Monthly Archives: Aug 2021

လက်ပံတန်း ကျောင်းသားများကို ရွှေဆိုင်ဖောက်ခွဲရေးသမားများဟု စစ်ကောင်စီက လိမ်ညာစွပ်စွဲ

မနေ့ညက စစ်ကောင်စီရဲ့ မီဒီယာ မြဝတီသတင်းမှာ လက်ပံတန်းမြို့က ကျောင်းသားတွေကို ရန်ကုန်မြို့က ရွှေဆိုင်ဖောက်ခွဲလုယက်မှုနဲ့ ဖောက်ခွဲရေးပြုလုပ်တဲ့ PDF အဖွဲ့ဝင်တွေဆိုပြီး လိမ်ညာအမှုဆင် သတင်းထုတ်ပြန်သွားခဲ့တယ်လို့ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌတဦးက ပြောပါတယ်။

“မြဝတီသတင်းမှာ ကြေညာသွားတာက အကုန်အလိမ်တွေချည်းပဲပေါ့။ ကိုထက်ဝေယံတို့၊ ကိုယဉ်ကျေးတို့၊ ကိုထူးခန့်တို့က ရွှေဆိုင်ဖောက်ခွဲမှုမှာပါဖို့မပြောနဲ့ သူတို့တွေက ရန်ကုန်မှာတောင် ရှိကြတာမဟုတ်ဘူး။ တခြားမြို့နယ်တွေမှာ ဖမ်းဆီးခံလိုက်ရတဲ့ သမဂ္ဂကျောင်းသားတွေဖြစ်တယ်။ အခုက ဒီလူသတ်ကောင်တွေက အပြစ်မရှိတဲ့ကျောင်းသားတွေ၊ လူငယ်တွေ၊ ပြည်သူတွေကို မတရားဖမ်းဆီးပြီး မတရားအမှုဆင်ထားပြီး သတင်းအမှားတွေထုတ်ပြန်နေတာပဲဖြစ်တယ် သမဂ္ဂကျောင်းသားတွေကိုမတရားလိုက်လံဖမ်းဆီးပြီး မတရားဥပဒေတွေ လုပ်ရပ်တွေနဲ့အမှုဆင်ထားတာတွေပဲဖြစ်တယ်။”

ကိုထက်ဝေယံ၊ ကိုယဉ်ကျေးနဲ့ ချစ်ရင်ထူးတို့ကို ဇူလိုင် ၂၁ ရက်နေ့ညပိုင်းနဲ့ ကျန်သူတွေက ၂၂ ရက်နေ့ နေ့လယ်ပိုင်း ဥက္ကံမှာ ဖမ်းဆီးခံရတာဖြစ်ပြီး နှိပ်စက်ခံထားရတာကြောင့် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းယူထားတာ ၆ လပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေ ဖမ်းဆီခံခဲ့ရတဲ့ ရဲဘော်တွေအတွက် သွေးအေးသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“တိမ်းရှောင်နေကြရတဲ့ ရဲဘော်တွေ တော်လှန်နေဆဲရဲဘော်တွေ အများကြီးပါ။ ကျနော်တို့တွေ ဒီတော်လှန်ရေးကြီး မပြီးမချင်း ဒီရဲဘော်တွေ အကုန်ပေးဆပ်နေရတဲ့ ပေးဆပ်ခဲ့ရတဲ့ သွေးချွေးတွေအတွက် ကျနော်တို့ သွေးအေးလို့မဖြစ်ပါဘူး၊ ဆက်ပြီးတော်လှန်နေရပါမယ် ဒီလူသတ်ဖက်ဆစ်စစ်တပ်ကို ဖြုတ်မချနိုင်မချင်း ကျနော်တို့မနိုင်သေးပါဘူးဆိုတာကို ဒီကနေသတိပေးချင်ပါတယ်။”DVB

ပဲခူးမြို့ ဘူတာဈေးက စျေးသည်များ၏ ပစ္စည်းများကို စစ်ကောင်စီတပ်များ သိမ်းယူသွား

ပဲခူးမြို့ မဇင်းရပ်ကွက်၃လမ်းရှိ ဒေသခံအခေါ် ဘူတာဈေးကို စစ်ကောင်စီတပ်များမှ ယနေ့ ဩဂုတ်လ နံနက်၉နာရီဝန်ကျင်မှာ လာရောက်သိမ်းဆည်း ပိတ်ပင်သွားကြောင်း ဒေသခံများမှပြောသည်။

