Monthly Archives: Jul 2021

ဟင်းသီးဟင်းရွက်အများစု အမှာပါးလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ဈေးခြင်းအမှာ

စစ်ကောင်စီ၏ဖမ်းဆီးတရားစွဲဆိုခြင်းခံနေရသူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ အိမ်သားများအတွက် အစားအသောက်များကို သူ၏ရှေ့နေအဖွဲ့က အပတ်စဉ်ပို့ခွင့်ရနေပြီး ယခုတစ်ခေါက်တွင် ဟင်းသီးဟင်းရွက်ကအများစုဖြစ်သည်။

ယနေ့ နံနက်က ပေးပို့လိုက်သည့် စားသောက်ကုန်များတွင် ကြက်ဟင်းခါးသီး၊ ချဉ်စော်ခါးသီး၊ CP ကြက်နှင့်အိမ်ကြက် ကြက်သားဗူး၊ ငါးဗူး၊ ငါးရံ့ခြောက်ဖုတ် သုံးဗူး၊ ငပိထောင်း တစ်ဗူး၊ ပုဇွန်ခြောက်ကြော် တစ်ဗူး၊ ငှက်ပျောသီး တစ်ဖီး၊ တောကြက်ဥ အလုံးသုံးဆယ်၊ CP ကြက်ဥက အလုံးရှစ်ဆယ်၊ ပျားရည်နဲ့ ဖော်စပ်ထားသော အဖျော်ရည် တစ်ဖာအပြင် နေအိမ်၏ ခြံစောင့်သူအတွက် စီးကရက်ဗူး နှစ်ဗူးတို့ကို ပေးပို့ခဲ့ကြောင်းသိရသည်။

ရှေ့နေအဖွဲ့က တစ်ပတ်တစ်ခါပုံမှန်ရုံးချိန်းချိန်များတွင် ပစ္စည်းများပေးပို့နေကြဖြစ်သော်လည်း ယခုအခါ COVID-19 ကြောင့် ရုံးချိန်းရွှေ့ထားသဖြင့် သီးသန့်ပေးပို့ရခြင်းဖြစ်သည်။မဇ္ဈိမအနေဖြင့် တည်နေရာမသိရသော ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသောအိမ်တွင် သူနှင့်အတူ အိမ်သား ကိုးဦးရှိကာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေသောကာလတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဟင်းသီးဟင်းရွက်များကို ပိုမိုမှာကြားခဲ့သည်ဟု ရှေ့နေဒေါ်မင်းမင်းစိုးက ပြောသည်။

“ အမေစုက ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်လေးတွေ စားချင်တယ်လို့ လုံခြုံရေးတွေကတဆင့် မှာကြားလာတဲ့အတွက် ဝယ်ခြမ်းပြီး ပို့ပေးရတာပါ။ အခြားလိုအပ်မယ့်အစားအသောက်တွေလည်း စီစဉ်ပြီး ပေးပို့ပေးလိုက်ပါတယ်။ ပို့တဲ့ အခါမှာ အဆင့်ဆင့်ပို့ဆောင်ပေးရတယ်။ ရုံးချိန်းတိုင်းလည်း ပို့ပေးတယ်။ အခုရုံးချိန်းကလည်း မထုတ်ဖြစ်တော့ မပို့တာကြာသွားပြီ။ ဒါ့ကြောင့် ပို့ပေးလိုက်တာပါ။ ” ဟု ဒေါ်မင်းမင်းစိုးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အချစ်တော်ခွေးလေး တိုက်ချီဒိုအတွက်လည်း ရှေ့နေအဖွဲ့ဝင် ခုနှစ်ဦးထဲမှာ တစ်ဦးဖြစ်သော ဒေါ်စန်းမာလာညွှန့်က ရန်ကုန်မှ အစားအစာ အချို့ကို ပို့ပေးလျှက်ရှိကြောင်းလည်းသိရသည်။

