Monthly Archives: Jul 2021

ကျောက်မဲခရိုင်၌ ဆေးရုံအုပ်များအပါအဝင် ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်ခံနေရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ပိုများလာပြီး ကျန်းမာရေးဝန်ထမ်း၊ စေတနာဝန်ထမ်းနဲ့ ဆေးရုံအုပ်ကြီးတွေပါ ရောဂါကူးစက်ခံနေရပါတယ်။ 

ကိုဗစ်တတိယလှိုင်းစတဲ့ ဇွန်လကနေ ဒီကနေ့ထိ ကျောက်မဲခရိုင်ထဲက မြို့နယ် ၄ ခုမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေ၊ ဆေးရုံအုပ်ကြီးတွေပါ ကူးစက်ခံခဲ့ရတယ်လို့ ကျောက်မဲခရိုင် ဆေးရုံအုပ်နဲ့ ခရိုင်ပြည်သူ့ကျန်းမာရေးဌာန ဒုညွှန်မှူး ဒေါက်တာ ကျော်မိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။ 

“  ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ထဲမှာ ကျန်းမာရေးဝန်ထမ်းက ၁၀  ကျော်ပါပါတယ်၊ အဲဒီမှာ နောင်ချို ၊ သီပေါနဲ့ နမ္မတူမြို့နယ်ဆေးရုံက ဆေးရုံအုပ်တွေကိုယ်တိုင်ကူးစက်ခံရတယ်။ နောင်ချိုနဲ့ သီပေါ ဆေးရုံအုပ်ကတော့ သက်သာသွားပါပြီ။ နမ္မတူဆေးရုံအုပ်ကြီးကတော့ သူနဲ့လိုက်နေတဲ့ အမေနဲ့ အဒေါ်ပါကူးစက်ခံရတယ်။ ဇနီးကရန်ကုန်ကဆရာဝန်ဆိုတော့ ရန်ကုန်ပြန်ပြီး ကုနေကြပါတယ်ခင်ဗျ၊။ လူနာတွေက သူတို့ကိုယ်တိုင် ကိုဗစ်-၁၉ ကူးစက်နေတာကို မသိဘဲ ဆေးရုံကို တခြားရောဂါနဲ့ လာကုတာကြောင့် ဝန်ထမ်းတွေပါ ကူးစက်တယ်။ သူနာပြုဆရာမ ၃ ယောက်ဆိုရင် အရေးပေါ်လူနာကို ၂၄ နာရီ အလှည့်ကျ စောင့်ကြည့်နေရင်းနဲ့က လူနာကနေ ကူးတာရှိတယ်။

ဒါ့အပြင် ပရဟိတအဖွဲ့က စေတနာ့ဝန်ထမ်းတွေလည်း လူနာသယ်ပို့ရင်း၊ အလောင်းတွေသင်္ဂြိုဟ်ရင်းနဲ့ ကူးစက်ခံရတာ ၂ ယောက်လောက်ရှိပြီး လောလောဆယ် ဆေးကုသမှုခံယူနေရတဲ့ ကျန်းမာရေးဝန်ထမ်းက ၇ ယောက်ရှိတယ်လို့ သိရပါတယ်။

ကျောက်မဲခရိုင်ရှိ  ကျောက်မဲ၊ သီပေါ၊ နောင်ချို နဲ့ နမ္မတူ မြို့နယ် ၄ ခုပေါင်းမှာ ဒီကနေ့ထိ ကိုဗစ် ၁၉ ကူးစက်ခံရသူပေါင်း ၁၂၀၀ ကျော်နဲ့ သေဆုံးသူက ၈၀ ကျော်ရှိပါတယ်။ 

ပိုးကူးစက်ခံရသူတွေ နေ့စဉ်တိုးလာနေတာကြောင့် နမ္မတူဆေးရုံကလွဲလို့ ကျန်တဲ့ဆေးရုံတွေမှာ နေရာမဆံ့တော့ဘဲ အားကစားကွင်း၊ မြို့တော်ခန်းမ စတဲ့နေရာတွေမှာ ကိုဗစ် ကုသရေး စင်တာဖွင့်ထားရပါတယ်။

