Monthly Archives: Jul 2021

အင်းစိန်ထောင်တွင်း ဆန္ဒပြသူများကို စစ်တပ်ကပစ်ခတ်နှိမ်နင်း၊ အကျဉ်းသား ၂၀ ခန့် သေဆုံး

အင်းစိန်ထောင်တွင်း ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်တပ်ကဝင်ရောက် အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရာမှာ အကျဉ်းသား အယောက် ၂၀ လောက် သေဆုံးသွားတယ်လို့  စစ်တပ်ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ဆန္ဒပြတဲ့ အကျဉ်းသားတွေကို စစ်တပ်က ပစ်ခတ်ခဲ့ရာမှာ  အမျိုးသမီး အကျဉ်းသား ၅ ယောက် အပါအဝင် အယောက် ၂၀ လောက်သေဆုံးသွားတာဖြစ်ပြီး အင်းစိန်ထောင်ရဲ့ စီမံအုပ်ချုပ်ရေး တာဝန်တွေအားလုံးကိုလည်း  စစ်တပ်က ယူထားတယ်လို့လည်း ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်တဲ့  အကျဉ်းထောင်ဝန်ထမ်းတွေလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။    အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ကလည်း အင်းစိန်ထောင်တွင်းဝင်ရောက်ခွင့် တောင်းခံထားပေမဲ့ ဝင်ရောက်ခွင့်မရသေးပါဘူး။ 

ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကတော့ အင်းစိန်ထောင်မှာ စစ်တပ်ကဝင်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကိုရိုက်နှက် တိုက်ပိတ်တဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ငြင်းဆိုပါတယ်။

ဇူလိုင် ၂၃ ရက်မနက်ပိုင်းက အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက ထောင်ထဲမှာ ဖျားနာသူတွေများနေပြီး ဆေးဝါးကုသမှုမလုံလောက်တာ၊ ရာဇဝတ်အသေးအဖွဲအမှုတွေကို လွှတ်ပေးပြီး ပုဒ်မ ၅၀၅(က) တွေကို လွှတ်မပေးတာ၊ ထောင်ထဲမှာ စည်းကမ်းတင်းကျပ်မှုများလာတာ စတဲ့အချက်သုံးချက်ကို အမြန်ဆုံးဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အင်းစိန်ထောင်အတွင်းက နိုင်ငံရေးသမားတွေကိုထားတဲ့ သီးသန့်ထောင် အမျိုးသမီးဆောင်ကနေ စတင်ပြီး နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွားခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ 

ဆန္ဒပြရာမှာပါဝင်တဲ့သူတွေကို စစ်ကောင်စီက အကြမ်းဖက်ရိုက်နှက်မှာကို လူ့အခွင့်အရေးသမားတွေနဲ့ နိုင်ငံတကာသံရုံးတွေက စိုးရိမ်နေကြပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကလည်း ထောင်တွင်းမှာ ကိုဗစ်အရေးအတွက် အကူအညီပေးခွင့်ရဖို့ ဇူလိုင် ၂၄ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။DVB

အပစ်ရပ် ၁၀ ဖွဲ့၏ ကိုဗစ်ကော်မတီက နိုင်ငံရေးစေ့စပ်ပေးမည် မဟုတ်ဟုဆို

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဖွဲ့စည်းလိုက်သည့် ကိုဗစ်ထိန်းချုပ်ရေးကော်မတီသည် နိုင်ငံရေးအရစေ့စပ်ဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ဟု ဆိုသည်။

ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်းတို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးပါ ကိုဗစ်ထိန်းချုပ်ရေးကော်မတီကို ဇူလိုင် ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း PPST က ယနေ့ (ဇူလိုင် ၂၄) ထုတ်ပြန်သည်။

ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဖွဲ့စည်းခဲ့သည့် အဆိုပါကော်မတီသည် ကျန်းမာရေးကို အကြောင်းပြု၍ နိုင်ငံရေးကို စေ့စပ်ဆွေးနွေးမှုများလုပ်ရန်မရှိဟု ကော်မတီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းက Myanmar Now ကို ပြောသည်။ 

“နိုင်ငံရေးအခြေခံပေါ်က လုပ်မှာမဟုတ်ဘူး။ လူသားချင်းဆိုတဲ့ Humanitarian ထောင့်ကနေပြီးတော့မှ လူသားတွေရဲ့ ဘေးဒုက္ခကို ဖြေရှင်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ပြောသည်။

