Monthly Archives: Jul 2021

စစ်ကောင်စီတပ်က ကုန်ကားကို မီးရှို့၍ ယာဉ်မောင်းကိုဖမ်းဆီးထားဟု လွတ်မြောက်လာသူ များကပြော

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းဒေသကြီး ယာကြီးမြို့အလွန်တွင် ကုန်ကားတစ်စီးကို မီးရှို့၍ ယာဉ်မောင်းကိုဖမ်းဆီးထားမှု ဇူလိုင်လ ၂၀ ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ထွက်ပြေးလွတ်မြောက်လာသူများအပြောအရ သိရသည်။ မန္တလေးမြို့မှ အချိုရည်၊ စားသုံးဆီ၊ ဆပ်ပြာရည်နှင့် အင်ဂျင်ဝိုင်များတင်ဆောင်လာသည့် ခြောက်ဘီးကားသည် မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်းမောင်းနှင်လာရာ ည ၇ နာရီဝန်းကျင်တွင် ယာကြီးမြို့အလွန် တောင်လပို့ရွာမရောက်ခင်စပ်ကြား စစ်ယူနီဖောင်းဝတ်များနှင့် အရပ်ဝတ်များက တားဆီးပြီး ငွေတောင်းခဲ့ကြသည်။

၎င်းတို့တောင်းသည့် ငွေကျပ် သုံးသိန်းကိုမပေး၍ကားကို မီးရှို့ဖျက်စီးပြီး ယာဉ်မောင်းကို ဖမ်းခေါ်သွားသည်ဟု ဆိုသည်။ “ဆိုင်ကယ် သုံးစီး၊ အရပ်ဝတ်တစ်ယောက်၊ စစ်ယူနီဖောင်းဝတ်ထားတာ ငါးယောက်၊ အဲ့ထဲက နှစ်ယောက်က လက်နက်ကိုင်ထားတယ်။ ဆရာရယ် ကျွန်တော်တို့ ခရီးစရိတ်ပါခဲ့တာမှ လေးသိန်း။ ဆီဖြည့်တာနဲ့ စားတာသောက်တာနဲ့ လက်ထဲမှာ သုံးသိန်း တစ်သောင်းကျော်လောက်ပဲ ကျန်တာ။ သုံးသောင်းလောက်တော့ ယူလိုက်ပါဆိုတာ ငါတို့ကို သူတောင်းစားမှတ်နေလား။ မင်းတို့ ပေးသလောက်ယူရမှာလားဆိုပြီး ပါးရိုက်တယ်” ဟု ထွက်ပြေးလွတ်မြောက်လာသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် လူနေအိမ်ခြေများမရှိသော်လည်း မုံရွာ-ယာကြီး-ကလေးဝလမ်းမပေါ်ရှိ ဆက်သွယ်ရေးတာဝါတိုင်ကိုလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်နှင့်နီးသည်ဟုဆိုသည်။ ကုန်တင်ကားမှာ မန္တလေးအခြေစိုက် ကုမ္ပဏီတစ်ခုကဖြစ်ပြီး ယာဉ်မောင်းအပါအဝင် ကုမ္ပဏီဝန်ထမ်းသုံးဦးလိုက်ပါလာခဲ့သည်။ လွတ်မြောက်လာခဲ့သော ဝန်ထမ်းနှစ်ဦးမှာ အသိမိတ်ဆွေနေအိမ်မှတဆင့် မဇ္ဈိမသို့ ဆက်သွယ်ပြောကြားလာခဲ့ခြင်းဖြစ်သည်။ “သူတို့တောင်းတဲ့ ငွေမပေးနိုင်တာ တောင်းပန်ပြောတော့ နောက်ကပါတဲ့ ပစ္စည်းတွေ စစ်ဆိုပြီး စစ်တယ်။ ကျွန်တော်တို့လည်း အသာတကြည်အစစ်ခံပါတယ်။