ကျန်းမာရေးဝန်ထမ်း တချို့  CDM လုပ်ထားတာကြောင့် လူနာနဲ့ ဝန်ထမ်းအင်အားမမျှတကြောင်း၊  လူနာ ၄၀၀ ကျော်ရှိရင် ဆရာဝန်က ၄ ဦး နဲ့ သူနာပြု ၈ ဦးသာရှိလို့ ဆရာဝန် ၁ ဦးလျှင် လူနာ ၁၀၀ ၊ သူနာပြု ၁ ဦးလျှင် လူနာ ၅၀ ခန့် အချိုးကျနဲ့ ပြုစုကုသပေးနေရတယ်လို့ ဆိုပါတယ်။ 

ကာကွယ်ကုသရေးပစ္စည်းတွေကတော့ ကျန်းမာရေးဝန်ကြီးဌာန ၊ တိုင်းစစ်ဌာနချုပ်နဲ့ ပရဟိတအဖွဲ့အစည်း၊ ရပ်မိရပ်ဖ အလှူရှင်တွေက ဝိုင်းဝန်းပံ့ပိုးကူညီထားတယ်လို့ သိရပါတယ်။

ပြည်သူလူထုအနေနနဲ့ ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့အတိုင်း အိမ်မှာပဲနေ၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်၊ လက်ကိုခနခနဆေး၊ တဦးနဲ့တဦး ၆ ပေခန့်ခွါပြီးနေ၊ လူစုလူဝေး နေရာတွေရှောင်ရှား စတဲ့အချက်တွေလိုက်နာမှ ကိုဗစ်-၁၉ ကူးစက်မှု လျော့ပါးသွားမှာဖြစ်တယ်လို့ ကျောက်မဲခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။ DVB

ရေဦးတွင် ကျန်းမာရေးဝန်ထမ်း ၁၀ ဦးအထိ ကိုဗစ်ပိုးတွေ့သဖြင့် ရောဂါပိုးစစ်ဆေးမှု ခေတ္တရပ်နား

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က ကျန်းမာရေးဝန်ထမ်း ၁၀ ဦးအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့် ရောဂါပိုးစစ်ဆေးမှုတွေကို ခေတ္တရပ်နားထားရပြီး မြို့ပေါ်ကရပ်ကွက်နှစ်ခုကိုလည်း စစ်ကောင်စီက Stay at home သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

မြို့နယ်ကော်မတီဝင်တစ်ဦးက “ဆေးရုံနေရာ အခက်အခဲနဲ့ ကျန်းမာရေးဝန်ထမ်း နည်းတဲ့အပြင် ကိုဗစ်ပိုးကူစက်ခံရလို့ ကုသပေးနေရတဲ့ ကျန်မာရေးဝန်ထမ်းက ၁၀ ဦးရှိသွား ပြီဆိုတော့ ကျန်းမာရေးဝန်ထမ်းလည်း မပြည့်စုံဘူး၊ နောက်ပြီးအောက်ဆီဂျင်က အကန့်အသတ်နဲ့ပဲ ရနေတော့ ကိုဗစ်စစ်ဆေးမှုတွေကို ရပ်နားထားတာ နှစ်ရက်ရှိသွားပြီ။ ဆေးရုံဆင်းလူနာ အခြေအနေပေါ်မူတည်ပြီး ပြန်စစ်ပေးမယ်လို့တော့ သိရတယ်” လို့  ပြောပါတယ်။

ရေဦးမြို့မှာ ဇူလိုင် ၂၃ ရက်နေ့က ကျန်းမာရေးဝန်ထမ်း ၄ ဦး ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ပြီး နောက်ထပ်စစ်ဆေးမှုမှာလည်း ပိုးတွေရှိခဲ့လို့ ဝန်ထမ်း ၁၀ ဦးအထိရှိခဲ့တာကြောင့် ကုသရေးပိုင်းမှာ အားနည်းလာ‌တာလည်း ဖြစ်ပါတယ်။

မြို့ပေါ်က အောင်ချမ်းသာရပ်ကွက်မှာ Positive လူနာ ၈၀ ရှိပြီး၊ အောင်ဆန်းရပ်ကွက်မှာ Positive လူနာ ၆၉ ဦးရှိခဲ့လို့ အဆိုပါရပ်ကွက် နှစ်ခုကို စစ်ကောင်စီက Stay at home သတ်မှတ်ထားတယ်လို့ သိရပါတယ်။

