Monthly Archives: Aug 2021

စားသောက်ဆိုင်များ ယစ်မျိုးခွန် ဆောင်ကြစေရန် စစ်ကောင်စီ ဖိအားပေး

စစ်ကောင်စီက စားသောက်ဆိုင်များနှင့် အရက်ဘီယာအရောင်းဆိုင်များထံမှ ယစ်မျိုးခွန်တောင်းခံနေပြီး ကျသင့်အခွန်မဆောင်ပါက လိုင်စင်ပိတ်သိမ်းမည်ဟု ဖိအားပေးနေကြောင်း အရက်ဘီယာရောင်းချသူများက ပြောသည်။

ကိုဗစ်နိုင်တင်း (Covid-19) ကြောင့် စားသောက်ဆိုင်များပိတ်ထားရသဖြင့် ၂၀၁၉ နှင့် ၂၀၂၀ တွင် အခွန် သက်သာခွင့်ရခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြန်လည်တောင်းခံလာခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှ အမည်မဖော်လိုသည့် စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဆိုင်လည်း မဖွင့်ရဘူး၊ ၂ နှစ်လည်းရှိပြီ။  ရှိသမျှဝန်ထမ်းတွေလည်း အကုန်လုံးပိတ်ထားရတယ်။ အဲ့ဒါကို အခွန်မဆောင်ရင် ယစ်မျိုးလိုင်စင်တွေ အပြီးတိုင်ပိတ်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ဖြစ်လာတယ် ” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

လက်လီဆိုင်များ လုပ်ငန်းပုံမှန်လည်ပတ်ပြီး အမြတ်အစွန်းရှိကြသောကြောင့် အခွန်ဆောင်နိုင်ဖွယ်ရှိသော်လည်း စည်ပင်နှင့် ထွေအုပ်တို့၏ ညွှန်ကြားချက်ဖြင့် နှစ်နှစ်ကျော်ကြာပိတ်ထားသော စားသောက်ဆိုင်များမှာ ဝင်ငွေမရှိကြဟု ၎င်းက ထောက်ပြသည်။

အခွန်ငွေကောက်ခံရရှိမှု ကျဆင်းလာချိန်တွင် အခြားအခွန်အခများနည်းတူ ယစ်မျိုးခွန်ကိုလည်း ကြပ်မတ် တောင်းခံလာခြင်းဖြစ်ပြီး လိုင်စင်ပိတ်သိမ်းခံရသည့်တိုင်အောင် အခွန်မဆောင်ရန် ၎င်းက ဆုံးဖြတ်ထားသည်။

“လိုင်စင်ကြေးတွေနဲ့ ပြည်သူကရတဲ့ပိုက်ဆံ ပြည်သူ့ပြန်သတ်မှာပဲလေ။ ကျွန်တော်က ဆုံးဖြတ်လိုက်တယ် ။ သိမ်းချင်လည်းသိမ်းပေါ့။ ကျွန်တော်ကတော့ မဆောင်ဘူး။ ရှိလည်းမရှိဘူး။ ရှိလည်း မဆောင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ယစ်မျိုးခွန်များ လာရောက်ပေးသွင်းရန် စာပေးပို့ တောင်းဆိုနေပြီး အခွန်အကျေပေးဆောင်သူများရှိသလို ငွေကြေးအဆင်မပြေမှုကြောင့် ငွေသွင်းရမည့်ရက်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုသူများလည်းရှိကြောင်း ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှ အရက်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ယစ်မျိုးလိုင်စင်ပေါင်း ၄၀ ထက်မနည်းရှိပြီး ကုန်စုံဆိုင်တွင် လက်လီလက်ကားရောင်းချခွင့်လိုင်စင် (FL 12) အတွက် ၁၅ သိန်း၊ ဆိုင်ထိုင်သောက်သုံးရန် ရောင်းချခွင့်လိုင်စင် (FL17) လိုင်စင်အတွက်၂၅ သိန်း ပေးဆောင်ရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်သိသလောက် တော်တော်များများက (ယစ်မျိုးခွန်) ဆောင်တဲ့သူပဲ။ မဆောင်တဲ့သူကျရင် သူတို့က သတင်းရပြီဆိုတာနဲ့ ဆိုင်ကိုလာပြီးတော့ ပိတ်သိမ်းခွင့်ရှိတယ်။ အင်အားသုံးပြီးတော့ ဖြိုခွင်းခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။ 