အချိုရည်ကတ်တွေတွေ့တော့ လှူမယ့်ဟာတွေမလားဆိုပြီးမေးတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ပို့ခိုင်းထားတဲ့ဟာတွေ။ ဟိုဘက်က ကိုယ်စားလှယ်ကို ပို့ရမှာပါဆိုပြီး ဘောင်ချာတွေပါပြတာလည်း မရဘူး။ အမှန်အတိုင်းပြောဆိုပြီး ပါးထပ်ရိုက်တယ်။ လူကိုလည်း ဆောင့်ကန်တယ် ခါးကနေ” ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျွန်တော့်ကားဆရာကိုလည်း ဝမ်းဗိုက်ကို လက်သီးနဲ့ နှစ်ချက်ထိုးတာ လုံးဝမထနိုင်ဘူးဖြစ်သွားတယ်။ ဒီကောင်တွေကို မသင်္ကာဘူး အကုန်မီးရှို့ဆိုပြီးပြောတော့ မလုပ်ကြပါနဲ့လို့ ကျွန်တော်တောင်းပန်တယ်။ တောင်းပန်လို့ကို မရဘူး။ နောက်ဆုံး မထူးဘူးဆိုပြီး ကျွန်တော်တို့လည်း ပြေးတာ။ ကားဆရာကတော့ ကျန်ခဲ့တာ။ ကျွန်တော်တို့ကို နောက်က သေနတ်နဲ့ ပစ်ပြီး လိုက်သေးတယ်။ နောက်ပြီးမှ ဒီမှာ တစ်ယောက်ဖမ်းမိထားတာပဲလို့ပြောပြီး ဆက်မလိုက်တော့တာ” ဟု သူကဆက်ပြောသည်။

မီးရှို့ဖျက်စီးခဲ့သည့် ကားနှင့် ပစ္စည်းတန်ဖိုးမှာ ကျပ်သိန်းတစ်ထောင်ဝန်းကျင်ရှိသည်ဟု ပြောသည်။ သီးခြားအတည်ပြုချက်မရနိုင်ပါ။“ကားကို မီးရှို့သွားတယ်။ ကျွန်တော်တို့ ဖုန်းနဲ့ ပိုက်ဆံသုံးသိန်းကျော်လည်း သူတို့ယူသွားတယ်။ အချိုရည်တွေ၊ ဆပ်ပြာရည်၊ ဆပ်ပြာမှုန့်တွေပါတယ်။ စားသောက်ကုန်က သိန်း ၅ဝ ကျော်လောက်ပဲ။ အင်ဂျင်ဝိုင်ရဲ့ တန်ကြေးက များတာ။ ကုန်ပစ္စည်းအားလုံးပေါင်းတန်ကြေးက သိန်း ၄၇ဝ ဖိုး၊ ကားရဲ့ တန်ကြေးက သိန်း ၅ဝဝ ပတ်ချာလည်ရှိတယ်။ ဒီလောက်အများကြီး ကျွန်တော်တို့လည်း ကုမ္ပဏီကို မလျော်နိုင်ဘူး။ ဘဝမှာ ဒီလိုတစ်ခါမှ မကြုံဖူးဘူး” ဟု ဝန်ထမ်းက ပြောသည်။

စစ်ကောင်စီတပ်ဘက်ကတော့ မုံရွာ-ကလေး-ယာကြီးလမ်းပေါ်တွင် ကုမ္ပဏီကားတစ်စီး မီးရှို့ဖျက်စီးခံရမှုမှာ ယာကြီးရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဘက်က လုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သို့သော် ယာကြီးရှိ PDF အဖွဲ့က ယတိပြတ်ငြင်းဆိုသည်။ “အခုဖြစ်သွားတဲ့ ကိစ္စကို ကျွန်တော်တို့ကပဲ ကားကို မီးနဲ့ ရှို့တယ်လို့ သူတို့က သတင်း လွှင့်ထားပြီးပြီ။ ဒီကောင်တွေက အခုအရမ်းဆိုးလာတယ်။ ကားတစ်စီးကို နှစ်သိန်း၊ သုံးသိန်းတောက်လျှောက်ဆက်ကြေးကောက်တဲ့ ပုံစံမျိုးတွေ တအားလွန်လွန်းအားကြီးတယ်။ အခုလည်း အပြစ်မဲ့တဲ့ ကုမ္ပဏီဝန်ထမ်းတွေကိုလည်း ရက်ရက်စက်စက်ရိုက်နှက်။ ဘာမှမဆိုင်ဘဲနဲ့လည်း အခုတစ်ယောက်ကို ဖမ်းထားတယ်” ဟု PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် နှစ်လလောက်ကတည်းက စစ်ကောင်စီတပ်များသည် ဖြတ်သန်းသွားလာနေသော ကားကြီး၊ ကားငယ်၊ ဆိုင်ကယ်များထံမှ ဆက်ကြေးကောက်ခံမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းတပ်များ၏ ဖမ်းဆီးခံထားရသည့် အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ ကိုလတ်နှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာမကြားရသေးသည့်အတွက် စိုးရိမ်ပူပန်လျှက်ရှိကြောင်း စစ်ကောင်စီတပ်များ၏ လက်မှ ထွက်ပြေးလွတ်မြောက်လာသော ကုမ္ပဏီဝန်ထမ်းတို့က ပြောသည်။

