Monthly Archives: Aug 2021

မန္တလေးအိုးဘိုထောင်အတွင်း ဆန္ဒပြမှုဖြစ်ပွားနေ

မန္တလေး အိုးဘိုထောင်အတွင်းမှာ ဩဂုတ် ၈ရက်၊ည ၉နာရီကျော်လောက်ကနေစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ အသံတွေ ကြားနေရတယ်လို့ ထောင်အနီးမှာနေထိုင်တဲ့သူ တစ်ဦးက မဇ္ဈိမကို အတည်ပြုပြောပါတယ်။

ရှစ်လေးလုံးအထိမ်းအမှတ်နေ့တွင် ဆန္ဒပြမှုနှင့်ပတ်သက်ပြီး “ကိုးနာရီလောက်ကတည်းက ဆူသံတွေ ဟိန်းလာတာပဲ။အဲဒီလိုအသံကြားပြီး မကြာဘူး။သေနတ်သံတွေကြားရတယ်။ဘယ်လိုတွေဖြစ်နေတယ်ဆိုတာတော့ မသိဘူး။”လို့ ထောင်အနီးမှာ နေထိုင်သူကပြောပါတယ်။နောက်တစ်ဦးကတော့ “သေနတ်သံလိုမျိုးအသံတစ်ချက်ကြားရတယ်။

မပီပြင်လိုက်ဘူး။တစ်ခါမှဒီလိုအချိန်မဖွင့်ဘူးတဲ့တရားသံက အခုည၁၀နာရီအထိဖွင့်ထားတုန်းပဲ။အကျဥ်းထောင်နဲ့ တော်တော်အလှမ်းဝေးတဲ့နေရာအထိ တရားသံကြားနေရတယ်။ဒါကတော့ထူးဆန်းတာပေါ့ “ဟု ပြောသည်။

ထောင်ပတ်ဝန်ကျင်မှာတော့ အာဏာသိမ်း လက်နက်ကိုင် အဖွဲ့ကနေရာယူထားပြီး အိုးဘိုရပ်ကွက် ၇၆လမ်း၊ရထားသံလမ်းကူးကိုပိတ်ထားတယ်လို့လည်းသိရပါတယ်။လက်ရှိမှာ ထောင်ဝန်ထမ်းတွေရဲ့ ဖုန်းအားလုံးကို အာဏာသိမ်း လက်နက်ကိုင်အဖွဲ့က သိမ်းထားတယ်လို့သိရပါတယ်။မန္တလေးအိုးဘိုအကျည်းထောင်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ၁၉ရက်နေ့ကလည်းအာဏာရှင်ပြုတ်ကျရေး ဆန္ဒပြတောင်းဆိုခဲ့ကြသေးသည်။mizzima

စစ်ဖြစ်နေသည့် ကယားဒေသမှ စစ်ရှောင်များ အကူအညီလိုအပ်

ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်အရှိန်မြင့်လာသောကြောင့် ပြည်နယ်လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဒေသခံ တစ်သိန်းဝန်းကျင်ခန့်မှာ နေရပ်စွန့်ခွာနေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်အရေးကူညီသူတို့က ပြောသည်။

ဇူလိုင်လအတွင်း တိုက်ပွဲအနည်းငယ်သာဖြစ်ပွားခဲ့ပြီး နေရပ်ပြန်သူတချို့ ရှိကြသော်လည်း ဩဂုတ်လဆန်းမှ စတင်ကာ တိုက်ပွဲများ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားလာ၍ ထောင်နှင့်ချီသည့် ဒေသခံများ ထပ်မံစစ်ရှောင်ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကရင်နီတပ်တော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့သည် စစ်ကောင်စီတပ်နှင့် လွိုင်ကော်၊ ဖရူဆို၊ ဘော်လခဲ၊ ဒီးမော့ဆို၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲ ၆ ကြိမ် ထက်မနည်းဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်သေဆုံးခဲ့သည်ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဩဂုတ် ၃ တစ်ရက်တည်းတွင် ဖရူဆို၊ ဘော်လခဲမြို့နယ်တို့တွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ၁၁ ဦး သေ၊ ၂၀ ကျော်ဒဏ်ရာရကာ စစ်ကားသုံးစီး မီးလောင်ပျက်စီးခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။ 

ဘော်လခဲမြို့ကို ဦးတည်လာသည့် စစ်ကားတစ်စီးကို ဩဂုတ် ၃၊ မနက် ၇ နာရီခွဲခန့်တွင် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအနီး ကရင်နီတပ်မတော် (KA) က တိုက်ခိုက်ခဲ့သည်။

ထိုနေ့မနက် ၁၁ နာရီခန့် လွိုင်ကော်မှ ဘော်လခဲမြို့သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကား ၂၇ စီးပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ထားလဲကျေးရွာနှင့် မားခရော့ရှေ့ကျေးရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“စစ်ယာဉ်တန်းက ရှေ့ဆုံးမှာ ပွိုင့်ယူထားသလို နောက်ဆုံးမှာလည်း ပွိုင့်ယူထားတယ်။ အလယ်မှာက လောင်စာဆီကားတွေ တင်ထားတာ။ အဲဒီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တာပေါ့ဗျ၊ ပြီးတော့ လက်နက်ငယ်တွေနဲ့ ဆက်ပစ်တယ်။ ဒါကြောင့် အကျအဆုံးများတာ” ဟု ၎င်းက ဆိုသည်။

၎င်း ဖရူဆိုနှင့် ဘော်လခဲမြို့နယ်နှစ်ခုတွင် တိုက်ပွဲများကြောင့် ထားလဲ၊ တော်ခူ (ရွာသစ်)၊ တော်ခူ (ရွာဟောင်း) စသည့် ရွာပေါင်း ၁၄ ရွာမှ လူဦးရေ ၃၄၄၂ ဦးသည် နီးစပ်ရာကျေးရွာများသို့ စစ်ရှောင်နေရသည်ဟု သိရသည်။ 

