Monthly Archives: Aug 2021

ကယားပြည်နယ်အတွင်း အကြမ်းဖက် စစ်တပ် ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ထိခိုက်သေဆုံးမှုရှိ

ကယားပြည်နယ်အတွင်းရှိ ဖရူဆိုနှင့် ဖယ်ခုံမြို့နယ်တို့တွင် ယနေ့ သြဂုတ်လ ၉ ရက်နေ့၌ အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် ကရင်နီတပ်မတော်နှင့် KNDF တို့က ပြန်လည် ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်က ထိခိုက်သေဆုံးမှုရှိကြောင်း KNDF ထုတ်ပြန်ချက်အရ သိရသည်။

ဖရူဆိုမြို့နယ် အတွင်းရှိ ဒိုမိုခိုကျေးရွာနှင့် ဘီယာ ကျေးရွာကြားကို အကြမ်းဖက် စစ်တပ်က ယနေ့ နေ့လည် ၂နာရီတွင် ထိုးစစ်ဆင် တိုက်ခိုက်သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၅နာရီတွင်လည်း ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်က အင်အား ၃ဝဝဖြင့် စစ်ကြောင်း ၃ကြောင်းခွဲ၍ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖယ်ခုံမြို့နယ်အတွင်းတွင်လည်း ခေါင်းအိနှင့် လဝဲကျေးရွာ အနီးတွင်လည်း ပင်လောင်းဖက်က တက်လာသည့် အကြမ်းဖက် စစ်တပ်ကို KNDF ကကြားဖြတ်တိုက်ခိုက်သောကြောင့် ညနေ ၅နာရီကျော်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က ထိခိုက် သေဆုံးမှုများရှိသော်လည်း အရေအတွက် အတိအကျမသိရှိရကြောင်း KNDF ထုတ်ပြန်ချက်အရ သိရသည်။khit thit

မန္တလေးက လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ညီစေမင်း ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

အထက်ဗမာနိုင်ငံစာရေးဆရာအသင်း ဂုဏ်ထူးဆောင်အသင်းသား၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ စာရေးဆရာ ညီစေမင်း ကိုဗစ်-၁၉ ရောဂါနဲ့ ဩဂုတ်လ ၉ ရက် မနက် ၁၁ နာရီလောက်က ကွယ်လွန်သွားပါတယ်။

ဆရာညီစေမင်းဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့အတွက် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးတာဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၇၂ နှစ်ရှိပြီလို့ သိရပါတယ်။

စာရေးဆရာ ညီစေမင်း (ခ) ဦးကျော်ဇံလှကို ၁၉၄၉ ဇန်နဝါရီ ၄ ရက်နေ့က အဖ ဦးမြိုင်၊ အမိ ဒေါ်သိန်းတို့ကနေ မြင်းခြံမြို့မှာ မွေးဖွားခဲ့ပြီး ၁၉၅၃-၁၉၆၆ မှာ အထက(၁) မြင်းခြံမှာ ပညာသင် ကြားခဲ့ပါတယ်။ 

အဲ့ဒီနောက် ၁၉၆၆-၁၉၆၈ ထိ မန္တလေး ဆရာအတတ်သင်သိပ္ပံ၊ ၁၉၆၈-၁၉၇၃ ထိ မန္တလေးတက္ကသိုလ်ညနေသင်တန်း၊ ၁၉၇၆-၁၉၇၈ ထိ ရန်ကုန်ပညာရေးတက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့ ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့၊ ဥပဒေပညာ HGP ဘွဲ့တွေ ရရှိခဲ့ပါတယ်။

၁၉၇၀ မေလထုတ်ရူမဝမဂ္ဂဇင်းနဲ့ ရုပ်ရှင်မျက်မှန် မဂ္ဂဇင်းတို့မှာ မောင်ငြိမ်းခိုင်အမည်နဲ့ ကဗျာတွေ စတင်ရေးသားခဲ့ပြီး ၁၉၉၈ ဇန်နဝါရီလထုတ်မှ ၂၀၁၂ ခုနှစ်အထိ မြန်မာဓနမဂ္ဂဇင်းမှာ ပင်တိုင်ဆောင်ပါးရှင်အဖြစ် ရေးသားခဲ့ပါတယ်။