စစ်ကောင်စီလက်အောက်ခံတပ်တွေနှင့် စည်ပင်ဝန်ထမ်းများအပါအဝင် အင်အား၆၀ခန့် နှင့် စစ်ကား၅စီး ဖောကား၅စီးနဲ့ လာရောက်ပြီး အဆိုပါဈေးရှိ ဈေးသည်များ၏ ပစ္စည်းများကို အတင်းလုယက်သိမ်းဆည်းသွားခဲ့သည်။

” သူတို့က စဝင်ကတည်းက ဈေးမရောင်းရဘူးဆိုတာ နားမလည်ဘူးလားဆိုပြီး ဆဲလဲဆဲတယ် နောက်ဆိုလူပါဖမ်းမယ်ဆိုပြီး ဈေးရောင်းတဲ့ပစ္စည်းတွေကို အကုန်သိမ်းသွားတာ။ ကြက်ဥဗန်းတွေ ထီးတွေ ချိန်ခွင်တွေ အကုန်သိမ်းတာ အများကြီးဘဲ”ဟု အဆိုပါဈေးတွင် ဈေးရောင်းချသူများကပြောသည်။ စစ်ကောင်စီတပ်များမှ ပထမအကြိမ်လာရောက် သိမ်းဆည်ပြီးနောက် နာရီဝက်အကြာတွင် ပြန်လည်ရောက်ရှိလာကာ ပစ္စည်းများကို ထပ်မံ သိမ်းဆည်းသွားကြောင်း သိရသည်။

ဘူတာဈေးတွင် ဈေးသည်၅၀နီးပါး ရောင်းချနေပြီး အများစုမှာ အခြေခံစားသောက်ကုန်များကိုရောင်းချနေကျသူများဖြစ်သည်။ ပဲခူးမြို့တွင် နံနက်၆နာရီမှ ၉နာရီအထိသာဈေးရောင်းချခွင့်ပြုထားပြီး အလားတူ ပြီးခဲ့သည့်လတွင်လဲ ပြင်စည်ဈေးကို ၃ကြိမ်တိုင်တိုင် လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။mizzima

ဇိုမီးတိုင်းရင်းသားခေါင်းဆောင် ပူကျင်ရှင်းထန် ကွယ်လွန်

ဇိုမီးတိုင်းရင်းသားခေါင်းဆောင် ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ ဇိုမီးဒီမိုရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ  ပူကျင်ရှင်းထန် အသက် (၈၃)နှစ်ဟာ  ဇူလိုင် ၃၁ ရက်နေ့က ကလေးမြို့ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတယ်လို့  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝမ်းနည်းခြင်းသဝဏ်လွှာ ထုတ်ပြန်ကြေညာပါတယ်။ 

ပူကျင်ရှင်းထန်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီးနောက် နေပြန်ကောင်းလာရာကနေ  နေအိမ်မှာပဲ  မိသားစုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေစဉ် မနေ့ ညနေ ၅ နာရီလောက်က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ 

ပူကျင်ရှင်းထန်ကွယ်လွန်သွားတာဟာ  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် ဇိုမီးအမျိုးသားတွေနဲ့ တိုင်းပြည်အတွက် အစားထိုးမရနိုင်တဲ့  ဆုံးရှုံးမှုကြီးအဖြစ် နှမျောသတခြင်း ကြီးစွာဖြင့် ယူကျုံးမရ ဖြစ်ရပါတယ်လို့  သူ့ရဲ့ ပါတီရဲ့က ထုတ်ပြန်ပါတယ်။ 

ပူကျင့်ရှင်းထန်ကို အဖဦးဆွမ်းဟန် အမိ ဒေါ်ညောင်ခန့်ကျိန်တို့ကနေ ၁၉၃၈ ခုနှစ် ဧပြီ ၆ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ဇမ်ပီးအစိုးရမူလတန်း၊ တီးတိန်အစိုးရအထက်တန်းကျောင်းနဲ့ မန္တလေး တိုင်းချစ်ကျောင်းတွေမှာ ပညာသင်ကြားခဲ့ပါတယ်။