ဖရူဆိုမြို့နယ်အနောက်ပိုင်းတွင် ရှိနေသည့် ၎င်းစစ်ရှောင်များအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု ဖရူဆိုနှင့် ဘော်လခဲမြို့နယ်များမှ စစ်ရှောင်အရေးကူညီသူ ဦးဖားဘူက ပြောသည်။

တိုက်ပွဲများပြန်မဖြစ်မီက ကြိုတင်ပြင်ဆင်ထားသည့် စားနပ်ရိက္ခာများကို စစ်ဘေးဒုက္ခသည်များအတွက် အသုံးပြုနေကြောင်း၊ ရိက္ခာသယ်သည့် လမ်းမကြီးတလျှောက် တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် ရေရှည်တွင် စားသောက်ရေး ခက်ခဲလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီဒေသက ဆန်မစိုက်တော့ ဆန်ဝယ်စားရတဲ့ဒေသ။ အခုက ဆန်ပါဝယ်မရတော့ စစ်ရှောင်တင်မကဘူး ဒေသခံတွေပါ စားနပ်ရိက္ခာပြတ်လပ်လာနိုင်တယ်” ဟု ဦးဖားဘူက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၃ တွင် ဘော်လခဲမြို့နယ်၊ နန်းဖဲရွာနှင့် ​ကပ်လျက်ရှိသည့် ဖရူဆိုမြို့နယ် တော်ခူ(ရွာသစ်)တို့အနီးတွင် တိုက်ပွဲများထပ်မံဖြစ်ပွားလာသည့်အတွက် အဆိုပါရွာနှစ်ရွာမှ စစ်ရှောင်များလည်း ရောက်ရှိလာသည်ဟု သိရသည်။

နန်းဖဲကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး လူနေအိမ်နှင့် ဈေးဆိုင်များကို ဖောက်ထွင်းလုယက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်သားများက အရပ်သားတို့ထံမှ လူယူ၊ ခိုးယူသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။

တော်ခူ (ရွာသစ်) မှ စစ်ရှောင် လူဦးရေ ၈၀၀ ခန့်ရှိပြီး နန်းဖဲရွာနှင့် နှစ်ရွာပေါင်း မည်မျှတိမ်းရှောင်လာသည်ကို မခန့်မှန်းနိုင်သေးဟု ဦးဖားဘူက ပြောသည်။

ဖရူဆိုမြို့နယ်အရှေ့ဘက်နှင့် အနောက်ဘက်ဟူ၍ နှစ်နေရာခွဲ၍ တိမ်းရှောင်နေကြရာ ဖရူဆိုမြို့နယ်အနောက်ဘက် စစ်ရှောင်အရေအတွက်မှာ ၆,၀၀၀ ထက်မနည်းရှိနေပြီး နောက်ဆုံးရစာရင်းများကို ဆက်လက်ပြုစုနေသည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီး ၄ လအကြာ မေလနှောင်းပိုင်းမှစတင်ပြီး ဒီးမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက် ဆန္ဒပြပွဲမှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့  (KNDF) ဖြစ်လာမည့် တူးမီးသေနတ်ကိုင် ဒေသခံလူငယ်များ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ရက်အနည်းငယ်အတွင်း ဒီးမော့ဆိုမြို့အပြင် ပြည်နယ်မြို့တော် လွိုင်ကော်နှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်များတွင် တိုက်ပွဲများ ကူးစက်သွားခဲ့သည်။

စစ်ကောင်စီတပ်များက လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒီးမော့ဆိုမြို့ပေါ် နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများကို ထိမှန်ပျက်စီးခဲ့သည်။

ထို့နောက် မေလနှင့် ဇွန်လအကြားတွင် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်များမှ ဒေသခံတစ်သိန်းခန့် နီးစပ်ရာ ကျေးရွာများနှင့် တောတောင်များထဲ စစ်ဘေးရှောင်ခဲ့ရသည်။

ဇွန်လလယ်ခန့်၌ စစ်ကောင်စီတပ်များနှင့် KNDF အကြား အပစ်ရပ်သဘောတူညီချက်ရရှိခဲ့ပြီး ဒေသခံအရပ်သားတချို့ နေရပ်ပြန်ခဲ့သော်လည်း ဒေသခံအများစုမှာ ဆက်လက်တိမ်းရှောင်ဆဲဖြစ်သည်။ 

သို့သော် အပစ်ရပ်ပြီး ရက်အနည်းငယ်အကြာတွင်ပင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ 

မေလဆန်းတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၏ ကရင်နီတပ်မတော် (KA) နှင့် ဘော်လခဲမြို့နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းတိုက်ပွဲများတွင် ကရင်နီတပ်မတော် ပါဝင်လာခဲ့သည်။ 

ထို့နောက် ဇူလိုင်လဆန်းမှ စတင်ကာ KNDF နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ KA ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ 

ကယား(ကရင်နီ) ပြည်နယ်အတွင်း KNDF နှင့် KA ပူးပေါင်းတပ်များက စစ်ကောင်စီယာဉ်တန်း၊ စစ်ကြောင်းများကို မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် အုပ်ချုပ်ရေးယန္တရားဖြစ်သည့် ရဲစခန်းများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နိုင်ခဲ့ပြီး စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီကာ သေဆုံးခဲ့သည်။

လက်နက်အင်အားနည်းသော်လည်း နယ်မြေကျွမ်းကျင်သည့် ကရင်နီပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို နယ်မြေအသာ၊ သတင်းအချက်အလက်အသာဖြင့် အကြိမ်ကြိမ် ချုံခုံတိုက်ခိုက်၊ ကြားဖြတ်တိုက်ခဲ့ကြသည်။

ဇူလိုင်မှ စတင်ကာ စစ်ကောင်စီ၏ တပ်မ(၆၆) မှ အင်အားရာချီသည့် စစ်ကြောင်းများက လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘော်လခဲမြို့နယ်များအတွင်း တောတောင်များအတွင်းထဲအထိ လှုပ်ရှားလာခဲ့ပြီး KNDF, KA တို့နှင့် တိုက်ပွဲဖြစ်ပွားလာခဲ့သည်။