ပန်းတိုင်၊ မြန်မာဓန၊ ရုပ်ရှင်အမ စံပယ်ဖြူစတဲ့ မဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေ၊ ဘာသာပြန် ဝတ္ထုတွေရေးသားခဲ့ပြီး ဟယ်လင်ကဲလား (ဘာသာပြန်) စန္ဒာရှင်မနဲ့ ခေတ်သစ်ပုံပြင်တွေ၊ သတင်းသမားကောင်းဖြစ်ဖို့၊ နပိုလီယံကို ခြောက်တဲ့တစ္ဆေ၊ ဒေါ်ခင်မျိုးချစ်မှသည် ဒေါ်အောင်ဆန်းစုကြည်ထိ (ဘာသာပြန်) စာအုပ်တွေ၊ တခြားဘာသာပြန်ဝတ္ထုတွေ၊ ဝိရောဓိများစု ဆုံရာ၊ ခေတ်နှစ်ခေတ်၊  ထောင်နှစ်ထောင် စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ပါတယ်။ 

သူဟာ မန္တလေး အခြေစိုက် ပန်သစ္စာဂျာနယ်မှာလည်း အယ်ဒီတာချုပ်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ဆရာညီစေမင်းဟာ ၁၉၇၈-၁၉၈၀ ထိ အင်းစိန်ထောင်၊ ၁၉၈၉ – ၁၉၉၄ ထိ နန်းတွင်းနဲ့အိုးဘို အကျဉ်းထောင်မှာ အထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပါတယ်။DVB

ရဲစခန်းတွင် ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသွားသူ၏ မိသားစု၀င်များထံ ငွေကျပ်သိန်း ၃၀ဖြင့် လာ‌ ရောက်ညှိနှိုင်း

ဧရာဝတီတိုင်းဒေသကြီး ၊မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စု၊ သပြေကုန်းကျေးရွာမြောက်ပိုင်းနေ လူငယ်သုံးဦးကို စစ်ဆေးမေးမြန်ရာတွင် လက်လွန်သေဆုံးသွားသည့် လူငယ်တစ်ဦး၏ မိသားစု၀င်များအား ရဲတပ်ဖွဲ့ကငွေကျပ် သိန်း ၃၀ဖြင့်ကြေအေးပေးရန် လာရောက်ညှိနှိုင်းခဲ့ ကြောင်း မိသားစု၀င်များထံက သိရသည်။

စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲစခန်းက သြဂုတ်လ ၇ ရက်နေ့ မနက် ၈နာရီခွဲမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။သြဂုတ်လ ၉ ရက်နေ့မနက်ပိုင်းတွင် သေဆုံးသူ ကိုဆန်းဝင်းသူ၏နေအိမ်သို့ သပြေကုန်းအုပ်စုအပိုင်နယ်ထိန်းနှင့် အရပ်ဝတ်တစ်ဦးတို့က ရောက်လာပြီး ငွေကျပ်သိန်း ၃၀ဖြင့် ကြေအေးပေးရန် သေဆုံးသူမိသားစုဝင်များထံ လာရောက်ညှိနှိုင်းခဲ့ ခြင်းဖြစ်သည်။

သပြေကုန်းအုပ်စု အပိုင်နယ်ထိန်း ကျော်မောင်မောင်လွင် အပါအဝင် ရဲနှစ်ဦးနှင့်အတူ အမည်မသိအရပ်ဝတ်တစ်ဦးမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ထိုနေ့ ညနေပိုင်းအချိန်မှာပင် ဖမ်းဆီးခံရသူ သုံးဦးထဲတွင်အသက် ၂၁ နှစ်အရွယ် ကိုဆန်းဝင်းသူ ဆိုသူမှာ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

“မနက်ပိုင်းလာဖမ်းသွားတာပါ၊ နယ်ထိန်းက ပြောသွားတယ် ကျွန်တော်အာမခံပါတယ် ကျွန်တော်ကိုယ်တိုင်ပြန်လာပို့မယ်လို့ပြောပြီး ဖမ်းခေါ်သွားတာ၊ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့မပြောဘူး၊ အဲ့မနက်က ကျွန်မ အမေ ရဲစခန်းကိုလိုက်သွားတော့ အမေ့ကို ရဲတွေကအော်လွှတ်လိုက်တယ်။ ညနေပိုင်းမှာ သေတယ်ဆိုတာကို ပတ်ဝန်းကျင်ကပြောလို့သိရတာပါ။ ကျွန်မမောင်လေးက ဘာနိုင်ငံရေးမှလဲမလုပ်ပါဘူး”လို့ မိသားစုဝင်ဖြစ်သူက ရှင်းပြသည်။

