Monthly Archives: Aug 2021

မိုးကုတ် အထက ၃ ကျောင်းထဲဗုံးကွဲ၊ စစ်သား ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်း မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်က တပ်စွဲထားတဲ့ အထက ၃ စာသင်ကျောင်းထဲ သြဂုတ် ၁၃ ရက်နေ့ညနေ ၅ နာရီဝန်းကျင်က ဗုံးကွဲပြီး စစ်တပ်သား ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက “ကျောင်းဝင်းထဲမှာ  ဗုံးကွဲတာ၊ အသံတော့အကျယ်ကြီးပဲကြားတယ်၊ ထွက်လည်း မကြည့်ရဲဘူးလေ။ အဲ့မှာ စစ်သားတွေက သေနတ်တွေနဲ့ စောင့်နေတာ ထွက်မကြည့်ရဲဘူး။ သုံး​ယောက် ဒဏ်ရာရတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်က အထက ၃ စာသင်ကျောင်းထဲမှာ စစ်ကောင်စီ တပ်သား အယောက် ၂၀၀ ဝန်းကျင် တပ်စွဲထားတာ သုံးလကျော်ကြာပြီလို့ သိရပါတယ်။

ဗုံးပေါက်မှုကြောင့် ကျောင်းဝင်းမှာလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပြီး စစ်ကောင်စီတပ်က စာသင်ကျောင်းမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

​သြဂုတ် ၇ ရက်နေ့ကလည်း မိုးကုတ်မြို့ အချုပ်ထောင်မှာ ထောင်ဝင်စာတွေ့တဲ့ ထမင်းထုတ်ကနေ ဗုံးပေါက်တာကြောင့် ရဲတပ်သားသုံးဦး ဒဏ်ရာရပြီး ပြင်ဦးလွင် ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။DVB

ရေကြီး၊ မြေပြိုမှုကြောင့် မိုးကုတ်တွင် ၁ ဦးသေ၊ ၆ ဦး ဆေးရုံပို့ရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီး ချောင်း၊ မြောင်း ရေကြီး ရေလျှံနေသဖြင့် ယနေ့(ဩဂုတ် ၁၃)နံနက်ပိုင်း နေရာအများအပြားတွင် မြေပြို၊ ကမ်းပါးပြိုကာ တစ်ဦးသေဆုံး၊ ခြောက်ဦး ဆေးရုံတင်ထားရကြောင်း မြို့ခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မြေပြိုခဲ့အပြီး လူနေအိမ်များလည်း ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ ကူညီကယ်ဆယ်ရေး ဆက်တိုက် လုပ်ဆောင်နေရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်)မှ ဦးဟိန်းထက်မောင်က ပြောကြားသည်။

“မိုးက အရမ်းများနေတယ်၊ မြို့ပေါ်ရပ်ကွက်တွေလည်း ရေကြီးနေတယ်၊ အစွန်အဖျားရွာတွေက ချောင်းရိုးတလျှောက်တွေ၊ ကမ်းပါးတွေ ပြိုတာတွေဖြစ်တယ်၊ လူထိခိုက်တာကတော့ မြို့မအပိုင်းထဲက အိမ်တစ်လုံးပြိုပြီး ခုနစ်ဦး ပိသွားလို့ ခြောက်ဦးကိုတော့ ကယ်နိုင်ခဲ့တယ်၊ အမျိုးသမီးတစ်ဦးကတော့ သေဆုံးသွားပါတယ်။ ကျွန်တော်တို့ ဆယ်နာရီလောက်မှာ ထုတ်ယူနိုင်ခဲ့ပါတယ်၊ အခြေအနေက တော်တော်ဆိုးနေပါတယ်၊ အနည်းဆုံး ၁၅ နေရာ၊ နေရာ ၂၀ အထက်ပဲ၊ အဲ့ထက်မကရုံပဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

မြို့အရှေ့ပိုင်းတွင်း မြို့အတွင်း စီးဆင်းသောချောင်းတလျှောက် ကမ်းပါးပြိုကာ နေအိမ်များအတွင်း ရေဝင်ပြီး အိမ်တချို့ ပြိုကျသွားကြောင်း သိရသည်။လဆန်းကတည်းက နေ့စဉ်နီးပါး မိုးမပျက်ရွာသွန်းခဲ့သော မိုးကုတ်တွင် ယမန်နေ့နှင့် ယနေ့ ၂ ရက် ဆက်တိုက် ပိုမို သည်းထန်လာခဲ့ရာမှ မြေပြိုမှုများ ကြုံတွေ့လာရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