၁၉၅၈ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး  ရန်ကုန်တက္ကသိုလ်မှာ ဆက်လက်ပညာသင်ကြားခဲ့ရာမှာ ၁၉၆၃- ၆၄ ခုနှစ်မှာ ချင်းကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်။ ၁၉၆ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့၊ ၁၉၆၈ ခုနှစ်မှာ ဥပဒေ ဝိဇ္ဇာ ( L.L.B ) ဘွဲ့ရရှိပါတယ်။ 

ပူကျင့်ရှင်းထန်ဟာ ကျောင်းသားဘဝထဲက နိုင်ငံရေးလှုပ်ရှားမှုနဲ့၊ တိုင်းရင်းသားအရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီး  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ အာဏာရှင် ဦးနေဝင်းကို အစဉ်တစိုက်ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားဘဝနဲ့ ဖက်ဒရယ်အရေးဆွေးနွေးတဲ့ တောင်ကြီး ညီလာခံမှာ ပါဝင်တက်ရောက်ခဲ့ပါတယ်။  နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်  ပူကျင့်ရှင်းထန်ကို စစ်အာဏာရှင်အစိုးရတွေက   ၁၀ ကြိမ်လောက် ဖမ်းဆီးထောင်ချခဲ့ပါတယ်။ 

၁၉၈၈ အရေးတော်ပုံမှာလည်း ပါဝင်ခဲ့ပြီး ရှစ်လေးလုံး အရေးအခင်းအပြီးမှာ ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) ပါတီကိုထူထောင်ခဲ့ကာ  ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက ဖော်ဆောင်ပေးခြင်းမရှိတဲ့အတွက်  အန်အယ်လ်ဒီအပါအဝင် အနိုင်ရတိုင်းရင်းသားပါတီတွေက  ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကိုဖွဲ့စည်းတည်ထောင်ခဲ့ချိန်မှာ ပူကျင့်ရှင်းထန်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါတယ် ။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ပူကျင်ရှင်းထန်ဟာ တီးတိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ 

ပူကျင်ရှင်းထန်ဟာ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက် ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုရေစီ ပြည်ထောင်စုအရေးအတွက် ကျရာအခန်းကဏ္ဍကနေ ခိုင်မာစွာ ရပ်တည် ထမ်းဆောင်ရင်း  ဇိုမီးအမျိုးသားများ အပါအဝင် တိုင်းရင်းသားပေါင်းစုံ ပြည်သူ လူထုတစ်ရပ်လုံးနဲ့ တိုင်းပြည်အပေါ် သမိုင်းပေးတာဝန်ကို ကျေပွန်ခဲ့သူဖြစ်တယ်လို့ ဇိုမီးဒီမိုရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ DVB

“အိမ်စောင့် စစ်ခွေးကို မောင်းထုတ်ကြ” စာတမ်းများကိုင်ဆောင်ပြီး အကြမ်းဖက်စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကို လောင်းလုံးတက်ကြွလူငယ်များမှ ဆန္ဒပြ

khit thit

CDM ကုဒ်နံပတ်တွေထုတ်ဝေအသိအမှတ်ပြုသွားမယ်လို့ NUG ကြေညာ

ပြည်သူဘက်တော်သား တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက CDM ကုဒ်နံပတ်တွေ ထုတ်ဝေ အသိ အမှတ်ပြုသွားမယ်လို့ ဇူလိုင် ၃၁ မှာ ကြေညာလိုက်ပါတယ်။

တရားမျှတမှုနှင့် ဒီမိုကရေစီကို ရှေးရှူ့ပြီး ပြည်သူ့ဘက်မှရပ်တည်ကြတဲ့ CDM ဝန်ထမ်းတွေဟာ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးအတွက် ကြီးမားသော ခွန်အားဖြစ်စေကြောင်းလည်းဆိုပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားကို ချိနဲ့စေရုံ သာမက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး အတွက်လည်း အားကိုးအားထားပြုရမယ့် အင်အားတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။

