Monthly Archives: Jul 2021

ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၅၀၀၀ ကျော်တွင် နွားထိုးကြီးမြို့နယ်က ၂၀၀ ကျော်ဖြင့် အများဆုံးဖြစ်

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅,၀၀၀ ကျော်ထဲမှာ မန္တလေးတိုင်းဒေသကြီး ၊ နွားထိုးကြီးမြို့နယ်က ကူးစက်ခံရသူ ၂၀၁ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ စစ်ကောင် စီကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၅,၀၆၀ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၅,၂၃၄ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃၄ ဒသမ ၇၅ ရာခိုင်နှုန်းကျော် ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၄,၂၄၁ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရက်တည်းသေဆုံးသူအရေအတွက်ကတော့ ၃၄၂ ယောက် ရှိခဲ့ပြီး စုစု ပေါင်း သေဆုံးသူ ၈,၅၅၂ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၈၉,၃၃၃ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက် ရောဂါကူးစက်မှုနှုန်းမှာတော့ ပဲခူးတိုင်းဒေသကြီးက ၇၉၉ ယောက်နဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ မန္တလေးတိုင်းဒေသကြီးက ၆၉၃ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးက ၆၅၃ ယောက်၊ ရှမ်းပြည်နယ်က ၅၉၂ ယောက်၊ စစ် ကိုင်းတိုင်းဒေသကြီးက ၅၃၀ ယောက်စီနဲ့ အများဆုံး ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာ ဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို  အစိုးရ ရုံးတွေ အခုလကုန်ထိ ဆက်တိုက်ပိတ်ထား တဲ့အပြင်  နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၉၀ ကျော်ကိုလည်း Stay At Home မြို့ နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။DVB

ရန်ကုန်သုသာန် ၄ ခုတွင် ယနေ့ ရုပ်အလောင်း ၄၃၀ ကျော် မီးသင်္ဂြိုဟ်

ရန်ကုန်သုသာန် ၄ ခုမှာ ဇူလိုင် ၃၀ ရက်နေ့က  မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်း ၄၃၀ ကျော်ရှိခဲ့ပြီး အရင်နေ့တွေကထက် အရေအတွက် သိသိသာသာကျဆင်းသွားတယ်လို့ နာရေးကူညီပေးနေတဲ့ ပရဟိတ သမားတွေက ပြောပါတယ်။ 

ဒီနေ့ ရေဝေးမှာရုပ်အလောင်း ၂၀၀ ကျော်၊ ထိန်ပင်မှာ ၁၀၀ ကျော်၊ ကျီစုမှာ ၃၀ ကျော်၊ ကျူချောင်းမှာ ၁၀၀ ကျော် မီးသင်္ဂြိုဟ်ခဲ့ရတာဖြစ်ပါတယ်။

မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်း ၄၃၀ ကျော်ထဲမှာ ကိုဗစ်-၁၉ လူနာ ဘယ်နှယောက်ပါသလဲဆိုတာတော့ မသိရသေးပါဘူး။ စစ်ကောင်စီကတော့ မြေပြင်ကဆရာဝန်တွေကို သေဆုံးကြောင်းထောက်ခံစာကို တိုက်ရိုက်ရေးခွင့်မ ပေးတော့ဘဲ နေအိမ်မှာ သေဆုံးတဲ့သူတွေကို ဆေးရုံကိုပို့ခိုင်းပြီး စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

ဆေးရုံမှာ စစ်ဆေးပြီး ကိုဗစ်ကြောင့်သေဆုံးတာဆိုရင် ရုပ်အလောင်းတွေကို  မိသားစုတွေကို ပြန်မပေးတော့ဘဲ ဆေးရုံကအစီအစဉ်နဲ့ဘဲ သင်္ဂြိုဟ်နေတာကြောင့် အရပ်သားသုသာန်မှာ ရုပ်အလောင်းအရေအတွက် နည်းပါးသွားတာဖြစ်ပါတယ်။

နောက်ဆက်တွဲအဖြစ် အခုရက်ပိုင်းအတွင်း ဒေသန္တရကျန်းမာရေးဌာနတွေမှာ မီးသင်္ဂြိုဟ်ခွင့်ထောက်ခံစာ ထုတ်သူတွေလည်း နည်းသွားတာလေ့လာတွေ့ရှိရတယ်လို့ ကိုဗစ်အရေးအကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်း ကျူချောင်းသုသာန်မှာ မီးသင်္ဂြိုဟ်တဲ့ရုပ်အလောင်းအရေအတွက် ၁၀၀ ဝန်းကျင်ပုံမှန်ဖြစ်နေပြီး ကျီစုသုသာန်မှာတော့ အရင်ရက်တွေထက် သိသိသာသာ အရေအတွက်နည်းပါးသွားပါတယ်။

