ယကြာချေရာမှ အဝတ်စုတ်၊အဝတ်ဟောင်းများရေထဲပစ်ချမှုကြောင့် စစ်တွေကမ်းခြေ ညစ်ညမ်းမှုဖြစ်ပေါ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇူလိုင်လ (၂၉) ရက်နေ့ ညက ကောလဟလ သတင်းတစ်ခု ပျံ့နှံ့လာပြီးနောက် လူတချို့က အဝတ်စုတ်၊ အဝတ်ဟောင်း များကို ချောင်းရေထဲ၊ မြစ်ရေထဲ ပစ်ချမှုကြောင့် စစ်တွေ ပင်လယ်ကမ်းခြေတွင် ညစ်ညမ်းမှု ဖြစ်ပေါ်နေသည်ဟု သတင်းရရှိသည်။စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှဝင်းက “ဒီလိုလုပ်ရပ်တွေက ချောင်း၊ မြောင်းအတွက် ထိခိုက်တယ်၊၊ ကမ်းခြေ အတွက်လည်း ထိခိုက်မှုအများကြီးရှိတယ်၊၊
ထိခိုက်မှုဆိုတဲ့ နေရာမှာ အလွန့်အလွန် ရုပ်ပျက်ဆင်းပျက် အဆင့်ဖြစ်သွားတာပေါ့နော်။ ဒါကလည်း လူတွေ အကြောက်တရားလွန်ပြီး အသိပျက်သွားတယ်လို့ ပြောရမယ်။ ဒီလိုအဝတ်တွေကို စွန့်ပစ် လိုက်ရင်ရေမှာမျောလိုက်ရင် ကပ်ဘေးက လွတ်မြောက်မယ် ဆိုတဲ့ လူတစ်ယောက်ရဲ့ အမျိုးမျိုး ပြောဆိုမှုကို ယုံကြည်လို့ ဖြစ်သွားတာဖြစ်တယ်။
ကျွန်တော့် အမြင်အရ ပြောရရင် ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း အကြံပေးထားတဲ့နေထိုင်ကြမှပဲ ကပ်ဘေးက လွတ်နိုင်မယ်လို့ မြင်ပါတယ်’’ဟု ပြောသည်။အဓိဌာန်ဆရာတော်ကြီး၏ မိန့်ကြားမှုဟုဆိုကာ ကပ်ဘေးမှ လွတ်ကင်းရန် အဝတ်စုတ်၊ အဝတ်ဟောင်းများကို ချောင်းမြောင်းများသို့ ပစ်ချရမည်ဟု ကောလဟလများ ထွက်ပေါ် လာခဲ့ပြီးနောက် အဝတ်စုတ်၊ အဝတ်ဟောင်းများ ချောင်းမြောင်းများသို့ ပစ်ချမှုများ ဖြစ်ပေါ်ခဲ့သည်။
၎င်းနောက်ပိုင်း ကမ္ဘာ့အဓိဌာန်သာသနာပြုအဖွဲ့က ရှင်းလင်းချက်တစ်စောင် ထွက်ပေါ်လာခဲ့ပြီး အဓိဌာန်ဆရာတော်ကြီး အမည်နာမအသုံးပြု၍ ကောလဟလများ မကြာခဏ ထွက်ပေါ် လျက်ရှိကြောင်း၊ ယခင်ကလည်း သတင်းလုပ်ကြံမှုများကို သတိပေးဖူးကာ ဒကာ၊ ဒကာမများ အနေဖြင့် အဓိဌာန်သာသနာပြုအဖွဲ့၏ တရားဝင် ဝက်ဆိုက် (website) နှင့် လူမှုကွန်ယက် စာမျက်နာ facebook page မှတရားဝင်ထုတ်ပြန်ချက်ကို ယုံကြည်ကြရန်နှင့် အသိပေးထားခြင်းမရှိသော သတင်းမှားများကို မယုံမိကြစေရန် ဇူလိုင် ၃၀ ရက်နေ့က တိုက်တွန်းထားသည်။
ယခုလုပ်ရပ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့အပြင် မြို့၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည်ဟု ဆိုကာ လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများ မြင့်တက်ခဲ့သည်။စစ်တွေဒေသခံ ကိုမျိုးမင်းသူက “ပလပ်စတစ်အိတ်တွေနဲ့မြစ်တွေ၊ ပင်လယ်တွေမှာ သွားပစ်တာက ရေတွေ၊ ရေသယံဇာတတွေ ညစ်ညမ်း သွားနိုင်တယ်။
အမှိုက်တွေလည်း ပွသွားတယ်။ လူမြင် မကောင်းဖြစ်လာတယ် မြို့အင်္ဂါရပ်နဲ့လည်း မညီဘူးပေါ့။ ဒါပေမယ့် ယုံကြည်မှုအရ လုပ်ကြတာကိုတော့ အပြစ်မပြောလိုဘူး။ သဘာဝ ပတ်ဝန်းကျင်အရ ကြည့်ရင် မကောင်းဘူးပေါ့လေ။ ယုံကြည်တာလည်း ယုံကြည်ပေါ့လေ။ လုပ်သင့်မလုပ်သင့်လည်း ဆင်ခြင်ပြီးလုပ်ရမယ်” လို့ ပြောသည်။
စစ်တွေပွိုင့်ကမ်းခြေတစ်လျှောက်နှင့် ဆတ်ရိုးကျချောင်းကမ်းတို့တွင် တင်နေသော ၎င်းအမှိုက် ထုပ်များကို စစ်တွေမြို့နယ် စည်ပင်က လိုက်လံ ရှင်းလင်းခဲ့သည်ဟုသိရသည်။ နိရဉ္စရာ