တမြို့နယ်လုံး Stay at home ကြေညာတာ မဟုတ်ပေးမဲ့ လွန်ခဲ့တဲ့ တလလောက်က အသွားအလာ အနေအထိုင် ဆင်ခြင်ခဲ့တဲ့ မြို့နေလူထုအတွက် စားဝတ်နေရေးပြေလည်ဖို့ရာ ကျေးရွာတွေကနေပြီး ‘ပိုလျှင်လှူ လိုလျှင်ယူ’ အစီအစဉ်နဲ့ ဒေသထွက်ကုန်တွေ လာရောက်လှူနေကြတာ နေ့စဉ်မပြတ်ရှိနေဆဲလို့ ဆိုပါတယ်။DVB

ပြည်မြို့တွင် ပစ်သတ်ခံရပြီး သေဆုံးသွားသူ၏မိသားစုကို စစ်ကောင်စီက လျော်ကြေး ၁၀ သိန်းပေး

ပြည်မြို့မှာ စစ်ကောင်စီက သေနတ်နဲ့ပစ်ခဲ့လို့ သေဆုံးသွားသူရဲ့ မိသားစုကို စစ်ကောင်စီက လျော်ကြေး ငွေကျပ် ၁၀ သိန်း ပေးခဲ့ပြီး အလောင်းပြန်မပေးဘဲ့ သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြည်မြို့ အောင်သုခရပ်ကွက်က အသက် ၃၃ နှစ်အရွယ် ကိုကုလား(ခ) ကိုတင်မင်းထွဋ် နဲ့ အမျိုးသားတဦးတို့ဟာ ဇူလိုင် ၂၅ ရက်နေ့က ဆိုင်ကယ်စီးလာစဉ် ခေတ္တရာမြို့သစ် ၄ လမ်း ၆ ကွက်အရောက်မှာ စစ်ကောင်စီတပ်တွေက တားတာကို ရပ်မပေးလို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။

မိသားစုနီးစပ်သူတဦးက “သူတို့က အိမ်လခ ၄ သောင်း ပေးရမှာကို ၁ သောင်းပဲရှိလို့ သူ့သူငယ်ချင်းဆီကို ပိုက်ဆံသွားချေးတာ နှစ်ယောက်သွားကြတာ၊ မြို့သစ်ရောက်တော့ သူတို့ကို တားတယ်တဲ့ အပြင်ထွက်ချိန်လည်း ကျော်နေတာနဲ့ ဆိုင်ကယ်ကလည်း အရှိန်များနေတာနဲ့ ရပ်မပေးလိုက်တာ အဲ့တာကို ပစ်ခံရတာ” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်လိုက်တာကြောင့် ဆိုင်ကယ်မောင်းသူ ကိုကုလား(ခ) ကိုတင်မင်းထွဋ် သေဆုံးခဲ့ပြီး ကျန်တစ်ဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူမှာ ၁၀ နှစ်အရွယ် အကြီးဆုံးကလေးနဲ့ အငယ်ဆုံး ၁ နှစ်ခွဲအရွယ် အမြွှာနှစ်ယောက်အပါအဝင် ကလေး ငါးယောက်ကျန်နေခဲ့ပြီး အမျိုးသမီးဖြစ်သူမှာ ဒုက္ခရောက်နေတယ်လို့ ပြောပါတယ်။

အပစ်ခံရတဲ့နေ့မှာပဲ သေဆုံးသူကို ကုတင် ၁၀၀ စစ်ဆေးရုံကို ခေါ်သွားပြီး လက်နက်တွေ့လို့ ပစ်ခဲ့ရပြီး သေဆုံးသွားတာဖြစ်ကြောင်း မိသားစုကိုလာပြီး အသိပေးခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင်လ ၂၆ ရက်မှာ အမျိုးသမီးဖြစ်သူကို စစ်ဆေးရုံကို ခေါ်သွားခဲ့ပြီး ကြည့်ခွင့်ပေးခဲ့ပေမယ့် မျက်နှာပဲကြည့်ခွင့်ရခဲ့ပြီး မျက်နှာက အတော်ပျက်စီးနေတာ မြင်တွေ့ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူ့မိန်းမကိုပဲ ခေါ်တယ် ၉ နာရီကတည်းက သွားတာ ၁၂ နာရီထိုးမှ ကြည့်ခွင့်ရတယ်။ ပြီးတော့ အေးငြိမ်းရာကို ပို့တယ်လို့ ပြောတယ်။ ကောင်လေးရဲ့ မိသားစုကတော့ အေးငြိမ်းရာမှာ စောင့်နေတာပေါ့၊ နင်တို့ကြည့်ချင်တယ်ဆိုရင်တော့ ဓာတ်ပုံမရိုက်ရဘူး ဖုန်းတွေအကုန်ပေးခဲ့ရမယ်၊ အဲ့လိုဆိုရင်တော့ ကြည့်ခွင့်ပေးမယ်လို့ ပြောပြီး အကုန်စစ်ဆေးပြီး ကြည့်ခိုင်းတယ် ကန်တော့ခိုင်းတယ်တဲ့။” 

