Monthly Archives: Jul 2021

မင်းတဲအီကင်း အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်သတ်ခံရ

မန္တလေးမြို့အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်စစ်တပ်ကခန့်သည့်အုပ်ချုပ်ရေးမှူး ယနေ့ဇူလိုင်က ၂၇ရက်နေ့ညနေပိုင်းကသေနတ်နှင့်ပစ်သတ်ခံရကြောင်းသိရသည်။

ထောက်ခံစာလုပ်လိုသည်ဟုဆိုကာ ၈၆လမ်းနှင့်၁၂လမ်းအနီးရှိ အုပ်ချုပ်ရေးမှူးနေအိမ်တွင် လူနှစ်ယောက်က ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ် သည်ဟုသိရသည်။

“သုံးချက်အပစ်ခံရပြီး သေပြီလို့ကြားတယ်။အခုအဲ့နေရာနားမှာ စစ်တပ်ကခြေရှုပ်နေတယ်”ဟု အနီးပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးကဆို သည်။

အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်သည် စစ်ကောင်စီတပ်များ ကဧပြီလမှာ ပြည်သူတစ်ဦးကို အရှင်လတ်လတ်မီးရှို့ခဲ့သည့် ရပ် ကွက်ဖြစ်ပြီး ရပ်ကွက်ရုံးလည်းမကြာခဏ မီးရှို့ခံရသည့် ရပ်ကွက်ဖြစ်သည်။mizzima

၂၀၂၀ ရွေးကောက်ပွဲရလာဒ် ဖျက်သိမ်းကြောင်း စစ်ကောင်စီခန့် ကော်မရှင် ထုတ်ပြန်ချက် အကျုံးမဝင်ဘူးလို့ CRPH ကြေညာ

အာဏာသိမ်း စစ်ကောင်စီ ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလာဒ် ဖျက် သိမ်းကြောင်း မနေ့က ထုတ်ပြန်ချက်ဟာ အကျုံးမဝင်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြန်လည် ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးဆိုပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင် းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်တွေကို ဖျက်သိမ်းလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က မနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။mizzima

မိတ္ထီလာဆန္ဒပြခေါင်းဆောင် အပါအဝင် ၄ ဦး ညသန်းခေါင်တွင် ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဆန္ဒပြခေါင်းဆောင် ကိုအောင်ချစ်ကိုအပါအ၀င် ၄ ဦးကို ယမန်နေ့ (ဇူလိုင် ၂၆) ည ၁၁ နာရီခန့်တွင် ရဲနှင့်စစ်သားများက ရိုက်နှက်ဖမ်းဆီးသွားသည်။

မိတ္ထီလာမြို့မစျေးကြီးအနီးရှိ နေအိမ်တစ်ခုတွင် အိမ်တံခါးကို ရိုက်ချိုးဖျက်ဆီးဝင်ရောက်ပြီး အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးသွားခြင်းဖြစ်ရာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း၊ အသက် ၂၈ နှစ်အရွယ် ကိုအောင်ချစ်ကို၊ အခြားအမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ကို မိတ္ထီလာ တပ်မ ၉၉ တွင် စစ်ကြောရေးပြုလုပ်နေသည်ဟု ကြားသိရကြောင်း ကိုအောင်ချစ်ကို၏ ဦးလေးဖြစ်သူက ပြောသည်။

“သူ့အမေကတော့ သူ့သားသေပြီဆိုပြီး ငိုနေတယ်။ လူမဆန်လုပ်တာတွေ ရှေ့မှာရှိထားတော့ အလောင်း ဘယ်နေ့ထုတ်ရမလဲဆိုပြီး ငိုယိုနေတာ။ ခုထိတော့ မိသားစုက ဘာအဆက်အသွယ်မှမရသေးဘူး” ဟု ဦးလေးဖြစ်သူက ဆိုသည်။

လွန်ခဲ့သည့်တစ်လကျော်ကလည်း ကိုအောင်ချစ်ကိုတို့သားအမိနှစ်ဦး နေထိုင်သည့် မိတ္ထီလာမြို့၊ မြင်းကန်အုပ်စု၊ အိုင်ကျေးရွာနေအိမ်သို့ စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းရာ သားအမိနှစ်ဦးလုံး ခြံကျော်၍ ထွက်ပြေးရပြီး အခြားနေရာသို့ တိမ်းရှောင်ခဲ့ရသည်။