ဒါကြောင့် CDM ပြုလုပ်ထားပြီး စာရင်းပေးသွင်းလိုတဲ့ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထဲက နိုင်ငံ့ဝန်ထမ်းကောင်းတွေအနေနဲ့ အချက် အလက်ပေါက်ကြားမှုကို စိုးရိမ်စရာမလိုဘဲ http://t.me/MyanmarPeople Telegram မှတစ်ဆင့် ဆက်သွယ်စာရင်းပေးသွင်း နိုင်ပါကြောင်း NUG က ကြေညာတာလည်းဖြစ်ပါတယ်။mizzima

လှိုင်သာယာ Mytel Tower တိုင်နှင့် မရမ်းကုန်း ရပ်ကွက်အုပ်ချုပ်ရေးရုံးတို့တွင် ဗုံးကွဲ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်နဲ့ ရွှေလင်ပန်း (၂၃) ရပ်ကွက် ရှိ စစ်တပ်ပိုင်  Mytel tower တိုင် နှစ်တိုင်မှာ သြဂုတ် ၁ ရက် မနက် ၆ နာရီလောက်က  မိနစ်အနည်းငယ်ခြားပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် အမှတ် (၁၀) ရပ်ကွက် တာဝါတိုင်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ရှာဖွေစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

အလားတူ မရမ်းကုန်းမြို့နယ်မှာလည်း အမှတ်  ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ သြဂုတ် ၁ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့ ကနဦးသတင်းရရှိပါတယ်။DVB

မြေပြင်စစ်ပွဲကို မတုန်လှုပ်တဲ့ မင်းတပ်သူရဲကောင်းများ

အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေး(မင်းတပ်)ကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ဖို့ လေယာဉ်တွေ ပို့ဆောင်နေကြပါပြီ။ ချင်းလက်နက်ကိုင်တွေနဲ့ ရက္ခိုင့်လက်နက်ကိုင်‌တွေရှိနေတဲ့ ချင်းပြည်နယ်မှာ စစ်တပ်က ဒီလိုအနေအထား ပြင်ဆင်မှုမျိုး အရင်က သိပ်မရှိခဲ့ပါဘူး။ အခုတော့ လေယာဉ်တွေပါ ပို့ဆောင်နေကြပါပြီ။

လက်ရှိ စစ်တပ်ဘက်က စစ်ရေးတည်ဆောက်နေမှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေး(မင်းတပ်) ကို မေးမြန်းကြည့်တဲ့အခါ “စစ်လေယာဉ်ကတော့ ဒီအပတ်မှာ စစ်သားတွေ လာပို့တယ်” လို့ ပြောပါတယ်။ ဒါက စစ်တပ်ဘက်က မြင်သာတဲ့ စစ်ရေးတည်ဆောက်မှုပဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်မင်းတပ်ဟာ အခုဆိုရင် ကာကွယ်ရေးပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေရှိလာတာကြောင့် စစ်တပ်ဘက်က အင်အားသုံးဖိအားပေးမှုတွေကို တစ်စတစ်စအရှိန်မြှင့်လာတာ တွေ့ရပါတယ်။

ဒါပေမဲ့ နှစ်ဖက်တိုက်ခိုက်ကြတဲ့ တိုက်ပွဲတိုင်းလိုလိုမှာ စစ်တပ်ဘက်က အကျအရှုံး များလာတယ်။ ဒါကြောင့်ပဲ စစ်တပ်ဟာ လေကြောင်းကနေတိုက်ဖို့ ပြင်ဆင်လာတာကို တွေ့ရတာပါ။ “CDF အနေနဲ့တော့ အခုတိုက်မယ်ဆို လေပြင်ကနေတိုက်လာမှာကိုပဲ ကြောက်ရမှာပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်(မင်းတပ်)တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