KNDF က ထုတ်ပြန်သည့် တိုက်ပွဲသတင်းများအရ ဇူလိုင်တစ်လလုံး တိုက်ပွဲ ၅ ကြိမ်ခန့်သာ ဖြစ်ပွားခဲ့ပြီး ဩဂုတ်လဆန်း ၆ ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

ဩဂုတ် ၄ တွင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ခူးပရာတောင်နှင့် ဘီသူ (အထက်) ကျေးရွာကြားတွင် တပ်မ (၆၆) မှ အင်အား ၁၂၀ ခန့်ပါဝင်သည့် စစ်ကြောင်းကို KNDF နှင့် KA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ 

အဆိုပါတပ်များမှာ ဖရူဆိုမြို့နယ်အတွင်းရှိသည့် တော်လှန်ရေးတပ်များကို ထိုးစစ်ဆင်ရန် ရောက်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်းသေဆုံးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက တိုက်ပွဲသတင်း၊ စစ်ဘေးဒုက္ခသည်သတင်းတို့ကို ထုတ်ပြန်လေ့မရှိပေ။

ဘီသူရွာမှ ရွာသား ၃၀၀ ခန့် မှာ တိုက်ပွဲလွတ်သည့် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်အရေးကူညီသူများက ပြောသည်။

လတ်တလောတွင် ကယားပြည်နယ်တစ်ခုလုံး၌ စစ်ရှောင်အရေအတွက် ရှစ်သောင်းမှ တစ်သိန်းကြားရှိမည်ဟု စစ်ရှောင်အရေးကူညီသူများက ခန့်မှန်းကြပြီး စစ်ရှောင်အများဆုံးရှိနေသည့် မြို့နယ်မှာ ဒီးမော့ဆိုမြို့နယ်ဖြစ်ကာ စစ်ရှောင်အရေအတွက် ၅ သောင်းခန့်ရှိနိုင်မည်ဟု ခန့်မှန်းကြသည်။

စစ်ရှောင်အများစုမှာ စခန်းများ မတည်ဆောက်နိုင်ဘဲ နီးစပ်ရာကျေးရွာများရှိ ဘာသာရေးအဆောက်အဦများနှင့် တောတွင်း၌ ရွက်ဖျင်တဲထိုးနေကြရပြီး နေရာအနှံ့ပြန့်ကျဲနေသည့်အတွက် စစ်ရှောင်အရေအတွက်ကို အတိအကျကောက်ယူရန်မှာ ခက်ခဲသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

ဒီးမော့ဆိုမြို့အနောက်ဘက်မှာတော့ ကျေးရွာပေါင်း ၁၁ ရွာမှာ စစ်ရှောင် ၄,၀၀၀ ခန့် သောင်တင်နေပြီး အများစုမှာ ဒီမော့ဆိုမြို့ပေါ်ရပ်ကွက်များနှင့် ဒေါငံခါးရပ်ကွက်တို့မှဖြစ်သည်ဟု ဒီမော့ဆိုအခြေပြု စစ်ဘေးရှောင်ကော်မတီ၏ တာဝန်ခံတစ်ဦးက ပြောသည်။

ယခင်က အလှူရှင်များ၏ ကူညီထောက်ပံ့မှုများရရှိခဲ့သော်လည်း ကိုဗစ်နိုင်တင်း တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ဇူလိုင်လမှ စတင်ပြီး အလှူရှင်များလျော့နည်းသွားသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၄ ဘီသူရွာအနီးဖြစ်ပွားသည့် တိုက်ပွဲကြောင့် အနီးနား ဘာဒိုရွာမှ စစ်ရှောင် ၁၅၀ ခန့် ရောက်ရှိလာ၍ စစ်ရှောင်အရေအတွက် ထပ်တိုးနိုင်ဖွယ်ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

“အခုကို တစ်ရွာနှစ်ရွာက စရှောင်နေကြပြီ၊ စစ်ကြောင်းထိုးလာပြီဆိုတော့ ရွာသူရွာသားတွေက ထွက်ပြေးနေရပြီ ။ နောက်လည်းထပ်လာဖို့ရှိနေတယ်” ဟု အဆိုပါ တာဝန်ခံက ဆိုသည်။

လက်ရှိတွင် လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်နှစ်ခုရှိ စစ်ရှောင်များကူညီရန်အတွက် လမ်းကြောင်းများ အခက်အခဲဖြစ်နေသလို စားရေးရိက္ခာများလည်း ခက်ခဲနေသည်ဟု စစ်ရှောင်ကူညီသူ ကိုခွန်အိုက်ကဖြူးက ပြောသည်။

ထို့အပြင် လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင် ၂၅၀၀ ကျော်နေထိုင်သည့် ဆင်စခန်းတွင် ကိုဗစ်ကူးစက်ခံရသူ အသက် ၁၆ နှစ်မှ ၁၂ နှစ်ကြားကလေးငယ် ၇ ဦးအထိရှိနေပြီး ကိုဗစ်နိုင်တင်းကာကွယ်ရေးအတွက် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများလည်း လိုအပ်နေသည်ဟု ၎င်းက ပြောသည်။

“အရေးမပေါ်တဲ့ မြို့နယ်က တစ်ခုမှမရှိဘူး၊ အကုန်လုံးအရေးပေါ်နေတယ် အခုက၊ မြို့နယ်အလိုက်ကလည်း လမ်းမကြီးတစ်လျှောက် တစ်ဆက်တည်းဖြစ်နေတော့ အကုန်လုံးအရေးပေါ်နေတယ်လို့ပဲ မှတ်ချက်ပြုချင်တယ်” ဟု စစ်ရှောင်အရေးကူညီသူ ကိုခွန်းအိုက်ကဖြူးက ဆိုသည်။ 

ကယားပြည်နယ် မြို့နယ်တချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသလို စစ်တပ်က ကယားပြည်နယ်အတွင်း ထပ်မံထိုးစစ်ဆင်လာနိုင်သည့်အတွက် စစ်ရှောင်များနှင့် ဒေသခံပြည်သူများ ကြိုတင်ပြင်ဆင်ထားကြရန် ယခုရက်ပိုင်းအတွင်း KNDF က သတိပေးထားသည်။