မုံရွာ − ယာကြီး − ကလေးဝလမ်းမပေါ် ကျေးရွာအချို့နှင့် ချင်းတွင်းမြစ်ရိုးတလျှောက် ကျေးရွာများသည်ဒေသခံ PDF များ၏ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက် စစ်ကောင်စီတပ်များကြုံနေရသည့်နေရာများဖြစ်သည်။mizzima

ရွှေဘိုကားကြီးဝင်းအနီး တံတားဘောင်တစ်ခုကို ရဲတပ်ဖွဲ့ဝင် မောင်းလာသော ကားမှ ဝင်တိုက်ပြီး၊ ရဲ ၁ ဦး သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးဝင်းအနီးရှိ တံတားဘောင်တစ်ခုကို ဇူလိုင်လ ၂၂ ရက် ယနေ့ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ တစ်ဦး မောင်းနှင်လာသည့် ကားမှ ဝင်တိုက်မိပြီး ကားပေါ်ပါလာသော ရဲ ၁ ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရသည်ဟု ဒေသသတင်းရင်းမြစ် Shwebo Entertainment တွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့ဝင် ၃ ဦး ကားတိုက်ခံရသည်ဟု အစောပိုင်းသတင်းများ ထွက်ပေါ်ခဲ့ပေမယ့် ရဲများမှာ ကိုယ်တိုင်မူးနေပြီး ကားမောင်းလာကာ တံတားဘောင်ကို ဝင်တိုက်ကြောင်း၊ တစ်ဦး ပွဲချင်းပြီးသေဆုံး၊ တစ်ဦးမှာ ရေထဲပြုတ်ကျကာ ကျန်တစ်ဦးမှာလည်း ကတုန်ကယင်ဖြစ်နေကြောင်း ဖော်ပြထားသည်။khit thit

မိုင်းပျဉ်းမြို့နယ်၌ ရေကြီးပြီး တံတားပျက်စီးကာ လမ်းလုပ်သားအချို့ရေထဲမျောပါသွား

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စုထဲမှာ  ဇူလိုင် ၂၁ မနက်စောစောက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးလာလို့ တံတားကျိုးကျပြီး၊ လမ်းလုပ်သားနဲ့ ရွာသားတချို့ အပြင် ကားတွေပါ ရေစီးနဲ့အတူမျောပါသွားခဲ့ပါတယ်။ 

တောင်ကျရေတွေဟာ ဆင်မောင်းကျေးရွာအုပ်စု ပန်ဆာကျေးရွာရှိ နမ့်လုံချောင်းထဲစီးလာပြီး ရေကြီးရေလျှံကာ  မိုင်းပြင်း – တာကော သွားကားလမ်းပေါ်က  ကွန်ကရစ်တံတား ၁ စင်း ကျိုးသွားသလို အဲဒီအနီးတဝိုက်မှာ တဲဆောက်ပြီးနေနေတဲ့ လမ်းပြင်လုပ်သား တချို့နဲ့ ရွာသား တချို့ ရေထဲမျောပါသွားကာ ဆောက်လုပ်ရေးလမ်းတံတားဌာနဆိုင်ရာ ကားတွေလည်း ၃ စီးထက်မနည်း ရေထဲပါသွားတာပါ။