သေဆုံးသူကိုဆန်းဝင်းသူရဲ့ မိသားစုဝင်တွေက ငွေ သိန်း ၃၀ နဲ့ကြေအေးပေးရန်အတွက် ညှိနှိုင်းခြင်းအားလက်ခံ သွားမည်မဟုတ်ကြောင်း။ ဆက်လက်ပြီး သက်ဆိုင်ရာ အဆင့်ဆင့်ထံသို့ တင်ပြတိုင်းကြားသွားရန်အတွက် ပြင်ဆင်နေကြောင်း သိရသည်။mizzima

“တိုက်ပိတ်လိုက်လို့ ငြိမ်သက်သွားမယ့်အထဲမှာ အမှန်တရားမပါဘူး” အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး မြိုင်သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

ဒီပဲယင်းတွင် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် ဆိတ်အုပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် ဆိတ်အကောင် ၃ဝ သေဆုံး

ဒီပဲယင်းမြို့နယ် နများကျေးရွာ နှင့် မူးရိုးကုန်းကျေးရွာ အကြားရှိ ပြည်သူပိုင်ဆိတ်အုပ်ကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၉ ရက်နေ့ နေ့လည်ပိုင်းက လက်နက်ကြီးဖြင့် လှမ်းပစ်သောကြောင့် ဆိတ် အကောင် ၃ဝ သေဆုံးကြောင်း ဒေသခံပြည်သူများ ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

” မအလရဲ့ ကျွန် ဖက်ဆစ်အကြမ်းဖက်တွေက လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တာ ဆိတ်အုပ်စုကို ဆိတ်အကောင် ၃ဝ သေားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့သို့ လက်နက်ကြီးကျည် ပစ်ခတ်ပြီးနောက် ဆိတ်ကျောင်းသား ၅ ဦးကို အကြမ်းဖက် စစ်တပ်က လိုက်လံပစ်ခတ်ခဲ့သော်လည်း ဆိတ်ကျောင်းသား ၅ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။khit thit

အိုးဘိုထောင်ဆန္ဒပြပွဲ ပါဝင်သူတို့ကို အကျဉ်းဦးစီး စိစစ်နေ

မန္တလေး အိုးဘိုထောင်တွင် ယမန်နေ့ (သြဂုတ် ၈) ညပိုင်း ကြွေးကြော်၊ သီချင်းဆိုရာတွင် မည်သည့် အကျဉ်းသားများ ပါဝင်သည်ကို စုံစမ်းစစ်ဆေးနေကြောင်း အကျဉ်းဦးစီးဌာနက သတင်းဌာနများကို ပြောသည်။ 

ည ၉ နာရီတွင် အကျဉ်းသား ၃၀၊ ၄၀ ခန့်က ကြွေးကြော်၊ သီချင်းဆိုမှုသည် ၅ မိနစ် ကြာသည်ဟု အကျဉ်းဦးစီးဌာန ဒုညွှန်မှူး ဦးချမ်းအေးကျော်က RFA  သတင်းဌာနကို ပြောသည်။

“ဒဏ်ရာရစရာလည်း မရှိဘူး။ တိုက်ပိတ်စရာလည်း မရှိဘူး။ ကြွေး‌ကြော်တဲ့အထဲမှာ သီချင်းဆိုတဲ့အထဲမှာ ပါဝင်တဲ့လူတွေကို ကျွန်တော်တို့က ရွေးချယ်စိစစ်တာပေါ့။ ဘယ်သူတွေလဲပေါ့။ ဒါမျိုးတွေ စိစစ်တာရှိတယ်။ ဒီလောက်ပဲရှိတယ်” ဟု ဒုညွှန်မှူးက ဆိုသည်။

အကျဉ်းဦးစီးအရာရှိတစ်ဦးကလည်း BBC သတင်းဌာနကို အလားတူ ပြောသည်။

“အပြစ်ရှိတယ်လို့ ပေါ်ပေါက်တဲ့သူကိုပဲ အကျဉ်းထောင်ဥပဒေအရ အရေးယူမှာပါ” ဟု ထိုအရာရှိက ဆိုသည်။