စစ်ကောင်စီက ပုဒ်မ ၁၁ ခုတပ်ကာ တရားစွဲဆိုဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကမှာ နေအိမ်အကျယ်ချုပ်ဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး ကူးစက်မြန်ကပ်ရောဂါကြောင့် တရားခွင်ကို ရပ်ထားထားရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးအတွက် ၎င်းတို့မှာကြားသည့်အစားအသောက်များကို ရှေ့နေအဖွဲ့က ပို့ဆောင်ပေးလျှက်ရှိပြီး၊ ဒေါက်တာမျိုးအောင်ကိုမူ ၎င်း၏မိသားစုက အစားအသောက်များပေးပို့လျှက်ရှိသည်။

နိုင်ငံခေါင်းဆောင်သုံးဦးအတွက် နောက်ဆုံးတရားရုံးထုတ်မှုမှာ ဇူလိုင် ၁၂ရက်ကဖြစ်သည်။ ပြန်လည်ချိန်းဆိုသည့် ဇူလိုင် ၁၉ ရက်သည် အာဇာနည်နေ့နှင့် တိုက်ဆိုင်နေသောကြောင့် ဇူလိုင် ၂၀ ရက်သို့ ပြန်လည်ချိန်းဆိုထားသော်လည်း ယင်းနေ့မှစတင်ကာ ကိုဗစ်နိုင်တင်း ကပ်ရောဂါကူးစက်မှုများကြောင့် တရားခွင်ကို ရပ်နားထားရသည်။mizzima

သီပေါဆေးရုံ ပရဟိတ ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း ၁၀ လုံး အခိုးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးမှာ ရှေ့တန်းက ပါဝင်ကူညီနေတဲ့ ပရဟိတ ဝန်ထမ်းတွေရဲ့ လက်ကိုင် ဖုန်း ၁၀ လုံးကို  ဇူလိုင်လ ၂၅ ရက် မနက် အစောပိုင်းက အခိုးခံခဲ့ရတယ်လို့ သိရပါတယ်။

ဆေးရုံနဲ့နီးစပ်သူ တစ်ဦးက “ညဆို တော့ ပင်ပန်းပြီးအိပ်။ မနက်သုံးဖို့ အားသွင်းထားတာ ၁၀ လုံး စလုံး။ ဆေးရုံမှာ စုအိပ်ကြတာ။ မနက် ၄ နာရီလောက်ပဲ ထင်တယ်။ ၃ နာရီခွဲထိ Oxygen သွားပို့ကြသေးတယ်”လို့ ပြောပါတယ်။

ဖုန်းနဲ့ ဆက်သွယ်ပြီး အသက်ကယ် အလုပ်လုပ်နေကြတာ ဖြစ်တာကြောင့် ဖုန်းမရှိတော့ အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“အခုလို ခိုးခံရတော့ စိတ်မကောင်းဖြစ်ရပါတယ်။ သူခိုးကို တကယ် လက်လန်တယ်။ ခိုးတဲ့ကောင်လည်း သတ္တိမနည်းလောက်ဘူး။ ယောကျ်ားတွေချည်းပဲ ၂၀ လောက် နေတဲ့နေရာကို ဝင်ခိုးတာ” လို့ သူက ရှင်းပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဇူလိုင်၂၂ ရက်နေ့မှာ အကျဉ်းထောင်ကနေ ခိုးမှု၊ လုယက်မှု၊ မူးယစ်မှု၊ လက်နက်မှုစတဲ့ အမှုတွေထဲက ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုတွေကို ပိတ်သိမ်းပြီး အကျဉ်းသား ၄၃၀၀ နီးပါး လွှတ်ပေးခဲ့ပြီးနောက် နိုင်ငံတဝန်းက မြို့နယ်အချို့မှာ ခိုးမှုတွေ၊ အနုကြမ်းစီးတာတွေ ဖြစ်ပေါ်နေတာပါ။

ဇူလိုင် ၂၄ ရက်နေ့ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ်ကွက်၊ လမ်း ၄၀၊ ၆၃ လမ်း နဲ့ ၆၄ လမ်းကြားရှိ နေအိမ်တစ်ခုမှာ လူ ၄ ယောက်က အနုကြမ်းစီးမှု ဖြစ်ခဲ့ပြီး ၁ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။DVB