ပန်ဆာရွာသား ၁ ဦးက “မိုးကတညလုံးရွာပြီး တောင်ကျရေတွေ နမ့်လုံချောင်းထဲဝင်လာတယ်။ ရေထဲမှာ သစ်တုံးကြီးတွေရော အမှိုက်တွေရောပါတော့ တံတားကိုရေစီးကြောင်းအရှိန်နဲ့တိုက်ပြီး ကျိုးကျသွားတာခင်ဗျ။ အဲဒီတံတားက ကွန်ကရစ်တံတား လုပ်ထားတာမကြာသေးဘူး။ ၃ နှစ်လောက်ဘဲ ရှိသေးတယ်၊ နောက်ပြီးတော့ ရေက လမ်းလုပ်သားတွေနေတဲ့တဲတွေကိုရော အဲဒီက လားဟူနဲ့ ပလောင်ရွာသားတွေနေတဲ့ အိမ်ကိုပါ တိုက်စားသွားတာ လူက အနည်းဆုံး ၉ ယောက်လောက် ရေထဲမျောပါသွားတယ်။ ဒီနေ့ထိ ရှာလို့မတွေ့သေးဘူး၊ ဆောက်လုပ်ရေးဌာန လမ်းကြိတ်စက်တွေ၊ မြေတူးစက်ယန္တယားတွေလည်း မြုပ်တယ်၊ အဲဒါတွေတော့ ပြန်ရတယ်။ ပြန်မရတာက မတ်တူးကား ၁ စီး၊ ဟိုင်းဂျက် ၁ စီး နဲ့ လေးလုံးထိုးကား ၁ စီး ပါသွားတယ်ခင်ဗျ။” 

ဒါ့အပြင် တောင်ပြိုတာတွေလည်းရှိနေကြောင်း၊ တံတားပြန်ကောင်းမွန်ဖို့ တာဝန်ရှိသူတွေက အမြန်ဆုံးပြင်ဆင်နေပြီးဒီကနေ့ နေ့လယ်အထိတော့ ၇ မိုင် နဲ့ ၉ မိုင်ကြား သွားလို့ ရပေမယ့် ၉ မိုင်ကနေ ဆင်မောင်းရွာထိတော့ သွားလို့ မရသေးဘူးလို့ သူကဆက်ပြောပါတယ်။ 

ရေစီးထဲမျောပါသွားသူတွေကတော့  လမ်းအထူးအဖွဲ့ ( ၃ ) မှ ဦးအာကာကျော် အပါအဝင် ကျား (၈) ဦး၊ မ (၄) ဦး စုစုပေါင်း ၁၂ ဦးရှိပြီး ပျောက်ဆုံးသူတွေကို မြို့နယ်ထွေအုပ်/ရဲတပ်ဖွဲ့ နဲ့ မီးသတ်ဌာန စတဲ့ သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေက လိုက်လံရှာဖွေရာမှာ မနေ့ ညပိုင်းက လူ ၁ ဦးကို အသက်ရှင်လျက် ပြန်တွေ့တယ်လို့ We Love Mine Pyin ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

တောင်ကျချောင်းရေစီးကြောင့် မိုင်းပျဉ်းမြို့နယ် ခမ်းမိုက်ကော့ – ပန်မုန့်ကျေးရွာလမ်းက အရှည် (၁၂၀ × ၁၄)ပေရှိ ပလောင်ကုန်းဆာကွန်ကရစ်တံတားနဲ့ ဝမ်မွန်း- ဝမ်ကန်လမ်းရှိ အရှည်ပေ ၉၀ ရှိ သံကူကွန်ကရစ်တံတား ရေတိုက်စားပျက်စီးခဲ့တယ်လို့ လည်းဖော်ပြထားပါတယ်။ 

ကျိုင်းတုံမြို့မှာလည်း  ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီလောက်က အမှတ်(၅)ရပ်ကွက်ရှိ နမ့်ခင်နွဲ့(ကျိုင်းဖောင်း)ချောင်းမှာ ချောင်းရေတားဆည် ကျိုးပေါက်လို့ နေအိမ်တွေအတွင်း ရေဝင်ရောက်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။

ဒါ့အပြင် တာချီလိတ်ခရိုင်ထဲမှာလည်း ဇူလိုင် ၂၁ ရက်မနက်စောစောက ရေကြီးတာ ကြောင့် တာဇန့်ကျေးရွာအနီး မိုင်းယောင်း – မိုင်းယု သွားကားလမ်းပေါ်က ကွန်ကရစ်တံတား ၁ စင်း၊   တာလေနဲ့ ကျိုင်းလပ်သွားကားလမ်းပေါ်က ဝမ်ပိုင်းတံတား ၁ စင်း ပြိုကျပျက်စီးခဲ့တယ်လို့ တာချီလိတ်ဒေသခံ ၁ ဦးက ပြောပါတယ်။ DVB