မြေပြင်ကနေတိုက်ဖို့ စစ်ကောင်စီလက်အောက်ခံတပ်တွေ အခက်အခဲ ရှိလာတာကြောင့်လည်း လေကြောင်းကနေတိုက်ဖို့ ပြင်ဆင်လာပုံ ပေါက်ပါတယ်။ CDF ဘက်ကတော့ မြေပြင်တိုက်ပွဲတိုင်း အသာစီးရယူနိုင်တာ များပါတယ်။ “ကုန်းကြောင်းသာဆိုရင်တော့ CDF ရဲဘော်တွေ အားလုံးက အဆင်သင့်ပါပဲ” လို့ သူက ဆက်ပြောပါတယ်။ စစ်တပ်ရဲ့ လေကြောင်းကနေ စစ်ရှိန်မြှင့်ခြင်းဟာ မင်းတပ်ရဲ့ ပြည်သူ့ကာကွယ်ရေး ယန္တရားကို ထိန်းသိမ်းဖို့ စစ်တပ်ရဲ့လုပ်ဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အရင် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စတိုက်စဉ်တုန်းကလည်း လေကြောင်းနဲ့ တိုက်ခိုက်ပြီး မင်းတပ်ကို စစ်တပ်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ပြည်သူ့ကာကွယ်ရေး(မင်းတပ်)က အရင်နဲ့ မတူတော့ဘဲ တိုက်ပွဲတိုင်းမှာ အသာစီးယူထားနိုင်လာပါတယ်။

“အရင်လိုကျဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး” လို့ ပြည်သူ့ကာကွယ်ရေး(မင်းတပ်)ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိ မင်းတပ်မှာ တိုက်ပွဲတွေအမြဲလိုလို ဖြစ်နေပြီး ဒီနေ့လည်း တိုက်ပွဲ ဖြစ်နေပါတယ်။ ဇူလိုင်လ ၃၀ ရက် ညနေပိုင်းတိုက်ပွဲမှာဆိုရင်လည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကသာတပ်ရင်းဖြစ်တဲ့ ခမရ (၃၀၉) တပ်ရင်းရဲ့ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးဇော်ဇော်စိုးအပါအဝင် စစ်သားအချို့ကျဆုံးကာ အများအပြား ဒဏ်ရာပြင်းထန်ရသွားပါတယ်။

“တစ်ချို့ထွက်ပြေးတဲ့သူတွေလည်းရှိတယ်” လို့ မင်းတပ်ကာကွယ်ရေး တာဝန်ရှိသူကဆိုပါတယ်။ လက်ရှိမှာ စစ်တပ်ဘက်က တပ်ရင်းမှူး သုံးဦးလောက်အထိ ကျသွားပြီလို့ ဆိုပါတယ်။ ယနေ့အထိ စစ်တပ်ဘက်က အယောက် ၂၀၀ ကျော် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ CDF ပြန်ကြားရေးတစ်ဦးက ဆိုပါတယ်။

ဒါက အခြားသော PDF တွေထက် သက်တမ်းနုလှတဲ့ CDF ရဲ့ လက်စွမ်းထက်မှုပါ။ CDF နဲ့ စစ်ကောင်စီတပ်တွေ အကြိမ်သုံးဆယ်လောက်အထိ တိုက်ခဲ့ရတဲ့တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က ကျသွားသူအရေအတွက်လည်း ဖြစ်ပါတယ်။ ဒါတောင်စစ်တပ်က ‌ကျသွားတဲ့သူတွေကို အလောင်းဖျောက်တာတွေ လုပ်ခဲ့ကြတယ်လို့ CDF ဘက်ကဆိုပါတယ်။ ဒီတစ်ခါ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးဘက်က အကျအဆုံး ရှိလာနိုင်သလား။

CDF ဘက်ကတော့ ရာသီဥတုကြည်လင်ချိန်ပဲ တိုက်ဖို့ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ မြင့်မားပြီး နှင်းထူထပ်နေတဲ့ ချင်းတောင်လိုနေရာမှာ လေကြောင်းကနေတိုက်ဖို့ သိပ်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ CDF ဟာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကောင်းတွေကို အာခံပြီးတိုက်နေကြရတာပါ။ “ ကျနော်တို့ လက်နက်တော်တော်များများက တူမီးနဲ့ ခါးချိုးတွေကို ကိုင်နေကြရတာပါ။ အဓိကတော့ ကျနော်တို့ရဲ့ သေရဲသတ်ရဲတဲ့ စိတ်အပြင် ‌နယ်မြေကျွမ်းကျင်မှုနဲ့ပဲ တိုးနေကြတာပဲ ” လို့ ဆိုပါတယ်။