ဩဂုတ် ၆ ၌ ကယားပြည်နယ်အတွင်း ယခင်လှုပ်ရှားနေသည့် ခြေလျင်တပ်ရင်း (ခလရ)  ၁၅၉ တပ်များအစား တိုက်ခိုက်ရေးတပ် ခြေမြန်တပ်ရင်းဖြစ်သော တပ်မ ၆၆ လက်အောက်ခံတပ်များဖြင့် တပ်အလဲအလှယ် ပြုလုပ်နေပြီး ရှမ်းပြည်နယ်ဘက်မှ စစ်ကား ၁၅ စီး၊ တပ်အင်အား ရာနှင့်ချီပြီးဝင်လာသည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထိုသို့ဝင်လာသည့် တပ်မ ၆၆ လက်အောက်ခံတပ်များကို KNDF က ဖယ်ခုံမြို့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အကျအဆုံးစာရင်းကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

“တိုက်ပွဲတွေက ပိုများလာမယ်လို့ ကျွန်တော်တို့မှန်းထားတယ်၊ အကြောင်းအရင်းက သူတို့ဘက်ကလည်း ထိုးစစ်တွေ၊ နယ်ကျွံတာတွေကလည်း ပိုများလာသလို ကျွန်တော်တို့ KNDF ရော KA ရောကလည်း နေရာချထားပြီးသားမို့လို့ ထိတွေ့မှုတွေက အရင်ကထက်စာရင် မကြာခဏပိုဖြစ်လာလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်တစ်ခုလုံးတွင် စစ်တပ်က အင်အားထောင်နှင့်ချီကာ စစ်ဆင်ရေးပြုလုပ်နေသည်။ အဓိကအားဖြင့် တပ်မ ၆၆ လက်အောက်ခံတပ်များကို အသုံးပြုကာ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များတွင် စစ်ရေးလှုပ်ရှားလျက်ရှိကာ  ထပ်မံအင်အားဖြည့်တင်းမှုများလည်း လုပ်ဆောင်နေသည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ယနေ့ ဩဂုတ် ၈ တွင်လည်း ရှမ်းပြည်နယ်၊ ဖယ်ခုံရှိ ဘီသူ( အထက်) နှင့် ကယားပြည်နယ် ဖရူဆိုမြို့နယ် ဒိုမိုခိုကျေးရွာအကြား စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA , KNDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး KA နှင့် KNDF ဘက်မှ အထိအခိုက်မရှိကြောင်း ညနေပိုင်း၌ ထုတ်ပြန်သည်။ 

ယနေ့ ဩဂုတ် ၈ တွင်လည်း ရှမ်းပြည်နယ်၊ ဖယ်ခုံရှိ ဘီသူ( အထက်) နှင့် ကယားပြည်နယ် ဖရူဆိုမြို့နယ် ဒိုမိုခိုကျေးရွာအကြား စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA , KNDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး KA နှင့် KNDF ဘက်မှ အထိအခိုက်မရှိကြောင်း ညနေပိုင်း၌ ထုတ်ပြန်သည်။ myanmar now

ဒီပဲယင်းတွင် စစ်ကားများ မိုင်းဆွဲခံရပြီး အနီးနားကျေးရွာများကို စစ်တပ် ဝင်မွှေ

ထွက်ပြေးနေသော ဒေသခံကျေးရွာသားများကို ယနေ့ ဩဂုတ် ၈ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီး ယမန်နေ့ (သြဂုတ် ၇ ) ညပိုင်းက စစ်ကားငါးစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်က ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းနေပြီး ဒေသခံ ၁၀ ဦး ဝန်းကျင် ဖမ်းဆီးခံထားရသည်။

မုံရွာမြို့ဘက်မှလာသည့် စစ်ကားငါးစီးမှာ ဒီပဲယင်းမြို့နှင့် ၄ မိုင်ခန့်အကွာ ကြည်ရွာနှင့် ပြန်ကျရွာအကြား ယမန်နေ့ ည ၉ နာရီဝန်းကျင်၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကားနှစ်စီးပျက်စီးသွားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးက ပြောသည်။ 

“ဆွဲမိုင်းရော၊ ဖုန်းမိုင်းရော ထောင်ထားတာ။ သူတို့(စစ်ကောင်စီတပ်) က တစ်နေရာမှာ မိသွားတာ။ စစ်ကားနှစ်စီးတော့ ပျက်စီးသွားတယ်။ သူတို့ဘက်က အထိအခိုက်တော့ မသိရသေးဘူး။ မိုင်းမိပြီးတော့ သူတို့က သွေးရူးသွေးတန်းနဲ့ ရမ်းပစ်တယ်။ ဒီဘက်က ပြန်မလုပ်ဘူး“ ဟု ၎င်းက ပြောသည်။ 

ထိုသို့ စစ်ကားများ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ကြည်ရွာအပါအဝင် အနီးအနားကျေးရွာများအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ညတွင်းချင်းပင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။ 

ယနေ့ နံနက် ၆ နာရီဝန်းကျင်မှ စတင်ကာ ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းကျေးရွာများဖြစ်သည့် လက်ယက်ကုန်း၊ ညောင်လှနှင့် ဝဲကြီးရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မွှေနှောက်သည့်အပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ဝဲကြီးနှင့် ကပ်လျက်ရှိ နများကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“လက်ယက်ကုန်းကို (စစ်ကောင်စီတပ်က) ၉ နာရီခွဲလောက်ရောက်တယ်။ မူးတွင်းနဲ့ လက်ယက်ကုန်းကြားမှာ တွေ့တဲ့သူတွေ မဲမဲမြင်ရာ လိုက်ပစ်တော့တာပဲ။ ၉ နာရီခွဲလောက်က။ လက်နက်ကြီးပေါက်ကွဲသံနှစ်ခု ကြားလိုက်ရတယ် ” ဟု ၎င်းဒေသခံက ဆိုသည်။ 

စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြင်သမျှ တရစပ်ပစ်ခတ်သည့်အတွက် လယ်ထွန်စက်မောင်းနေသည့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး သေဆုံးခဲ့သည်ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်ကောင်စီတပ်များသည် ညောင်လှကျေးရွာကိုလည်း ယနေ့နံနက်တွင် ဝင်ရောက်စီးနင်းပြီး ရွာဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ကွာရန်တင်းစင်တာရှိ လူငယ် ၁၀ ဦး ဝန်းကျင်ကို ဖမ်းဆီးသွားကြောင်း ရွာသားများကို ကိုးကားပြီး အထက်ပါအမျိုးသားက ဆက်ပြောသည်။

ဘုန်းကြီးကျောင်းဝင်းရှိ ဆိုင်ကယ်ရှစ်စီးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီးနောက် ဆိုင်ကယ်လေးစီးခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ယနေ့ မွန်းလွဲပိုင်းအချိန်အထိ ညောင်လှရွာ ဘုန်းကြီးကျောင်းနှင့် ဝဲကြီးရွာတို့တွင် စစ်ကောင်စီတပ်များ တပ်စွဲထားဆဲဖြစ်ကာ စစ်ကောင်စီတပ်များ ဝင်ရောက်မွှေနှောက်နေသောကြောင့် ဒေသခံထောင်ဂဏန်းခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

မိုးရာသီ စိုက်ပျိုးရေးလုပ်ငန်းများစတင်နေချိန်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် လုပ်ငန်းများ များစွာထိခိုက်နစ်နာကြောင်း ဒီပဲယင်းမြို့နယ် ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။ 

“သူတို့ အဲ့ဒီလိုလုပ်လိုက်တော့ ပျိုးနုတ်မဲ့ လုပ်သားတွေရော၊ ကောက်စိုက်သမတွေရော အကုန်ထွက်ပြေးကြတယ်။ တချို့ဆို ပျိုးနုတ်ပြီးသားလယ်တွေက ထွက်ပြေးလာတော့ ပျိုးတွေက စိုက်မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း ဒီပဲယင်းသည် စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်လျက်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။ ဇွန် ၈ တွင် ဒီပဲယင်းမြို့နယ်၊ ယဉ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်သင်တန်းပေးသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့၍ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ (PDF) များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ 

၂၀၀၃ က ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်း တိုက်ခိုက်ခံရဖူးသည့် ကြည်ရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ သမီးနှစ်ဦး ဇွန် ၁၃ ရက်က အသတ်ခံရပြီးနောက် ကြည်ရွာ၏ အနောက်ဖက်နှစ်မိုင်ခန့်အကွာရှိ ဆပ်ပြာကျင်းနှင့် ဘုတ်ရွာကို စစ်တပ်က ဝင်စီးရာ ဘုတ်ရွာမှ ရွာသားတစ်ဦး ပစ်သတ်ခံရပြီး တစ်ဦး ဒဏ်ရာရခဲ့သည်။ ထို့နောက် ဒေသခံ PDF များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံး ဒဏ်ရာရမှုများရှိခဲ့သည်။

ထို့နောက် ဇူလိုင် ၂ တွင် ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအနီး တိုက်ပွဲဖြစ်ရာ ဒဏ်ရာရနေသည့် PDF အဖွဲ့ဝင်များအပါအဝင် အရပ်သား ၃၀ ထက်မနည်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်။ ယင်းဆပ်ပြာကျင်းရွာတိုက်ပွဲကြောင့် ကျေးရွာ ၂၀ ကျော်မှ ရွာသူရွာသားများ ထွက်ပြေးခဲ့ရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ ယင်းမာပင်၊ ကနီ၊ တန့်ဆည်၊ ချောင်းဦး၊ ရွှေဘိုအပါအဝင် မြို့နယ်အများအပြားမှ ဒေသခံတို့သည် လက်လုပ်တူမီးသေနတ်အပါအဝင် ရရာလက်နက်ဖြင့် စစ်ကောင်စီ၏ ဖိနှိပ်မှုကို ပြန်ခုခံနေသော ဒေသများဖြစ်သည်။  myanmar now

စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်း KNDF ထုတ်ပြန်

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်နှင့် ဖရူဆိုမြို့နယ်ကြားတွင် ယနေ့ဩဂုတ်လ ၈ ရက်နံနက် ၆ နာရီခွဲခန့်က တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်း ကရင်နီအမျိူးသားများကာကွယ်ရေးတပ် (KNDF)မှ ယနေ့ညပိုင်းက ထုတ်ပြန်လိုက်သည်။

အဆိုပါ ဖယ်ခုံမြို့နယ်ဘီသူ(အထက်)နှင့်ဖရူဆိုမြို့နယ် ဒိုမိုခိုကျေးရွာအကြားတွင် စစ်ကောင်စီတပ်မှအကြမ်းဖက်ထိုးစစ်ဆင်လာသောကြောင့် ကရင်နီတပ်မတော်(KA)နှင့် KNDF တို့မှ ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်မှစတင်၍ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အချိန်‌ေလးနာရီကြာ အဆက်မပြတ်ပစ်ခဲ့၍ ညနေပိုင်း ၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ထပ်မံထိုးစစ်‌ဆင်ခဲ့သောကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားများ ၁၀ ဦးထက်မနည်း ထိခိုက်ကျဆုံးမှုရှိသော်လည်း ကရင်နီတပ်မတော်နှင့် KNDF ဘက်မှ ထိခိုက်ဒဏ်ရာနှင့်ကျဆုံးမှုမရှိကြောင်း ကြေညာထားသည်။ လက်ရှိအခြေအနေအရ အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေဖြင့် လွိုင်ကော်မြို့နယ်၊ဖရူဆိုမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားလျက်ရှိကာအင်အားထပ်မံဖြည့်တင်းထားကြောင်း သိရသည်။mizzima