“ဒီလုပ်ငန်းစဉ်ပေါ်ကနေ နိုင်ငံရေးအမြတ်မထုတ်ဘဲနဲ့ လုပ်သွားဖို့ လူသားဆိုတဲ့အခြေခံပေါ်ကနေ လုပ်သွားကြဖို့ တိုက်တွန်းလိုပါတယ်” ဟုလည်း ဦးမျိုးဝင်းက ပြောသည်။ 

အဆိုပါကော်မတီသည် ကိုဗစ်ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် Stakeholder များအားလုံး၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။ 

နိုင်ငံရေးအရ အခြေခံခြင်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးကို ဦးစားပေးခြင်းဖြင့် အားလုံးက ဆောင်ရွက်သင့်ကြောင်းလည်း PPST ၏ ထုတ်ပြန်ချက်က ဆိုသည်။

ကော်မတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အာဏာသိမ်းစစ်ကောင်စီတို့နှင့် လုပ်ငန်းများ ဆက်စပ်ဆောင်ရွက်ရန်ရှိမရှိ မေးမြန်းရာတွင် ဦးမျိုးဝင်းက “လက်ရှိ လိုအပ်ချက်အရကတော့ တွေ့သင့်တွေ့ထိုက်တဲ့ အင်အားစုအားလုံးနဲ့ တွေ့ရမယ်ဆိုတဲ့ အခြေခံသဘောထားတော့ ရှိပါတယ်” ဟု ဖြေကြားသည်။

မြန်မာ- ထိုင်းနယ်စပ်ရှိ မယ်တော်ဆေးခန်းပဲ့ကိုင်ရှင် ဒေါက်တာစင်သီယာမောင်ဦးဆောင်မည့် ကိုဗစ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) ကို တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် NUG ပူးပေါင်း၍ ဇူလိုင် ၁၇ ရက်၌ပင် ဖွဲ့စည်းခဲ့ပြီး NUG ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွဲ့ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်မည်ဖြစ်သည်။

အပစ်ရပ် ၁၀ ဖွဲ့၏ ကိုဗစ်ကော်မတီအနေဖြင့် CTF နှင့် ချိတ်ဆက်မှုရှိမရှိ မေးမြန်းရာတွင် ၎င်းတို့နှင့် လုပ်ငန်းသဘောသဘာဝ မတူညီသော်လည်း ဒေါက်တာစင်သီယာမောင်ဦးဆောင်သည့် အဖွဲ့ကို ကြိုဆိုရမည်ဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောသည်။

စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်း၊ စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးမည်မဟုတ်ကြောင်း သဘောထားထုတ်ပြန်ထားသော်လည်း ရွေးကောက်ပွဲအနိုင်ရအမတ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့်သော်လည်းကောင်း၊ NUG နှင့်သော်လည်းကောင်း ထိတွေ့ဆက်ဆံရေးနှင့် ပတ်သက်၍ PPST က ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ 

အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် မွန်အဖွဲ့ (NMSP)၊ ရခိုင်အဖွဲ့ (ALP)၊ ကရင်အဖွဲ့ KNLA(PC) နှင့် DKBA တို့သည် စစ်ကောင်စီနှင့် တစ်ဖွဲ့ချင်းစီ ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ချင်းအမျိုးသားတပ်ဦး(CNF) ကမူ NUG နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကြေညာထားသည်။myanmar now

အင်းစိန် ထောင်တွင်းသပိတ်ဦးဆောင်သူ‌တွေ တိုက် ပိတ်ခံထားရ

အင်းစိန်ထောင်တွင်း အကြမ်းဖက်စစ်ကောင်စီ ဆန့်ကျင်ရေး သပိတ်မှာ ဦးဆောင်ပါဝင်သူ တချို့ကို တိုက်ပိတ်ထားတယ်လို့ သိရှိရပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ အင်းစိန်ထောင်တွင်းဆန္ဒပြမှုကြောင့် ကိုအေးအောင်၊ ကိုနိုင်ဇော်တို့နဲ့အတူ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုး အင်းစိန်ထောင်မှာ တိုက်ပိတ်ခံထားရတယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဆစ်နိုင် ကိုတော့ ဆေးရုံတင်ထားသလား၊ တိုက်ပိတ်ထားတာလားဆိုတာကိုတော့ မသိရှိရသေးပါဘူးလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ က သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။khit thit