ပြည်မြို့မှာ Stay at Home နေထိုင်ဖို့ ကြေညာပြီးနောက်ပိုင်း ဇူလိုင်လ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ မနက် ၄ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ အပြင်ထွက်ဖို့နဲ့ အပြင်ထွက်ပါက ရပ်ကွက်ထောက်ခံစာ စျေးဝယ်ခွင့်ကတ်ပြား၊ ကျန်းမာရေးဆိုင်ရာထောက်ခံစာတွေ ယူဆောင်ဖို့ ကြေညာထားပါတယ်။

ဒါ့အပြင် ဆိုင်ကယ်တစီးကို လူတစ်ယောက်ပဲ စီးခွင့်ပေးပြီး ဒဏ်ရိုက်တာတွေလုပ်ခဲ့တာကြောင့် အောက်ဆီဂျင်အိုး သယ်မရတဲ့ အခက်အခဲတွေရှိတယ်လို့ သိရပါတယ်။DVB

ရုပ်အလောင်း ၃၀၀၀ ကျော် သင်္ဂြိုဟ်နိုင်မည့် မီးဖိုအသစ်များဆောက်လုပ်မှု CDM ဆေးရုံအုပ်ကြီး ဝေဖန်

ကိုဗစ်-၁၉ ကာကွယ်ကုသရေးကို ထိရောက်အောင် မလုပ်ဆောင်နိုင်ဘဲ ရန်ကုန်သုသာန်တွေမှာ မီးသင်္ဂြိုဟ်ဖို့ မီးဖိုအသစ်တွေ တည်ဆောက်နေတာဟာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို ပြသနေတာလို့ CDM ဆေးရုံအုပ်ကြီးတစ်ယောက်က ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီက ရန်ကုန်သုသာန်တွေမှာ တရက်ကို ရုပ်အလောင်း ၃၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ့် မီးဖို ၁၀ လုံးကို တပြိုင်တည်း တည်ဆောက်နေတယ်လို့ ဇူလိုင် ၂၇ ရက်နေ့ MRTV သတင်းမှာ ကြေညာခဲ့ပါတယ်။ 

ရေဝေးသုသာန်တခုတည်းမှာ ၅ ပေါက်တွဲ ၂ တွဲပါဝင်တဲ့ မီးဖို ၅ လုံး အသစ်တည်ဆောက်နေပြီး လူ ၅၀ ကို ၁ နာရီအတွင်း မီးသင်္ဂြိုဟ်နိုင်မှာဖြစ်လို့ တရက်ကို ရုပ်အလောင်း ၁၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီက ပြည်သူတွေအတွက် ကာကွယ်ကုသရေးမဆောင်ရွက်ဘဲ အခုလို စီစဉ်တာကို ကြားသိရတဲ့အတွက် အံ့ဩစိတ်ပျက်မိတယ်လို့ CDM ဆေးရုံအုပ်ကြီးတစ်ယောက်က ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီက ကိုဗစ်တတိယလှိုင်းအတွက် ဘတ်ဂျက်မသုံးတာ၊ ကာကွယ်ကုသရေး မလုပ်ဘဲ စီမံခန့်ခွဲမှုညံ့ဖျင်းတာတွေကြောင့် ပြည်သူတွေဟာ မသေသင့်ဘဲသေဆုံးနေရတယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က  ဝေဖန်ပါတယ်။ 

အခုအချိန်အထိ ကာကွယ်ကုသရေးအတွက် မစဉ်းစားဘဲ မီးသင်္ဂြိုဟ်ဖို့ မီးဖိုပိုဆောက်တာဟာ ပြည်သူကိုစေတနာမရှိတာ ပေါ်လွင်နေတယ်လို့ ဆိုပါတယ်။

