Monthly Archives: Aug 2021

တရုတ်နိုင်ငံက ပြန်လာတဲ့ မြန်မာလုပ်သား ဆယ်ရက်အတွင်း ၂,၅၀၀ နီးပါးရှိ

ဆယ်ရက်အတွင်း တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့ကနေ ပြန်လာကြတဲ့ မြန်မာလုပ်သား အရေအတွက်မှာ ၂,၅၀၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။ဇူလိုင် လ ၂၆ ရက်ကစပြီး မြန်မာလုပ်သားတွေဟာ တရုတ်-မြန်မာနယ်စပ် ဂျယ်ဂေါင်-မူဆယ် နန်းတော်ပေါက် ဂိတ်ကနေ ပြန်ဝင်လာကြတာပဲ ဖြစ်ပါတယ်။

နေရပ် ပြန်လာကြတဲ့ မြန်မာလုပ်သားဦးရေမှာ ဇူလိုင် ၂၆ ရက်ကနေ ၃၁ ရက်အထိ ၁,၃၀၀ ဝန်းကျင်ရှိပြီး သြဂုတ်လ ၁ ရက်ကနေ ဒီနေ့အထိ ဦးရေ ၁,၂၀၀ ကျော် ရှိတာကြောင့် ပြန်လာသူဦးရေ စုစုပေါင်း ၂,၅၀၀ နီးပါးရှိနေပါပြီ။

မြန်မာလုပ်သားအများစု ရှိနေတဲ့ဂျယ်ဂေါင်နဲ့ ရွှေလီမြို့မှာရှိတဲ့ အလုပ်တွေကို ၆ လကြာ ပိတ်ထားမှာဖြစ်ပြီး တရုတ် ယွမ်ငွေ ၂ သောင်း (မြန်မာငွေ သိန်း ၅၀ ဝန်းကျင်)မရှိသူတွေကို နေရပ်ပြန်ကြဖို့ တရုတ်ဘက်က ပြောဆိုတာကြောင့် ပြန်လာကြတာပဲ ဖြစ်ပါတယ်။

နယ်စပ်ဂိတ်ကနေ ပြန်ဝင်လာကြသူတွေကို မူဆယ်မြို့ထဲမှာ Quarantine မဝင်ခိုင်းတော့ဘဲ နေရပ်ဇာတိသို့သာ ပြန်ခိုင်းလိုက်တယ်လို့ ပြန်ဝင်လာတဲ့ မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့ မူဆယ်မြို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး ကွန်ရက်က ပြောပါတယ်။

တရုတ်ဘက်က တစ်ပတ်တစ်ကြိမ် ရောဂါပိုး ရှိမရှိ စစ်ဆေးပေးတာကြောင့် Quarantine မဝင်ခိုင်းတာဖြစ်ပြီး အချို့ဒေသမှာ Lock down ချထားတဲ့အတွက် နေရပ်ကို မပြန်နိုင်သေးသူအချို့လည်း ရှိနေပါတယ်။mizzima

ဖယ်ခုံမြို့နယ်၊ ဘီသူ (အထက်) ကျေးရွာအနီး စစ်ကောင်စီနှင့် ကရင်နီတပ်ဖွဲ့များတိုက်ပွဲဖြစ်၊ စစ်ကောင်စီမှ ၃ ဦး သေ

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဘီသူ (အထက်)ကျေးရွာနှင့် ခူးပရာတောင်ကြားတွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA, KNDF ပူးပေါင်းတပ်များကြား သြဂုတ်လ ၄ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ တပ်မ ၆၆ မှ ခန့်မှန်းအင်အား ၁၂၀ ခန့်သည် ဖရူးဆိုးမြို့ အနောက်ဘက်ခြမ်းရှိ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန် စစ်ကြောင်းထိုးလာစဉ် ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးမှုမရှိကြောင်း သိရသည်။