နယ်မြေ အခြေအနေ တည်ငြိမ်သည့် ယခင်နှစ်များက သဘာ၀ဘေးဒဏ် ခံနိုင်ရန် ဘက်ဖိုး (Backhoe) ဟု ဒေသခံတို့ ခေါ်ကြသည့် မြေကော်စက်ကဲ့သို့သော စက်ယန္တရားကို သုံး၍ ရေစီးကြောင်း ပြုပြင်ခဲ့ကြသည်ဟု မိုးကုတ်မြို့ ဒေသခံ ကိုလေးက ပြောသည်။

“မြေတွေပြိုတယ်၊ အိမ်တွေပြိုတယ်၊ လူတွေသေတယ်ပေါ့ဗျာ၊ မိုးက စံချိန်တင်တော့မဟုတ်ပေမဲ့ စံချိန်တင်နီးပါး ရွာတယ်၊ အဲ့ဒါကြောင့်ဖြစ်မယ်၊ တစ်ခုရှိတာက ဒီနှစ်က ချောင်းတွေ မဆယ်ရဘူး။ အရင်နှစ်တွေကတော့ ချောင်းတွေကို ဘက်ဖိုးတွေနဲ့ ဆယ်နေကြဆိုတော့ ရေစီးကကောင်းတော့ မိုးများလည်း ခနနဲ့စီးသွားတာပေါ့၊ ဒီနှစ်ကတော့ အဲ့ဒါတွေမလုပ်ရတော့ ထိကုန်တာထင်ပါတယ်၊ တောင်စောင်းနေရာတွေကတော့ ပြိုတာပေါ့”ဟု ပြောကြားသည်။

ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့တွင်လည်း မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်တွင် နေအိမ်တစ်လုံးပေါ် ကျောက်နံရံပြိုကျသည့်အတွက် အိမ်တွင်ရှိနေခဲ့သည့် ငါးနှစ်အရွယ်ကလေးတစ်ဦး၊ အသက် ၇၀ ဝန်းကျင်နှင့် ၄၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးတို့ သေဆုံးခဲ့ရသည်။ပတ္တမြားထွက်ရှိမှုကြောင့် ထင်ရှားသည့် မိုးကုတ်သည် တောင်များဝန်းရံနေသည့်မြို့ဖြစ်ပြီး၊ မြို့တွင်းတွင်လည်း တောင်ကုန်းများရှိသည့်အတွက် တောင်နံရံတွင် အိမ်များ ဆောက်လုပ်နေထိုင်ကြသည်။

နှစ်စဉ်နှစ်တိုင်း မိုးများသည့်အတွက် တောင်နံရံပြိုကျခြင်းများ၊ ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ကွက်များတွင် မြေတွင်းပြိုခြင်းများ၊ ချောင်းကမ်းပါးများပြိုကျခြင်းများကြောင့် နေအိမ်များ လူများထိခိုက်လေ့ရှိသည်။ ၂၀၂၀ နှင့် ၂၀၂၁ တွင် ယခင်နှစ်များထက် မြေပြိုမှုပြိုမြိုများပြားစွာ ဖြစ်ပေါ်လျက်ရှိကြောင်း လူမှုကယ်ဆယ်ရေးအသင်းများနှင့် ဒေသခံများက ပြောသည်။myanmar now

ဒေါက်တာဇော်မြင့်မောင် COVID-19 ကူးစက်ခံရ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် COVID -19 ရောဂါ ကူးစက်ခံထားရပြီး မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။” ဒီနေ့ Video conference နဲ့ရုံးထုတ်တာ။ရုံးချိန်းမှာ ဆရာဇော်က ကျွန်တော်ကိုဗစ်ဖြစ်နေတယ်။

အောက်စီဂျင်ရှု နေရတယ်လို့ ပြောတယ် ” ဟု၎င်း၏ရှေ့နေတစ်ဦးက ပြောပြသည် ။အိုးဘိုအကျဉ်းထောင်တွင် COVID-19 Test Kit နှင့်စစ်ဆေးကြည့်ရာ ပိုးမတွေ့ရှိဘဲ မန္တလေးဆေးရုံတွင် နှာခေါင်းတို့ပတ်ယူကာ စစ်ဆေးကြည့်မှ ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာ ခံစားနေရသူဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက အဖမ်းဆီးခံရကာ အိုးဘိုအကျဉ်းထောင်ထဲတွင် ဆေးကုသမှုခံယူနေရသူလည်း ဖြစ်သည်။

စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ(၂၅)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅) တို့ဖြင့် တရားစွဲဆိုထားသည်။အာဏာသိမ်းစစ်ကောင်စီက NLD အစိုးရအဖွဲ့ဝင်များနှင့် ဝန်ကြီးချုပ်များကို ပုဒ်မ ၅၀၅(ခ) ဖြင့် စတင် အမှုဖွင့်ပြီးနောက် မကြာမီတွင် ဝန်ကြီးချုပ်အချို့နှင့် အစိုးရအဖွဲဝင်အချို့ကို အဂတိမှုဖြင့် ထပ်မံအမှုဖွင့်ခဲ့သည်။mizzima

ရန်ကုန် ၄၄ လမ်းတွင် ကျဆုံးခဲ့သည့် သူရဲကောင်းများကို ရည်စူးကာ ရှမ်းလူငယ်များ ဆွမ်း ကပ်လှူ

စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုမခံဘဲ တိုက်ပေါ်က  ခုန်ချရင်း ကျဆုံးခဲ့ကြတဲ့ ရန်ကုန်မြို့ ၄၄ လမ်းက လူငယ်တွေကို ရည်စူးပြီး ရှမ်းပြည်နယ်တစ်နေရာမှာ ရှမ်းလူငယ်တွေက ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ်အတွင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ ၄၄ လမ်းမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အမျှပေးဝေခဲ့တယ်လို့ ရှမ်းလူငယ်တွေက ပြောပါတယ်။  

ရှမ်းလူငယ်တွေအနေနဲ့ မတရားမှုမှန်သမျှ၊ အာဏာရှင်မှန်သမျှကို တွန်းလှန်တိုက်ခိုက်နေတဲ့ လူငယ်တွေနဲ့အတူ အမြဲအတူရှိနေတာကို ပြသခြင်းဖြစ်တယ်လို့ ဆွမ်းကပ်လှူရာမှာ ပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ 

ဩဂုတ် ၁၀ ရက်က ရန်ကုန်မြို့ ၄၄ လမ်းက တိုက်တစ်တိုက်နေထိုင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်တဲ့လူငယ်တွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးရာမှာ လူငယ် ၅ ဦးက အဖမ်းမခံဘဲ တိုက်ပေါ်ကနေ ခုန်ချခဲ့တာဖြစ်ပါတယ်။ DVB

ကျန်းမာရေးဝန်ထမ်း အများစု CDM ဝင်နေ၍ COVID -19 ကာကွယ်ဆေးကို ပညာရေးဝန်ထမ်းများက ထိုးနှံပေးနေ

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် COVID -19 ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ စတင်နေပြီး ကျန်းမာရေးဝန်ထမ်းအများစု CDM တွင် ပါဝင်နေခြင်းကြောင့် ပညာရေးရုံးဝန်ထမ်း တစ်ချို့က လာရောက်ထိုးနှံပေး‌နေသည်ကို တွေ့ခဲ့ရ‌ကြောင်း COVID -19 ကာကွယ်ဆေးသွား ရောက်ထိုးခဲ့သူ တစ်ဦးကဆိုသည်။

”ကျွန်မတို့ သွားထိုးတဲ့အခါကျတော့ ဆေးထိုးပေးတဲ့နေရာမှာ ပညာရေးရုံးဝန်ထမ်း ခြောက်ယောက်လောက်တွေ့ခဲ့ရတယ်။ နာမည်တွေတော့ မပြောတော့ပါဘူး။ပထမတော့ ဝန်ထမ်းအင်အားမလောက်လို့ အကူပဲထင်တာ‌။ အခုသူတို့ကိုယ်တိုင် ထိုးပေးနေကြတာ တွေ့ခဲ့ရတယ်”ဟု ကိုဗစ်ကာကွယ်ဆေးသွားရောက်ထိုးခဲ့တဲ့သူတစ်ဦးကပြောသည်။

မင်းတပ်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသောကျန်းမာရေးဝန်ထမ်းများ၏ ၈၀ရာခိုင်နှုန်းနီးပါးမှာ CDM တွင်ပါဝင်ခြင်းကြောင့် လုပ်ငန်းများလည်ပတ်နိုင်ခြင်းမရှိ၍ မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံကြီးကိုလည်း ပိတ်ထားရသည်။လက်ရှိ မင်းတပ်မြို့တွင် အစိုးရဌာန ၄၄ ခုမှ ဝန်ထမ်း ၂,၂၆၉ဦး CDMတွင် ပါဝင်နေကြောင်းလည်း သိရသည်။mizzima

NUG ပရိုဖိုင်း ချိန်းသည့် ကျော်ကြားသော လူပုဂ္ဂိုလ် ၆၃ ဦးကို ရဲက အကြမ်း ဖက်ဥပဒေဖြင့် အရေးယူမည့်စာ လူမှုကွန်ရက်တွင် ပြန့်နှံ့လာ၊ ရဲဘက်က ဟုတ် မှန် ကြောင်း အတည်ပြု

ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံသော ပရိုဖိုင်ချိန်းသည့် အနုပညာရှင်များအပါအဝင် လူပုဂ္ဂိုလ် ၆၃ ဦးကို အရေးယူမည့်ညွှန်ကြားစာ လူမှုကွန်ရက်တွင် ပြန့်နှံ့လာပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ယင်းစာသည် အမှန်တကယ် ထွက်ရှိလာသည်မှာဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။

“ဟုတ်ပါတယ်။ NUG ပရိုဖိုင် ပြောင်းတဲ့သူတွေ ပြုစုဖို့နဲ့ အရေးယူဖို့ ဆိုတဲ့ ညွှန်ကြားချက်ရှိနေပါတယ်။ အခုက တော့ NUG CRPH PDF ကို အကြမ်းဖက်အဖြစ် ကြေညာထားတာဖြစ်လို့ ပရိုဖိုင်ချိန်းသူတွေကို အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ အရေးယူဖို့ရှိနေပါတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။ အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီသည် အကြမ်းဖက်ဥပဒေကို မကြာသေးမီက ပြင်ဆင်ခဲ့ပြီး NUG ပရိုဖိုင် ချိန်းသူများကို အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားစာတွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) သည် အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံမှုဖြစ်ပြီး ယင်းဥပဒေအရ ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အခြားအရာရှိတစ်ဦးကလည်း NUG ပရိုဖိုင် ချိန်းသူများ များပြားနေခြင်းကြောင့် စံပြအနေဖြင့် ကျော်ကြားသူများကို အရေးယူပြီး ပြည်သူများအကြား NUG ပရိုဖိုင် မချိန်းစေရန် နှင့် NUGကို ပေါ်ပေါ်တင်တင် ထောက်ခံမှုမရှိစေရေး လုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်အမိန့် ပေးညွှန်ကြားထားသည်ဟု ဆိုသည်။တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ လူမှုကွန်ရက်တွင် NUG ပရိုဖိုင် ချိန်းသူ စုစုပေါင်း ၃ သန်းနီးပါးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။khit thit

CDM ဆရာဝန် ၁ ဦးနှင့် တရားရုံးစာရေး ၁ ဦးတို့ကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့က အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့  ဆရာဝန်တစ်ယောက်နဲ့ တရားရုံးစာရေး တစ်ယောက်တို့ကို ဩဂုတ် ၁၃ ရက် ဒီနေ့ စစ်ကောင်စီတပ်တွေက  ရိုက်နှက် ဖမ်းဆီးသွားပါတယ်။

ဒီနေ့ မွန်းလွဲ ၂ နာရီလောက်  CDM   သွားဘက်ဆိုင်ရာဆရာဝန် ဦးဆန်းဝင်းထွန်းနဲ့ တရားရုံး စာရေးတစ်ယောက်ကို စစ်ကောင်စီတပ်တွေက  သူတို့ရဲ့နေအိမ်ကို လာရောက်ပြီး   ဖမ်းဆီးသွားတာလို့ ဘုတလင်မြို့ခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေနဲ့ ရင်းနှီးသူတစ်ယောက်က “ကျနော်တို့ကတော့ တရားရုံးစာရေး ကိုကိုစွမ်းလို့တော့ ခေါ်ကြတာ အမည်အရင်းတော့မသိဘူးဗျ။ သူတို့နေအိမ်တွေမှာ အဖမ်းခံလိုက်ရတာ။ ဘာကြောင့်ဖမ်းလဲဆိုတော့ သူတို့က CDMလုပ်ထားတာပဲ ရှိတာ။ ကျန်တာကတော့ ဘာမှမလုပ်ကြဘူး။ ဘယ်အဖွဲ့နဲ့မှ ချိတ်ဆက်လုပ်ကိုင်တာ မရှိဘူးဗျ။ တိုင်တဲ့သူကလီဆယ်ပြီးတိုင်ရင်တော့ မပြောတတ်ဘူး။ သူတို့ဘာမလုပ်လို့ ဘယ်မှ မရှောင်တာပေါ့။ အခုဖမ်းတာတောင်နေအိမ်မှာပဲ အဖမ်းခံရတာကိုကြည့်လေ။ ကျနော့်အထင်ကတော့  သတင်းပေးတိုင်တဲ့သူက ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ့  လီဆယ်ပြီးတိုင်တာလို့ပဲ ထင်တယ်” လို့ ပြောပါတယ်။

ဘုတလင်မြို့ပေါ်မှာပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ အတိုင်ခံရပြီး ဒေသခံ ပြည်သူ ၆ ဦး အဖမ်းခံရကာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တာရှိတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။DVB

« Older Entries