တစ်လကျော်ကြာ တိမ်းရှောင်နေသည့် ကိုအောင်ချစ်ကိုသည် မိတ္ထီလာသို့ ပြန်လာရောက်လာပြီး တစ်ပတ်ကျော်အကြာတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဦးလေးဖြစ်သူထံမှ သိရသည်။

“ပြန်ရောက်လာပြီး အာဇာနည်နေ့မှာ ဆန္ဒထွက်ပြတယ်၊ သူနေတဲ့နေရာကို နောက်ယောင်ခံရင်း ခြေရာခံမိသွားတာ” ဟု ဦးလေးဖြစ်သူက ဆက်ပြောသည်။

“စစ်တပ်က မတရားအာဏာသိမ်းတယ်။ သူတို့အုပ်ချုပ်မှုစနစ်ကို မကြိုက်လို့ ဆန္ဒပြကြတယ်။ ဒါကို အကြမ်းဖက်တယ်၊ ဖမ်းဆီးတယ်။ ကိုယ့်မိသားစုဝင်တစ်ယောက် အခုလိုဖြစ်တော့ ပိုဝမ်းနည်းတာပေါ့ဗျာ”

မန္တလေးတိုင်းအနှံ့အပြားတွင် ဆန္ဒပြစစ်ကြောင်းများအား စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်း၊ ဖမ်းဆီးနေပြီး မိတ္ထီလာတွင်လည်း ယင်းကဲ့သို့နှိမ်နင်းလေ့ရှိသောကြောင့် ယခုအခါ မြို့ခံကျောင်းသား၊ ပြည်သူ တက်ကြွသူများမှာ ပြောက်ကျားစနစ်ဖြင့်သာ ဆန္ဒပြနေရကြောင်း မိတ္ထီလာမြို့ခံများက ဆိုကြသည်။

ဧပြီလအတွင်းက အသက် ၃၇ နှစ်အရွယ် NLD တိုင်းအမတ် ဦးလွင်မောင်မောင်သည် ဧပြီ ၂၈ ညပိုင်း၌ မိတ္ထီလာစက်မှုဇုန်ရှိ ၎င်းနေအိမ်ရှိရာသို့ ခေတ္တပြန်လာစဉ် နာရီပိုင်းအတွင်း အဖမ်းခံခဲ့ရသည်။ 

ထိုသို့ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများကြောင့် မိတ္ထီလာမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံခဲ့ရသော NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံးသာမက NLD ပါတီဝန်းရံသူ မြို့မိမြို့ဖများ၊ ဆန္ဒပြပွဲခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူလူငယ်များအားလုံး လုံခြုံသည့်နေရာသို့ တိမ်းရှောင်နေထိုင်နေရသည်ဟု မြို့ခံများထံမှ သိရသည်။

မိတ္ထီလာမြို့သည် လေတပ်အပါအဝင် စစ်တပ်စခန်းများရှိပြီး စစ်တပ်၏ ကျောထောက်နောက်ခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီအားကောင်းသည့် ဒေသဖြစ်သော်လည်း ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရခဲ့သည်။ myanmar now

ရွေးကောက်ပွဲရလဒ်ပယ်ဖျက်သည့်လုပ်ရပ် တရားမျှတမှုမရှိဟု တိုင်းရင်းသားပါတီများတုံ့ပြန်

