် စမ်းသပ်ခွင့်၊ ဆေးကုသခွင့် မရရှိခဲ့သည့် အရေအတွက်ပင် မခန့်မှန်းနိုင်သော ရန်ကုန်မြို့နေ ပြည်သူများအနက် တစ်ဦးဖြစ်သည်။

အဖျားဒဏ်ကြောင့် အစားမဝင်၊ ဆီးချုပ်နေသည့် ဦးကိုကိုနိုင်တွင် အခြားသော ကိုဗစ်လက္ခဏာများလည်း ရှိနေပြီး စက်ဖြင့် ကိုယ်တွင်းအောက်စီဂျင်ပမာဏတိုင်းထွာကြည့်ရာ၌ ၃၅ သာ ပြသဖြင့် မိသားစုမှာ ခေါင်းနပန်းကြီးသွားသည်။

“ဆေးခန်းတွေ ကျွန်မတို့လိုက်ရှာတယ်၊ ဆေးရုံတွေလည်း ဆီးလေးပဲချူပေးပါ၊ ဘာမှမလုပ်ပေးပါနဲ့ပြောလည်း ဆီးမချူပေးဘူး၊ အောက်စီဂျင် ၃၅ မို့လို့တဲ့။ အဲဒါနဲ့ပဲ (နောက်တစ်ရက်) ဇူလိုင် ၁၉ ရက်နေ့က ဆုံးသွားတယ်” ဟု သမီးဖြစ်သူကပြောသည်။

မကွယ်လွန်မီတစ်ရက်က မြောက်ဥက္ကလာပဆေးရုံ၊ မင်္ဂလာဒုံစစ်ဆေးရုံနှင့် ရပ်ကွက်အတွင်းရှိ ဆေးခန်းတစ်ခုတို့ကို ချဉ်းကပ်ခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ရသလို အောက်စီဂျင်လည်း ရှာမရခဲ့ဟု အထက်ပါမိသားစုဝင်က ဆက်ပြောသည်။

သောကကိုပင် မဖြေသိမ့်နိုင်သေးမီ ရုပ်အလောင်းမြေချရမည့်အရေး မိသားစုဝင်များ ခေါင်းမီးတောက်ရပြန်သည်။

သင်္ဂြိုဟ်ရန်အတွက် လိုအပ်သည့် သေဆုံးကြောင်းလက်မှတ်ရရှိရန် မိသားစုက နေရာသုံးခုသို့ သွားရောက်ရပြီး အချိန် ၆နာရီခန့် ပေးခဲ့ရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်အတွက် ကျပ်  ၅၀၀၀၊ ဒေသန္တရကျန်းမာရေးဌာနတွင် ဝန်ဆောင်ခ ၁၀၀၀၊ ဆရာဝန်၏ လက်မှတ်ရရန် ၄၅၀၀ ပေးခဲ့ရသေးသည်ဟု ဦးကိုကိုနိုင်၏ မိသားစုက ပြောသည်။

ရုပ်အလောင်းတင်သည့် ကုန်ကားငယ်

သင်္ဂြိုဟ်ခွင့်ရရေး အထောက်အထားများ ခက်ခက်ခဲခဲရပြီးချိန်တွင်လည်း မိသားစုက ရတက်မအေးဖြစ်ရပြန်သေးသည်။ 

“လူနာတင်ကားပေါ့။ ဘယ်မှာမှ ဆက်သွယ်လို့မရဘူး။ အဲဒါလေး ပြဿနာတစ်ခုပေါ့။ ကားတွေက မအားကြဘူး။ သူတို့ဆီမှာလည်း (ဝန်ဆောင်မှုပေးရမယ့် နာရေး) လေးငါးဆယ်ရှိတယ်၊ လာဖြစ်တဲ့ အချိန်မှ ဖုန်းဆက်မယ်လို့ အဲဒီလိုပြောပြောသွားကြတယ်” ဟု သမီးဖြစ်သူက ပြောသည်။

ဦးကိုကိုနိုင်၏ နေအိမ်ရှိရာ ရွှေပေါက္ကံမြို့သစ်နှင့် ရေဝေးသုဿန်မှာ မော်တော်ယာဉ်ဖြင့် သွားလျှင် လွန်လှ ၁၅ မိနစ်ခရီးသာ ရှိသော်လည်း ယခုမူ ခက်ခဲလွန်းနေသည်။