မြေပြင်မှာ ရုပ်အလောင်းတွေ မီးသင်္ဂြိုဟ်ဖို့ အကူအညီပေးနေတဲ့ ပရဟိတသမားတယောက်ကတော့ ပြည်သူတွေ လိုအပ်နေတဲ့ ကာကွယ်ရေး၊ ကုသရေး၊ အောက်ဆီဂျင် စတာတွေကို မထောက်ပံ့ဘဲ သုသာန်မှာ မီးဖိုးတိုးဆောက်တာဟာ ပြည်သူအားလုံးကို စစ်ကောင်စီက သေစေချင်နေတာလားလို့ မေးခွန်းထုတ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ MRTV ကတော့ သုသာန်တွေမှာ မီးဖိုတည်ဆောက်နေတဲ့ အခြေအနေတွေကို ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့က ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ရန်ကုန်မြို့မှာ ဇူလိုင် ၁၀ ရက်နေ့ကစပြီး ကိုဗစ်သံသယလူနာတွေ အောက်ဆီဂျင် အလုံအလောက်မရတဲ့အတွက် သေဆုံးနှုန်းမြင့်တက်ခဲ့ပါတယ်။ 

ဇူလိုင် ၂၀ ရက်နေ့က  ရန်ကုန် သုသာန်လေးခုမှာ တရက်တည်း မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။DVB

တာမွေမြို့နယ်တွင် ဆန်တစ်ပြည်တစ်ရာကျပ်ဖြင့် ယနေ့ရောင်းချ

တာမွေမြို့နယ်တွင်းရှိ တာမွေဗလီနှင့် အာသောကလမ်းကြားရှိ Orange Super Market အနီး လူငယ်တချို့မှ (ဇူလိုင် ၂၈ ရက်) ယနေ့တွင် ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၅ ကျပ် တို့ဖြင့်ရောင်းချပေးခဲ့သည်။

လိုအပ်နေသည့်ပြည်သူများအပေါ် ပြည်သူအချင်းချင်း ရိုင်းပင်းကူညီ သည့်အနေဖြင့် ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စမ်းချောင်းမြို့နယ် မြေနီကုန်းအနီးတွင် ကြက်ဥတစ်လုံး ငါးကျပ် နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းမျိုး ရှိခဲ့သည်။mizzima

အလောင်းတော်ကဿပ အမျိုးသားသစ်တောဥယျာဥ်ရှိ အဖိုးတန်သစ်များကို ခုတ်လှဲခိုးယူနေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက အာဆီယံအမွေနှစ်စာရင်းဝင် အလောင်းတော်ကဿပအမျိုးသား သစ်တောဥယျာဥ်ထဲက သက်တမ်းရင့် သစ်ပင်တွေကို နေ့စဥ်လိုလို ခုတ်လှဲ သစ်ခိုးယူနေတာရှိတယ်လို့ အနီးဝန်းကျင်မှာရှိတဲ့ ကပိုင်ကျေးရွာဒေသခံရွာတွေထံက သိရပါတယ်။

သစ်ခိုးထုတ်သူတွေဟာ သစ်ပင်တွေကို ချိမ်းဆောတွေနဲ့ဖျက်လှဲပြီးနောက် ဆိုင်ကယ်တွေနဲ့ လမ်းကောင်းတဲ့ နေရာ အထိရောက်အောင်ပို့ပြီး လမ်းကောင်းရာနေရာကနေ ကားနဲ့တိုက်သွားကြလို့လည်း ဆိုပါတယ်။  

ကပိုင်ကျေးရွာသားတစ်ဦးက “အခုလို ကိုယ်ကျိုးရှာနေတဲ့သူတွေက ခေတ်ပျက်နေတော့ ပိုပြီးလုပ်လို့ကောင်းနေတာ။ သူတို့အတွက်ကတော့ ဒီအချိန်က လွတ်လွတ်လပ်လပ်ပဲလေ။ ထိန်းသိမ်းထားတဲ့ ဥယျာဉ်ဆိုတော့ တန်ကြေးရှိတဲ့ နှစ်ရှည်အပင်တွေအများကြီးရှိနေသေးတာ။ တန်ကြေးရှိတဲ့အမွေနှစ်တွေကို တန်ကြေးထားစေချင်တယ်ဗျာ။ အခုဟာက အရင်ကလို သစ်တောစောင့်ဝန်ထမ်းလည်း မရှိတာဆိုတော့ လုပ်ချင်သလိုလုပ်နေကြတာ မကောင်ဘူးပေါ့”လို့ ပြောပါတယ်။