ယနေ့စစ်ဆေးတွေ့ရှိမှု ရလဒ်၊ ယမန်နေ့က ထောင်တွင်းမှ တရားခွေဖွင့်သံ ဆူညံစွာထွက်ပေါ်လာမှု၊ ကြွေးကြော်ခြင်း၊ သီချင်းဆိုခြင်းအတွက် အရေးယူမည့် အစီအစဉ်တို့နှင့် ပတ်သက်ပြီး Myanmar Now က ယနေ့ မေးမြန်းရန် ကြိုးစားသော်လည်း အကျဉ်းဦးစီးတာဝန်ရှိသူများက တယ်လီဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

ရှစ်လေးလုံးလူထုအရေးတော်ပုံ ၃၃ နှစ်မြောက် နှစ်လည်နေ့က အိုးဘိုအကျဉ်းထောင်မှ ဆန္ဒပြသံများထွက်ပေါ်လာပြီးနောက် တရားခွေဖွင့်သံနှင့် သေနတ်သံတချို့ကြားခဲ့ရကာ နာရီဝက်ခန့်အကြာတွင် အသံများ ပြန်တိတ်ဆိတ်သွားခဲ့ကြောင်း အိုးဘိုထောင်ဘေးရှိ ရပ်ကွက်၌ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

” ၉ နာရီလောက်မှာ ဒို့အရေး ဒို့အရေး အော်သံတွေ စကြားရတယ်။ အဲ့ဒီအော်သံတွေ ထွက်လာပြီး မကြာဘူး။ ထောင်ထဲကနေ တရားသံတွေ ထွက်လာတယ်၊ သေနတ်သံနှစ်ချက်လည်း ကြားလိုက်ရတယ်၊ နာရီဝက်လောက်ကြာ၊ ၉ ခွဲလောက်ကျတော့ အသံတွေ အကုန်ပြန်တိတ်သွားတယ်”ဟု အဆိုပါအမျိုးသားက ၎င်းကြားရပုံကို ယမန်နေ့ညက ပြောသည်။

အလားတူပင် ယခင်လ (ဇူလိုင်၂၃) မနက်က ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသေးသည်။  

အကျဉ်းသားများသည် ဥပဒေ၏ စောင့်ရှောက်ပိုင်ခွင့်များ ဆုံးရှုံးနေရပြီး အကျဉ်းထောင်များတွင် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်ခံပိုင်ခွင့်နှင့် အခြားသောအခွင့်အရေးများ ထပ်မံဆုံးရှုံးနေရကြောင်း၊ ယင်းအတွက် ၎င်းတို့၏ ရပိုင်ခွင့်များကို တောင်းဆိုနေခြင်းသည် တရားသဖြင့်တောင်းဆိုမှုဖြစ်ကြောင်း၊ အဆိုပါတောင်းဆိုမှုများကို ဆူပူမှုအဖြစ် သတ်မှတ်ပြီး အရေးယူ၊ အကြမ်းဖက်ရိုက်နှက်ပါက အကျဉ်းထောင်အာဏာပိုင်တို့ ရာဇဝတ်မှုကျူးလွန်လိုက်ခြင်းဖြစ်မည်ဟု  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် မတရားမှုများလုပ်လို၍ ထောင်တွင်းဖြစ်ရပ်များကို ထုတ်ပြန်လေ့မရှိဟု သူက ဆက်ပြောသည်။

“သတင်းအမှောင်ချတယ်ဆိုတာ စစ်အုပ်စုက လုပ်ရိုးလုပ်စဉ်ပါ။ သတင်းအမှောင်ချတယ်ဆိုကတည်းက စစ်အုပ်စုဟာ မတရားသဖြင့် ပြုမူနေတယ်၊ အဲဒီမတရားသဖြင့်လုပ်နေတယ်ဆိုတာကို ဖုံးကွယ်ချင်တယ်ဆိုတာ ထင်ရှားနေပါတယ်။ သူတို့သာ မှန်မှန်ကန်ကန်လုပ်နေတယ်ဆိုရင် သတင်းမီဒီယာတွေကို ပိတ်ပင်နေစရာမလိုပါဘူး။ သတင်းအမှောင်ချတာ တစ်ဖက်လှည့်နဲ့ လူသတ်နေတာပဲ။ အင်မတန်ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပါ”ဟု Myanmar Now ကို ပြောသည်။myanmar now