သိန်းရာချီပေးရသည့်လိုင်စင် အပိတ်ခံရမည်ကိုစိုးသဖြင့် အခွန်ဆောင်နေကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအတွက် အခွန်အကောက် ၂၂ မျိုးကို အုပ်စုလေးစုခွဲကာ ဝန်ကြီးဌာန ၈ ခုနှင့် နေပြည်တော်ကောင်စီတို့က ကောက်ခံနေခြင်းဖြစ်ပြီး အခွန်ဘဏ္ဍာရရှိရေး မဖြစ်မနေလိုအပ်သည်ဟုဆိုကာ အခွန်အမျိုးမျိုးကြပ်မတ်ကောက်ခံရန် စစ်ကောင်စီက ညွှန်ကြားထားသည်။

အာဏာသိမ်းမှုဆန့်ကျင်သူများထဲမှ အများအပြားက မီတာခနှင့် ရေခွန် ပေးဆောင်ရန် ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်နေကြသည်။ အောင်ဘာလေထီထိုးလျှင် စစ်ကောင်စီ ဝင်ငွေတိုးမည်ဖြစ်သောကြောင့် ထီမထိုးရေးလှုပ်ရှားမှုကလည်း ဆက်လက် အရှိန်ကောင်းနေသည်။

စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးစိုးဝင်းက ကပ်ရောဂါထိန်းချုပ်နေရသည့်အပြင် စီးပွားရေးထိခိုက်မှုကြောင့် အခွန်အကောက်နှင့် သာမန်ရငွေများ အပါအဝင် နိုင်ငံတော်ဝင်ငွေများ ကျဆင်းနေပြီး လာမည့် ၆ လအတွင်း ရငွေ ဆက်လက်လျော့နည်းနိုင်ကြောင်း ဩဂုတ် ၂၄  ဘတ်ဂျက်အစည်းအဝေးတွင် ပြောဆိုထားသည်။  

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် မဖြစ်မနေ ငွေသုံးစွဲရမည်ဖြစ်၍ ဝန်ကြီးဌာနများ အသုံးစရိတ် စီစစ်ရန် ၎င်းက တိုက်တွန်းထားသည်။

အခြားတစ်ဖက်တွင်မူ အမျိုးသားညီညွတ်ရေးအစိုးရက စစ်အုပ်စု သက်ဆိုးမရှည်စေရေးအတွက် စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေသည့် ဝင်ငွေလမ်းကြောင်းများဖြတ်တောက်ရန် ကြိုးပမ်းနေသည်။

စစ်တပ်ထုတ်ကုန်များကိုလည်း မြန်မာပြည်သူအများစုက သပိတ်မှောက်ခဲ့ကြပြီး မြန်မာဘီယာကဲ့သို့သော အဖျော်ယမကာများကိုပါ ဝယ်ယူမှု ရပ်တန့်ထားကြသည်။ myanmar now

ထားဝယ်တွင် ပျူစောထီးဟု သတင်းကြီးသူနှစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ယမန်နေ့ (ဩဂုတ် ၃၀) ည၌ ပျူစောထီးအဖွဲ့ဝင်ဟု ယူဆရသူ နှစ်ဦး ပစ်သတ်ခံရပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွာခံတချို့ထံမှ သိရသည်။ 

ယမန်နေ့ည ၁၀ နာရီခွဲအချိန်တွင် ရွာထိပ်ရှိ နှစ်ကျိပ်ရှစ်ဆူဘုရားဝင်းအတွင်း ၎င်းတို့ ကင်းစောင့်နေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်စဉ် အသက် ၄၀ အရွယ် ဦးလှိုင်ဝင်း၊ အသက် ၃၀ အရွယ် ဦးတောင်ဦးဆိုသူတို့ သေဆုံးသွားသည်ဟု ရွာခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

