Monthly Archives: Jul 2021

မြန်မာတွင် ‘ကိုဗစ်ကာလ အပစ်ရပ်စဲရေး’ အတွက် တွန်းအားပေးရန် လုံခြုံရေးကောင်စီကို ကုလကျွမ်းကျင်သူ တိုက်တွန်း

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှုများ များပြားနေစဉ်ကာလအတွင်း အရေးပေါ် “ကိုဗစ် အပစ်ရပ်စဲမှု” အတွက် တွန်းအားပေးလုပ်ဆောင်ကြရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန် အန်ဒရူးစ်က ကုလလုံခြုံရေး ကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများကို ဇူလိုင် ၂၇ ရက်တွင် တိုက်တွန်းခဲ့သည်။

နိုင်ငံတွင် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုများ တိုးလာနေချိန်တွင်တောင်မှ အာဏာသိမ်းစစ်ကောင်စီသည် ကျန်းမာရေး စောင့် ရှောက်မှု အမှုထမ်းများကို တိုးမြှင့် တိုက်ခိုက်လျက် ‌ရှိစဉ် ကုလကျွမ်းကျင်သူက အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

နိုင်ငံကို ဆက်လက် မွှေနှောက်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရန်အတွက် အ‌ရေးတကြီး လိုအပ်နေသည့် ကျန်းမာ‌ရေး စောင့်ရှောက်မှု ကျွမ်းကျင်အတတ်ပညာရှင်များအပေါ် တိုက်ခိုက်မှုများအပါအဝင် စစ်ကောင်စီ၏ တိုက်ခိုက်မှုမှန်သမျှ ချက်ချင်း ရပ်စဲစေရေး တောင်းဆိုမည့် ဆုံးဖြတ်ချက်များ အတည်ပြုခြင်း အပါအဝင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုပ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုသွားကြရန် လိုအပ်ကြောင်း ကုလ အထူးကိုယ်စားလှယ်က အလေးပေး ပြောကြားသွားခဲ့သည်။

“မြန်မာနိုင်ငံမှာ လူအများအပြားဟာ အကူအညီမဲ့ အချည်းနှီး သေဆုံးထားခဲ့ကြရပြီး ကုလ အဖွဲ့ကြီးရဲ့ အရေးတယူလုပ်ဆောင်မှု မရှိဘူးဆိုရင် နောက်ထပ် လူအများအပြား ထပ်မံ သေဆုံးရပါလိမ့်မယ်” ဟု အန်ဒရူးစ်က သတိပေးသွားခဲ့သည်။

“ဒါကြောင့်မို့ ကိုဗစ်-၁၉ အကျပ်အတည်းကြားမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ၊ နှောင့်ယှက်ဒုက္ခပေးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်းမှုတွေ ချက်ချင်း ရပ်တန့်စေရေးအတွက် ကုလအနေနဲ့ အရေးယူဆောင်ရွက်ရပါလိမ့်မယ်” ဟု ၎င်းက ပြောသွားခဲ့သည်။mizzima

နေပြည်တော် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုကျော်ဘိုဘိုခန့်ကို ယနေ့ နေ့လည်းပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရိုက်နှက် ဖမ်းဆီး

နေပြည်တော်တွင် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည်ပိုင်းက ရမည်းသင်း နည်းပညာ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား နေပြည်တော် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်ဘိုဘိုခန့်ကို ပျဉ်းမနားရှိ ၎င်းနေထိုင်ရာ ဘုန်းကြီးကျောင်းအတွင်း အကြမ်းဖက် စစ်တပ်က ဝင်ရောက် ရိုက်နှက် ဖမ်းဆီးသွားကြောင်း နေပြည်တော် ကျောင်းသား သမဂ္ဂက တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