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို  အာဏာသိမ်း စစ်ကောင်စီက ပယ်ဖျက်လိုက်တာဟာ လူထုဆန္ဒဖျက်ဆီးရာကျပြီး တရားမျှတတဲ့လုပ်ရပ်မဟုတ်ကြောင်းနဲ့ ဓမ္မဓိဋ္ဌာန်မကျဘူးလို တိုင်းရင်းသားပါတီတွေက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလက ၈ ရက်က  ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲရလဒ်အားလုံးကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလိုပယ်ဖျက်လိုက်တာနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်မှာ ကိုယ်စားလှယ် အရေအတွက် တတိယအများဆုံး အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမှားအယွင်းရှိပေမယ့် ရလဒ်ဟာ ပြည်သူအများစုရဲ့ဆန္ဒကို ထင်ဟပ်တယ်လို့ ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်တာဟာ လူထုဆန္ဒကိုဖျက်ဆီး ရာကျပြီး တရားမျှတတဲ့လုပ်ရပ်မဟုတ်ကြောင်း ပြောပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ မဲစာရင်းအမှားတွေ ရှိပင်ရှိခဲ့ငြားလည်း ရွေးကောက်ပွဲရလဒ်ဟာ အများစုသော ပြည်သူလူထုရဲ့ဆန္ဒကို ထင်ဟပ်ဖော်ဆောင်တယ်လို့ ယုံကြည်ပါတယ်။ မဲဆန္ဒရှင်ပြည်သူလူထုဟာ မိမိတို့နှစ်သက်အားရတဲ့ ကိုယ်စားလှယ်လောင်းတွေ ကို လွတ်လွတ်လပ်လပ် ရွေးချယ်မဲပေးခဲ့တာမို့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကို လူထုကိုယ်စားလှယ်အဖြစ် ကျနော်တို့ အသိအမှတ်ပြုထားပါတယ်။ ရွေးကောက်ပွဲကာလမှာ လူထုဆန္ဒကို လက်ခံအသိအမှတ်ပြုပါမယ်ပြောခဲ့ပြီး အခုကျမှ အကြောင်းပြချက်အမျိုးမျိုးပြပြီး ဖျက်လိုဖျက်ဆီး လုပ်တာဟာ တရားမျှတတဲ့လုပ်ရပ်လို့ မဆိုနိုင်ပါဘူး၊ မတရားမှုမှန်သမျှ ဘယ်သူဘယ်ဝါပဲ လုပ်လုပ် ကျနော်တို့ဆန့်ကျင်ပါတယ်”

နောက်တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNDP အထွေထွေအတွင်းရေးမှူး ဆလိုင်းပီပီကလည်း ရွေးကောက်ပွဲတိုင်းမှာ မှားယွင်းမှုတွေရှိတတ်ပြီး  မှားယွင်းတဲ့ဒေသမှာသာ ပယ်ဖျက်သင့်ကြောင်း၊ အခုလိုတပြည်လုံးသိမ်းကြုံးပယ်ဖျက်တာကတော့ ဓမ္မဓိဋ္ဌာန်မကျဘူးလို့ ဆိုပါတယ်။ 

       “အဲဒါနဲ့ပတ်သက်ပြီး ကျနော့်အမြင်က ရှုထောင့်  ၂ ခုရှိပါလိမ့်မယ်၊ သူတို့ဘက်က ရှုထောင့်က တော့ သက်သေအထောက်အထားနဲ့ ပြထားတယ်။ ဒါကြောင့်ရလဒ်တစ်ခုလုံးကိုပယ်ဖျက်တယ်ပေါ့ နော်။ ဒီဘက်က ကျနော်တို့ အပယ်ဖျက်ခံရတဲ့ ရွေးကောက်ပွဲဝင်တဲ့ ပါတီများ ရှုထောင့်ကနေ ပြန်ကြည့်မယ်ဆိုရင်တော့ ပြည်သူကရိုးရိုးသားသားနဲ့ပေးကြတယ်၊ အနိုင်ရကြတယ်၊ တကယ်လို့များ မြို့နယ်အလိုက် အမှားအယွင်းလေးတွေရှိကောင်းရှိနိုင်တယ်။ အဲဒီမှာမြို့နယ်အလိုက်အရေးယူ ရင်တော့ အဲဒီမှာ ဓမ္မဓိဋ္ဌာန်ပိုကျမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်တယ်။ အခုဟာက တနိုင်ငံလုံးခြုံ ငုံပြီးတော့ အရေးယူလိုက်တဲ့သဘောဖြစ်သွားတယ်ပေါ့နော်။ မှားယွင်းမှုကတော့ ၂၀၁၀ မှာလည်း ရှိတာပဲ။ ၂၀၁၅ မှာလည်းရှိခဲ့တာပဲ။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်းအဲဒီစာရင်းတွေ အခြေခံ ထားတော့မှားမှာပဲ။ တပ်မတော်မဟုတ်ပဲလည်း ဘယ်သူပဲ လာစစ် လာစစ်အမှားအယွင်းတော့ရှိ မှာပဲ၊ သို့သော်လည်းပဲ အရေးယူမှုအပိုင်းမှာ ဓမ္မဓိဋ္ဌာန်မကျဘူးလို့ ကျနော့်အနေနဲ့ သုံးသပ်ချင်တယ် ”လို့ ပြောပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့ကြောင်း၊ မဲရုံတိုင်းမှာ မဲလက်မှတ်လျော့နည်းခြင်း၊ ပျောက်ဆုံးခြင်း၊ တရားမဝင်အပိုရှိခြင်းတွေရှိပြီး မှားယွင်းခဲ့တဲ့ တနိုင်ငံလုံး မဲဆန္ဒရှင် အရေအတွက်စုစုပေါင်း ၁၁၃၀၅၃၉၀ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက်သွားကြောင်း ပြောဆိုတာဟာ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို လစ်လျူရှုစော်ကားတာ ဖြစ်သလို နိုင်ငံအနှံ့ တောင်းဆိုနေတဲ့ ပြည်သူဆန္ဒကို ထပ်မံ စော်ကားတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်၊