သေဆုံးသူနည်းသွားလို့ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း အမှန်တကယ်နည်းသွားတာလား ဆိုတာကိုတော့ နောက်ရက်တွေမှာစောင့်ကြည့်ရမယ်လို့ ကျီစုသုသာန်မှာ နာရေးကူညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။

ဇူလိုင် ၂၉ရက်နေ့ကတော့  ရန်ကုန်သုသာန် ၄ခုမှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း ၈၀၀ နီးပါးရှိခဲ့ပြီး သုသာန်တွေမှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက် ကျသွားသလို နာရေးအတွက် အကူအညီတောင်းတဲ့သူလည်း နည်းသွားတယ်လို့ ပရဟိတသမားတွေကပြောပါတယ်။

ဇူလိုင်လဆန်းကစပြီး ကိုဗစ်ကြောင့်သေဆုံးနှုန်းမြင့်တက်ခဲ့ပေမယ့် စစ်ကောင်စီက ကာကွယ်ကုသရေးကို ဦးစားပေး မဆောင်ရွက်ဘဲ သုသာန်တွေမှာ မီးဖိုအသစ်တွေကို ထပ်တိုးဆောက်လုပ်နေလို့ ဝေဖန်ခံနေရပါတယ်။DVB

စစ်ကောင်စီက တာမွေသပိတ်စစ်ကြောင်းကိုဖြိုခွင်း ၊ ၄ ဦးဖမ်းဆီးခံရ

ရန်ကုန်မြို့ တာမွေကျားကွက်သစ်လမ်းတွင် ဇူလိုက် ၃၀ရက် ညနေပိုင်းက လူငယ်တွေစုပေါင်းပြုလုပ်တဲ့ သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီမှ အရပ်ဝတ်များဖြင့် ဖြိုခွင်းပြီးနောက် ဖမ်းဆီးခံရသူ လေးဦးအထိရှိသည်ဟု မျက်မြင်တွေ့ခဲ့ရသူများက ပြောသည်။

“ကျွန်တော်မြင်တာတော့ လေးဦးလောက်ရှိတယ်။ ကောင်လေးတွေကို ရိုက်နှက်ပြီး ခေါ်သွားတာ။ ကောင်လေး သုံးယောက်၊ ကောင်မလေးတစ်ယောက်ပါ”ဟု မြင်တွေ့ခဲ့သူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူတစ်ဦးမှလည်း ” လူငယ်တွေကျားကွက်သစ်လမ်းတည့်တည့်လာတုန်း အရပ်ဝတ်နဲ့သေနတ်တိုနဲ့တစ်ယောက်က အကျီအဖြူနဲ့ကောင်လေးတယောက်ကို သူ့လက်နဲ့အတင်းဖမ်းထားပြီးသေနတ်ဖောက်လိုက်ပါတယ်။ ဘယ်သူထိသွားလဲတော့မသိပါဘူး။ ကျန်တယ့်လူတွေတော့ပြေးသွားပါတယ်။

ပြီးတော့အ့ဖမ်းမိတယ့်လူတွေကိုသတ်ပစ်ပစ်မယ်အော်ပြောနေတာ”ဟု ၎င်းမြင်တွေ့ခဲ့ရသည်ကို ပြန်လည်ပြောပြသည်။ဖြစ်စဉ်အစပိုင်းတွင် အရပ်ဝတ်ဖြင့် လက်နက်ကိုင် ၄ဦး ကိုမြင်ရပြီး ယူနီဖောင်းဝတ်ထားသည့် လူများလည်းချက်ချင်းရောက်လာသည်ဟု သိရသည်။ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် အနီးအနားရှိ လူများကိုလည်း ဖုန်းများ ယူ၍ စစ်ဆေးခဲ့ကြသည်ဟု သိရသည်။mizzima