” ဒီနေ့ နေ့လည်က ပျဉ်းမနားက သူနေထိုင်ရာ ဘုန်းကြီးကျောင်းကို သတင်းအတိအကျရလို့ ဆိုပြီး ရဲ စစ်သား ကား ၄ စီး နဲ့ လာဝိုင်းပါတယ်။ သူက နေမကောင်းဘူး။ ရိုက်နှက်ပြီး ခေါ်သွားပါတယ်။ ဘယ်ကို ခေါ်သွားတယ် ဆိုတာကတော့ မသိသေးဘူး” ဟု နေပြည်တော် ကျောင်းသားများ သမဂ္ဂ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ကိုကျော်ဘိုဘိုခန့်သည် ဖမ်းဆီးခံရချိန်တွင် ကျန်းမာရေးမကောင်းသူဖြစ်ပြီး လက်ရှိ ဖြစ်ပွားလျက်ရှိသော ကိုဗစ် ကပ်ရောဂါနှင့် အကြမ်းဖက် စစ်တပ်က ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းကြောင့် ၎င်းကျန်းမာရေးအခြေအနေကို စိုးရိမ်ရကြောင်း ကျောင်းသားသမဂ္ဂ တာဝန်ရှိသူက ပြောဆိုသည်။ အဆိုပါ နေပြည်တော် ကျောင်းသား သမဂ္ဂသည် နေပြည်တော်နယ်မြေအတွင်းရှိ တက္ကသိုလ်ကျောင်းသားများ စုပေါင်းဖွဲ့စည်းထားသော သမဂ္ဂတစ်ခုဖြစ်သည်။khit thit

ခန္တီးမြို့တွင် အချုပ်သား ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီးသေဆုံး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ အချုပ်သား တစ်ယောက် ဇူလိုင် ၂၇ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ ခန္တီးပြည်သူ့ဆေးရုံမှာ  သေဆုံးသွားတယ်လို့  ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားတဲ့ အချုပ်သားဟာ အသက် ၂၇ နှစ်အရွယ်  မောင်ဖြူဖြစ်ပြီး ဟုမ္မလင်းမြို့နယ် နောင်ပင်ရွာကလို့ သိရပါတယ်။ 

အချုပ်သားဟာ မနေ့က ခန္တီးပြည်သူ့ဆေးရုံမှ တက်ရောက် ဆေးကုသမှုခံယူခဲ့သူဖြစ်ပြီး အောက်ဆီဂျင်ပေး ကုသရင်း ဒီမနက်မှာ သေဆုံးသွားတာလို့   ဆေးရုံတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 

ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတဲ့ အချုပ်သားကို အစောပိုင်းကတည်းက သီးသန့်ထားထားတာဖြစ်ပြီး နေမကောင်းဖြစ်လို့ မနေ့က စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။ ကျန်တဲ့အချုပ်သားတွေကိုလည်း ကိုဗစ်ပိုးရှိမရှိဆေးသွားမယ်လို့  ခန္တီးမြို့မရဲစခန်း ရဲတပ်သားတစ်ဦးက ပြောပါတယ်။

ခန္တီးမြို့မရဲစခန်း အချုပ်ခန်းမှာ အချုပ်သား ၁၀၀ ကျော်ရှိပြီး အချုပ်ခန်းဟာ သတ်မှတ်ထား တဲ့လူဦးရေထက်ကျော်လွန်နေတယ်လို့ သိရပါတယ်။  DVB

မကွေးမြို့နယ်၌ ပြည်သူများကို ပရဟိတအဖွဲ့က အခြေခံစားသောက်ကုန်များထောက်ပံ့

မကွေးမြို့နယ်ထဲမှာ ဇူလိုင် ၂၇ ရက် မနက်ပိုင်းက ကျေးလက်မြေပရဟိတအဖွဲ့က ဦးဆောင်ပြီးတော့ စားဝတ်နေရေးအခက်ခဲဖြစ်နေတဲ့ ပြည်သူတွေကို အခြေခံစားသောက်ကုန်တွေ ထောက်ပံပေးခဲ့ပါတယ်။

မကွေးမြို့နယ် ကြာကန်ကျေးရွာက စားဝတ်နေရေး အခက်တွေ့နေတဲ့ ပြည်သူတွေကို ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ ဒီနေ့ မနက်ပိုင်းမှာ ဆန် ၄ ပြည် ၊ ဆီ ၅၀ သားနဲ့ ကြက်ဥ ၅ လုံးစီထောက်ပံ့ပေးခဲ့တာလို့ ကျေးလက်မြေပရဟိတအဖွဲ့ ဦးဆောင်သူ ကိုဇော်မင်းထိုက်က ပြောပါတယ်။

အဖွဲ့အနေနဲ့ မကွေးမြို့နယ်ထဲမှာသာမက မကွေးတိုင်းအတွင်းက အခက်ခဲကြုံတဲ့နေရာတွေကို အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ စစ်အာဏာသိမ်းပြီးကတည်းက အခြေခံစားသောက်ကုန်တွေနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

ကျေးလက်မြေပရဟိတအဖွဲ့ဟာ မကွေးမြို့နယ်ထဲက နွေရာသီ သောက်သုံးရေ အရရှိရေးအတွက်လည်း အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ ရေတွင်းတူဖော်ပေးတာတွေ ၊သောက်သုံးရေ လှူဒါန်းတာတွေကို စဥ်ဆက်မပြတ် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။DVB