ရုရှားက မြန်မာစစ်တပ်ကို လေယာဉ်ပျံအပါအဝင် စစ်ရေးလက်နက်ကိရိယာတွေကို ထောက် ပံ့

ရုရှားအစိုးရဟာ လေယာဉ်ပျံ အပါအဝင် စစ်ရေးလက်နက်ကိရိယာတွေကို ထောက်ပံ့ ပို့ဆောင်ရေးတွေမှာ မြန်မာအာဏာသိမ်း စစ်ကောင်စီအုပ်စုနဲ့ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ ရုရှားရဲ့ နိုင်ငံတော် လက်နက်တင်ပို့ရေးဌာန Rosoboronexport ရဲ့ အကြီးအကဲ Alexander Mikheev က ပြောကြားခဲ့ကြောင်း  Interfax သတင်းဌာနက ဖော်ပြပါတယ်။

ရုရှားအစိုးရဟာ နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်မှုတွေ၊ လက်နက်အရောင်းအဝယ်‌တွေ ဆက်လုပ်နေခြင်းအားဖြင့် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ကျူးလွန်ခဲ့တဲ့ စစ်တပ်ကို တရားဝင်ဖြစ်အောင် လုပ်နေတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲပြစ်တင်ထားပါတယ်။  

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရှိ Rosoboronexport ရဲ့ အဓိကဖောက်သည်နိုင်ငံတခု ဖြစ်ပြီး ရုရှားနိုင်ငံရဲ့ လေကြောင်းနဲ့ ကာကွယ်ရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Rostec ရဲ့ အဓိကမိတ်ဖက်အဖြစ် Mikheev က ဖော်ပြခဲ့ပါတယ်။ 

ဇူလိုင် ၂၀ ရက်က သမ္မတ ဗလာဒီမာပူတင် တက်ရောက်ခဲ့တဲ့ ရုရှားနှစ်ပတ်လည် MAKS လေကြောင်း ပြပွဲမှာ ဒီမှတ်ချက်တွေ ပြောကြားခဲ့တာပါ။ 

ပြီးခဲ့တဲ့လက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို လာရောက်လည်ပတ်ချိန်က ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ဟာ မော်စကိုအနေနဲ့ စစ်ရေးဆက်ဆံမှုတွေကို ခိုင်မာအောင် လုပ်ဆောင်ဖို့ ကတိပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

ရုရှားအစိုးရဟာ ထောင်နဲ့ချီတဲ့ မြန်မာစစ်သားတွေကို စစ်သင်တန်းတွေနဲ့ တက္ကသိုလ် ပညာသင်ဆုတွေ ပေးခြင်းအပြင် အနောက်နိုင်ငံတွေကနေ နာမည်ပျက်စာရင်းသွင်းထားတဲ့ မြန်မာ စစ်တပ်ကို လက်နက်ရောင်းချခြင်းအားဖြင့် ဆယ်စုနှစ်ချီ နှစ်နိုင်ငံအကြားက စစ်ရေးဆိုင်ရာ ဆက်ဆံမှုတွေကို ကြီးထွားစေခဲ့ပါတယ်။DVB

သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ်နှင့် သမီးနှစ်ဦး ဖမ်းဆီးခံရ

​​သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူ ဒေါ်မြဝန်းရံနှင့် သမီးများဖြစ်ကြသည့် နန်းခင်ဘုန်းသွယ်နှင့် မဆုမြတ်နိုးကို တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ နေအိမ်တွင် ဇူလိုင် ၂၀ ရက်၊ ည ၇ နာရီ အချိန်ခန့်၌ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။ 

ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ “ရှေ့နေတွေနဲ့ စုံစမ်းမေးကြည့်ရမှာပေါ့။ လိုက်လုပ်ပေးမယ်ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ ကျွန်တော်တို့တောင် သူတို့ဆီမှာ စုံစမ်းရမှာ” ဟု ဒေါ်မြဝန်းရံမိသားစုနှင့် ရင်းနှီးသူ အထက်ပါအမျိုးသားက ပြောသည်။ 