မိတ္ထီလာခရိုင်၌ သံဃာတော်၊ စစ်ဆရာဝန်နှင့် သူနာပြုအပါအဝင် ကိုဗစ်-၁၉ ကူးစက်ခံ ၁၆၈၅ ဦးရှိ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်မှာ  သံဃာတော်တွေ၊ စစ်ဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် ခရိုင်တခရိုင်လုံးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၁၆၈၅ ဦးရှိလာပြီလို့ ကျန်းမာရေးဌာနက သိရပါတယ်။

ဇူလိုင် ၂၄ ရက်က သာစည်ဆေးရုံ ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ စစ်ဆရာဝန်ဗိုလ်ကြီးတစ်ဦးနဲ့  သူနာပြုဆရာမ ၃ ဦး အပါအဝင်  ၂၃ ဦးမှာ ကိုဗစ်-၁၉  ပိုး စစ်ဆေးတွေ့ရသလို  မလှိုင်မြို့က  သံဃာ ၃၅ ပါးလည်း ကိုဗစ်ရောဂါပိုး တွေ့ရတယ်လို့ ကျန်းမာရေးဌာန ဝန်ထမ်း ၁ ဦးက  ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းကာလ  ခရိုင်ထဲက ၄ မြို့နယ်လုံးမှာ ကျန်းမာရေးဝန်ထမ်းတွေ သံဃာတော်တွေပါ  ကိုဗစ်ပိုး ကူးစက်ခံနေရပြီး  ကူးစက်နှုန်းမြန်တဲ့အတွက် ဂရုစိုက်ကြဖို့လည်း ပြောပါတယ်။

မိတ္ထီလာခရိုင် ၄ မြို့နယ်ပေါင်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားသူ ၁၆၈၅ ဦး၊ ရောဂါကုသပျောက်ကင်းသူ ၅၃၉ ဦး၊  ဆေးကုသမှုဆက်လက်ခံယူနေသူ  ၁၁၁၅ ဦးနဲ့  သေဆုံးသူ ၃၁ ဦး ရှိနေပါတယ်။

မိတ္ထီလာမြို့နယ်မှာတော့  ကိုဗစ်ရောဂါဖြစ်ပွားသူ ၅၆၂ ဦးအနက် ၁၀၄ ဦး ကုသပျောက်ကင်းပြီး သံဃာတော်တစ်ပါးအပါ ၁၃ ဦး သေဆုံးထားပါတယ်။ သာစည်မှာတော့ ကိုဗစ်ရောဂါဖြစ်ပွားသူ ၃၂၇ ဦးအနက် ၂၁၅ ဦး ကုသပျောက်ကင်းပြီး သံဃာတော်တစ်ပါးအပါ ၈ ဦး သေဆုံးထားပါတယ်။ 

ဝမ်းတွင်းမှာ ကိုဗစ်ရောဂါဖြစ်ပွားသူ ၅၅၉ ဦးအနက် ၁၄၅ ဦး ကုသပျောက်ကင်းပြီး ၉ ဦး သေဆုံးထားပါတယ်။ မလှိုင်မှာတော့  ကိုဗစ်ရောဂါဖြစ်ပွားသူ ၂၃၇ ဦးအနက် ၇၅ ဦးလောက် ရောဂါကုသပျောက်ကင်းပြီး ၁ ဦး သေဆုံးထားပါတယ်။DVB

တိုကျိုအိုလံပစ် ကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် သက်ထားသူဇာ ၂ ပွဲပြတ်ရှုံးနိမ့်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇူလိုင် ၂၅ ရက် ဒီနေ့မနက်က ကျင်းပတဲ့  အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စု (M) ပွဲစဉ်မှာ  မြန်မာကြက်တောင်ရိုက် အားကစားမယ် သက်ထားသူဇာက ပြိုင်ဘက် အင်ဒိုနီးရှား ကြက်တောင်မယ်ကို ၂ ပွဲ ပြတ်ရှုံးနိမ့်သွားပါတယ်။ 