တရားမဝင် စစ်ကောင်စီဟာ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခန့်အပ်ပိုင်ခွင့် လုံးဝမရှိတဲ့အတွက် ကော်မရှင်သစ်ဟာလည်း တရားဝင်အဖွဲ့အစည်းမဟုတ်လို့ ဒီအဖွဲ့ကို ကိုယ်စားပြု ပြောဆိုတာ မှန်သမျှဟာလည်း တရားမဝင်တဲ့ ပြောဆိုချက်တွေသာဖြစ်တယ်လို့လည်း အန်အယ်လ်ဒီက ပြောပါတယ်။DVB

စားစရာပြတ်လို့ ထောင်ထားသည့်အလံဖြူကို စစ်ကောင်စီခန့်အုပ်ကြီးကဖြုတ်ခိုင်း

စစ်အာဏာသိမ်းကာလ ကိုဗစ်တတိယလှိုင်းပြင်းထန်နေချိန် စားစရာပြတ်တောက်မှုနှင့်ကြုံရခြင်းကြောင့် အလံဖြူထောင်ထားသည်ကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမှ လာရောက်ဖြုတ်ခိုင်းမှု ရန်ကုန်၊ မြောက်ဒဂုံ၊ ၄၃ ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်။

“အဲ့မှာအဖွားကနှစ်ယောက်အိမ်ငှားနေတာပါ၊ အိမ်လခတောင်မပေးနိုင်ဘူး၊ ၂၃ ရက်နေ့က အလံဖြူထောင်တာ အလံဖြူဆိုတာတော့ အစား အသောက်ခက်ခဲရင်ထောင်တာမျိုးပေါ့၊ အဲ့လိုထောင်တော့ လှူနိုင်တဲ့သူတွေကလာလှူကြတာမျိုးရှိတယ်၊ နောက်ရက်ရောက်တော့ စစ်ကောင်စီကခန့်ထားတဲ့အုပ်ကြီးက အဲ့အဖွားတွေကို ရုံးကိုလာရှင်းခိုင်းတာ၊ သူတို့လဲကြောက်လို့ အလံကို ဖြုတ်ပေးလိုက်ကြတယ်” ဟုရပ်ကွက်နေလူငယ်က မဇ္ဈိမကိုပြောသည်။

အဆိုပါရပ်ကွက်၏ အုပ်ချုပ်ရေးမှူးမှာ အသက် ၄၀ အရွယ်ခန့် ကိုနေလင်းအောင်ဟုသိရပြီး အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားခြင်းဖြစ်သည်။ ရပ်ကွက်အတွင်း အလံဖြူထောင်ခြင်း၊ လာရောက်လှူဒါန်းခြင်းကိစ္စအား သူ့အားအကြောင်းကြားရမည်ဟု ပြောဆိုသွားကြောင်းသိရသည်။ “သူတို့ရောက်လာတော့ အလံဖြုတ်ခိုင်းတာတင်မကဘူး၊ ဘယ်သူတွေလှူတာလဲ၊ ဘယ်အဖွဲ့ကလဲ၊ ဘာတွေလှူတာလဲဆိုပြီး မေးတယ်၊ နောက်ကို သူတို့ကို အသိပေးရမယ်ဆိုပြီးပြောသွားသေးတယ်၊ အဖွားဆို လှူတဲ့ပစ္စည်းတွေတောင်မစားရဲတော့ဘူး၊ သူကတော့ကြောက်တာပေါ့” ဟု အိမ်နီးဝန်းကျင်တစ်ဦးကဆိုသည်။