ကိုယ်ဝန်ဆောင်မီးဖွားရန်လိုက်ပို့သည့် ကနီ လူမှုကူညီရေးယာဉ်မောင်းကို စစ်ကောင်စီက ဖမ်း ဆီး

1.2KShareCommentLikes

မုံရွာမြို့ဆေးရုံကို ကလေးမီးဖွားဖို့ လိုက်ပို့ပေးတဲ့ ကနီမြို့နယ် လူမှုကူညီရေးအသင်း ယာဉ်မောင်းတစ်ဦးကို ဇူလိုင် ၂၆ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လူနာရှင်က အကူညီတောင်းလို့ လိုက်လံပို့ဆောင်ပေးတာဖြစ်ပြီး ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းသွားတာလို့ ကနီမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဘာကြောင့်ဖမ်းတာမှန်းတော့ မသိဘူးဗျ။ ယာဉ်မောင်းရဲ့ လက်ကိုင်ဖုန်းကို စစ်တယ်တော့ ပြောတယ်။ ဒီကလေးက အသက် ၂၈ နှစ်ဝန်းကျင်ပဲ ရှိဦးမယ်ဗျ။ အရင်ကလည်း ဘယ်အဖွဲ့အစည်းမှ ဝင်ထားတာမရှိသလို၊ ဘယ်လက်နတ်ကိုင်နဲ့မှ ချိတ်ဆက်တာမျိုးလုပ်တာတော့ မရှိခဲ့ဘူးဗျ။ သူဝါသနာက အလှဓာတ်ပုံရိုက်တာတို့ကတော့ စိတ်ဝင်စားတဲ့ ကလေးတစ်ယောက်ပါဗျ။ လူမှုကူညီရေးအသင်း သီးသန့်လုပ်ဆောင်နေတာကိုတော့ ကျနော်ရဲရဲပြောရဲတယ်။”

ဖမ်းဆီးသွားတဲ့ လူမှုကူညီရေးအသင်း ယာဉ်မောင်းကို ဘယ်မှာထိန်းသိမ်းထားတယ်၊ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို လက်ရှိအချိန်အထိ မသိရသေးတာကြောင့် မိသားစုနဲ့ လူမှုကူညီရေးအသင်းအဖွဲ့သားတွေ အလွန်မင်းစိတ်ပူနေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတာဝန်ရှိသူတွေအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူမှုကူညီရေးအသင်း ယာဉ်မောင်းကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့လည်း မိသားစုဝင်တွေနဲ့ ကနီမြို့နယ်လူမှုကူညီရေးအဖွဲ့ဝင်တွေက တောင်းဆိုလိုက်ပါတယ်။DVB

ဖားကန့် အောက်ဆီဂျင်စက်ရုံကို စစ်တပ်ကသိမ်းပိုက်၊ အရပ်သားများ ဖြည့်ခွင့်မရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ တခုတည်းရှိတဲ့ အောက်ဆီစက်ရုံကို စစ်ကောင်စီတပ်က ထိန်းချုပ် ကန့်သတ်လိုက်ပြီး ဒေသခံတွေ ဖြည့်ခွင့်မရတာကြောင့် အောက်ဆီဂျင် ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဖားကန့်မြို့က ပရဟိတ လုပ်ဆောင်နေသူတွေထံက  သိရပါတယ်။

ဖားကန့်မြို့နယ်တခုလုံးက ကိုဗစ်-ကူးစက်လူနာအားလုံးရဲ့ အောက်ဆီဂျင်လိုအပ်မှုကို အဓိက ဖြည့်တင်းပေးနေတဲ့ နမ္မဖြစ်ကျေးရွာက အောက်ဆီဂျင်စက်ရုံကို ဇူလိုင် ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ထိန်းချုပ်ထားလိုက်တာပါ။

ဒီစက်ရုံမှာ စစ်တပ်က လာဖြည့်တဲ့ အောက်ဆီဂျင်အိုးတွေကိုပဲ ဖြည့်ရမယ်ဆိုပြီး စက်ရုံပိုင်ရှင်ကို အမိန့်ပေးခဲ့တာလို့လည်း သိရပါတယ်။