မင်းတပ်ဟာ အခြားသောလက်နက်ကိုင်တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ကိုယ့်အားကိုယ်ကိုးပြီး မင်းတပ်ကို ကာကွယ်နေရတာပါ။ အခု မင်းတပ်မှာ ခလရ (၂၇၄) နယ်မြေခံတပ် တစ်ရင်းတည်း မဟုတ်တော့ပါဘူး။ ပြည်သူ့ကာကွယ်ရေး(မင်းတပ်)လို အဖွဲ့သေးသေးလေးကို ရင်ဆိုင်ဖို့ စစ်တပ်ဟာ သူ့တပ်ရင်း ခြောက် ရင်းထိ တိုးချထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်တပ်က CDF ကို တိုက်လို့ မရသေးပါဘူး။ “ချင်းလူမျိုးတွေက အရင်လိုမဟုတ်တော့ဘူး။ချင်းလူမျိုးတစ်ယောက်သေရင် စစ်ခွေး အယောက်တစ်ရာသေစေရမယ်” လို့ CDF ဘက်က တုန့်ပြန်ထားပါတယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ပဲ ကိုယ့်နယ်မြေထိန်းချုပ်မခံရရေး ကြိုးပမ်းနေကြပါတယ်။

ပြည်သူ့ကာကွယ်ရေး(မင်းတပ်)က ပြည်သူတွေကို ဒီသတင်းစကားလေး ပေးလိုက်ပါတယ် “ဒီ ဒီမိုကရေစီက မင်းတပ်တစ်ခုတည်းအတွက် တိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူး။ မင်းတပ်တစ်တပ်ကပဲ ဒါကိုလိုချင်တာ မဟုတ်ဘူးလေ။ အကုန်လုံးက လူညီဖို့လိုတယ်။ သတ္တိရှိဖို့လိုတယ်”mizzima

အင်းတိုင်းတော တရွာလုံးကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေဖျက်ဆီး

ကနီမြို့နယ် အင်းတိုင်းတောရွာက အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ကို ဇူလိုင် ၃၁ ရက်နေ့က စစ်ကောင်စီတပ်အင်အား ရာနဲ့ချီ ဝင်ရောက်ရှာဖွေ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းတိုင်းတောရွာသားတဦးက “ဒါ သက်သက် ယုတ်မာသွားတာ။ ရွာထဲက တအိမ်မှ မလွတ်ဘူး။ အကုန်ရှာဖွေဖျက်ဆီးတာ။ ထဘီသေတ္တာတောင် မချန်ဘူး အကုန်ရှာတာ၊ ဘာရှာတာမှန်းမသိဘူး။ သေချာတာကတော့ အဲဒီကောင်တွေ ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေ ယူရအောင် ရှာဖွေကြတာ။ ရွာထဲက ဈေးဆိုင်တွေက အရက်တွေ ယူသောက်တယ်။ ဖိနပ်တွေ ယူတယ်။ ဆန်၊ ဆီတွေ၊ ဆိုလာပြားတွေ၊ ဘထ္ထရီအိုးတွေ ယူတယ်ဗျာ။ ကုန်ကုန်ပြောရရင် မိန်းကလေးလုံချည်တောင် မချန်ဘူး၊ အကုန်ယူသွားကြတာ။ တချို့ဆို ရွှေ၊ ငွေတွေပါ အယူခံလိုက်ရတာ။ သူတို့မနိုင်တဲ့ ပစ္စည်းတွေဆို အကုန်မြေပြင်ပေါ် ကြဲပစ်ထားခဲ့ကြတယ်” လို့ ပြောပါတယ်။

အင်းတိုင်းတောရွာဟာ ကနီမြို့နယ် မုံရွာ-ယာကြီ-ကလေး လမ်းမဘေး မိုင်တိုင် ၃၁ မိုင်မှာ တည်ရှိပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိကာ မိရိုးဖလာတောင်သူလုပ်ငန်းကို လုပ်ကိုင်စားသောက်နေတဲ့ အပြစ်မဲ့ပြည်သူတွေ ဖြစ်ကြပါတယ်။DVB

« Older Entries