မူဆယ်တွင် တိုက်ပွဲဖြစ်နေပြီး ၁ နာရီကျော်ကြာသည်အထိ ပစ်ခတ်သံများ ဆူညံနေ

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ ည ၈ နာရီဝန်းကျင်မှစတင်၍ ပစ်ခတ်မှုများဖြစ်ပွားနေပြီး လက်နက်ကြီး အသံများအပါအဝင် ပစ် ခတ်သံများ ဆူညံနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အခုထက်ထိ အသံတွေကြားနေရတယ်။ မူဆယ်မြို့ 97 ဆပ်ပြာစက်ရုံအနီးမှာပါ။ ၁ နာရီကျော်လောက်ကြာပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ မူဆယ်ယင်းနေရာတွင် KIA ၊ TNLA ပလောင်အဖွဲ့နှင့် မဟာမိတ်များရှိနေပြီး စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ်အဖွဲ့များလည်းရှိ နေကြောင်း၊ တိုင်း ရင်းသား မြောက်ပိုင်း မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်များအကြား တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုကြသည်။khit thit

ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ်ကုသမှုအတွက် ဆရာဝန်၊ သူနာပြုဝန်ထမ်းများ အရေးပေါ် ခေါ်ယူ

ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ်ကုသမှု စီမံကိန်းအတွက် နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF)က ဆရာဝန်၊ သူနာပြုနဲ့ သန့်ရှင်းရေးဝန်ထမ်း အလုပ်နေရာတွေ အရေးပေါ် ခေါ်ယူနေပါတယ်။

လက်ရှိမှာတော့ MSF အနေနဲ့ မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ကိုဗစ်- ၁၉ ရောဂါ အရေးပေါ်ကုသမှု ပရောဂျက်ကို ရန်ကုန်၊ ကချင်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုးချဲ့ဆောင်ရွက်နေတာမို့ အဲဒီလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးဖို့ ဝန်ထမ်းသစ်တွေ ခေါ်ယူနေတာ ဖြစ်ပါတယ်။

လျှောက်ထားသူဟာ ကျွမ်းကျင်တဲ့ ဆရာဝန်၊ သူနာပြု၊ လက်ထောက်သူနာပြုနဲ့ သန့်ရှင်းရေးဝန်ထမ်း ဖြစ်ပါက “MSF COVID response”  ခေါင်းစဉ်နဲ့ မိမိ နေထိုင်ရာ နေရာနဲ့ လျှောက်လိုတဲ့ ရာထူးကို  ရှင်းလင်းစွာ ရေးသားဖော်ပြပြီး ကိုယ်ရေးအချက်အလက် လျှောက်လွှာကို အီးမေးလ်လိပ်စာ- myanmar-jobs@oca.msf.org ကို ပေးပို့လျှောက် ထားနိုင်မှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ တရက်တည်း ရောဂါကူးစက်ခံရသူပေါင်း ၅,၀၀၀ ကျော်နဲ့ စုစုပေါင်း ကူးစက်ခံရသူ ၂ သိန်း ၉ သောင်းနီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မတရား စစ်အာဏာသိမ်းကာလဟာ ၆ လပြည့်တော့မှာ ဖြစ်ကာ ဒီကာ လအတွင်း ပြည်တွင်းရေး မငြိမ်သက်မှုတွေနဲ့အတူ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုမှာတော့ ပြည်သူတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ ပိုဆိုးအောင် စစ်ကောင်စီက တွန်းပို့နေပြီး ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ စတင်ချိန်ကစလို့ အဆိုးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ဒါကို အချိန်မီမတားဆီးနိုင်ရင် လာမယ့် သီတင်းပတ် ၂ ပတ်အကြာ တိုင်းပြည်လူဦးရေ ထက်ဝက်လောက် ရောဂါကူးစက်ခံရနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက သတိပေးထားပါတယ်။DVB

မြင်းခြံတွင် ဧရာဝတီသွေးလှူရှင်အသင်းက အောက်ဆီဂျင်လှူဒါန်း

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ အောက်ဆီဂျင် လိုအပ်သူတွေကို  ဧရာဝတီသွေးလှူရှင်အသင်းက ဇူလိုင် ၃၀ ရက် ညနေက အေးမြသီတာစျေး အနောက်ဘက် သုဓမ္မာ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ လူတစ်ယောက် ၁၀ လီတာ၊ ၁၅ လီတာ အိုးတစ်လုံးကျ အခမဲ့ဖြည့်လှူဒါန်းနေတယ်လို့ သိရပါတယ်။