ထို့ကြောင့် ရုပ်အလောင်းကို နေအိမ်တွင်သာ ထားခဲ့ရသည်။ နောက်တစ်ရက် ဇူလိုင် ၂၀ တွင် မိတ်ဆွေတစ်ဦး၏ အချိတ်အဆက်ဖြင့် ရုပ်အလောင်းတင် မော်တော်ယာဉ်အခက်အခဲမှာ ပြေလည်သွားသည်။

သို့သော်  ရောက်လာသည့် ကားမှာ ရန်ကုန်မြို့အတွင်း ရုပ်အလောင်းသယ်ယူရာတွင် အသုံးပြုလေ့ရှိသည့် နောက်ခန်းအလုံပိတ်‌မျိုးမဟုတ်ဘဲ light truck ခေါ် ကုန်တင်ယာဉ်အငယ်စား ဖြစ်နေသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါ တတိယလှိုင်းတွင် သေဆုံးနှုန်းလွန်စွာမြင့်နေပြီး သုဿန်သို့ ပို့ရမည့် ရုပ်အလောင်းအများအပြား နေအိမ်၌ပင် ရှိနေရသည့်အခြေအနေတွင် တတ်နိုင်သမျှ ပါဝင်ကူညီဖြေရှင်းပေးရန် ဇူလိုင် ၁၉ရက်ကမှ ဆုံးဖြတ်ခဲ့သည့် စိုင်းအောင်နိုင်ဆိုသူမှာ အဆိုပါ light truck ကား၏ ပိုင်ရှင်ဖြစ်သည်။

“လူတစ်ယောက် သူသေသွားတဲ့ခရီးကို ရှောရှောရှူရှူရောက်အောင်လို့ နောက်ဆုံး သူ့ရဲ့နာရေးကို ပို့လို့အဆင်ပြေအောင် ကူညီတဲ့သဘောထားပါပဲ” ဟု စိုင်းအောင်နိုင်က ပြောသည်။

လူဦးရေ သန်းနှင့်ချီရှိသော ရန်ကုန်တွင် နေ့စဉ် ရုပ်အလောင်းတစ်ထောင်ကျော်အထိ မီးသင်္ဂြိုဟ်နေရသည့် သတင်းများ၊ နာရေးကူညီမှုမော်တော်ယာဉ်တစ်စီးလျှင် ရုပ်အလောင်း လေး၊ ငါးလောင်းအထိ တင်ဆောင်နေရသည့် မြင်ကွင်းများ၊ တက္ကစီကဲ့သို့ အငှားယာဉ်ဖြင့်ပင် ရုပ်အလောင်းပို့ဆောင်နေရသည့် မြင်ကွင်းများကို တွေ့ပြီးချိန်တွင် ၎င်းပိုင် မော်တော်ယာဉ်ဖြင့် တတ်နိုင်သမျှ ကူညီဖြေရှင်းပေးရန် စိုင်းအောင်နိုင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“နာရေးကူညီမှုကားက မလာဘူး။ မလာဘူးဆိုတာက အပြစ်ပြောလို့မရဘူး။ သေဆုံးတဲ့ပမာဏနဲ့ အရေအတွက် မမျှတော့ ကားကမလောက်ဘူး။ တချို့ရုပ်အလောင်းတွေက နှစ်ရက်သုံးရက်ဖြစ်နေပြီ၊ နာရေးကားလည်း ခေါ်မရပြုမရဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

သူ၏ လုပ်ငန်းသုံးယာဉ်ငယ်ဖြင့် ဇူလိုင် ၁၉၊ ၂၀ နှစ်ရက်ဆက်တိုက် ရုပ်အလောင်းငါးလောင်းကို သုဿန်ပို့ပေးနိုင်ခဲ့ပြီး အားလုံးမှာ ကိုဗစ်သံသယလက္ခဏာများဖြင့် ကွယ်လွန်ကြသည့် နွမ်းပါးသူများဖြစ်ကြသဖြင့် စိုင်းအောင်နိုင်က လွန်စွာပီတိဖြစ်နေသည်။

ရုပ်အလောင်းတန်းစီသည့် နေရာပြောင်း

အာဏာသိမ်းထားသည့် စစ်ကောင်စီကမူ စိုင်းအောင်နိုင်ကဲ့သို့ ပရဟိတစိတ်ရှိသူ ပြည်သူတစ်ဦး၏ ရပ်တည်မှုနှင့် ဆန့်ကျင်ဘက်သို့သွား၍ ကြည့်မကောင်းရှုမကောင်း ပြဿနာများကို ဖြေရှင်းပြသည်။