သစ်ခိုးထုတ်သူတွေဟာ ဒေသခံတွေ မဟုတ်ကြသလို  ဗမာစကား  ကျွမ်းကျင်ကျင် မပြောတတ်သူတွေနဲ့ လူမျိုးခြားတွေလည်း ပါတယ်လို့ နွားကျောင်းရင်း သစ်ခိုးသမားတွေနဲ့ ဆုံခဲ့တဲ့  ရွာသားတစ်ဦးက ပြောပါတယ်။

အလောင်းတော်ကဿဖအမျိုးသား ဥယျာဥ်ထဲမှာ သက်တမ်းရင့် ကျွန်း၊ ပိတောက်၊ သစ်ရာ၊ ပျဥ်းကတိုး၊ တမလန်းစတဲ့ အဖိုးတန်သက်တမ်းရင့်သစ်ပင်တွေရှိပြီး အဲ့ဒီ အလောင်းတော် ကဿပ အမျိုးသားသစ်တောဥယျာဥ်ကြီးဟာ ကနီမြို့၊ ယင်းမာပင်မြို့၊ ပုလဲမြို့၊ မင်းကင်းမြို့၊ ကလေးမြို့နဲ့ ဂန့်‌ဂေါမြို့ စတဲ့ မြို့နယ် ၆ မြို့နယ်တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။

ဥယျာဥ်ရဲ့ အကျယ်အဝန်းကတော့ ဧရိယာစတုရန်းမိုင် ၅၄၁ ဒသမ ၆၂၄ မိုင် ကျယ်ဝန်းတယ်လို့ သစ်တောနဲ့ သက်ဆိုင်တဲ့ဌာနတွေရဲ့ ထုတ်ပြန်ထာတဲ့ကိန်းဂဏန်းတွေအရ သိရပါတယ်။DVB

ကျိုက်မရောတွင် ကျေးရွာ ၁၀ ရွာကျော်ရေနှစ်မြုပ်၊ အိမ်ထောင်စု ၅၀၀ နီးပါး ဘေးလွတ်ရာရွှေ့

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ကျေးရွာ ၁၀ ရွာထက်မနည်း ရေနစ်မြုပ်နေပြီး ဆေးဝါးနဲ့ သောက်ရေတွေ အရေးပေါ် လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက DVB ကို ပြောပါတယ်။

လက်ရှိမှာတော့ ကျိုက်မရောမြို့နယ်က ဦးလေး၊ ငါဗြေမ၊ ချောင်းနှစ်ခွ၊ ရွှေဝါချောင်း၊ ဖားဘောင်ကျေးရွာအပြင် ကျေးရွာအများစုမှာ မိုးရွာသွန်းမှုနဲ့အတူ အတ္တရံမြစ်ရေ ဆက်တိုက်မြင့်လာနေတာကြောင့် ရေနစ်မြှုပ်နေတာ ဖြစ်ပါတယ်။

ကျေးရွာအချို့မှာ ဇူလိုင် ၂၈ ရက်နေ့က ရေ ၁၀ ပေလောက်ထိ  မြင့်တက်လာပြီး ရေနိမ့်ပိုင်း ကျေးရွာနေသူ အိမ်ထောင်စု ၅၀၀ နီးပါး ဘေးလွတ်ရာကို ကိုယ်ထူကိုယ်ထ ပြောင်းရွှေ့ထားရပါတယ်။

အဲဒီကျေးရွာမှာ ရေကြီးနှစ်မြှုပ်မှုကြောင့် သောက်ရေတွေ လိုအပ်နေသလို အချို့ကျေးရွာတွေမှာဆိုရင် ကိုဗစ်အတည်ပြုလူနာတွေ ရှိနေတဲ့အတွက်ကြောင့် ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတယ်လို့ ကျိုက်မရောမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။

ဒါအပြင် ကျိုက်မရောမြို့နယ် ရပ်ကွက်အချို့မှာ ရေကြီးနေဆဲဖြစ်လို့ အိမ်ထောင်စု ၅၀ ကျော်ကို ကျိုက်မရောမြို့ အထကခွဲစာသင်ကျောင်းမှာ ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရပါတယ်။

ကျိုက်မရောမြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ရေကြီးတုန်းက ပြည်သူ ၃ ဦး သေဆုံးထားပါတယ်။DVB