ဒဏ်ရာရသူ နှစ်ဦးမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်မိုးနှင့် ဦးဗုဒ္ဓေါတို့ဖြစ်ပြီး ထားဝယ်စစ်ဆေးရုံတွင် ရောက်နေသည်ဟု ကြားသိရကြောင်း၊ ပစ်ခတ်ခံရသော အဖွဲ့သည် ရွာအတွင်း အကြောင်းမဲ့ သေနတ်ဖောက်နေသူများဖြစ်ကြောင်း အဆိုပါရွာခံက ဆက်ပြောသည်။

“အဲဒီပျူစောထီးတွေက အုပ်ချုပ်ရေးမှူးက ဖွဲ့ပေးထားတဲ့အဖွဲ့။ ကိုးယောက်ရှိတယ်။ သူတို့မှာ သေနတ် ခြောက်လက်ရှိတယ်။ ညတိုင်း ကင်းလှည့်တယ်။ ၁၀ နာရီကနေ ၁၁ ကြားထဲမှာ ညတိုင်းပစ်တယ်။ ဘာအကြောင်းပြချက်မှမရှိဘူး၊ လျှောက်ပစ်တာ” ဟု ၎င်းက ပြောသည်။

သေနတ်ကိုင်ဆောင်သူ ခြောက်ဦးမှာ စစ်ယူနီဖောင်းများ ဝတ်ဆင်ထားပြီး ကျန်အရပ်ဝတ်သုံးဦးမှာ ဆိုင်ကယ်ဖြင့် ညစဉ်ကင်းလှည့်လေ့ရှိကြောင်း၊ အဆိုပါ ပျူစောထီးအဖွဲ့ကို လွန်ခဲ့သော တစ်လခန့်က ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီး မနက်တစ်နာရီခွဲခန့်တွင် ရွာထဲသို့ စစ်ကားရှစ်စီးရောက်လာကာ စစ်သားအင်အား သုံးဆယ်ခန့် ရွာတွင် တပ်စွဲကျန်ရစ်ခဲ့ကာ စစ်ကားငါးစီး ထားဝယ်မြို့ပေါ် ပြန်တက်သွားကြောင်း ကနက်သီရိရွာခံ နောက်တစ်ဦးက Myanmar Now ကို ပြောသည်။

“အခုကတော့ ကျွန်မတို့ရွာကနေ ထားဝယ်ကို လိုင်းဆွဲနေတဲ့ကားတွေ မနက်အစောကြီးမှာ ခေါ်ပြီး စစ်တယ်။ ဈေးရောင်းနေတဲ့ ဈေးသည်တွေလည်း ခေါ်ပြီးစစ်တယ်။ တော်တော်များများကို ခေါ်ပြီး စစ်တယ်။ လွှတ်ပေးတဲ့သူကို ပြန်လွှတ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးစစ်ဆေးခံရသူ အယောက် ၃၀ ခန့် ပြန်လွတ်လာသော်လည်း အခြားရွာမှ ရောက်ရှိနေသော လူငယ်နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားပြီး ရိုက်နှက်စစ်ဆေးနေကြောင်း ထိုအမျိုးသမီးက ဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်မိုးသည် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်ပြီး ၎င်းဦးဆောင်သည်ဆိုသော ပျူစောထီးအဖွဲ့သည် ကျေးရွာအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တံငါသည်များကို ဆက်ကြေးတောင်းတတ်ကြောင်း အထက်ပါရွာခံများထံမှ သိရသည်။

ရပ်ဝေးလှေများ တစ်ခါရပ်နားလျှင် သုံးသောင်းကျပ်၊ တစ်နိုင်တစ်ပိုင် ငါးပိကောင်ဖမ်းသည့် တံငါသည်များကို လစဉ်ကြေး တစ်သောင်းကျပ်နှင့် ရွာခံတံငါလှေများကို လစဉ်ကြေး တစ်သောင်းမှ တစ်သောင်းခွဲကျပ်အထိ ကောက်ခံလေ့ရှိပြီး အခြားစီးပွားရေးလုပ်ငန်းရှင်များထံမှလည်း အခွန်ကောက်ခံကြောင်း ရွာခံများက ဆိုသည်။