အောက်ဆီဂျင်သွားဖြည့်တဲ့ ပရဟိတအသင်းသားတဦးက “တိုင်းစီမံချက်နဲ့ဆိုပြီး အောက်ဆီဂျင် အိုးအခွန် ၅၀၀ လာချသွားတာတဲ့၊ အဲဒီအိုးတွေ မဖြည့်ပြီးမချင်း ဘယ်အိုးမှမဖြည့်ရဘူးလို့ စစ်တပ်အရာရှိတွေက အမိန့်ပေးသွားလို့ ကျန်တဲ့ ကျနော်တို့ သာမန်အရပ်သားအိုးတွေကို ဖြည့်မပေးရဲဘူးဗျ” လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်တွင်းရှိ ကာရန်တင်းစင်တာတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ရာနဲ့ချီ ဆေးကုသမှုခံယူနေရပြီး အဲဒီအထဲက လူနာ အယောက်  ၇၀ ကျော်ဟာ မဖြစ်မနေ အောက်ဆီဂျင်ပေးနေရတယ်လို့ သီတဂူ ကိုဗစ်ကုသဆောင်မှာ အလုပ်လုပ်ပေးနေသူ တဦးကပြောပါတယ်။

အဆိုပါ စစ်တပ်ထိန်းချုပ်ထားတဲ့ နမ္မဖြစ်ကျေးရွာက အောက်ဆီဂျင်စက်ရုံဟာ ဖားကန့်မြို့အပါအဝင် လုံးခင်း၊ ဖားကန့်၊ ဆိပ်မူ၊ တာမခန်၊ ဝှေခါမှော်ရွာတွေက ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ဖြည့်တင်းပေးနေတာအပြင် မိုင်း ၈၀ ကျော် ဝေးတဲ့ မိုးကောင်းမြို့အထိ အောက်ဆီဂျင် လိုအပ်မှုကို ဖြည့်တင်းပေးနေတာလို့လည်း သိရပါတယ်။

ဖားကန့်မြို့ရဲ့အောက်ဆီဂျင်လိုအပ်မှုကို စစ်တပ်က ခုလို ထိန်းချုပ်ထားပါက အောက်ဆီဂျင် လိုအပ်နေတဲ့ ကိုဗစ်လူနာတွေ သေဆုံးမှုနှုန်း မြင့်တက်လာနိုင်တယ်လို့ အမည်မဖော်လိုသူ ကုသရေးဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။

“သူဟာလေးသူ သူလည်ပတ်နေတာ ဟုတ်နေပြီပဲ။ ဘာဖြစ်လို့ ဒီလိုလုပ်မှန်းကို စဉ်းစားမရတော့ဘူး။ လူတွေကို တမင်သေစေချင်တဲ့ သဘောလိုဖြစ်နေပြီဗျာ။ ကျနော်တို့က လက်တွေ့အဖြစ်အပျက်တွေကို မြင်နေရတော့ မခံစားနိုင်ဘူးဗျာ။” 

ဖားကန့်မြို့နယ်က ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ၊ ဝှေခါ၊ တာမခံ၊ ဆယ်ဇင်းကျေးရွာတွေမှာ ကိုဗစ်-၁၉ကူးစက်မှုတွေမြင့်တက်နေပြီး နေ့စဉ် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။DVB

လိုင်စင်မလိုဘဲ တင်သွင်းနိုင်မည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာစာရင်း စစ်ကောင်စီ ထုတ်ပြန်

သွင်းကုန် လိုင်စင်လျှောက်ထားတာ ယာယီဖြေလျှော့ပေးထားတဲ့ အောက်ဆီဂျင် အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ  ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာစာရင်းကို  စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်မှာ  ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ  ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာတွေထဲက  သွင်းကုန်လိုင်စင် လျှောက်ထားဖို့လိုတဲ့ ကုန်စည်လိုင်းအားလုံးနဲ့ အောက်ဆီဂျင်အရည်တို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်က စတင်ပြီး သွင်းကုန်လိုင်စင်လျှောက်ထားစရာမလိုပဲ (၃)  လ ယာယီ ဖြေလျှော့ပြီး တင်သွင်းခွင့်ပြုတာလို့ ဆိုပါတယ်။