ဇူလိုင်လ အစောပိုင်း ကိုဗစ် တတိယလှိုင်းပြင်းထန်ချိန်မှစ၍ အစားအသောက်အကူအညီလိုသူများ ၊ဆေးဝါးအကူအညီလိုသည့်အိမ်များမှ အလံဖြူထောင်ကြရန် ထိုအိမ်များအား ကူညီကြရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက နှိုးဆော်ထားကြခြင်းဖြစ်သည်။mizzima

မန္တလေးတွင် ဆန္ဒပြစစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရ၊ အမျိုးသမီးတစ်ဦး သေဆုံး

မြတောင်စစ်ကြောင်း ယနေ့ ဇူလိုင် ၂၇ ၌ ပစ်ခတ်ဖြိုခွင်းခံရ၍ အသက် ၂၅ နှစ်အရွယ် မသူသူဇင်သည် ဦးခေါင်း ကျည်ထိမှန်သေဆုံးခဲ့သည်။ ( ဓာတ်ပုံ-ပေးပို့)

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဓပြနေသည့် မြတောင်စစ်ကြောင်းကို ယနေ့ (ဇူလိုင် ၂၇) မွန်းတည့်ချိန်၌ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းခဲ့ပြီး၊ ဖမ်းဆီးခံရသူသုံးဦးအနက် ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့သူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

မဟာမုနိဘုရားကြီးအရှေ့မုခ်အနီးသို့ ဆန္ဒပြစစ်ကြောင်းရောက်ရှိလာစဉ် ပစ်ခတ်ဖြိုခွင်းခံခဲ့ရပြီး ပစ်ခတ်ခံရသူသုံးဦးအနက် အသက် ၂၅ နှစ်အရွယ် မသူသူဇင် သေဆုံးခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦး က Myanmar Now ကို အတည်ပြုသည်။

ပစ်ခတ်ဖမ်းခံရပြီးနောက် ဦးခေါင်းတွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့သူ အမျိုးသမီး သေဆုံးပြီဖြစ်ကြောင်း ရဲစခန်းမှတစ်ဆင့် သိရသည်ဟု ၎င်းက ပြောသည်။ 

လည်ပင်းတွင် ကျည်ဆန်ထိမှန်ခဲ့သူ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးလည်း ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ အထက်ပါလူငယ်က ဆက်ပြောသည်။ 

“ဘုရားရှေ့မှာ စျေးရောင်းနေသူတွေပြောတာအရ သုံးဦးလုံး သေဖို့များတယ်။ ပစ်ပြီးတာနဲ့ ဘုရားစောင်းတန်းထဲ ဆွဲချခေါ်သွင်းသွားတယ်” ဟု အနီးကပ်မြင်တွေ့ခဲ့သူများကို ကိုးကားလျက် ၎င်းက ဆိုသည်။ 

“ကောင်မလေးက ကျွန်တော်ရှေ့တင် လဲကျသွားတာ။ ကျွန်တော်လည်း အသက်လုပြေးနေရချိန်မို့ မကယ်ထုတ်နိုင်လိုက်ဘူးဗျာ” ဟုလည်း ထိုလူငယ်က ပြောသည်။ 

ယနေ့ ပြုလုပ်ခဲ့သည့် မြတောင်ဆန္ဒပြစစ်ကြောင်းတွင် လူ ၂၀ ခန့်သာ ပါဝင်ပြီး ဆိုင်ကယ်များဖြင့် ပြောက်ကျားစနစ်လှည့်လည်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။ 

“တကယ်ဆိုရင် ဖြိုခွဲချင်ရင် မိုးပေါ်ထောင်ပြီး ပစ်လို့ရတယ်။ အခုလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် သူတို့လုပ်တဲ့ ပြစ်ဒဏ် သူတို့ပြန်ခံရမှာပါ” ဟု ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်ခဲ့သူ နောက်တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့၌ စစ်တပ်က အထင်ကရ မဟာမုနိဘုရားကြီးအပါအဝင် ဆေးရုံ၊ ဘုရား၊ ကျောင်း စသည့် နေရာများတွင် အချိန်ပြည့်တပ်စွဲထားသည်ဟု သိရသည်။ 