စစ်အာဏာသိမ်းပြီးကတည်းက ယနေ့အထိ ကနက်သီရိရွာတွင် NLD ပါတီဝင် ဦးဝင်းဇော်အပါအဝင် ရွာသားလေးဦး ဖမ်းဆီးထောင်ချခံရပြီး အခြားဖမ်းဆီးခံရသူ ၆၀ ခန့် ကို ဒဏ်ရိုက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း ရွာခံများ၏ ပြောပြချက်အရ သိရသည်။

လူဦးရေ ၁,၉၀၀ ခန့်ရှိသော ကနက်သီရိရွာသည် ရွာကြီးတစ်ရွာဖြစ်ပြီး ထားဝယ်မြစ်ဝတွင် တည်ရှိသည်။

ထားဝယ်ခရိုင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသည့် ဒေသဖြစ်ပြီး လက်ရှိအချိန်အထိ ပြောက်ကျားဆန္ဒပြနေကြသော ဒေသဖြစ်သည်။ 

အာဏာသိမ်းစစ်တပ်ကို ထောက်ခံသော ပျူစောထီးအဖွဲ့ကို ဒေသတချို့တွင် တွေ့ရတတ်သည်။ myanmar now

ရှမ်း-ကယားနယ်စပ် ဒေါတဟေးကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ့်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

ရှမ်း-ကယားနယ်စပ်၊ လွိုင်လင်လေးမြို့အရှေ့ဘက်၊ ဒေါတဟေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့ သြဂုတ်လ ၃၁ ရက် ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF မှ သတင်းထုတ်ပြန်သည်။

အင်အားသာလွန်သော အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်သဖြင့် ၁ နာရီခန့်ကြအောင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်မှုရှိနိုင်သလို ကရင်နီတပ်ဖွဲ့များဘက်မှလည်း အသေးစားဒဏ်ရာများ ရခဲ့ကြောင်း သတင်းရရှိသည်။khit thit

မိတ္ထီလာဆေးရုံပြန်ဖွင့်သော်လည်း လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေ

မန္တလေးတိုင်း၊ မိတ္ထီလာပြည်သူ့ဆေးရုံကြီးတွင် လာရောက်ပြသသည့်လူနာများကို လက်ခံကုသပေးခြင်း မရှိဘဲ ဆေးရုံလွှဲပြောင်းစာသာ ရေးပေးနေသည့်အတွက် ဆေးကုသမှု အချိန်မီမရရှိဘဲ သေဆုံးသွားသည့် လူနာများရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လဆန်းတွင် ကျန်းမာရေးဝန်ထမ်း မလုံလောက်သည့်ကြားမှ စစ်ကောင်စီက မိတ္ထီလာဆေးရုံဖွင့်ရန် စီစဉ်ခြင်းဖြစ်သည်။ 

ရောက်လာသည့် လူနာအများအပြားကို ဆေးရုံလွှဲပြောင်းစာဖြင့် စစ်ဆေးရုံ၊ နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံ၊ မန္တလေးပြည်သူ့ဆေးရုံများထံ လွှဲပြောင်းပေးနေခြင်းဖြစ်ကြောင်း မိတ္ထီလာမြို့၊ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူ ကိုလွင်က ပြောသည်။

“ဆေးရုံစဖွင့်ကတည်းက လွှဲစာရေးပေးတာနဲ့ ဖွင့်တာပဲ။ ဆရာမလေးနှစ်ယောက် စားပွဲတစ်လုံးနဲ့ ထိုင်ပြီး လွှဲစာရေးပေးတာ။ အခုလည်း ထိုင်ပြီးလွှဲစာရေးပေးနေတာ။ လွှဲစာရေးပေးတာကလည်း စနစ်တကျနဲ့ လွှဲမယ့်ဆေးရုံနဲ့ ချိတ်ဆက်ပြီးလွှဲပေးတာမဟုတ်ဘဲနဲ့ ဒီဆေးရုံက လွတ်ရင်ပြီးရော လွှဲပေးနေတာ၊ နေပြည်တော်သွားမလား၊ မန္တလေးသွားမလား မေးတယ်။ ဘယ်သွားသွား ဆေးကုသမှု မရဘူး။ အခုဆိုရင် လူနာတွေလည်း ဆေးရုံသွားမရတဲ့အတူတူဆိုပြီး ကျွန်တော်တို့အသင်း ဘယ်ဆေးရုံမှ ပို့မပေးဘဲ နေနေတာ”ဟု ၎င်းက ဆိုသည်။