ကမ္ဘာ့အဆင့် ၆၅ ရှိတဲ့ သက်ထားသူဇာဟာ  ကမ္ဘာ့အဆင့် ၂၃ ရှိတဲ့ အင်ဒိုနီးရှားပြိုင်ဘက် ဂရက်ဂိုရီယာ မာရစ်ကာ တွန်းဂျွန် ကို ပထမပွဲငယ်မှာ ( ၂၁-၁၁) မှတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ပွဲငယ်မှာလည်း ( ၂၁- ၈) မှတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

အုပ်စု(M)မှာ ပါဝင်ယှဉ်ပြိုင်ကစားနေတဲ့ သက်ထားသူဇာဟာ နောက်တစ်ပွဲအဖြစ် ကမ္ဘာ့အဆင့် ၃၈ ရှိ ဘယ်လ်ဂျီယံတင်းနစ်မယ် တန်လီရန်းနဲ့ လာမယ့် ဇူလိုင် ၂၇ ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုပထမရသူတစ်ဦးတည်းသာ နောက်တဆင့်ကို တက်နိုင်မှာဖြစ်ပါတယ်။

လက်ရှိ ကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား ၂ ယောက်သာ ပါဝင်ယှဉ်ပြိုင်တာဖြစ်ပြီး  သေနတ်ပစ်အားကစားသမား ရဲထွန်းနောင်ဟာလည်း အမျိုးသား ၁၀ မီတာ လေသေနတ် ပစ္စတိုပြိုင်ပွဲမှာ အဆင့် ၁၄ သာရလို့  ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။DVB

ပခုက္ကူတွင် လူငယ်များ ဦးဆောင်ကာ အခြေခံလူတန်းစား ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လိုက်လံဝေငှပြီး ပြည်သူမှ ပြည်သူသို့ ကမ်ပိန်းပြုလုပ်

ပခုက္ကူတွင် ယနေ့ ဇူလိုင်လ ၂၅ရက်နေ့က လူငယ်များ ဦးဆောင်ကာ အခြေခံလူတန်းစား ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လိုက်လံဝေငှပြီး ပြည်သူမှ ပြည်သူသို့ ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။khit thit

မြင်းခြံအဖြူရောင်လက်များပရဟိတအသင်း ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

မြင်းခြံမြို့နယ် အဖြူရောင်လက်များပရဟိတအသင်း ဥက္ကဋ္ဌ ကော်မတီ ဥက္ကဋ္ဌ ဦးအေးချမ်းနိုင် ဇူလိုင် ၂၅ ရက်မနက် က ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

အသင်းတာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ဥက္ကဋ္ဌကြီး ဦးအေးချမ်းနိုင် ကိုဗစ်ရောဂါကူးစက်ခံရပြီး ကုသနေရာက ဒီနေ့ မနက် ၁၀ နာရီလောက်ကပဲ ကွယ်လွန်သွားပါပြီ၊ ဆူးဖြူကုန်းသုသာန်မှာ သင်္ဂြိုဟ်မှာပါ” လို့ ပြောပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ကလည်း အဖြူရောင်လက်များအသင်း ဒုဥက္ကဋ္ဌရဲ့ ဇနီးဖြစ်သူ ကိုဗစ် ကူးစက်ခံရပြီး ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။DVB