ထို့ပြင် ဒီးမော့ဆိုမြို့နယ်၊ ယပ်ခူကျေးရွာအတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားရာ ဘီသူ(အထက်) ကျေးရွာသို့ စစ်ကူဖြည့်တင်းမည့် အခြေအနေတွင် ရှိနေကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း KNDF မှ ယနေ့ ထုတ်ပြန်ထားသည်။khit thit

ဂျပန် – မဲခေါင်အစည်းအ‌ဝေးတွင် စစ်ကောင်စီကို မဖိတ်ကြားဖို့ ဂျပန်ရောက်မြန်မာများ ကန့် ကွက်ဆန္ဒပြ

ဂျပန်နိုင်ငံက ဦးဆောင်ကျင်းပမယ့် ဂျပန်- မဲခေါင် အစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီကို ပြည်သူ့အစိုးရအဖြစ် ဖိတ်ကြားခြင်း မပြုလုပ်ဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက သြဂုတ် ၄ ရက် မြန်မာစံတော်ချိန် မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ဂျပန်ရောက် မြန်မာတွေက အကြမ်းဖက်စစ်ကောင်စီကို အလိုမရှိကြောင်း ‌ကြွေးကြော်ခဲ့ပြီး စစ်ကောင်စီကို ပြည်သူ့အစိုးရအဖြစ် ဖိတ်ကြားခြင်းမပြုဖို့ ၊မြန်မာပြည်သူ‌တွေကို လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများပေးဖို့ နဲ့ NUG အစိုးရနဲ့သာ ပူးပေါင်းလုပ်ဆောင်ပေးဖို့ တို့ကို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

“အခုလာမယ့်အစည်းအဝေးမှာ မြန်မာဘက်က အကြမ်းဖက်စစ်ကောင်စီ တက်ရောက်မယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ အတည်ပြုထုတ်ပြန်ထားခြင်းမရှိသေးဘူး။ ပြည်သူ့အစိုးရလက်ထက်နဲ့ ယနေ့အာဏာလုထားတဲ့ စစ်အုပ်စုလက်ထက်အခြေအနေကို ယှဉ်တွဲပြီး ကိုရိုနာနဲ့ပတ်သက်တဲ့တုန့်ပြန်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှု မှတ်တမ်းတွေအရ သေချာလေ့လာသုံးသပ်စေချင်တယ်။

စကစကိုဖိတ်ခေါ်တယ်ဆိုရင် ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေအပေါ် ကြီးမားတဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်ဖို့ အားပေးအားမြှောက် လုပ်တာနဲ့ အတူတူပဲဖြစ်တယ်။ဒါကြောင့်ဂျပန်အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားကိုဦးစားပေးတယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ဆန္ဒကိုလေးစားသင့်ပါတယ် “ လို့ဆန္ဒပြရာမှာပါဝင်သူတွေကဆိုပါတယ်။

ဂျပန် – မဲခေါင်အစည်းအဝေးကို ဩဂုတ်လ ၆ ရက်မှာ ကျင်းပမှာဖြစ်ပြီး မဲခေါင်မဟာမိတ်နိုင်ငံ‌တွေဖြစ်တဲ့ ထိုင်း ၊လာအို ၊ကမ္ဘာဒီးယား ၊ဗီယက်နမ် နဲ့ မြန်မာနိုင်ငံတို့ကို မဲခေါင်ဒေသဖွံ့ဖြိုးရေး၊ကိုရိုနာကူးစက်မှုမပြန့်ပွားရေး နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတို့အတွက် အဓိက တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လ အတွင်းက ပြုလုပ်ဖို့ရည်ရွယ်ထားပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် အစည်းအဝေးကို သြဂုတ် ၆ ရက်မှာ ပြုလုပ်ဖို့ ရွေ့ဆိုင်းထားတာဖြစ်ပါတယ်။mizzima