မိတ္ထီလာပြည်သူ့ဆေးရုံသို့ လူနာလိုက်ပို့ပေးရသည့်အခါတိုင်း ဖျားနာလူနာအနည်းငယ်ကိုသာ စစ်ဆေးပေးကြောင်း၊ အရေးပေါ်ထိခိုက်ဒဏ်ရာရသူများနှင့် မွေးလူနာများ လာလျှင် မေ့ဆေးဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်မရှိဟု အကြောင်းပြနေကြောင်း ၎င်းက မြင်တွေ့ရပုံကို ဆက်ပြောသည်။

မိတ္ထီလာစစ်ဆေးရုံကလည်း အရပ်သားလူနာများကို လက်မခံတော့ကြောင်း သိရသည်။

“ဖြစ်နေတာက ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တွေ CDM  (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်လို့ လူမရှိဘူး၊ ကုမပေးနိုင်ဘူး၊ စစ်ဆေးရုံသွားဆိုပြီး လွှဲစာထိုင်ရေးတယ်။ စစ်ဆေးရုံကလည်း အရပ်ဘက်ဆေးရုံ ဖွင့်ထားတယ်၊ အဲ့ဒီကိုပဲ သွားကုကြဆိုပြီး ကုမပေးဘူး။ အဲဒီတော့ လူနာတွေက ဘာမှ လုပ်မရဘူး။ နောက်ဆုံးသေဆုံးတဲ့အထိ ဖြစ်ကုန်ရော”ဟု မိတ္ထီလာမြို့ခံ ဦးစိုးက ဆိုသည်။

ဩဂုတ် ၂၆ တွင် မိတ္တီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်မှ ကိုယ်ဝန်သည်တစ်ဦး မွေးဖွားခါနီးအချိန် ဆေးရုံသို့ သွားရောက်ခဲ့သော်လည်း လက်ခံကုသပေးခြင်းမရှိဘဲ နေပြည်တော်ဆေးရုံသို့ လွှဲပေးခဲ့ရာ ငွေကြေးအခက်အခဲကြောင့် နေအိမ်ပြန်လာပြီး မီးဖွားရာမှ အမွှာမိန်းကလေးနှစ်ဦးလုံးနှင့် မိခင်ပါ သေဆုံးခဲ့ရသည်။

“စစ်ဆေးရုံကိုလွှဲလို့ သွားရင်လည်း အရပ်ဘက်က ပြည်သူ့ဆေးရုံကြီးပြန်ဖွင့်ထားတာပဲ၊ မင်းတို့ကို ဒီမှာ လက်ခံကုမပေးဘူး။ ပြည်သူ့ဆေးရုံပြန်သွားကြဆိုပြီး စစ်ဆေးရုံပြင်ပလူနာဌာနက တာဝန်ရှိသူတွေက ပြောလွှတ်တယ်၊ စစ်ဆေးရုံက သူတို့ နီးစပ်ပတ်သက်ရာလူနာတွေကိုပဲ လက်ခံကုပေးတာ”ဟု လူမှုကူညီရေးအသင်းမှ ကိုလွင်က ပြောသည်။

ကိုဗစ်တတိယလှိုင်းစတင်ချိန်တွင် ပြင်ပပုဂ္ဂလိကဆေးခန်းများ ဖျားနာသည့်လူနာ လက်ခံကုသခွင့် ပိတ်ပင်ခံထားရကြောင်း သိရသည်။