ဇူလိုင် ၁၉ ရက် ညနေပိုင်း မြဝတီရုပ်သံတွင် ရန်ကုန်တိုင်းစစ်ကောင်စီဥက္ကဌ ဦးလှစိုးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးညွန့်ဝင်းဆွေတို့ ရေဝေးသုဿန်တို့ သွားရောက် ကြည့်ရှုစစ်ဆေးသည့်သတင်းကို ထုတ်လွှင့်ခဲ့သည်။  အလောင်းများတန်းစီ၍ အုတ်အော်သောင်းနင်းဖြစ်နေသည့် အခြေအနေမရှိဟု ပြောသည်။

ရန်ကုန် သုဿန် ၇ ခု တွင် ပုံမှန်အားဖြင့် တစ်ရာကျော်သာ နေ့စဉ် မီးသင်္ဂြိုဟ်ပေးနေရရာမှ ဇူလိုင်လအတွင်း နေ့စဉ် တစ်ထောင်ကျော်ဖြစ်လာသည်ဟု ရန်ကုန်မြို့တော်စည်ပင်တာဝန်ရှိသူက စစ်တပ်ပိုင် မြဝတီရုပ်သံနှင့် အင်တာဗျူးတွင်  ပြောသည်။

သို့သော် ဇူလိုင် ၁၈ စာရင်းအရ မီးသင်္ဂြိုဟ်ခဲ့သည့် ရုပ်အလောင်း ၁၂၃၄ လောင်းအနက် ၁၆၉ ဦးသာ ကိုဗစ်နိုင်တင်းရောဂါဖြင့် ကွယ်လွန်သူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရုပ်သံသတင်းရိုက်ကူးနေချိန်တွင် မီးသင်္ဂြိုဟ်စက်ထားရှိရာ အခန်းတွင်း၌ အလောင်းများစုပြုံနေသလို နာရေးကား အစီး ၈၀ ခန့်ပေါ်ရှိ ရုပ်အလောင်းများကို အောက်သို့မချခိုင်းဘဲ ရပ်တန့်စောင့်ဆိုင်းစေခဲ့ကြောင်း လူမှုရေးအသင်းများကပြောသည်။ ကားတစ်စီးလျှင် ရုပ်အလောင်း သုံးလေးလောင်းအထိ တင်ဆောင်ထားသည်ဟုလည်း သိရသည်။

“အခန်းကြီးထဲမှာ မီးသင်္ဂြိုဟ်စက်က တစ်ဝက်၊ လူတွေ (အလောင်း) ပုံတာက တစ်ဝက်၊ ခြောက်ပေတံခါးနှစ်ချပ် ပိတ်လိုက်ရင် ဘယ်သူမှ မမြင်ရတော့ဘူး။ အလောင်းတွေကို အဲဒီအထဲမှာ ထပ်ပြီးစုထားတယ်ဗျာ။ ကားတွေအပြင်မှာ တန်းစီပြီးရပ်ခိုင်းတယ်ဗျာ၊ ကော်ရစ်ဒါမှာ တစ်လောင်းမှ မရှိတော့ဘူးပေါ့” ဟု နာကူအသင်းတစ်ခုမှ ဥက္ကဌတာဝန်ရှိသူက ပြောသည်။

ယခုအခါ သုဿန်များတွင် စီမံခန့်ခွဲမှုပြောင်းလိုက်ပြီး မီးသင်္ဂြိုဟ်စက်အနီး စင်္ကြန်တစ်လျှောက် အလောင်းများစုပြုံနေခြင်းမရှိတော့ဘဲ တန်းစီစောင့်ဆိုင်းနေသော နာရေးကားများပေါ်တွင်သာ ထားခိုင်းပြီး အလှည့်ကျသင်္ဂြိုဟ်ရသည်ဟု ၎င်းက ပြောသည်။

“ကားမှာတော့ အခက်အခဲဖြစ်တာပေါ့၊ သုံးကြောင်းသွားရမယ့်နေရာမှာ တစ်ကြောင်းတည်းနဲ့ အချိန်တွေကုန်တာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ပြည်သူဒုက္ခရောက်နေချိန်တွင် တတ်နိုင်သမျှကူညီနေရသည့် အခြေအနေများ မပျက်ယွင်းလို၍ ယခုကိစ္စကိုမူ အသင်းနှင့် လူနာမည် ထုတ်ဖော်၍ ပရဟိတသမားများက ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလိုခြင်းမရှိကြပေ။