သံလွင်သွေးချင်းသတင်းဌာနသည် ရှမ်းပြည်နယ်သတင်းများကို ဖော်ပြနေသော သတင်းဌာနတစ်ခုဖြစ်ပြီး အယ်ဒီတာချုပ် ဒေါ်မြဝန်းရံနှင့် သမီးများကို ဖမ်းဆီးစဉ် ကင်မရာနှစ်လုံး၊ ကွန်ပျူတာနှင့် ဖုန်းလေးလုံးကိုပါ သိမ်းဆည်းသွားကြောင်း ဒေသအခြေစိုက် ကမ္ဘောဇတိုင်းမီဒီယာ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဒေါ်မြဝန်းရံနှင့် သမီးများ ဖမ်းဆီးခံရသည့်​ အကြောင်းရင်းကို သေချာမသိရသေးသော်လည်း ယင်းမတိုင်မီက ဖမ်းဆီးခံရသူများနှင့် ဆက်စပ်နိုင်ကြောင်းလည်း သိရသည်။

တောင်ကြီးမြို့၊ ကျောင်းစုရပ်ကွက်နေထိုင်သူ ရွှေတြိဂံသတင်းလွှာမှ သတင်းထောက်ဟောင်း ရွှေအလင်းသစ်နှင့် ဇနီးကို ဇူလိုင် ၁၂ ရက်တွင် စစ်တပ်က ဖမ်းဆီးခဲ့ရာ ထိုကွင်းဆက်အားဖြင့် ဒေါ်မြဝန်းရံတို့ကို ဖမ်းဆီးသည်ဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ရှမ်းပြည်နယ်အခြေစိုက်သတင်းသမားတစ်ဦးက Myanmar Now ကို ပြောသည်။ 

ဖမ်းဆီးခံရသည့် ဒေါ်မြဝန်းရံနှင့် သမီးများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသော်လည်း အာဏာသိမ်းပြီးနောက် ဖမ်းခံရသူအများစုထားရှိရာ တောင်လေးလုံးအကျဉ်းထောင်၌ ချုပ်နှောင်ထားသည်ဟု ယူဆရကြောင်း မိသားစုနှင့် ရင်းနှီးသူ အမျိုးသားက ဆိုသည်။ 

ဒေါ်မြဝန်းရံနှင့် သမီးများအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်၌ ဖမ်းဆီးခံထားရသည့် သတင်းသမား ရှစ်ဦးရှိလာပြီဖြစ်ကြောင်း ဒေသအခြေစိုက်မီဒီယာများထံမှ သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရထားရသည့် ဒေသအခြေစိုက် သတင်းသမားများမှာ ကမ္ဘောဇတိုင်းသတင်းဌာနမှ နန်းနန်းတိုင်း၊ နန်းဝင်းရီ၊ စိုင်းစည်သူနှင့် ဦးတင်အောင်၊ ရှမ်းအရှေ့အခြေစိုက် တာချီလိတ်သတင်းဌာနတွင် အလုပ်သင်သတင်းထောက်လုပ်ခဲ့ဖူးသူ ကိုကျော်ဇင်ဟိန်းဖြစ်သည်။ 

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ သတင်းမီဒီယာတိုက်များ ဝင်ရောက်စီးနင်းခံခဲ့ရသည့်အပြင် Myanmar Now အပါအဝင် သတင်းဌာန ၇ ခုကိုလည်း စစ်ကောင်စီက ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည်။ ဖမ်းဆီးခံသတင်းသမားဆိုင်ရာ အချက်အလက်စုစည်းသည့် အဖွဲ့တစ်ခု၏ ဇွန် ၃၀ ရက်နေ့အထိ စာရင်းအရ နိုင်ငံအနှံ့တွင် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရသူ သတင်းသမား ၃၀ ကျော်ရှိသည်။ myanmar now

မိုးကြီး၍ မိုင်းယောင်းနှင့် မိုင်းပျဉ်းတွင် ပျက်ဆီးမှုများရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ မိုင်းယောင်းနှင့် မိုင်းပျဉ်းမြို့နယ်များတွင် မိုးသည်းထန်စွာ ရက်ဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ပျက်ဆီးဆုံးရှုံးမှုများရင်ဆိုင်နေရသည်။