ဆေးရုံကြီးကလည်း လူနာအများအပြားကို လက်ခံရန် ငြင်းဆန်ကြောင်း မြို့ခံများက ဆိုသည်။

“ကျွန်တော့်ဦးလေးက ကိုဗစ်လက္ခဏာတွေနဲ့ တော်တော်ဆိုးနေတာ။ အောက်စီဂျင်လည်း တော်တော်ကျနေတယ်၊ အဲ့ဒါနဲ့ ဆေးရုံကြီးကိုခေါ်သွားပြီးတော့ ပြတာ၊ ဘယ်သူမှ ထွက်မလာဘူး။ ကားပေါ်မှာတင် ဆုံးသွားတယ်၊ ဆုံးသွားတော့လည်း ပြင်ပလူနာဌာနကို ဝင်ပြီးတော့ လူနာက ဆုံးသွားပြီ၊ ဆရာဝန်အတည်ပြုချက်လေး လိုချင်လို့ပါလို့ ပြောတာကို ဘာကြားသလဲ မသိဘူး။ မန္တလေးသွားမလား၊ နေပြည်တော်သွားမလားလို့ မေးတယ်” ဟု မိတ္ထီလာမြို့ခံတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြသည်။

မိတ္ထီလာပြည်သူဆေးရုံသည် ကုတင် ၃၀၀ ဆံ့ဆေးရုံကြီးဖြစ်ပြီး ဆေးရုံတာဝန်ရှိသူများက ကျန်းမာရေးဝန်ထမ်းများ CDM လုပ်နေကြောင်း၊ မေ့ဆေးဆရာဝန်နှင့် ခွဲစိတ်ဆရာဝန် မရှိဟုဆိုကာ လူနာများကို ဆေးရုံလွှဲပြောင်းစာရေးပေးကာ လွှဲပြောင်းပေးနေခြင်းဖြစ်ကြောင်း အထက်ပါ မိတ္ထီလာမြို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆေးရုံတာဝန်ရှိသူများက ယင်းသို့အကြောင်းပြသော်လည်း မိတ္ထီလာမြို့ခံများအဆိုအရ ဆေးရုံမှ CDM လှုပ်ရှားမှုတွင် ပါဝင်နေသူ ၄၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။

မြို့ခံတို့၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန်၊ ကုသမှုလုပ်ငန်းအခြေအနေ ပိုမိုသိရှိရန် မိတ္ထီလာပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိ၊ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်တို့၏ လက်ကိုင်ဖုန်းများကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိကြပေ။

ကုတင် ၃၀၀ ဆံ့ ဆေးရုံကြီးတွင် လူနာ ၁၅၀ ခန့် ရှိသည်ဟု လူမှုရေးအသင်းတွင် လုပ်ကိုင်နေသူတစ်ဦး၊ ဒေသခံတစ်ဦးတို့က ခန့်မှန်းသည်။   myanmar now

စစ်ကောင်စီက ဆုကြေးတိုးထားသော်လည်း ရောင်းအားမကောင်းသဖြင့် အောင်ဘာလေထီ ကုန်သည်များ အရှုံးပေါ်

စစ်ကောင်စီက အောင်ဘာလေထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတိုးပေမယ်လို့ ကြေညာခဲ့ပေမယ့် ရောင်းအားကောင်းမလာဘဲ ထီကုန်သည်တွေ အရှုံးပေါ်နေပါတယ်။

ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ အောင်ဘာလေထီစာအုပ်ပေါင်း ၁၂၄,၀၀၀ ကျော်ပဲ ရောင်းချခဲ့ရပြီး အရင်လတွေထက် ရောင်းအားပိုကျလာပါတယ်။ 

စစ်ကောင်စီက ထီလက်မှတ်ရောင်းရငွေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတွေပေးမယ်လို့ ကြေညာခဲ့ပေမယ့် ရောင်းအားဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။ 

အရင်လတွေတုန်းက ထီစာအုပ်ပေါင်း ၁၄၀,၀၀၀ ဝန်းကျင်ရောင်းကုန်ခဲ့ပြီး ရှေ့ဆက်အလားအလာမကောင်းဘူးလို့ ထီကုန်သည်တချို့က ပြောပါတယ်။ 

စက်တင်ဘာ ၁ ရက်နေ့ အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုအဖြစ် ငွေကျပ်သိန်း ၅ ထောင်ဆုကိုပဲ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