ကနီတွင် စစ်တပ်က ဆက်ပစ်၊ ကိုယ်ဝန်ဆောင်အပါအဝင် သုံးဦးဒဏ်ရာရ

စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်သဖြင့်​ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျေးရွာအချို့တွင် နေအိမ်များပျက်စီးခဲ့ရသလို အသက် ၃၀ အရွယ် ကိုယ်ဝန်သည်နှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့သည်။

ချင်းတွင်းမြစ်အတွင်းမှ စစ်ရေယာဉ် ၉ စီးက ဇူလိုင် ၂၃၊ ၂၄ တွင် မြစ်ကမ်းနံဘေးရှိ စားဖိုကြီး၊ နတ်ကြီး၊ ယင်းယိမ်၊ သစ်ခက် စသည့် ရွာများကို ပစ်ခတ်ခဲ့ကြောင်း အထက်ပါ ဒေသခံတို့ထံမှ သိရသည်။

ကိုယ်ဝန်ဆောင်ဒဏ်ရာရခြင်းမှာ ယမန်နေ့(ဇူလိုင်၂၃)တွင် စစ်တပ်က ကမ်းပေါ်တက်၍ ပစ်ခတ်ခြင်းကြောင့်ဖြစ်သည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် ကနီမြို့ခံ ပရဟိတသမားတစ်ဦးက ပြောသည်။

“စစ်တပ်က ကုန်းပေါ်တက်ပစ်တာ။ အဲ့ဒီမှာပြေးရင်းလွှားရင်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ထိသွားတာ။ ကိုယ်ဝန်က ၇လရှိပြီ။ ခြေသလုံးပေါက်ထွက်ဒဏ်ရာရသွားတာ”ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် အဆိုပါ ကျေးရွာရှိ နေအိမ်တစ်လုံးနှင့် ဆိုင်ကယ်သုံးစီး မီးရှို့ဖျက်ဆီးခံရကြောင်း၊ ယင်းယိမ်ရွာရှိ နေအိမ်နှစ်လုံး၊ သစ်ခက်ရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ခဲ့ကြောင်း အထက်ပါ ပရဟိတသမားနှင့် အခြားဒေသခံတစ်ဦးတို့က အတည်ပြုသည်။

ယနေ့(ဇူလိုင် ၂၄) နံနက်ပိုင်း စစ်တပ်က ဝင်ပစ်သည့် နတ်ကြီးရွာတွင်မူ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရသလို ရွာအတွင်း လက်နက်ကြီးကျည် အလုံး ၂၀ ထက်မနည်း ကျရောက်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများကြောင်း ၎င်းတို့က ဆက်ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

“(အရင်တုန်းက) ချင်းတွင်းမြစ်ရဲ့ဝဲယာဘေးကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့တာရှိတယ်။ အဲဒါတွေကြောင့် ခုတစ်ခေါက်လည်း ထင်တဲ့နေရာတွေကို (စစ်တပ်က) ရမ်းသန်းပြီးတော့ ပစ်ခတ်လိုက်တာမျိုး၊ ဒီလိုမျိုးတွေ ပစ်လိုက်ခြင်းအားဖြင့် ပြည်သူတွေကြောက်ရွံ့ထိတ်လန့်မယ်၊ လမ်းကြောင်းရှင်းတဲ့ သဘောမျိုးဖြစ်မယ်။ ဒါလည်း စစ်ဆင်ရေးတစ်ရပ်ပဲလေ”ဟု ကနီမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီတပ်၏ ထိုသို့ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်နံဘေး ကနီမြို့နယ်အတွင်းမှ ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများလိုအပ်နေကြောင်း အထက်ပါ သတင်းရင်းမြစ်သုံးဦးက ပြောသည်။

အသေးစိတ်အတည်မပြုနိုင်သလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဇူလိုင် ၁၁ ကလည်း ကနီမြို့နယ်ရှိ ယင်းရွာတွင် စစ်ကောင်စီတပ်က ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ထားသည့် ဒေသခံ ၁၅ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည့် မှတ်တမ်းများ Myanmar Now က ရရှိဖော်ပြဖူးသည်။

ဖေဖော်ဝါရီ ၁နောက်ပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းရာနေရာများဖြစ်သည့် စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်တပ်က ရက်စက်စွာဖြိုခွင်းရာ ဧပြီလဆန်းမှစတင်၍ ဒေသခံတို့က ရိုးရာလက်လုပ်တူမီးသေနတ်များသုံး၍ ခုခံခဲ့ကြသည်။