စစ်တပ်က အာဏာသိမ်းပြီး ခြောက်လနီးပါးရှိလာချိန်အထိ မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြစစ်ကြောင်း ထွက်ပေါ်နေဆဲဖြစ်ပြီး စစ်ကောင်စီက သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်း အပါအဝင် အိမ်စီးကား၊ ဆိုင်ကယ်များဖြင့် တိုက်ခိုက်ဖမ်းဆီးခြင်း၊ အရပ်ဝတ်ဖြင့် အယောင်ဆောင်ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိသည်။ 

ထို့သို့ နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်ဖြိုခွင်းလျက်ရှိသည့်အပြင် လမ်းပေါ်၌ သွားလာနေသူများကို မကြာခဏ တားဆီးစစ်ဆေးခြင်း၊ ဆိုင်ကယ်နှင့် ဖုန်းများကို ရှာဖွေစစ်ဆေးခြင်းများပြုလုပ်လေ့ရှိသည်ဟု မြို့ခံများထံမှ သိရသည်။ 

ယခုလအတွင်း မန္တလေးမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြစစ်ကြောင်းများ သုံးကြိမ်တိုင် ဖြိုခွင်းခံခဲ့ရပြီး ဇူလိုင် ၁၃ ၌ မြတောင်နှင့် မန္တလာတက္ကသိုလ်ဆန္ဒပြစစ်ကြောင်းနှစ်ခု ပူးပေါင်းဆန္ဒပြနေစဉ် ဖြိုခွင်းခံရ၍ ၇ ဦး ဖမ်းဆီးခံခဲ့ရသည်။

ပြာပုံထဲက ဖီးနစ်ငှက်များ” ဆိုသည့် ဆန္ဒပြစစ်ကြောင်းသည်လည်း ဇူလိုင် ၂၀ ရက်က ပစ်ခတ်ဖြိုခွင်းခံရကာ အမျိုးသမီးတစ်ဦးအဖမ်းခံရကာ အမျိုးသားနှစ်ဦး ကျည်ထိမှန်ခဲ့သည်။

“ကျွန်တော်တို့က ပန်းတိုင်မရောက်မချင်း ဆက်တိုက်သွားမှာ” ဟု ယနေ့ ပစ်ခတ်ဖြိုခွင်းခံခဲ့ရသည့် မြ တောင်ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်ခဲ့သူ လူငယ်က ပြောသည်။ myanmar now

မြင်းခြံတွင် NLD ထောက်ခံသူ လင်မယား ၂ ဦးကို ပျူစောထီးအဖွဲ့က ပစ်ခတ်သတ်ဖြတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် NLD ပါတီထောက်ခံသူ လင်မယား ၂ ဦးကို ပျူစောထီးအဖွဲ့က ယနေ့ ပစ်ခတ်သတ်ဖြတ်သွားကြောင်း မြင်းခြံမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မြင်းခြံမြို့ ဘုံဘေချစ်တီးထမင်းဆိုင်မှ ကိုကောင်းမြတ်သူ ဇနီးတို့ကို စစ်ကောင်စီ၏ လက်အောက်ခံ ပျူစောထီးအဖွဲ့ကယနေ့ နံနက် ၁၁ နာရီတွင်း ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“မြင်းခြံမှာ ပျူစောထီးလို့ နာမည်ကြီးတဲ့ သီတာယုမွန်တို့အဖွဲ့က ကိုကောင်းမြတ်သူတို့ လင်မယားကို ကားပေါ်ကနေ ပစ်ခတ်သတ်ဖြတ် လုပ်ကြံသွားတာပါ။ ကျနော်တို့ သိသလောက်ကတော့ အဲဒီသတင်းအချက်က အတည်ပြုလို့ရတယ်။ ပျူစောထီး လက်ချက်ဆိုတာကိုပါ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

လင်မယား ၂ ဦးလုံး ပစ်ခတ်သတ်ဖြတ်ခံရရာတွင် ၎င်းတို့ ကလေးငယ် ၂ ဦး ကျန်ရစ်ခဲ့ကြောင်း၊ ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ဆိုကြသည်။khit thit

« Older Entries