အရှုံးပေါ်နေတဲ့အတွက် ဇူလိုင်လကတည်းက အရောင်းအဝယ်တွေ နားထားတယ်လို့ ထီကုန်သည်တစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးထီပေါ်ပေါက်လာတာ၊ အောင်ဘာလေထီကို ပြည်သူတွေက သပိတ်မှောက်ထားတာ၊ ကိုဗစ်ကြောင့် ရုံးတွေ အလုပ်တွေ ရပ်နားထားရတာကြောင့် အောင်ဘာလေထီရောင်းအား ဆက်လက်ကျဆင်းနေတာလို့ ထီကုန်သည်တစ်ယောက်ကပြောပါတယ်။ 

စစ်ကောင်စီက ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတိုးပေးမယ်လို့ ပြောထားပေမယ့် ရောင်းအားအတက်အကျအခြေအနေကို စက်တင်ဘာလကုန်မှ သိနိုင်မယ်လို့ ထီကုန်သည်တစ်ဦး က ပြောပါတယ်။

နယ်မြို့တွေမှာ ခေါက်ပြန်ကြေးနဲ့ အောင်ဘာလေထီအရောင်းအဝယ်လုပ်သူတချို့ကတော့ ရောင်းမကောင်းတဲ့အတွက် အကြွေးတင်နေတယ်လို့ ဆိုပါတယ်။ 

စစ်အာဏာမသိမ်းခင်က အောင်ဘာလေသိန်းဆုဌာနက အမြင့်ဆုံးဆုကြေးအဖြစ် ငွေကျပ်သိန်း တစ်သောင်းခွဲအထိ ပေးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လစဉ်ပုံမှန်ထီမဖွင့်နိုင်တော့ဘဲ ဖွင့်ခဲ့တဲ့ အကြိမ်တွေမှာလည်း သိန်း ၅ ထောင်ဆုပဲ အမြင့်ဆုံးပေးနိုင်ပါတော့တယ်။DVB

စစ်ကောင်စီတပ်က သေဆုံးရဲဘော်၂ ဦးအလောင်းကို အိမ်သာကျင်းထဲပစ်ထား

မင်းတပ်မြို့နယ် ချပ်ရွာတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်သားနှစ်ဦးအလောင်းကို မိုးကာဖြင့်ပတ်ပြီး အိမ်သာကျင်းထဲပစ်ချထားခဲ့သည်ဟု ဒေသခံများအပြောအရသိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲရှိ ချပ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ယမန်နေ့က CDF(မင်းတပ်)အဖွဲ့မှ ခြုံခိုပစ်ခတ်ခဲ့ရာက သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများဖြစ်သည်။

စစ်ကောင်စီတပ်များဆုတ်ခွာသွားချိန်တွင် အိမ်သာကျင်းထဲရှိအလောင်းများကို ရွာသားများက မီးသဂြိုလ်ပေးခဲ့ရသည်။အဆိုပါတပ်သည် ခရစ်ယာန်ဘာသာဝင်များ အလေးအမြတ်ထားသည့် ဘုရားကျောင်းထဲတွင် ခေါင်ရည်၊အရက်စသည့် မူးယစ်ဆေးဝါးများ သောက်စားခြင်း၊ရွာထဲရှိ နွား‌နောက်တစ်ကောင်ကို သတ်စားခြင်း၊လူနေအိမ်များကို သေနတ်များဖြင့် ရမ်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့မနက်အစောပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

” ကျွန်တော်တို့ချပ်ရွာထဲမှာရှိတဲ့ အိမ်တွေအားလုံးကို ရစရာမရှိအောင် ဖျက်ဆီးကြတယ်။ ရွာမှာရှိတဲ့ နှစ်ခြင်းဘုရားကျောင်းနဲ့ RC ဘုရားကျောင်းအတွင်းလည်း သူတို့တွေဝင်ပြီးမွှေနှောက်ဖျက်စီးကြတယ်။ ယူလို့ရတဲ့ပစ္စည်းတွေ ယူကြတယ် ။ယူလို့မရတဲ့ ပစ္စည်းတွေကျတော့ ဖျက်စီးပစ်ခဲ့ကြတယ်”ဟု ချပ်ရွာသားတစ်ဦးက ပြောသည်။mizzima