အခြားဒေသများတွင်လည်း စစ်ကောင်စီတပ်များက အရပ်သားများကို အဆက်မပြတ် ဖမ်းဆီး၊ သတ်ဖြတ်လျက်ရှိသည်။

ဒေသအသီးသီးမှ ပြည်သူတို့ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသည့် စစ်ခေါင်းဆောင်သည် ပင်စင်ယူရတော့မည့်အချိန်တွင် အာဏာသိမ်းခြင်းဖြင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်လက်ချုပ်ကိုင်ထားသည်။ myanmar now

တောင်လတ်ဒေသတွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ပြာပုံထဲက ဖီးနစ်ငှက်များ သပိတ်စစ်ကြောင်း မီးတုတ်များ ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ

khit thit

ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေး ဗုံးပေါက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင် ၂၄ ရက်နေ့က အမှတ် ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေး ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ညနေ ၆ နာရီခွဲလောက်မှာ ရုံးဘေးလမ်းကြားကနေ ဗုံးပေါက်ကွဲခဲ့တာဖြစ်ကြီး ၁ မိုင်ပတ်လည်လောက်က နေအိမ်တွေပါ တုန်ခါမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အမှတ် ၈ ရပ်ကွက်နေဒေသခံ ၁ ဦးက “ရုံးဘေးလို့ကြားတယ်၊ အသံလည်းကျယ်တယ်၊ မြေကြီးတွေပါ တုန်သွားတာ။ ထိခိုက်မှုရှိ မရှိတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ အမှတ် ၈ ရပ်ကွက်ရုံးနားကို တဂေါင်းဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လူထိခိုက်သေဆုံးမှုရှိ မရှိဆိုတာကိုတော့ အတည်အကျမသိရသေးပါဘူး။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု ၈ ကြိမ်လောက်ရှိပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။DVB

အင်းစိန်ထောင်အခြေအနေကို စစ်ကောင်စီ သတင်းအမှောင်ချထား

ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင်းအခြေအနေနှင့် ပတ်သက်၍ ၂၄ နာရီကျော်လာသည်အထိ တိတိပပ မသိရှိရသေးဘဲ စိုးရိမ်ပူပန်မှုများ မြင့်တက်နေလင့်ကစား စစ်ကောင်စီက သတင်းအမှောင်ချထားဆဲ ဖြစ်သည်။ 

အင်းစိန်အကျဉ်းထောင်နှင့် ပတ်သက်၍ စစ်ကောင်စီက ယမန်နေ့သတင်းထုတ်ပြန်ချက်တွင် ထောင်တွင်းဆေးဝါးကုသမှု တိုးမြှင့်ပေးမည်ဟုဆိုသော်လည်း အသေးစိတ်အခြေအနေကို ဖော်ပြခဲ့ခြင်း မရှိသည့်အပြင် တစ်စုံတစ်ရာ ထပ်မံထုတ်ဖော်ပြောကြားခြင်းလည်း မရှိသေးပေ။

ဝင်ရောက်စီးနင်းစဉ် အပြင်းအထန် ရိုက်နှက်ခံခဲ့ရသူများအပြင် တိုက်ပိတ်ခံထားရသူ ၂၀ ခန့်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများနှင့်ဆိုင်သည့် အဖွဲ့များက ခန့်မှန်းပြောဆိုထားသော်လည်း စစ်ကောင်စီက တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

သို့သော် အင်းစိန်အကျဉ်းထောင်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကြွေးကြော်ဆန္ဒပြသူများတွင် ထောင်ဝန်ထမ်းများလည်း ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အကျဉ်းဦးစီးဌာနတာဝန်ရှိသူကို ကိုးကားလျက် စစ်ကောင်စီက နိုင်ငံပိုင်ရုပ်သံများမှတစ်ဆင့် ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ရာ ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ထောင်ဝင်စာတွေ့ခွင့် ဆိုင်းငံ့ထားခြင်းနှင့် အကျဉ်းထောင်အတွင်း ထိန်းသိမ်းသူများကို ပြန်လွှတ်ပေးချိန်တွင် မပါဝင်သူများက ဆူပူခဲ့သည်ဟု ဆိုသည်။ 

