မြင်းခြံတွင် NLD ထောက်ခံသူ လင်မယား ၂ ဦးကို ပျူစောထီးအဖွဲ့က ပစ်ခတ်သတ်ဖြတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် NLD ပါတီထောက်ခံသူ လင်မယား ၂ ဦးကို ပျူစောထီးအဖွဲ့က ယနေ့ ပစ်ခတ်သတ်ဖြတ်သွားကြောင်း မြင်းခြံမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မြင်းခြံမြို့ ဘုံဘေချစ်တီးထမင်းဆိုင်မှ ကိုကောင်းမြတ်သူ ဇနီးတို့ကို စစ်ကောင်စီ၏ လက်အောက်ခံ ပျူစောထီးအဖွဲ့ကယနေ့ နံနက် ၁၁ နာရီတွင်း ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“မြင်းခြံမှာ ပျူစောထီးလို့ နာမည်ကြီးတဲ့ သီတာယုမွန်တို့အဖွဲ့က ကိုကောင်းမြတ်သူတို့ လင်မယားကို ကားပေါ်ကနေ ပစ်ခတ်သတ်ဖြတ် လုပ်ကြံသွားတာပါ။ ကျနော်တို့ သိသလောက်ကတော့ အဲဒီသတင်းအချက်က အတည်ပြုလို့ရတယ်။ ပျူစောထီး လက်ချက်ဆိုတာကိုပါ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။
လင်မယား ၂ ဦးလုံး ပစ်ခတ်သတ်ဖြတ်ခံရရာတွင် ၎င်းတို့ ကလေးငယ် ၂ ဦး ကျန်ရစ်ခဲ့ကြောင်း၊ ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ဆိုကြသည်။khit thit