ဇူလိုင်လ ၁၈ ရက်နောက်ပိုင်းကစပြီး နေ့စဉ် မိုးကောင်းခဲ့ရာက မိုင်းယောင်း၊ မိုင်းပျဉ်းမြို့နယ်များတွင် တောင်ကျရေတိုက်စားမှုဖြစ်ကာ မိုင်းပျဉ်းမြို့နယ်ဆင်မောင်းရွာနှင့် ခုနှစ်မိုင်ရွာကြားမှာ လမ်းများပျက်စီးသွားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။” ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ အခု လမ်းပိတ်သွားပြီ” လို့ ဒေသခံတစ်ဦးပြောပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း” ဒီလိုဖြစ်စဉ်က၁၉၉၄နှစ်လောက်က တစ်ခါဖြစ်ဖူးတယ်။လမ်းပိုင်းလည်းပျောက်သွားခဲ့တယ်” လို့ ပြောပါတယ်။ဆက်သွယ်ရန်ခက်ခဲ၍ ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုမသိရနိုင်သေးပါ။

ယခုရက်ပိုင်းတွင် မုတ်သုံလေအားကောင်းနေသလို တောင်တရုတ်ပင်လယ်ဘက်က မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ပညာရှင်များက သတိပေးထားသည်။mizzima

မန္တလေးတပ်ပေါင်းစု သပိတ်စစ်ကြောင်း ကို စစ်ကောင်စီ တပ်ဖွဲ့များက အရပ်ဝတ်များဖြင့် ဖြိုခွင်းရန် အသင့်စောင့်ဆိုင်းနေ၍ သပိတ်မထွက်ဖြစ်

မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီ ကို အင်အားပြည့် ချီတက် ဆန္ဒပြနေသည့် မယိုင်လဲတပ်ပေါင်းစု ခိုင်မြဲတဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို ယနေ့ ဇူလိုင်လ ၂၂ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖြိုခွင်းရန် သပိတ်စစ်ကြောင်း ပြုလုပ်​လေ့ရှိသည့်နေရာများတွင် အရပ်ဝတ်များဖြင့် စောင့်ဆိုင်းနေကြောင်း ဒေသခံများ ပြောဆိုချက် အရသိရသည်။

မဟာမိတ် တပ်ပေါင်းစုသပိတ် စစ်ကြောင်း ပြုလုပ်နေကျဖြစ်သော ၇၃ လမ်း ၃၂၊ ၃၃ ကြား Mom cosmetic ​ရှေ့တွင် ​ရဲကားတစ်စီး ၃၃၊ ၇၃၊ ၇၄ ကြားတွင် ရဲကားတစ်စီး ၇၅လမ်းမပေါ်တွင် အိမ်စီးကားတစ်စီးနှင့် အရပ်ဝတ်ဆိုင်ကယ်များဖြင့် လှည့်လည်နေကာ အဆိုပါလမ်းမပေါ်ရှိ လူငယ်များကို စစ်ဆေးမှုများပါ လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းသို့​ဖြိုခွင်းရန် ​စောင့်ဆိုင်း​နေမှု​ကြောင့် ယ​နေ့ ည​နေပိုင်း သပိတ်မထွက်ဖြစ်ဟု သိရှိရသည်။khit thit

မြန်မာတွင် ကိုဗစ်-၁၉ တားဆီးနိုင်ရေး အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုး အစီအစဉ်စတင်ရန် တိုက်တွန်း

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးဖို့နဲ့ ကိုဗစ်-၁၉ ရောဂါ တားဆီးဖို့ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုး အစီအစဉ်ကို ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ညွန့်ပေါင်းအဖွဲ့ကို ချက်ချင်းဖွဲ့စည်းသင့်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က အကြံပြုတိုက်တွန်းလိုက်ပါတယ်။