စစ်ကောင်စီက မြေပြင်အခြေအနေမှန်ကို ထိုသို့ ဖုံးကွယ်ရုံမျှမက ကိုဗစ်နိုင်တင်းကပ်ရောဂါဖြင့် ကွယ်လွန်သူအရေအတွက်ကိုလည်း ထိမ်ချန်ပြောဆိုပြန်သည်။ 

သုဿန်များ၌ ဇူလိုင် ၁ ရက်တွင် အလောင်း ၁၅၃ ဦးသာရှိရာမှ ၁၁ ရက်တွင် ၅၆၂ ဦးနှင့် ၁၉ ရက်တွင် ၁၂၀၀ ကျော်အထိ ရှိခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံသည်။

ရန်ကုန်မြို့တော်စည်ပင်တာဝန်ရှိသူတစ်ဦးနှင့် အင်တာဗျူးထုတ်လွှင့်ရာတွင်မူ ဇူလိုင် ၁၉ ရက်ရက်နေ့က ရန်ကုန်ရှိ သုဿန် ၇ ခုတွင် မီးသင်္ဂြိုဟ်ခဲ့သည့် ရုပ်အလောင်း ၁၂၃၄ လောင်းရှိကြောင်း၊ ၁၆၉ လောင်းမှာ ကိုဗစ်နိုင်တင်းရောဂါဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

သို့သော် အဆိုပါ ထုတ်လွှင့်ချက်များမှာ ပကတိအခြေအနေနှင့် ကင်းကွာလွန်းသည်ဟု လူမှုကူညီရေးအသင်းများက ဆိုသည်။

“မြဝတီကို ကျွန်တော်တို့လည်း ဖြေပိုင်ခွင့်မရှိဘူးလေ။ ကျွန်တော်တို့ကို လာမေးရင် အမှန်အတိုင်းပြောလိုက်မှာ။ မြေပြင်မှာ ကိုဗစ်ဖြစ်မဖြစ်က ကျန်းမာရေးက စစ်မှ မစစ်နိုင်ဘဲ။ ဘယ်လိုလုပ် အလောင်းက အရေအတွက်အတိအကျထွက်မလဲ။ ဒီအလောင်းတွေက အောက်စီဂျင်ကျတယ်၊ အသက်ရှူကျပ်ပြီး ဆုံးတာလေ” ဟု ပရဟိတအဖွဲ့တစ်ခုမှ အမည်မဖော်လိုသူ လုပ်အားပေးတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ သင်္ချိုင်းလက်မှတ်ယူပြီး ပို့ခွင့်မရှိဘူးဗျ၊ ဒါဥပဒေအရ အမှန်ပဲ။ ကျွန်တော်တို့က သုဿန်ကို တိုက်ရိုက်ပို့ခွင့်မရှိဘူး။ ကျွန်တော်တို့က ဆေးရုံရင်ခွဲခန်းကို ပို့ရမှာ၊ အဲ့မှာ ကိုဗစ် test စစ်ရမှာ။ ပြီးတော့မှ ဒီအလောင်းက ကိုဗစ်ဆိုရင် ကျွန်တော်တို့အသင်းအဖွဲ့တွေ ကိုင်ခွင့်မရှိတော့ဘူး။ အကုန်လုံး စည်ပင်နဲ့လုပ်ရမှာ။ ဒါပေမယ့် အဲလိုကိုလုပ်ဖို့ ဆေးရုံမှာ အခြေအနေမပေးဘူးလေ” ဟု ၎င်းက ပြောသည်။

ပထမနှင့် ဒုတိယလှိုင်းကြုံချိန် အရပ်သားအစိုးရလက်ထက်၌ ကာကွယ်၊ ကုသ၊ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နာမည်ကျော်သူတစ်ဦးဖြစ်သည့် ဒေါက်တာဝင်းမြတ်အေးကမူ စစ်ကောင်စီ၏ ကိန်းဂဏန်းဆိုင်ရာ လိမ်လည်မှုများသည် ကပ်ရောဂါဖြင့်ကြုံနေရသည့် ပြည်သူများ၏ အသက်ဘေးအတွက် အလွန်စိုးရိမ်ရသည်ဟု Myanmar Now နှင့် ဇူလိုင် ၁၆တွင်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် မှတ်ချက်ပြုထားသည်။

“စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်းဇယားတွေဟာ တော်တော့်ကို ကွာဟနေတယ်။ ဆေးရုံမှာ သေတာနဲ့ အပြင်(နေအိမ်)မှာ သေတာ၊ ရာနှုန်းတွေကလည်း အများကြီးကွာတယ်။ တွက်ချက်တဲ့နေရာမှာလည်း အများကြီးကွာတယ်။ သေနှုန်းတွေကို တွက်တဲ့အခါ တော်တော့်ကို ကွဲလွဲမှုရှိတယ်လို့ ပြောချင်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဝန်ကြီးတာဝန်ယူထားသည့် ၎င်းက ပြောသည်။

ဆရာဝန်အများအပြားကလည်း စစ်ကောင်စီ၏ ကိုင်တွယ်ပုံမှာ ရန်ကုန်မြို့၏ လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပြီး ကိုဗစ်ကပ်ရောဂါကူးစက်မှုနှင့် သေဆုံးနှုန်းကို ပို၍ပင်တိုးစေနိုင်သည်ဟု သတိပေးထားသည်။

လက်ရှိအခြေအနေများကို ကြည့်လျှင် စစ်ကောင်စီသည် ကိုဗစ်ကာကွယ်ရေး၊ ကုသရေးတို့၌ စီမံခန့်ခွဲမှုများညံ့ဖျင်းသလို စနစ်တကျ မစီမံ၊ မကြပ်မတ်နိုင်ပါက ရောဂါကူးစက်နှုန်းကို ပိုများစေနိုင်သည့် နာရေးကိစ္စကိုပါ လစ်လျူရှုထားသည့် ပုံပေါက်နေသည်ဟု CDM ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။myanmar now

“ငါတို့ ထမီ၊ ငါတို့ အလံ၊ ငါတို့ အောင်ပွဲ” အရာတော်မြို့နယ် အမျိုးသမီးထုသပိတ်စစ်ကြောင်း စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြ

khit thit

ဖမ်းဆီးတရားစွဲခံထားရသည့် မင်းကင်းစည်ပင်ဥက္ကဋ္ဌဟောင်း ရဲစခန်းတွင် သေဆုံး

စစ်ကိုင်းတိုင်း မင်းကင်းရဲစခန်းမှာ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင် တရားစွဲထားတဲ့  စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဒေါ်ခင်မာရီဟာ ဆေးကုခွင့်မရတာကြောင့် ဇူလိုင် ၂၁ ရက်နေ့ မနက်က အချုပ်ထဲမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဒေါ်ခင်မာရီ (ခ) ဖွားချိုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဆီးတရားစွဲဆိုပြီး အချုပ်ခန်းမှာ ထားရှိစဉ် ဆေးကုသခွင့်မရဘဲ ကွယ်လွန်သွားတာပါ။

ဆီးချိုရောဂါအခံရှိတဲ့ ဒေါ်ခင်မာရီဟာ ဒီနေ့မနက် ၈ နာရီ မင်းကင်းအချုပ်ခန်းထဲမှာ ဆီးချိုတက် နှလုံးရပ်ပြီး  ကွယ်လွန်သွားတာလို့ ဆွေးမျိုးနီးစပ်သူတဦးက ပြောပါတယ်။

“ကျနော်တို့လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဆေးရုံတက်ခွင့်တောင်းတယ်။ မပေးဘူး။ ဒီနေ့မနက်ခင်း မင်းကင်းရဲစခန်းအချုပ်ထဲမှာပဲ ဆီးချိုတွေတက်ပြီး ဖွားချိုက သေဆုံးသွားတယ်။” 

ဒေါ်ခင်မာရီဟာ မင်းကင်းရဲစခန်းအချုပ်ခန်းထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိမရှိကိုတော့ မိသားစုဝင်တွေက မသိရကြောင်းနဲ့ ဒီနေ့ညနေပဲ ချက်ချင်း မီးသင်္ဂြိုဟ်လိုက်ရတယ်လို့ ဆိုပါတယ်။

ကွယ်လွန်သွားတဲ့ အသက် ၅၀ အရွယ် မင်းကင်းမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဒေါ်ခင်မာရီမှာ သမီးနှစ်ယောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။DVB

« Older Entries