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်လို့ အမှုဖွင့်ခံရသူတွေကို အမှုပြန်ရုပ်သိမ်းမယ်လို့ စကစ ကြေညာ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှ ပါဝင်လို့ ပုဒ်မတပ်အမှုဖွင့်ခံထားရလို့ တိမ်းရှောင်နေသူတွေကို အမှုပြန်ရုပ်သိမ်းပေးမယ်လို့ အာဏာသိမ်း စစ်ကောင်စီထုတ် သတင်းစာတွေမှာ ဒီကနေ့ ထည့် သွင်းကြေညာထားတာ တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်လတာကာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန် စစ်အုပ်စု ပစ်သတ်လို့ ကျဆုံးပြည်ပေါင်း ၁၀၀၀ နီးပါးနဲ့ အမှုဖွင့် ဖမ်းဆီးခံခဲ့ရသူ ခုနှစ်ထောင်ကျော် ရှိနေချိန် ဥပဒေဘောင်အတွင်း ပြန်ဝင်လာကြဖို့ဆိုပြီး စစ်အုပ်က ကြေညာနေတာလည်း ဖြစ်ပါတယ်။

အခုအမှုပိတ်သိမ်းပေးမယ့်အထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေသူတွေနဲ့ CDM ဝန်ထမ်းတွေကို ငွေကြေးအရ တစ်ခုခု ထောက်ပံ့နေသူတွေတော့ မပါဝင်းဘူးလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို မလိုလားသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ကျောင်းသား၊ လူငယ်၊ လူရွယ်တွေနဲ့ ဝန်ထမ်းတွေဟာ ဆန္ဒပြတာ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် အရေးယူခံရမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာ တွေ့ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အဲဒီလို ထွက်ပြေးတိမ်းရှောင်နေသူတွေအနေနဲ့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မယ်ဆိုရင် ရေးဖွင့်ထားတဲ့ အမှုတွေကို ပြန်ရုပ်သိမ်းတာ၊ ပိတ်သိမ်းတာတွေကို ဆောင်ရွက်ပေးမှာဖြစ်လို့ အမှုပိတ်သိမ်းချင်သူတွေ ဆက်သွယ်ကြဖို့ စစ်ကောင်စီက ကြေညာထားတာပါ။mizzima

စမ်းချောင်းမြို့နယ်မှာ ရပ်ကွက်ရုံး ပေါက်ကွဲပြီး မီးလောင်နေ

စမ်းချောင်းမြို့နယ်မှာ မုန့်တောင်ရပ်ကွက်ရုံး သြဂုတ်လ ၄ ရက်နေ့ ဒီနေ့ညပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်နေတယ်လို့ သိရပါတယ်။

ည ၈ နာရီကျော်လောက်မှာ ရုံးအတွင်းပိုင်းမှာပေါက်ကွဲတဲ့အသံကြားရပြီးနောက်ပိုင်း မီးစွဲလောင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။” အရင်ပေါက်ကွဲတာ ပြီးမှ မီးလိုက်လောင်တာ လူတွေကတော့ ထိဖို့များတယ် သေချာတော့မသိရသေးဘူး ခုတော့ စစ်ခွေးတွေရောက်နေပြီ”လို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ မုန့်တောင်ရပ်ကွက်ရုံးကို အကြမ်းဖက်စစ်အုပ်စုဘက်က စစ်သားတွေရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က စစ်သားနဲ့ရဲတွေက ပတ်ဝန်းကျင်က လူတွေကို စစ်ဆေးတာတွေပြုလုပ်နေပြီး လက်ရှိအချိန်ထိ လမ်းပိတ်ထားတယ်လို့ သိရပါတယ်။DVB

ကွတ်ခိုင်၊ ဟိုနောင်ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို KIA မှ မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင် စီမှ ၇ ဦးသေ ၁၂ ဦး ထက်မနည်း ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် ၇ မိုင်ခန့်ကွာဝေးသော ဟိုနောင်ကျေးရွာအနီး ပြည်ထောင်စုလမ်းမပေါ်တွင် ချီတက်လာသော အ ကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို သြဂုတ်လ ၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိသည်ဟု ကချင်သတင်းရင်းမြစ်များထံမှ သိရသည်။