     အောက်ဆီဂျင်  ရသလောက်  အသင်းကနေ ပြန်လည်လှုဒါန်းပေးမှာဖြစ်ပြီး  ပြည်သူတွေ လိုအပ်ချက်ပြည့်မီစေဖို့ နေ့စဥ် ပေးဝေနိုင်ရေး ကြိုးစားနေတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

   မြင်းခြံ ပြည်သူများ အောက်ဆီဂျင် အခက်အခဲ မရှိစေဖို့ ဒေသ ပရဟိတအသင်းတွေလည်း တက်စွမ်းသလောက်ကြိုးစားနေရာမှာ အဖြူရောင်လက်များအသင်းကလည်း လက်ရှိ အောက်ဆီဂျင် ရရှိရေး စွမ်းဆောင်ပေးနေသလို မကြာခင် အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်တော့မယ်လို့ သိရပါတယ်။DVB

ရွေးကောက်ပွဲရလဒ် ပယ်ဖျက်မှုအတွက် အာဏာသိမ်းစစ်အုပ်စုကို ဂျပန် အပြင်းအထန် ဝေဖန်

မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခဲ့မှုအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်များကို ဂျပန်က ဇူလိုင် ၃၀ ရက်တွင် အပြင်းအထန် ဝေဖန်သွားခဲ့သည်။

“ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေက ပိုလို့တောင် နှစ်သက်ဖွယ် မကောင်းခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ဒီလုပ်ရပ်က ဂျပန်နိုင်ငံဘက်က တောင်းဆိုထားခဲ့တဲ့ မြန်မာမှာ ဒီမိုကရေစီလမ်းကြောင်းဆီ အမြန်ဆုံး ပြန်သွားရေးကို အကောင်အထည်ဖော်မှုနဲ့ လုံးလုံးလျားလျား ဆန့်ကျင်နေပါတယ်” ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂီက တိုကျိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့ကြောင်း Kyodo News က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ယင်းနောက် စစ်တပ်က အာဏာသိမ်းကာ ဖြိုခွင်းနှိမ်နင်းမှုများကို လုပ်ဆောင်ထားခဲ့သည်။

ဇူလိုင် ၂၆ ရက်က မြန်မာအာဏာသိမ်းစစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ကြောင်းနှင့် ထိုရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုနှင့် မဲမသမာမှုများ ရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

သို့သော် ဂျပန်နိုင်ငံခြား‌ရေးဝန်ကြီးက “ ပြီးခဲ့တဲ့ မြန်မာရွေးကောက်ပွဲဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ‌ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေရဲ့ စောင့်ကြည့်မှုနဲ့အတူ လွတ်လပ်မျှတတဲ့ နည်းလမ်းအောက်မှာ လုပ်ခဲ့တာဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

“အရှေ့တောင်အာရှ နိုင်ငံမှာ မတူညီတဲ့ နိုင်ငံရေး အမြင်သဘောထားတွေ ရှိသူတွေအကြား ညှိနှိုင်းဆွေးနွေးမှုတွေကို အားပေးဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု မိုတဲဂီက ပြောသွားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုအပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုများ လုပ်ဆောင်ထားခဲ့သလို ဂျပန်ကလည်း မြန်မာအတွက် တရားဝင် ဖွံ့ဖြိုး‌ရေးအကူအညီသစ် ပေးအပ်မှုကို ရပ်ဆိုင်ထားခဲ့သည်။

ဂျပန်အနေဖြင့် လာမည့် သြဂုတ် ၆ ရက်တွင် မြန်မာအပါအဝင် မဲခေါင်မြစ်တစ်လျှောက်ရှိ အရှေ့တောင်အာရှ ငါးနိုင်ငံနှင့်အကြား နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအ‌ဝေးတစ်ခုကို ကျင်းပသွားရန် ရှိနေသည်။

“အဲဒီအစည်းအဝေးကျရင် ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်‌ရေးကိစ္စအပြင် မြန်မာနိုင်ငံက အခြေအနေတွေ ကိစ္စ၊ တောင်တရုတ်ပင်လယ်အ‌ရေး၊ မြောက်ကိုရီးယား အရေးတို့လိုမျိုး ဒေသတွင်း ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံရဲ့ သဘောထားကို ထုတ်ဖော်သွားပါမယ်” ဟု မိုတဲဂီက ပြောခဲ့သည်။mizzima