ဖြေလျှော့ပေးတဲ့ သွင်းကုန်တွေထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အားဖြင့်ဆေးဝါးတွေ၊ ဗီတာမင်နဲ့ ပရိုဗီတာမင်ဆေးဝါးတွေ၊ ကင်ဆာနဲ့ HIV ဆေးဝါးတွေ၊  ကျန်းမာရေးသုံး undenatured အီသိုင်းအယ်လ်ကိုဟော ၇၅ ရာခိုင်နှုန်း၊  အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်နဲ့ တခြားရှားပါးဓာတ်ငွေ့၊ ဖော်မစ်အက်စစ် စတာတွေပါဝင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းကြောင့် ရောဂါ ကူးစက်ပြန့် ပွားမှုနဲ့ လူသေဆုံးမှုနှုန်း အင်မတန် မြင့်တက်နေပြီ အောက်ဆီဂျင်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာတွေဟာလည်း ဝယ်ယူရခက်ခဲ့တဲ့အထိ ပြည်တွင်းမှာ လိုအပ်ချက် မြင့်တက်နေပါတယ်။

ဒါ့အပြင် ဝယ်လိုအားနဲ့ရောင်းလိုအား မမျှတတာကြောင့် စျေးနှုန်းတွေကလည်း တည်ငြိမ်မှုမရှိ အဆမတန်မြင့်တက်နေပါတယ်။

စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက် ထုတ်ပြန်တဲ့စာရင်းတွေအရ  မြန်မာနိုင်ငံမှာ ဒီနေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြု လူနာ စုစုပေါင်း ၂၇၄, ၁၅၅ နဲ့ သေဆုံးသူ ၇,၅၀၇ ရှိတယ်လို့သိရပါတယ်။

ဒါပေမဲ့ ပရဟိတအဖွဲ့တွေနဲ့ လေ့လာစောင့်ကြည့်နေသူတွေကတော့ ဒီစာရင်းတွေဟာ မြေပြင် အမှန် တကယ် ရောဂါဖြစ်ပွားသေဆုံးသူတွေရဲ့ အခြေအနေတွေနဲ့ အဆမတန် ကွဲလွဲနေတယ်လို့ ထောက်ပြဝေဖန်ကြပါတယ်။DVB

ကလေးမြို့အတွက် We Pledge CDM အဖွဲ့က အရေးပေါ်အောက်ဆီဂျင်စက် ၂ လုံး လှူဒါန်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့က ကိုဗစ်-၁၉ လူနာတွေအတွက် We Pledge CDM အဖွဲ့က အရေးပေါ် အောက်ဆီဂျင်စက် ၂ လုံး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

 ဒီလှူဒါန်းမှုကိုတော့ အလှူရှင်တွေရဲ့ ဝိုင်းဝန်းလှူဒါန်းမှုတွေနဲ့ အောက်ဆီဂျင်အရေးပေါ် လိုအပ်‌နေတဲ့ ကလေးမြို့၊ တိုင်းရင်းဆေးရုံက Community COVID-19 Treatment Center ကို ဇူလိုင် ၂၄ ရက်နေ့က လှူဒါန်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် လိုအပ်တဲ့နေရာတွေ ဆက်လှူနိုင်ဖို့ စက်တွေ ထပ်မှာထားပြီး ရောက်တာနဲ့ ဆက်လှူသွားမှာဖြစ်ကာ စက်တင်မကပဲ အခြားလိုအပ်တဲ့ စက်နဲ့တွဲဖက်သုံးစွဲရတဲ့ ပစ္စည်းတွေကိုလည်း အဆင်ပြေပြေ လွယ်လွယ်ကူကူဖြစ်အောင် လှူပေးသွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ လူနာတွေ အနေနဲ့ လိုအပ်ချက်ဖြစ်နေတဲ့ အောက်ဆီဂျင်မလုံလောက်မှုကြောင့် အသက်မဆုံးရှုံးသင့် ပဲ ဆုံးရှုံးရတာတွေ၊ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေနဲ့ ပြည်သူတွေအပေါ် ကျန်းမာရေး စောင့် ရှောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းမှု မရှိတဲ့ အခြေအနေတွေနဲ့အတူ ဆေးရုံ တွေမှာ ဆရာဝန်လုံလောက်မှု မရှိတာတွေကြောင့် လူနာတွေ တက်ရောက်ကုသနိုင်ဖို့ အခက်အခဲတွေလည်း ပိုမိုများပြားလာနေတာပါ။

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၀၀ နီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်ညမှာ ထုတ်ပြန်ပါတယ်။

နာရေး အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေရဲ့ အဆိုအရ ရန်ကုန်မြို့က  သု သာန် ၄ ခုမှာ  ဇူလိုင် ၂၆ ရက်နေ့အတွက် မီးသင်္ဂြိုဟ်ခဲ့တဲ့ ရုပ်အလောင်း ၄၅၀ ကျော်ရှိခဲ့တယ်လို့ ပြောပါတယ်။DVB

« Older Entries Recent Entries »