စစ်အာဏာရှင်ကို အလဲထိုးအနိုင်ယူမည့် ၃၃ ပြည့် မြန်မာ့ဒီမိုကရေစီခရီးကြမ်း

“၈၈ က အကြွေးဟောင်း ၂၁ မှာ အပြီးတောင်း”။ စစ်အာဏာရှင်တော်လှန်ရေးအတွင်းက မြန်မာပြည်သူလူထု၏ ကြွေးကြော်သံဖြစ်သည်။ ၁၉၈၈ ခုနှစ် ဩဂုတ် ၈ ရက်နေ့မှ ယနေ့အချိန်ထိ ဒီမိုကရေစီကို လိုလားတောင့်တသော ပြည်သူများက ခေတ်အဆက်ဆက် ပေးဆပ်ခဲ့ရသော အသက်သွေးချွေးများအတွက် အကြွေးဟောင်းအကြွေးသစ်များ တောင်းနေခြင်းဖြစ်သည်။

‘ရှစ်လေးလုံး’ အရေးတော်ပုံမှာ ၃၃ နှစ်ပြည့်မြောက်သည့် ယနေ့ (ဩဂုတ် ၈) တွင် နိုင်ငံတကာရှိ မြန်မာပြည်သူများက ၎င်းတို့ရောက်ရှိရာ နိုင်ငံများတွင် အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲများ ဆင်နွှဲခဲ့ကြသည့်နည်းတူ ပြည်တွင်း၌လည်း နည်းမျိုးစုံဖြင့် ဆန္ဒဖော်ထုတ်များရှိခဲ့သည်။

အာဏာရှင်မျိုးဆက် စစ်ဗိုလ်ချုပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းယူခဲ့ရာ ခြောက်လကျော်ရှိလာပြီဖြစ်ကာ နိုင်ငံ့အနှံ့တွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများနည်းတူ စစ်အာဏာရှင်ဖြုတ်ချရေး လက်နက်ကိုင်တိုက်ပွဲများလည်း ဖြစ်ပေါ်လျက်ရှိသည်။

နှစ်ပေါင်း ၃၀ ကျော် ဗိုလ်ကျစိုးမိုးခဲ့သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အလဲထိုးရမည့်ပွဲဖြစ်ကြောင်း ယနေ့ကျရောက်သည့် ရှစ်လေးသုံး ၃၃ နှစ်ပြည့်အထိန်းအမှတ်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။

“လက်ဝှေ့စကားနဲ့ ပြောရရင် အချီပြည့်ထိုးပြီးပြီ။ အချီတိုင်းမှာ နိုင်ပြီးသားချည်း။ ဒါလူတိုင်းသိတယ်။ ကမ္ဘာကြီးပါသိတယ်။ ဒါပေမဲ့ အမှတ်နဲ့နိုင်တာ မရဘူးတဲ့။ အလဲထိုးမှနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားတာ။ အလဲထိုးဖို့ပဲရှိတယ်။ အဲဒီကျမှ ဒိုင်လူကြီးလိုလို ဆရာ့ဆရာကြီးလိုလိုတော့ လာမချုပ်နဲ့” ဟု ၎င်းက ဆိုသည်။

ခေတ်အဆက်ဆက် အာဏာရှင်များက လူထုအပေါ် တင်ရှိနေသည့် သမိုင်းကြွေးကို ရယူနိုင်ရန် ၂၀၂၁ နွေဦးတော်လှန်ရေးကို အပြီးသတ်တိုက်ယူရမည်ဖြစ်ကြောင်း မန္တလေးမြို့မှ နာမည်ကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာဆန်းက ဆိုသည်။

“ကျွန်တော်တို့ရဲ့ ကြွေးကြော်သံကတော့ ၈၈ က သွေးကြေးဟောင်း ၂၁ မှာ အပြီးတောင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုးကို အဆုံးသတ်တိုက်ပွဲအဖြစ် အနိုင်ယူကြဖို့ အနိုင်ဆင်နွှဲကြဖို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

လူထုရဲ့ ခြောက်လကျော် ဖြတ်သန်းမှုတွေဟာလည်းပဲ အောင်ပွဲအတွက် အကောင်းဆုံး သက်သေဖြစ်နေပြီ လို့ပဲ ပြောလိုပါတယ်” ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ခြောက်လကျော်ရှိလာပြီဖြစ်သော်လည်း အစိုးရအုပ်ချုပ်ရေးယန္တရားပြည့်ဝစွာ လည်ပတ်နိုင်ခြင်း မရှိသေးသည့်အပြင် တိုင်းရင်းဒေသများအပါအဝင် အမြို့မြို့အနယ်နယ်၌ လူထု၏ အနိုင်မခံ အရှုံးမပေးသော ဆန့်ကျင်တွန်းလှန်မှုများကို ရင်ဆိုင်နေရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကိုင် ခုခံတိုက်ခိုက်သည့်တိုက်ပွဲများအပြင် စစ်အာဏာရှင်ဘက်တော်သား အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်များ လုပ်ကြံသတ်ဖြတ်ခံရမှု၊ ဗုံးခွဲတိုက်ခိုက်ခံရမှုများလည်း နေရာဒေသအလိုက် နေ့စဉ်ရက်ဆက် ဖြစ်ပေါ်လျက်ရှိသည်။

ယမန်နေ့ (ဩဂုတ် ၇) ညပိုင်းတွင် ရန်ကုန်မြို့ ဟံသာဝတီအဝိုင်းအနီးရှိ မြန်မာ့အသံဝန်းအတွင်းရှိ စစ်ကောင်စီလက်နက်ကိုင်များကို စစ်အာဏာရှင်ဆန့်ကျင်သူအချို့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်ပြည့် ယနေ့တွင်လည်း ရန်ကုန်မြို့ရှိ အချို့သော နေရာများနှင့် အချို့သော ဒေသများတွင် စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ဗုံးခွဲတိုက်ခိုက်ခံရမှုများ ရှိခဲ့သည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၂၀ ကျော်တွင် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ‘၈၈ က အကြွေးဟောင်း ၂၁ မှာ အပြီးတောင်း” ဆိုးသော ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအရ စစ်အုပ်စုခြယ်လှယ်နေသည့် နိုင်ငံရေးအခင်းအကျင်းများဖြင့် ဒီမိုကရေစီမရရှိနိုင်သည်ကို ပြည်သူလူထုတစ်ရပ်လုံးက သဘောပေါက်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုညီဇော်က ဆိုသည်။