မြန်မာကလေးသူငယ်များ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ပိုမိုဆိုးဝါးလာ

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းကာလ ၆ လကြာမြင့်လာချိန်မှာ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကူးစက်မှုနဲ့အတူ  ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှု အခြေအနေတွေဟာ ပိုမိုဆိုးဝါးလာနေတယ်လို့ Save the Children အဖွဲ့က သတိပေးထားပါတယ်။

       မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနဲ့ သေဆုံးတဲ့ ကိန်းဂဏန်းအချက် အလက်တွေကို တိတိကျကျ မသိရသေးပဲနဲ့တောင် အကြမ်းဖက်စစ်ကောင်စီရဲ့ နေ့စဉ် ထုတ်ပြန်ချက်တွေအရ  ပိုးတွေ့နှုန်းဟာ ၃၇ ရာခိုင်နှုန်းကျော်နဲ့ ကမ္ဘာနိုင်ငံတွေထဲ အမြင့် ဆုံးအခြေအနေမှာ ရှိနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးသူငယ်တွေများစွာရဲ့ အုပ်ထိန်းသူတွေလည်း ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရပြီး သေဆုံးမှုတွေကြောင့် ဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာတော့ ကလေးသူငယ်ဦးရေ ၁ သန်းကျော်ဟာ ကိုဗစ်-၁၉ ရောဂါကြောင့် မိဘတဉီး ဆုံးရှုံးခဲ့ရပြီး စုစုပေါင်းဦးရေ ၁ သန်းခွဲကတော့ မိဘတဦး၊ ဒါမှမဟုတ် သူတို့ကို ပြုစုစောင့်ရှောက်တဲ့ အဘိုးအဘွားတဦး၊ ဆွေမျိုးသားချင်းတဦး ဆုံးရှုံးခဲ့ကြရတယ်လို့ ဒီလထဲမှာ ထုတ်ဝေတဲ့ The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျန်းမာရေးစနစ်ဟာ သိသိသာသာ ပြိုလဲသွားခဲ့ပြီဖြစ်ကာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ၊ ဆင်းရဲမွဲတေမှုနဲ့ ရောဂါတွေကြောင့် ကာကွယ်ဆေးတွေလည်း ကျယ်ကျယ်ပြန့်ပြန့် မရရှိနိုင်သေးပါဘူး။

မိသားစုဝင်တိုင်းဟာ ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ခွဲခွာကြရတာ၊ ဆေးဝါးကုသမှု၊ အရေးပေါ် အောက်ဆီဂျင်နဲ့ တခြားသော ဆေးဘက်ဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ရရှိနိုင်ဖို့ ရုန်းကန်နေကြရပြီး ဈေးကွက်ထဲမှာလည်း မထိန်းချုပ်နိုင်တဲ့ထိ ဆေးဝါးဈေးနှုန်းတွေ ထိုးတက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန် ကတည်းက ကလေးသူငယ် ၇၅ ယောက် သတ်ဖြတ်ခံခဲ့ရပြီး အမှန်တကယ်တမ်းမှာ ဒီပမာဏထက်လည်း ပိုနေနိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ကလေးသူငယ်တွေရဲ့ သုံးပုံတပုံကတော့ အသက် ၁၆ နှစ်အောက် အရွယ်တွေဖြစ်ကြပြီး အငယ်ဆုံးကတော့ အသက် ၁၈ လ အရွယ် မိန်းကလေးငယ်ဖြစ်တယ် လို့ ဆိုပါတယ်။

       လတ်တလောမှာတော့ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ ရန်ကုန်အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးသူငယ်ဦးရေ အနည်းဆုံး ၁၀၄ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေဟာလည်း ပိုမိုဆိုးဝါးလာနေပြီး ကမ္ဘာ့ဘဏ်ကတော့ အခုနှစ်ထဲမှာ မြန်မာပြည်တွင်း အသားတင်ထုတ်လုပ်မှု ပမာဏ ဂျီဒီပီဟာ ၁၈ ရာခိုင်နှုန်းထိ ကျဆင်းလာနိုင်ကြောင်း ခန့်မှန်းထားပြီး အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့(အိုင်အယ်လ်အို)ကတော့ အခုနှစ်စကတည်းက လူဦးရေ ၂ ဒသမ ၂ သန်းဟာ အလုပ်လက်မဲ့တွေ ဖြစ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။DVB

« Older Entries