“ဟိုနောင်ရွာ အပေါ်နားက ညောင်ပင်ကွေ့နားမှာ သူတို့ စစ်ကောင်စီ လာတော့ KIA တပ်ရင်း ၂၉ မှ တပ်သားတွေက မိုင်းခွဲလိုက်တာ၊ ပဒေသာမိုင်း ၅ လုံးတွဲ ခွဲလိုက်တာ၊ တော်တော်သေတယ်၊ အတိအကျတော့ ကျနော်မသိဘူး၊ ကွတ်ခိုင်က လူနာတင်ကားတွေနဲ့ ၂ ခေါက် လာသယ်သွားရတယ်” ဟု KIA သတင်းရင်းမြစ်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ ဟိုနောင်ရွာအနီး ပြည်ထောင်စုလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် KIA, TNLA, MNDAA မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။khit thit

မြိုင်မြို့နယ် ထနောင်းကုန်းရွာ၌ ကိုဗစ်လူနာများအတွက် အခြေခံစားသောက်ကုန် ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာမှာ သြဂုတ် ၄ ရက် မနက်ပိုင်းက ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ လူနာတွေရဲ့နေအိမ်တွေကို ပြည်သူအချင်းချင်း အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

ထနောင်းကုန်းကျေးရွာက ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့လူနာတွေရဲ့ နေအိမ်တွေကို စေတနာ့ ဝန်ထမ်းတွေ ဦးဆောင်ပြီးတော့ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်နဲ့ ဟင်းသီးဟင်းရွက်တွေကို  အိမ်တိုင်ရာရောက်ထောက်ပံ့ပေးခဲ့တာလို့ စေတနာ့ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ထနောင်းကုန်းကျေးရွာက စေတနာ့ဝန်ထမ်းတွေအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွကူညီဆောင်ရွက်ပေးနေပြီးတော့ အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ အောက်စီဂျင်ရရှိရေးလုပ်ငန်းတွေကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။DVB

မကွေးဝန်ကြီးချုပ်အမှု ကိုဗစ်ပိတ်ရက်ကြောင့် ကြန့်ကြာနေ

မကွေးအကျဉ်းထောင်တွင် ပုဒ်မ ၂ ခုဖြင့် တရားရင်ဆိုင်နေရသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ အမှုမှာ စစ်ကောင်စီ၏ ရုံးပိတ်ရက်များကြောင့် မစစ်ဆေးနိုင်သေးဘဲ နှောင့်နှေးနေကြောင်း လိုက်ပါဆောင်ရွက်သည့်ရှေ့နေထံမှ သိရသည်။ 

“ရုံးပိတ်ရက်တွေ ဖြစ်သွားတယ်။ ထောင်ဝင်ခွင့်မရတော့ဘူး။ ရုံးချိန်းရက်ကိုလည်း ထပ်မခေါ်တော့ ကျွန်တော်တို့ ဘာမှ မလုပ်ရသေးဘူးဗျ” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်က ဆိုသည်။ 

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့ကာ ဖေဖော်ဝါရီ ၇ တွင် ဖေ့ဘွတ်ခ်၌ Live လွှင့်ကာ လူထုသို့ စကားပြောခဲ့အပြီး ထောင်သို့ ပြောင်းရွှေ့လိုက်သည်။ 

ထို့နောက် ဒေါက်တာအောင်မိုးညိုကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲအမှုဖွင့်ခဲ့ပြီး ဇူလိုင် ၁၄ ၌ မကွေးတိုင်းတရားလွှတ်တော်တွင် Video Conferencing ဖြင့် အမှုစစ်ဆေးခဲ့သည်။ ထပ်မံချိန်းဆိုသည့်  ဇူလိုင် ၂၈  တွင် ရှေ့နေအဖွဲ့က ကိုယ်စားလှယ်လွှဲစာတင်ရန် ဆောင်ရွက်ခဲ့ကြသော်လည်း ထောင်ဝင်ခွင့် မရခဲ့သည့်အတွက် မတင်ခဲ့ရသေးကြောင်း ဦးအောင်နိုင်က ပြောသည်။ 