အလှူရှင်အစိုးရတွေနဲ့ နိုင်ငံတကာ အေဂျင်စီတွေဟာ သက်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူတွေဆီကို ဒေသနဲ့ သင့်တော်ကိုက်ညီအောင် ဆောင်ရွက်သင့်ပြီး စစ်တပ်ကို အသိအမှတ်ပြုတာမျိုးကို ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး ဆေးဝါးကုသမှုတွေ၊ လူနာတွေ၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ ကျန်းမာရေးဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ဆေးဝါးအထောက်အပံ့တွေကိုပါ တိုက်ခိုက်ဖျက်ဆီး သိမ်းယူတာတွေအပါအဝင် ကျန်းမာရေးပိုင်းတိုက်ခိုက်မှု ၂၆၀ ကျော်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ကိုဗစ်-၁၉ စစ်ဆေးခြင်း၊ ကုသခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်းတို့ကို ပြင်းပြင်းထန်ထန် တားဆီးကန့်သတ်ထားပါတယ်။ 

မြန်မာပြည်မှဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေဟာ စစ်အာဏာရှင်လက်အောက်မှာ လုပ်ကိုင်ဖို့ ငြင်းဆန်ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေးလူထုမနာခံမှုလှုပ်ရှားမှု (CDM)မှာ ပါဝင်ကြတာကြောင့် စစ်ကောင်စီရဲ့ပစ်မှတ်တွေ ဖြစ်လာပြီး အများစု ပုန်းအောင်းနေကြရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့အဆိုအရ ဖမ်းဝရမ်းထုတ်ခံထားရပြီး ရှောင်ရှားနေကြရတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဆေးဖက်ဆိုင်ရာ ပညာရှင် ၅၇၁ ယောက် ရှိပါတယ်။

ကိုဗစ်-၁၉ နဲ့ စစ်ကောင်စီရဲ့ မတရားပြုမူဆက်ဆံမှုတွေကြောင့် မြန်မာနိုင်ငံတဝန်း နိုင်ငံရေးအကျဉ်းသားတွေဟာ ဆိုးရွားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ Fortify Rights က ပြောကြားပါတယ်။ 

ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုမှာ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်  ဝါရင့်နိုင်ငံရေးသမားကြီး ဦးဥာဏ်ဝင်းဟာ ဇူလိုင် ၂၀ ရက်က ဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့တာပါ။ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း တရားစွဲခံနေရတဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်နဲ့ အမေရိကန်သတင်းစာဆရာ ဒန်နီဖှန်စတာ တို့အပါအ၀င် မြန်မာနိုင်ငံရှိ တခြားနိုင်ငံရေးအကျဉ်းသားတွေမှာလည်း ကိုဗစ်-၁၀ ရောဂါလက္ခဏာတွေ ပြနေကြောင်း သတင်းတွေ ထွက်နေပါတယ်။ 

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၆,၀၉၃ ယောက်ရှိပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၄၆,၆၆၃ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ တခြားသူတွေကို ဆက်သွယ်ရရှိမှုပေါ်အခြေခံပြီး အမှန်တကယ် ရောဂါကူးစက်မှုအသစ်နဲ့ သေဆုံးမှုတွေဟာ ထုတ်ပြန်ထားတာထက် အများကြီးပိုနိုင်ကြောင်း Fortify Rights က ယုံကြည်ထားပါတယ်။ 

WHO မှ မြန်မာနိုင်ငံဆိုင်ရာ ခေတ္တတာ၀န်ရှိသူရဲ့ ပြောကြားချက်အရ ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်တဲ့ ကူးစက်နှုန်း စမ်းသပ်ချက်အရ ၃၅ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။ 

Johns Hopkins Bloomberg ဆေးကျောင်းမှ ဆေးပညာရှင်အဆိုအရ ကူးစက်မှု ၅ ရာခိုင်နှုန်း ဆိုရင်တောင် အန္တရာယ်များပြီး အလွန်မြင့်မားတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားတွေ မရှိတာ၊ အသက်ကယ်ပစ္စည်းတွေ မရှိတာ၊ ဆေးရုံနဲ့ ကျန်းမာရေးဌာနတွေကို အဆင်ပြေပြေ ဝင်ရောက်ခွင့်မရတာတွေကြောင့် မြန်မာနိုင်ငံရှိ ကိုဗစ်လူနာပေါင်းများစွာဟာ ကိုယ့်နေအိမ်တွင်းမှာပဲ ကိုယ့်ဖာသာ ကုသနေကြရပါတယ်။DVB

« Older Entries