မြတောင်သပိတ် ကျဆုံးသူ ၂ ဦး အလောင်းပြန်မပေးဘဲ စစ်တပ်တွင်း မီးသင်္ဂြိုဟ်ကာ လူသတ်မှုကို ဖုံးကွယ်ဖို့ စစ်ကောင်စီ ကြိုးပမ်း

မန္တလေးတိုင်းဒေသကြီး မြတောင်သပိတ်ကို ဖြိုခွင်းခံရစဉ် သေနတ်ပစ်ခတ်ခံရလို့ ကျဆုံးသွားတဲ့ မသူသူဇင်အပါအဝင် နောက်ထပ်တစ်ဦးရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေထံ ပြန်မပေးဘဲ မန္တလေးတောင်ခြေက ခမရ (၉၅) တပ်ထဲမှာ မီးသင်္ဂြိုဟ် လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။“သင်္ဂြိုဟ်ပြီးသွားပြီလို့ ပြောတယ်။

သူ့အစီစဉ်နဲ့သူ သင်္ဂြိုဟ်လိုက်တာတဲ့။ သူတို့ခေတ်ပေါ့ဗျာ။ သူတို့ကြိုက်တာ လုပ်မှာပေါ့။ ဒါပါပဲ”လို မိသားစုနဲ့ နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်လာတဲ့ မန္တလေး မြတောင်သပိတ်စစ်ကြောင်းကို ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီ မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်မုခ်အနီးမှာ အရပ်ဝတ်လူတွေက သေနတ်ပစ်ခတ် ဖြိုခွင်းခဲ့လို့ သပိတ်ဦးဆောင်သူ မသူသူဇင်အပါအဝင် လူငယ်နှစ်ဦး ကျဉ်ထိမှန် သေဆုံးသွားတာ ဖြစ်ပါတယ်။

အဲဒီလို ဆန္ဒပြ သပိတ်လူငယ်တွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ဖြိုခွင်းတာဟာ ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီခန့် ကျွန်းလုံးဥသျှောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဆိုသူဖြစ်ပြီး သူအမြဲဆောင်ထားတဲ့ ပစ္စတို သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မဇ္ဈိကို အတည်ပြု ပြောပါတယ်။“စစ်သားတို့၊ ရဲတို့က ပစ်တာမဟုတ်ဘူး။ ဒီစစ်တပ်က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးပေါ့။ ဒီဘက်က အခေါ်ဆိုရင် ပျူစောထီးပေါ့လေ။ သူဆောင်ထားတဲ့ ပစ္စတိုနဲ့ ပစ်တာ။

ဒါရှင်းရှင်းလေးပဲ လူသတ်မှုကို ဖုံးကွယ်ချင်လို့ အလောင်းပြန်မပေးတာပေါ့” လို့ မဇ္ဈိမကို ပြောပါတယ်။မနေ့က မြတောင်သပိတ်ကို ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူငယ်သုံးဦး ကျဉ်ထိမှန်ခဲ့တာဖြစ်ပြီး သပိတ်ဦးဆောင်သူ မသူသူဇင်နဲ့ နောက်ယောက်ကျ်ားလေး လူငယ်တစ်ဦး သေဆုံးကာ ကျန်တစ်ဦးကတော့ ဖမ်းဆီးခံထားရ ဆဲဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအပြီး သုံးဦးလုံးကို စစ်တပ်က ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။“စစချင်း ဘုရားကြီးထဲကို ခေါ်ထားတယ်။ ပြီးတော့မှ ကားနဲ့သယ်ပြီး အမှတ် (၁၀) စခန်းကို ခေါ်သွားတာ။ အမှတ် (၁၀) စခန်းကနေမှတဆင့် စစ်တပ်က ကားနဲ့လာခေါ်သွားတာ။ သူ့ဖြစ်စဉ်က အဲလို” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်းကို သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့ပေမယ့် ဇူလိုင် ၂၈ရက် နေ့လယ်ပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး မန္တလေး မြတောင်သပိတ်စစ်ကြောင်းကတော့ ပုံမှန်အတိုင်း ချီတက် ဆန္ဒပြခဲ့ပါတယ်။ မနေ့က ပစ်ခတ် ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရတဲ့ မသူသူဇင်အား အလေးပြုရင်း အလံမလဲဘဲ ပြန်ထလာတာလို့ ဆန္ဒပြပွဲ ပါဝင်သူတွေက ဆိုပါတယ်။mizzima

« Older Entries