ကင်းမနှင့်ဝန်ခြုံးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး နယ်မြေထိန်းချုပ်ရန် ကြိုးစား

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း  ကင်းမရွာနဲ့ ဝန်ခြုံးရွာကို စစ်ကောင်စီတပ်တွေက  ဩဂုတ် ၃၁ ရက်မနက်  ၈ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ 

ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာကိုတော့ ဒီနေ့ မွန်းတည့်  ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့ပါတယ်။ 

ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်သားအင်အား ၂၀၀ ကျော်က စစ်ကြောင်းနှစ်ခုခွဲပြီးထိုးစစ်ဆင်နေတယ်လို့ ပေါက်မြို့နယ်တောင်ပိုင်း PDF တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ဩဂုတ် ၂၇ ရက်နေ့မှာ စစ်ကောင်စီက စစ်ကြောင်းစထိုးခဲ့တာဖြစ်ပြီး ပင်လောင်ရွာကနေ စစ်ကြောင်းတစ်ခု၊ ပုသိမ်-မုံရွာလမ်း ထန်းတောလယ်ရွာဘက်ကနေ စစ်ကြောင်းတစ်ခု စုစုပေါင်းစစ်ကြောင်းနှစ်ခုနဲ့ ပေါက်မြို့နယ်တောင်ပိုင်းကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ 

ဒေသခံ PDF တွေက ပြောက်ကျားစနစ်နဲ့တုံ့ပြန်တာကြောင့် သုံးရက်အတွင်း စစ်ကောင်စီတပ်သား ၆၀ ကျော် သေဆုံးခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒေသခံ PDF တွေဟာ လက်နက်အင်အား လူအင်အားမမျှတဲ့အတွက် နောက်ဆုတ်ခုခံနေရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက “ကင်းမရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တော့ ပြည်သူ ၂ ယောက်လက်နက်ကြီးထိပြီး သေဆုံးတာရှိတယ်။ ကျနော်တို့ ပြောက်ကျားအဖွဲ့ကလည်း လက်နက်အင်အားမမျှတော့ ပြန်ဆုတ်ပေးလိုက်ရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီကကင်းမရွာနဲ့ ဝန်ခြုံးရွာတွေမှာ PDF တွေ၏ရှိနေတယ်လို့ယူဆတဲ့အတွက် ထိုးစစ်ဆင်နေတာလို့ ကင်းမရွာသားတစ်ယောက်က ခန့်မှန်းပါတယ်။ 

ကင်းမရွာတစ်ခုတည်းကို စစ်ကောင်စီတပ်သား ၆၀ ကျော်အသုံးပြု ထိုးစစ်ဆင်နေတာဖြစ်ပြီး မနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိ လက်နက်ကြီးနဲ့ ၁၅ ချက်ကျော်ပစ်ခတ်ခဲ့ပါတယ်။ 

ရွာသားတွေဟာ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်းမာရေးနဲ့စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေပါတယ်။ ဒီနေ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေက ပေါက်မြို့နယ် ကင်းမရွာကို ဇွန်လ ၁၅ ရက်နေ့က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ရွာသားတွေဟာ တောထဲမှာ ပုန်းရှောင်နေရပါတယ်။ ဝန်ခြုံးရွာက နေအိမ်တချို့ကိုတော့ ဇူလိုင် ၃၁ရက်နေ့မှာ စစ်ကောင်စီကအကြမ်းဖက်မီးရှို့ခဲ့ပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်း ယောချောင်းတစ်လျှောက်ကျေးရွာတွေက ဒေသခံရွာသားတွေဟာ စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးနေတဲ့အတွက် တောထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီကတော့ ကင်းမရွာကို သူတို့မီးရှို့တာမဟုတ်ဘဲ ရွာသားတွေက ကိုယ့်ဘာသာရှို့တာလို့ ငြင်းဆိုထားပါတယ်။DVB

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီကို အသိအမှတ်ပြုနေသည့် အာဆီယံအား ကန့် ကွက် ရှုတ်ချကြောင်း ဖောင်းကားကျေးရွာလူထု သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

« Older Entries