“သူတို့ကိုပဲ မတရားဖိနှိပ်သလိုမျိုး၊ ဒါမျိုးယူဆပြီးတော့ သူတို့က ဆူပူမှုဖြစ်အောင် လုပ်တာပေါ့” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောကြားခဲ့ပြီး အချုပ်သားများကို သွားရောက်တွေ့ဆုံ ဆွေးနွေးပြီးနောက် ၉ နာရီခန့်တွင် အေးအေးဆေးဆေးဖြစ်ခဲ့သည်ဟုလည်း ဆိုသည်။

အာဏာပိုင်များကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် စစ်တပ်က ဝင်ရောက်စီးနင်းစဉ် သေကြေလောက်သည်အထိ ရိုက်နှက်ခံရသူများရှိသည်ဟုဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ထို့ပြင် စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ရိုက်နှက်ခံရသည်၊ တိုက်ပိတ်ခံရသည်ဆိုသောအချက်များမှာ အင်းစိန်ထောင်အသိုင်းအဝိုင်းမှ ကြားသိထားရသည့် အခြေအနေသာဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

“ထောင်ကိုစီးပြီး ကိုင်တွယ်တဲ့အခါကြတော့ အကျဉ်းထောင်လက်စွဲကို ချိုးဖောက်တာက နိုင်ငံရေးအကျဉ်းသားတွေမဟုက်ဘူး။ ချိုးဖောက်တာက စရဖ (စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့) နဲ့ တပ်က ဖြစ်နေတာကြောင့်မို့လို့ အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ ထွင်းရတဲ့ပုံစံမျိုးတွေ ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သူ ကိုဇေယျာလွင်အပါအဝင် အင်းစိန်ထောင်အတွင်းရှိနေသည့် ကိုမြအေး၊ ကိုမင်းသွေးသစ်၊ ကိုဝေယံဖြိုးမိုး၊ ကိုဇော်ထက်နိုင် (ဆစ်နိုင်) တို့၏ မိသားစုဝင်များနှင့် ရှေ့နေများကို ဆက်သွယ်မေးမြန်းရာတွင်လည်း အခြေအနေ မည်သို့ရှိသည်ကို အတည်မပြုနိုင်သေးဟု ဆိုကြသည်။ 

စစ်တပ်က ဝင်ရောက်စီးနင်းစဉ် စိုးရိမ်ရသည်အထိ ထိခိုက်ဒဏ်ရာရခဲ့သည်ဆိုသော ကိုနိုင်ဇော်ကြည်ဝင်း၏ မိသားစုဝင်ကို ဆက်သွယ်မေးမြန်းရာတွင် “သိတဲ့အတိုင်းပဲ ထောင်ထဲက သတင်းဖြစ်တဲ့အတွက်ရော၊ စစ်အုပ်ချုပ်ရေးကာလဖြစ်နေတဲ့အတွက်ပါ သတင်းတွေက တိတိကျကျ မသိရသေးဘူး” ဟု ဆိုသည်။

ယနေ့ (ဇူလိုင် ၂၄) ညနေပိုင်းအချိန်ထိ အင်းစိန်ထောင်တွင်းအခြေအနေကို စုံစမ်းမရသေးကြောင်း “ထောင်ဝင်စာ ပို့ကြမယ်” လှုပ်ရှားမှုကို ဦးဆောင်သူ ကိုဇေယျာလွင်ကလည်း ဆိုသည်။ 

AAPP နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ အဆိုအရ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများကို အမျိုးသမီးများထားရှိရာ အဆောင်နှစ်ခုမှ စတင်ခဲ့ပြီး တစ်ထောင်လုံးကို ပျံ့နှံ့ခဲ့ခြင်းဖြစ်ကာ စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် အခြေအနေကို ထိန်းသိမ်းခဲ့သည်ဟု သိရသည်။ 

နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန်၊ ထောင်တွင်းဆေးကုသမှု လုံလောက်စွာပေးရန်၊ ထောင်စည်းကမ်းတင်းကျပ်လာမှုကို ဖြေလျှော့ပေးရန် ကြွေးကြော်ဆန္ဒပြသူများက တောင်းဆိုခဲ့သည်ဟုလည်း အထက်ပါအဖွဲ့နှစ်ခုက ဆိုထားသည်။

အင်းစိန်ထောင်အတွင်း ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန် အမေရိကန်အပါအဝင် ၁၅ နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ယမန်နေ့တွင် တောင်းဆိုထားသည်။ 