ရေဦးမြို့နယ်၊ ပင်စိမ်းကင်းရွာကို စစ်တပ်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ငွေနှင့်ပစ္စည်းများယူ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းရွာကို ဩဂုတ်လ ၉ ရက် နေ့လယ်ပိုင်းက အိမ်စီးကား ငါးစီးနဲ့စစ်ကောင်စီတပ်အင်အား ၄၀ လောက် သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး နေအိမ်အချို့က ငွေနဲ့ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ဝင်ရောက်တာကြောင့် ကျေးရွာအတွင်းက ကလေးသူငယ် သက်ကြီးရွယ်အိုပါ မကျန် ထွက်ပြေးကြစဉ် နေအိမ်အချို့ကိုဝင်ပြီး ပိုက်ဆံနဲ့ပစ္စည်းတွေယူသွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်တပ်လာတာက ကျနော်တို့ရွာက NLD အမာခံလည်းဖြစ်၊ လိုလျင်ယူ ပိုလျင်လှူ ကျေးရွာ ပရဟိတခေါင်းဆောင်လဲဖြစ်တဲ့ ကိုလှသန်းကို လာဖမ်းတာတဲ့‌ဗျ။ သူကိုမတွေ့တော့ သူ့အိမ် ဝင်ရှာတယ်။ တွေ့တဲ့ပိုက်ဆံ၊ TV နဲ့ မီးကော်မတီဆိုတော့ လျှပ်စစ်ပစ္စည်းတွေယူသွားကြတယ်။ ကိုလှသန်းမတွေ့လို့ သူ့အဖေ အိမ်သွားမေးတယ်။ အိမ်ကိုမွှေပြီး ပိုက်ဆံနဲ့ပစ္စည်းအချို့ ထပ်ယူသွားတယ်။ သူညီအိမ်ကလည်း ပိုက်ဆံနဲ့ပစ္စည်းတွေထပ်ယူသွားကြတယ် အားလုံးပေါင်းရင် သိန်း ၂၀ ကျော်လောက်တော့ပါသွားတယ်။”

ရေဦးမြို့နယ်၊ ပင်စိမ်းကင်းရွာ ဦးလှသန်းအိမ်၊ ညီဖြစ်သူ ငြိမ်းချမ်းအောင်ရဲ့‌နေအိမ်နဲ့ ဦးချစ်ဆောင်အိမ်က ငွေနဲ့ TV အပါအဝင် ပစ္စည်းတွေ ယူသွားကြတယ်လို့ သိရပါတယ်။ရေဦးမြို့နယ်၊ ပင်စိမ်းကင်းရွာဟာ မူးမြစ်ရဲ့အရှေ့ဘက်မှာ တည်ရှိပြီး ခင်ဦးမြို့နယ်၊ မုံလှရွာနဲ့ တဆက်တစပ်တည်းရှိတာကြောင့် ဩဂုတ် ၇ ရက်နေ့က မုံလှကျေးရွာမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံခဲ့ရမှု သံသယနဲ့ လာဖမ်းတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။DVB

မန္တလေးမြို့ အမှတ် ၁ ရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်

ယနေ့ (ဩဂုတ် ၉) မွန်းမတည့်မီ မန္တလေးမြို့ အမှတ် ၁ ရဲစခန်းတွင် ပေါက်ကွဲမှု၊ ပစ်ခတ်မှုများဖြစ်ပွားသော်လည်း သေဆုံးထိခိုက်သူမရှိကြောင်း အဆိုပါရပ်ကွက်တွင်းနေထိုင်သူများထံမှ သိရသည်။

ဗုံးပေါက်ကွဲသံထွက်ပေါ်ပြီးနောက် သေနတ်သံများကြားရသည်ဟု ရဲစခန်းအနီး ဆိုင်ဖွင့်ထားသည့် လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

“၁၁ ခွဲဝန်းကျင်လောက်ဖြစ်မယ်၊ အုန်းဆိုပြီး ရဲစခန်းဘက်က ပေါက်ကွဲသံကြားရပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ သေနတ်သံတွေ လေး၊ ငါးခြောက်ချက်ထွက်လာတယ်။ ဗုံးပစ်သွားလို့ သေနတ်နဲ့ လိုက်ပစ်တာလား၊ ဗုံးကို ထောင်ထားခဲ့ပြီး လှမ်းပစ်တာလားဆိုတာမျိုးတော့ ကျွန်တော်တို့လည်း မသိရဘူး၊ ဗုံးကွဲပြီး ခဏကြာတော့ ၁၉ လမ်းကြီးတစ်လျှောက်ကို ပိတ်ပစ်လိုက်တာပဲ”ဟု ယင်းအမျိုးသားက ဆိုသည်။