“ကိုယ့်အားကိုယ်ကိုးပြီး လက်ရှိတိုက်ပွဲဝင်နေကြတဲ့ သပိတ်အင်အားစုတွေ၊ CDM အင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ၊ လူမျိုးစုအဖွဲ့တွေနဲ့ အဖိနှိပ်ခံ လူထုတစ်ရပ်လုံး လက်တွဲညီညီသွားမှသာလျှင် အာဏာရှင်စနစ်တိုက်ဖျက်ရေးကို လုပ်လို့ရနိုင်မယ်” ဟုလည်း ၎င်းက ပြောသည်။ 

ရှစ်​လေးလုံးဒီမိုက​ရေစီအ​ရေး​တော်ပုံကြီး၏ မပြီးဆုံး​သေး​သော တိုက်ပွဲကို လက်ရှိ​နွေဦး​တော်လှန်​ရေးက လက်ဆင့်ကမ်းသယ်ဆောင်ကာ ဖက်ဒရယ်ဒီမိုက​ရေစီ​ရေးအတွက် ဆက်လက်တိုက်ပွဲဝင်​နေကြခြင်းဖြစ်သည်ဟု ယနေ့လမ်းပေါ်ထွက်ခဲ့သည့် မုံရွာမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြစစ်ကြောင်းက ဆိုသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစကာ လမ်းပေါ်မှ ဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွင်းခံရစဉ်လည်းကောင်း စစ်ကောင်စီ၏ အမျိုးမျိုးသော ဖမ်းဆီးသတ်ဖြတ်မှုများကြောင့်လည်းကောင်း အရပ်သားပြည်သူတစ်ထောင်နီးပါး သေဆုံးခဲ့ရပြီး ဖမ်းဆီးခံခဲ့ရသူ ၆၀၀၀ ခန့်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

ခေတ်အဆက်ဆက်တွင် စစ်အာဏာရှင်များ၏ မတရားဖိနှိပ်သတ်ဖြတ်မှုကို ခါးစည်းခံခဲ့ရသည့် ပြည်သူလူထုအတွက် တရားမျှတမှု ဖော်ထုတ်ပေးရမည်ဖြစ်ကြောင်း Generation Wave အဖွဲ့ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက ဆိုသည်။

“နွေဦးတော်လှန်ရေးကို မည်သည့်ပုံစံနဲ့ အဆုံးသတ်သည်ဖြစ်စေ နစ်နာခဲ့ရတဲ့ ပြည်သူတွေအတွက် အမှန်တရားဖော်ထုတ်ပေးရမယ်။ တရားမျှတမှုကို ဖော်ထုတ်ပေးရမယ်။ အဲ့ဒီဟာကို ကျွန်တော်တို့ မေ့မထားဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။ myanmar now

ပြည်သူများအနေဖြင့် ဖက်ဆစ်စစ်အုပ်စု၏ ရုံးဌာနအဆောက်အအုံများနား သွားလာခြင်းရှောင်ကြဉ်ရန် ဖ.ဆ.လ.တသတိပေး

ယခုရက်ပိုင်းအတွင်း ပြည်သူများအနေဖြင့် ဖက်ဆစ်စစ်အုပ်စုရုံးဌာနအဆောက်အအုံများနားသွားလာခြင်းရှောင်ကြဉ်ရန် ရန်ကုန်မြို့ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ)မှ ယနေ့ဩဂုတ်လ ၈ရက် ညပိုင်းကသတိပေးထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့အတွင်း ယခုလအတွင်း ပေါက်ကွဲမှုများဖြစ်သည့်အလျောက် ဖက်ဆစ်စစ်အုပ်စုဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့မှာအရပ်၀တ်ဖြင့်ပြည်သူများကြား သွားလာနေကြသဖြင့် ပြည်သူများအားရော၍ထိခိုက်မှုမရှိစေရန် စစ်အုပ်စုများနှင့်ပက်သတ်သည့် ရုံးများ၊ဌာနများ၊အဆောက်အအုံများ၊ကင်းစခန်းများ၊ရဲစခန်း၊တပ်စွဲထားသည့်နီးစပ်သည့်နေရာအသီးသီးသို့ ရှောင်ကာသွားလာကြရန်ဖ.ဆ.လ.တ အနေဖြင့်သတိပေးခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ၎င်းတို့၏အာဏာတည်မြဲရေးနှင့် အကျိူးစီးပွားရှာ၍ ပြည်သူလူထု၏ ဥစ္စာစည်းစိမ်များလုယက်ခြင်း၊မတရားသိမ်းယူခြင်း၊ ဖမ်းဆီးဆက်ကြေးကောက်ခြင်းများပို၍ပြုလုပ်လာကြသည်။

သို့ဖြစ်ပါ၍ ဖ.ဆ.လ.တအဖွဲ့မှ ယနေ့ နေ့လည်ပိုင်းက တောင်ဒဂုံမြို့နယ်ဘုန်းကြီးကျောင်းကွေ့နှင့် ၅၄ မှတ်တိုင်ကြားနေရာတွင် ဆိုင်ကယ်ဖြင့် အကြမ်းဖက်စစ်အုပ်စုအား ဦးတည်ဖောက်ခွဲခဲ့ကြောင်း တပါတည်းကြေညာထားသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေဖြစ်သည့် ပျူစောထီးကဲ့သို့အရပ်၀တ်လက်နက်ကိုင်များမှ ပြည်သူများအား တန်ပြန်ပြောက်ကျားစနစ်ဖြင့် ဆက်လက်တိုက်ခိုက်ဖောက်ခွဲမှုများပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် သတိနှင့်ယှဉ်တွဲသွားလာနေထိုင်ရန် အထူးလိုအပ်ကြောင်း ကြေညာထားသည်။mizzima