ထို့ပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကလည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ပေါ်ပေါက်နေသည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ သွားရောက်လေ့လာ၊ ထောက်ပံ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်စတင်လိုကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။ myanmar now

ကနီတိုက်ပွဲတွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုနေ

ကနီမြို့နယ် အိုင်ထောင်ကျေးရွာအနီး ချင်းတွင်းမြစ်‌ ရွှေစာရေးမြစ်ကျဥ်းလို့ လူသိများတဲ့နေရာမှာ ဇူလှိုင် ၂၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲစတင်ဖြစ်ပွားနေတယ်လို့ ကနီမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးက  ပြောပါတယ်။

*ကျနော်တို့တိုက်ပွဲစဖြစ်တာ ခန့်မှန်း ၁ နာရီခွဲ  ၂ နာရီလောက်က စဖြစ်တယ်။ သူပစ်၊ ကိုယ်ပစ်ပေါ့ဗျာ။ လက်ရှိအချိန်အထိ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူးဗျ။‌ စစ်ခွေးတွေ မော်တော်ကတော့ လက်ရှိအချိန်အထိ မီးလောင်နေတယ်။ ကျနော်တို့ ပစ်လိုက်တာ မော်တော်စလင်ခန်းကိုမှန်ပြီး မော်တော်လည်ထွက်သွားကာ မီခိုးတွေထွက်လာတာ။ အခုအချိန်အထိ မီးခိုးထွက်နေတုန်းပဲ။”

လက်ရှိမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဖွဲ့က  ကနီမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ တိုက်ပွဲဖြစ်ရာနေရာတွေမှာ အသုံးပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်အတွင်း ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ရွှေစာရေးမြစ်ကျဉ်း မင်းအိုကျေးရွာဆိပ်ကမ်းမှာ စစ်ကောင်စီတပ်က ရေယာဉ်အချို့ကို ရပ်တန့်ပြီး အပြစ်မဲ့ကျေးရွာသား အယောက် ၂၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရွာသားတွေကို မင်းအိုကျေးရွာရဲ့ အနောက်ဘက်ကုန်းတွင်းပိုင်းကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို တောနင်းရှာဖွေနေတယ်လို့ မင်းအိုရွာသားတစ်ဦးက သိရပါတယ်။

“အချိန်ကတော့ အတိကျမသိတော့ဘူးဗျ။ ကျနော်တို့ အထက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဒီကောင်တွေ ပစ်တယ်လို့ သတင်းကြားရလို့ ကျနော်တို့ ရွာအနောက်ဘက် ဘုရားလေးကုန်းမှာ ပုန်းနေကြတာ။ ဒီကောင်တွေ ကျနော်တို့ ပုန်းနေတဲ့နေရာအထိ ရောက်လာပြီးတော့ ယောက်ျားလေး ၂၀ ကို ဖမ်းဆီးသွားတယ်။ ရိုက်နှက်တာတွေလည်း လုပ်တယ်ဗျာ။ ကျနော်တို့ကတော့ ယင်းကျေးရွာကလူတွေလို မလုပ်ပါစေနဲ့လို့ ဆုတောင်းနေရမှာပဲဗျာ။ အဖွဲ့ကတော့ နှစ်ဖွဲ့ ခွဲသွားတယ် ထင်တယ်။ အခု ဝါးတန်းရွာတောင်ဘက်မှာ တဖွဲ့နဲ့ မြောက်ဘက်မှာ တဖွဲ့ ဖြစ်နေတယ်။ ဘယ်သွားမယ်လို့တော့ မသိဘူးဗျ။ အနီးအနားက ကျေးရွာတွေလည်း ထွက်ပြေးနေကြပြီဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဒေသခံ ပြည်သူ့ကာကွယ်ရေအဖွဲ့တွေ ရှိတယ်ဆိုပြီး ချင်းတွင်းမြစ်အတွင်း ရေယာဉ်တွေပေါ်ကနေ  ကနီမြို့အောက်ဘက်က ကျေးရွာတိုင်းလိုလိုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် အဆောက်အအုံအချို့ ပျက်စီးခဲ့သလို လူအချို့လည်း ဒဏ်ရာရတာတွေ အများအပြား ရှိတယ်လို့ ချင်းတွင်းမြစ်ဘေး ကျေးရွာသားတွေက ပြောပါတယ်။DVB

« Older Entries