အခြားအမျိုးသားတစ်ဦးကလည်း အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့၊ အနှိပ်တော်ရပ်ကွက်၊ ၁၉ လမ်းနှင့် ၆၀-၆၁ လမ်းကြားရှိ  အဆိုပါ ရဲစခန်းဘက်မှ ပေါက်ကွဲသံကြားရသည်ဟု ဆိုသည်။

“ကျွန်တော်လမ်းပေါ်ထွက်ကြည့်တော့ ရပ်ကွက်ထဲကလူတွေ လမ်းပေါ်မရှိဘူး။ စစ်သားနဲ့ ရဲတွေပဲ၊ အရပ်ဝတ်တွေရော၊ ယူနီဖောင်းဝတ်တွေရော၊ လမ်းဘေးရပ်ကွက်တွေထဲ ပတ်နေတာပဲရှိတော့တယ်။ ၁၉ လမ်းမကြီးပေါ်မှာလည်း ပြည့်နေတယ်။ လူနာတင်ကားတချို့နဲ့ ကယ်ဆယ်ရေးအဖွဲ့တချို့ သွားလာနေတာလည်း တွေ့ခဲ့ရတယ်”ဟု ပေါက်ကွဲမှုဖြစ်ပြီး မိနစ်ပိုင်းအကြာတွင် မြင်တွေ့ရသည့်အခြေအနေများကို ၎င်းက ပြောပြသည်။

ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့သည့် လူမှုကယ်ဆယ်ရေးလုပ်အားပေးတစ်ဦးကလည်း ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ၊ ရဲစခန်းရှေ့တည့်တည့်တွင် ရှိသည့် ညောင်ပင်သာ ထိခိုက်ထားသည်ကို တွေ့ခဲ့ရကြောင်း၊ သေနတ်ပစ်ခတ်မှုကြောင့်လည်း ထိခိုက်ဒဏ်ရာရရှိသူများ မတွေ့ခဲ့ရကြောင်း ပြောသည်။

ရဲစခန်းရှေ့ ဘန်ကာနှစ်ခုတွင် အများအားဖြင့် ရဲများကို တွေ့ရပြီး တခါတရံ စစ်သားကို တွေ့ရှိရကြောင်း ရပ်ကွက်ဒေသခံတို့က ဆိုသည်။

ရဲစခန်းရှေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း မန္တလေးမြို့အခြေအနေ တည်ငြိမ်နေပြီး မြို့အတွင်း စစ်ဆေးမှုအနည်းငယ်သာ တွေ့ရသည်။ 

ပေါက်ကွဲမှု၊ ပစ်ခတ်မှုတို့နှင့်ပတ်သက်ပြီး ထိုရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။myanmar now

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပိုက်သင်ကျေးရွာက လူငယ်တစ်ယောက်ကို စစ်ကောင်စီတပ်က သြဂုတ် ၉ ရက်နေ့မွန်းလွဲပိုင်းမှာ သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က အရပ်ဝတ်ထားတဲ့သူတွေ အိမ်စီးကားတွေနဲ့ ပိုက်သင်ရွာကို ရောက်လာပြီး သပိတ်ခေါင်းဆောင် ကိုမောင်စန်းကို မတွေ့ရှိတာကြောင့် ကိုဗစ်စစ်ဆေးရေးဂိတ်မှာ တာဝန်ယူနေတဲ့ ကိုမင်းမင်း၊ ကိုအာရန်း၊ ကိုတင့်လွင်နဲ့ ကိုအောင်ဇေယျတို့ကို လက်ပြန်ကြိုးတုပ်ပြီး သပိတ်ခေါင်းဆောင်ရှိတဲ့နေရာကို ခြိမ်းခြောက်မေးမြန်းခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။

ဒီနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ အရွယ် ကိုအောင်ဇေယျ နောက်ကျောကနေ ရှေ့အထိ ဖောက်ထွက်ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ကျန်တဲ့ ၃ ဦးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။DVB

« Older Entries