သထုံမြို့နယ်၊ ဆင်ဖြူကျွန်းရွာမှ ဆိုင်ကယ်ကယ်ရီသမား ကိုအောင်ပိုင်ကို စစ်တပ်က ပစ်သတ်ပြီး အလောင်းပြန်မပေး၊ ရွာမှ ဆိုင်ကယ် ၇ စီးကိုလည်း စစ်ကားဖြင့် တင်၍ လုယက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆင်ဖြူကျွန်းမှ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ကိုအောင်ပိုင်ကို ဇူလိုင် ၂၄ ရက်နေ့ ညနေ ၄ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပစ်သတ်လိုက်ပြီး အလောင်းကို ယူဆောင်သွားကြောင်း၊ ယင်းကျေးရွာမှ ဆိုင်ကယ် ၇ စီးကိုလည်း စစ်ကားဖြင့် တင်ဆောင်လုယက်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးဟောင်း ဦးမြင့်ရွှေဆိုသူကို သထုံကာကွယ် ရေးအဖွဲ့က သတ်ဖြတ်ကြောင်း၊ ယင်းသို့ သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက သတ်ဖြတ်သူများကို လိုက်လံ ခြေရာခံ ဖမ်းဆီးစဉ် ဆင်ဖြူကျွန်းရွာသို့ ရောက်ရှိသွားကြောင်း၊ ထိုသို့ ရောက်ရှိစဉ် ကျေးရွာထိပ်တွင် ဆိုင်ကယ်ကယ်ရီသမားများသည် စစ်တပ်များ ဝင်ရောက်လာသည်ကို ကြောက်လန့်၍ ထွက်ပြေးကြကြောင်း၊ ယင်းသို့ ထွက်ပြေးသူများကို စစ်ကောင်စီတပ်များက သေနတ်ဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ရာမှ ဆိုင်ကယ်ကယ်ရီသမား ကိုအောင်ပိုင် ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့ဘက်ကလူ ဦးမြင့်ရွှေ အသတ်ခံရတော့ တရားခံလိုက်ရှာတာပေါ့။ အဲဒါ ဆင်ဖြူကျွန်းရွာအရောက်မှာ ဆိုင်ကယ်ကယ်ရီသမားတွေကို လိုက်ပစ်တယ်။ တကယ်တော့ သူတို့က တရားခံလည်းမဟုတ်ဘူး။ သူ့ဟာသူ နေကြတာ။ စစ်ကြောင်း ဝင်လာတာ တွေ့တော့ ကြောက်လန့်ပြီးပြေးကြတာ။

အဲဒါကို ပြေးရမလားဆိုပြီး မည်းမည်းမြင်ရာ အကုန်ပစ်တာပါ။ ကိုအောင်ပိုင်က ပွဲချင်းပြီး သေတယ်။ အလောင်းကို စစ်တပ်က ယူသွားတယ်။ ဆိုင်ကယ် ၇ စီးလောက်ကိုလည်း စစ်ကားပေါ်တင်ပြီး လုယက်သွားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးသူ ကိုအောင်ပိုင်သည် အသက် ၃၀ နှစ်ရှိပြီး ဇနီးနှင့်ကလေးငယ်များ ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။khit thit

သံတောင်ကြီးတွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူ တပ်မဟာ ၂ တို့ တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ထီးသာစောကျေးရွာအုပ်စု လိုခါးပလိုကျေးရွာအနီး မှာ စစ်ကောင်စီ တပ်တွေနဲ့ ကေအန်ယူ တပ်မဟာ ၂ တို့ ဇူလိုင် ၂၄ ရက် မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၂၆ တပ်နဲ့ ကေအန်ယူ လက်အောက်ခံ တပ်မဟာ ၂ တို့ ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း ထိတွေ့ပစ်ခတ်မှု နာရီဝက်ခန့်ကြာဖြစ်ပွားခဲ့ပြီး ထိခိုက် ကျဆုံးသူအရေအတွက်တော့ အတည်မပြုနိုင်သေးဘူးလို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

တပ်မဟာ ၂ တောင်ငူခရိုင် ဥက္ကဋ္ဌ ဖဒို စောအယ်ဝါးက” မြေပြင် ဖြစ်စဥ်က ကျနော်တို့ဆီ အကြောင်းကြားလာတာ မရှိဘူး၊ ထွေထူးပြောလို့တော့ မတတ်ဘူး။ ဒါပေမဲ့ ဘယ်လောက်မှန်လဲဆိုတာကတော့ သက်ဆိုင်ရာစစ်ဖက်ဆိုင်ရာက သေချာအောင် ကွန်ဖန်လုပ်နေတယ်လို့တော့ ထင်တယ်။ တရားဝင်တက်လာတာတော့ မရှိဘူး” လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲ‌‌ကြောင့် စိုးရိမ်ထိတ်လန့်ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို မိုးတွင်းကာလ နေထိုင်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တိမ်းရှောင်နေရတဲ့ ဒေသခံတွေက ဆိုပါတယ်။DVB

« Older Entries