PDF များကို နှိမ်နင်းရန် စစ်ကောင်စီက ပြည်သူ့စစ်များကို စစ်ကူတောင်

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို နှိမ်နင်းရန် စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့များကို စစ်ကူတောင်းထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရတခ)မှ လက်နက်အပြည့်အစုံဖြင့် စစ်ကား ၇ စီးသည် ယမန်နေ့ (ဩဂုတ် ၇) နံနက်ပိုင်းတွင် ပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ရှိ မတ်ကျန်းပြည်သူ့စစ်ဌာနချုပ်သို့ ရောက်ရှိလာပြီး စစ်ကူတောင်းခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ဆန္ဒပြပွဲကလည်း ငြိမ်နေပြီ။ တောင်ကြီးမှာလည်း မရှိဘူး။ ရှမ်းပြည်မှာ မရှိတော့ဘူး။ အဓိကတော့ တော်လှန်ရေးဘက်က တစ်ခုခုတိုက်ခိုက်မှုတွေ ဖြစ်လာပြီဆိုရင် သူတို့ဘက်မှာ အင်အားနည်းနေပြီပေါ့နော်။ အရေးပေါ်လိုလာပြီဆိုရင် ဒီဘက်ကနေ အလုံးအရင်းနဲ့ လာပေးဖို့ပေါ့” ဟု မတ်ကျန်းပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ ၎င်းက ပြောသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းစိန်နှင့် တွေ့ဆုံခဲ့ပြီး စစ်ကူတောင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကူအင်အားအတိအကျကို မသိရသော်လည်း အသင့်အနေအထားပြင်ဆင်ထားရန် ပြောသွားခဲ့သည်ဟု အထက်ပါ ဒေသခံက ဆိုသည်။

PDF များကို တောနင်းရှာရန်နှင့် နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ကောင်စီက ဌာနေပြည်သူ့စစ်များကို ဖိအားပေးထားကြောင်း ရှမ်းတောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Southern Shan State Generations (SSSG) ထံမှလည်း သိရသည်။

“တစ်ဖွဲ့ကို (လူအင်အား) ၁၀၀ တောင်းပါတယ်။ နမ့်စန်မြေပြင်က ရှုပ်ထွေးပါတယ်။ လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံတွေပါ။ သူတို့လဲ ကျွန်တော်တို့စခန်းတည်နေရာ သိချင်နေကြပါတယ်” ဟု SSSG တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရှမ်းပြည်တောင်ပိုင်းတွင် PDF ငါးဖွဲ့ခန့်ရှိပြီး ၎င်းတို့၏ တပ်စခန်းများကို စစ်တပ်က ပရိယာယ်ဖြင့် စုံစမ်းထောက်လှမ်းမှုများပြုလုပ်နေကြောင်း၊ လက်ရှိအထိ ထိပ်တိုက်ပစ်ခတ်မှုများ မရှိသေးဟုလည်း ၎င်းက ပြောသည်။

ဩဂုတ်လ ၆ ရက်က ခမရ ၅၁၆ မှ ဒုတပ်ကြပ်အဖြစ် အသွင်ယူထားသော စစ်သားတစ်ဦးသည် SSSG အဖွဲ့ တပ်စခန်းအနီးတွင် ထောက်လှမ်းရေးဒရုန်းဆင်နေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ထိုစစ်သားက ထွက်ပြေးသဖြင့် လက်မောင်းကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထို့နောက် စစ်ဆေးမေးမြန်းနေစဉ် အဆိုပါစစ်သား သေဆုံးခဲ့ကြောင်း SSSG တပ်ဖွဲ့ဝင်က ဆိုသည်။ 

“ဘာကိစ္စနဲ့ ကျွန်တော်တို့နယ်မြေထဲဝင်လဲ မေးတော့ တပ်ပြေးလို့ ဖြေပါတယ်။ ကျန်တဲ့မေးခွန်းထပ်မေးချိန်မှာ သူ့အသက်က မရတော့ဘူး။ Drone လွှင့်ပြီး ရှောင်ကွင်းနေရာရှာတာပါလို့ အသက်မထွက်ခင် နောက်ဆုံးပြောသွားတယ်” ဟု ၎င်းက ပြောသည်။ 

အဆိုပါစစ်သား၏ ကျောပိုးအိတ်အတွင်း GPS အပါအဝင် စက်ပစ္စည်းတချို့ကို တွေ့ရှိခဲ့ပြီး စခန်းနှင့် ၁၂ မိုင်အကွာတွင် ၎င်း၏ အပေါင်းအပါများကို ကားတစ်စီးနှင့် တွေ့ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

ထိုသို့ လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေများအပြင် ဌာနေပြည်သူ့စစ်ရန်ကိုလည်း ကြောက်ရသဖြင့် ရှမ်းပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များလှုပ်ရှားရန် အခွင့်မသာဖြစ်နေသည်။

ရှမ်းပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့ ရာချီရှိကာ မူးယစ်ဆေးနှင့် လောင်းကစားအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြောင်း ဒေသခံများထံမှ သိရသည်။myanmar now

အစ္စရေးနိုင်ငံ မြန်မာသံရုံးရှေ့ ရှစ်လေးလုံအထိမ်းအမှတ်နှင့် စစ်အာဏာရှင်ကျဆုံး‌ရေး ဆန္ဒထုတ်ဖော်

အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ရှိ မြန်မာသံရုံး မျက်နှာစာရှေ့တွင် ၈ လေးလုံးအထိမ်းအမှတ်နေ့ အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြထုတ်ဖော်ပွဲတစ်ရပ်အား ဒေသစံတော်ချိန် မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြသည်။

အစ္စရေးနိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံအရေး စိတ်ပါဝင်စားသူ အစ္စရေးနိုင်ငံသား စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် စစ်အာဏာရှင်ကျဆုံးရေး၊ ဖမ်းဆီးခံနိုင်ငံခေါင်းဆောင်များ ပြန်လည်လွတ်မြောက်ရေး၊ စစ်အာဏာရှင်လက်ပါး စေ မြန်မာသံအမတ်ကြီးနှင့် စစ်သံမှူး အလိုမရှိ အစရှိသည်တို့ကို ကြွေးကြော်ကာ ၁၉၈၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကာလအထိ အကြမ်းဖက် စစ်အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးသွားခဲ့သည့် သူရဲခေါင်းများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် (၁) မိနစ်ငြိမ်သက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။mizzima

« Older Entries