မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ်ထားရှိဖို့ မူလအဆိုပြုထားတဲ့ ၃ ဦးအနက် ထိုင်းနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ဝိရဆာကစ်ဒီဖူထရာကူလ်ကို သဘောတူထားပြီးဖြစ်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာကို တရားသိမ်းယူခဲ့တဲ့ ၆ လပြည့် အထိမ်းအမှတ် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁ ရက် မနက်က နိုင်ငံပိုင် ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ပြောသွားတာပါ။
“အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ်ထားရှိဖို့ မူလအဆိုပြုထားတဲ့ ၃ ဦးအနက် ထိုင်းနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီရဆဒ်ဖွတ်တကွန်းလ်ကို သဘောတူထားပြီးသားပါ။ သို့သော် အကြောင်းအမျိုးမျိုးနဲ့ အဆိုပြုမှုအသစ်တွေ ထပ်တိုးလာခဲ့လို့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတာပါ။”လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ပြီး တွေ့ဆုံဆွေးနွေးရေး အပါအဝင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံ မူဘောင်အတွင်းက ဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်းထွက်နေသူ ၄ ဦးကတော့ ဘရူနိုင်းနိုင်ငံရဲ့ ဒုနိုင်ငံခြားရေးဝန်ကြီး အာဝန်ယူဆော့်က၊ ထိုင်းဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီရဆဒ်ဖွတ်တကွန်းလ်၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဟတ်ဆန်ဝီရဂျူဒီနဲ့ မလေးရှား ဝါရင့် သံတမန်ဟောင်း ရာဇာလီအစ္စမေးလ်တို့ ဖြစ်ပါတယ်။
ဒီအထဲက အာဆီယံအထူးကိုယ်စားလှယ် ၁ ဦးကို နောက်ဆုံးအတည်ပြုရွေးချယ်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ အပြီးသတ် ဆွေးနွေးဖို့ ဆုံးဖြတ်ချက်ချမယ်လို့ အာဆီယံအလှည့်ကျဘရူနိုင်ငံရဲ့ ဒုနိုင်ငံခြားရေး ဝန်ကြီး အာဝန်ယူဆော့်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဦးစီးဦးဆောင် လုပ်ကိုင်ဆောင်ရွက်ဖို့ အထူးကိုယ်စားလှယ်မရှိဘဲ အလွန်ခက်ခဲလိမ့်မယ်လို့လည်း ပြောပါတယ်။
အာဝန်ဟာ အထူးကိုယ်စားလှယ်ဖြစ်ဖို့ အားသာနေတယ်လို့ နိုင်ငံခြားသံတမန် အရင်းအမြစ် ၄ ခုက ပြောပေမဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အာဆီယံအကြီးတန်းအရာရှိတွေရဲ့ အစည်းအဝေးမှာတော့ သဘောတူညီချက်မရခဲ့ဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးပါတယ်။ ဒီကိစ္စ မြန်မာစစ်အစိုးရရဲ့ အတည်ပြုချက် ရယူရဦးမယ်လိုလည်းဆိုပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့အကြား လအတန်ကြာ ညှိနှိုင်းဆွေးနွေးခဲ့ရာမှာ အားလုံး ဘုံသဘောတူတဲ့ ကိုယ်စားလှယ်ရှာမရတဲ့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေမှာ ဖိအားတွေရှိနေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်နဲ့ တခြားနိုင်ငံတွေကလည်း မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်အေးချမ်းမှုရလာဖို့ အာဆီယံအဖွဲ့ဟာ ဦးဆောင်ပြီး သံတန်မန်နည်းအရလုပ်ဆောင်တာ အကောင်းဆုံးဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကတော့ အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာပြည်သူတွေကို ရှေ့မှာထားပြီး ပြည်သူတွေကို ဗဟိုပြုလုပ်ဆောင်ရမယ်၊ မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေကို လျော့နည်းသက်သာ စေဖို့ ကူညီအထောက်အပံဖြစ်စေတယ်ဆိုရင် ကြိုဆိုပါတယ်လို့ ပြောပါတယ်။
အထူးကိုယ်စားလှယ်ခန့်ဖို့ကိစ္စဟာ ပြီးခဲ့တဲ့ ဧပြီလ ဂျာကာတာမှာကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ ပါတဲ့ အချက်တချက် ဖြစ်ပါတယ်။
ဘုံသဘောတူညီချက် ၅ ချက်ကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်တဲ့ဘက်အားလုံး အစွမ်းကုန်သည်းခံထိန်းသိမ်းဖို့၊ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးကိုရှေ့ရှုပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး သက်ဆိုင်သူအားလုံးက အပြုသဘောတွေ့ဆုံ ဆွေးနွေးကြဖို့၊ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့တွေ့ဆုံ ဆွေးနွေးရေးကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ဖို့၊ အာဆီယံအဖွဲ့ရဲ့ လူမှုကူညီရေးစင်တာ AHA စင်တာကတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်ဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ခွင့်ရရှိဖို့ ပါဝင်ပါတယ်။
အဆိုပါ သဘောတူညီချက် တွေနဲ့ ပတ်သက်ပြီး အခုအချိန်အထိ တစ်ချက်မှာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်တာ မရှိသေးပါဘူး။DVB
Like this:
Like Loading...