ထို့နောက် ကိုဗစ်နိုင်တင်းဖြစ်ပွားမှု မြင့်တက်လာသောကြောင့် ဇူလိုင် ၁၇ မှ ဩဂုတ် ၁ အထိ ရုံးပိတ်ရက်များအဖြစ် စစ်ကောင်စီက ကြေညာခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်၊ ဒေါ်စန္ဒီမြင့်နိုင်နှင့် ဦးအောင်နိုင်တို့အပါအဝင် ရှေ့နေများအဖွဲ့က မကွေးတိုင်းဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် မကွေးတိုင်းအစိုးရအဖွဲ့ဝင်တချို့ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေကြခြင်း ဖြစ်သည်။ 

တိုင်းဒေသကြီးတရားလွှတ်တော်ကို မေးမြန်းပြီးမှသာ ရုံးချိန်းရက်များကို သိနိုင်မည်ဖြစ်ကြောင်း ပြောသည်။

“နိုင်ငံတော်က ပိတ်တဲ့ရုံးပိတ်ရက်ဖြစ်တဲ့အတွက် သူတို့ကြေညာတဲ့အတိုင်းပါပဲ။ ဘယ်အပေါ် အခြေခံလဲဆိုတာတော့ ကျွန်တော်တို့ တိတိကျကျ ပြောဖို့ခက်မယ် ထင်တယ်” ဟု ရှေ့နေ ဦးအောင်နိုင်က ဆိုသည်။ 

ဒေါက်တာအောင်မိုးညို၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ “ကျန်းမာရေးကတော့ စိုးရိမ်ရတဲ့ အနေအထားတော့ မကြားသေးပါဘူး ”ဟု ၎င်းက ဆက်ပြောသည်။  

ဒေါက်တာအောင်မိုးညိုကို ဇွန် ၈ က ထောင်အထူးတရားခွင်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ထိုနေ့မှာပင် ကိုဗစ်ဆိုင်ရာပုဒ်မဖြစ်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ပုဒ်မ ၂၅ ဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။

ဇွန်လ ၂၃ တွင် ဒေါက်တာအောင်မိုးညိုအပါအဝင်၊ မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးများဖြစ်သည့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့ကို ထောင် ၁၅ နှစ်အထိ ချမှတ်နိုင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။

ဒေါက်တာအောင်မိုးညိုသည် လုပ်ငန်းရှင်တစ်ဦးက ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အကြောင်းပြလှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၅၀၀ ကို လက်ခံရယူခဲ့ခြင်း၊ လယ်ယာမြေ တစ်ဧကကို စက်သုံးဆီဆိုင်ဖွင့်လှစ်နိုင်ရေးအတွက် ခွင့်ပြုပေးခဲ့ခြင်းတို့ကြောင့် အဂတိဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်များနှင့် NLD အစိုးရအဖွဲ့ဝင်များကို ထောင်ဒဏ်၂ နှစ် အထိ ချနိုင်သည့် ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း၊ ထောင် ၁၅ နှစ်အထိ ချမှတ်နိုင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့်လည်းကောင်း၊ ထောင်ဒဏ် ​​၃ နှစ် အထိ ချမှတ်နိုင်မည့် သဘာဝဘေးပုဒ်မများဖြင့်လည်းကောင်း အမှုဖွင့်နေသည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ တွင် “နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချနိုင်သည်” ဟု ဖော်ပြထားသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အရ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူတို့၏ သီးခြားလူတစ်စုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီရေးအဖွဲ့ (AAPP) ၏ စာရင်းများအရ ဖေဖေါ်ဝါရီ ၁ မှ ဩဂုတ် ၃ အထိ ဆက်လက်ဖမ်းဆီးထိန်းခံနေရသူ ၅၄၇၈ ဦး ရှိနေပြီ ဖြစ်သည်။myanmar now

« Older Entries