Monthly Archives: Aug 2021

၄၄ လမ်းဖြစ်စဉ်မှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သူ

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို ဩဂုတ် ၁၀ ရက်တွင် စစ်ကောင်စီက ဝင်ရောက်စီးနင်းရာတွင် ကျည်ထိမှန်သေဆုံးသည်ဟု သတင်းထွက်ခဲ့သူ ကိုကောင်းမင်းသန့်(ခ) Flex သည် တစ်ပတ်ခန့်အကြာတွင် လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

စီးနင်းခံရမှုအတွင်း တိုက်ပေါ်မှ ခုန်ချပြုတ်ကျခဲ့သည့် လူငယ်ငါးဦးအနက် နှစ်ဦးမှာပွဲချင်းပြီး သေဆုံးခဲ့ကာ ဒဏ်ရာများဖြင့် စစ်ဆေးရုံသို့ ရောက်နေသူ သုံးဦးနှင့် စပ်လျဉ်း၍ မည်သည့်သတင်းမျှ စုံစမ်း၍မရတော့ချိန်တွင် ကံသီ၍ လွတ်မြောက်ခဲ့သူ ကိုကောင်းမင်းသန့် က ထိုနေ့က ဖြစ်စဉ်ကို ပြန်ပြောပြနိုင်သူတစ်ဦး ဖြစ်လာသည်။

ထိုနေ့က ပေ ၅၀ ကျော်အမြင့်ရှိမည်ဟု ခန့်မှန်းရသည့် နေအိမ်ခေါင်မိုးပေါ်တွင် ၁၂ နာရီ နီးပါးကြာအောင် ပုန်းအောင်းခဲ့ပြီးနောက်တွင် ယခုကဲ့သို့ စစ်ကောင်စီလက်မှ လွတ်အောင်ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကိုကောင်းမင်းသန့်က ပြောသည်။

“သေနတ်နဲ့ပစ်တယ်။ တစ်ချက်တော့ကြားလိုက်တယ်။ ဘယ်သူ့ကို မှန်လဲတော့ မသိဘူး။ ကျွန်တော့်ကို မှန်တာတော့ မဟုတ်ဘူး။ ကျွန်တော့်ကို မှန်တယ်ဆိုတာလဲ သတင်းမီဒီယာတစ်ခုကနေ ပွသွားတာ” ဟု ၎င်းက ပြောသည်။

ဘယ်လိုခြေရာခံမိသွားသလဲ

ပုဇွန်တောင်၊ ဗိုလ်တထောင်သပိတ်ကော်မတီတွင် ပါဝင်လှုပ်ရှားနေသည့် ၎င်းတို့အဖွဲ့ ပုံမှန်ငှားစီးနေကျ အငှားယာဉ်နံပါတ်ကို ဩဂုတ်လ ၉ ရက်က ပုစွန်တောင်ဈေးရှေ့ရှိ CCTV တစ်ခုမှတစ်ဆင့် စစ်ကောင်စီက ရသွားပြီး ယာဉ်မောင်းကို ဖမ်းမိသွားရာမှ ထိုသို့အဖြစ်ကြုံခဲ့ရသည်ဟု ကိုကောင်းမင်းသန့်က ပြောသည်။

ယာဉ်နံပါတ် ထောက်လှမ်းမိသွားသည်ကို သိ၍မဟုတ်သော်လည်း ထိုနေ့ကတည်းက အငှားယာဉ်မောင်း ဦးကျော်ဆိုသူကို ၎င်းတို့ထံ မလာရန် မှာထားကြောင်း၊ သို့သော် နောက်တစ်နေ့ နံနက်ပိုင်းတွင် (ဝင်ရောက်စီးနင်းခံရသည့်နေ့) ကားဆီဖိုးတောင်းရန်ဟူသော အကြောင်းပြချက်ဖြင့် ယာဉ်မောင်းက ဆက်သွယ်လာကြောင်း သူက ပြောသည်။ 

“ကျွန်တော်တို့က ထွက်မပေးချင်ဘူး။ ထွက်မပေးချင်တော့ ကျွန်တော်တို့က ရှောင်ချင်ပြီ။ Wave ကနေ လွှဲလိုက်မယ်။ သူ့ကိုပြန်ခိုင်းလိုက်မယ်လို့ စီစဉ်ပြီး သူ့ဖုန်းကို ဘလော့လိုက်တယ်” ဟု ကိုကောင်းမင်းသန့်က ပြောသည်။

သို့သော် ထိုသို့ဆုံးဖြတ်ပြီးချိန်အတွင်း ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်များ၌ ဗုံးငါးလုံးပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီက လမ်းများကို ပိတ်လိုက်ရာ ထွက်ပြေးရန် ခက်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ၎င်းတို့အဖွဲ့မှ ကိုဝေဖြိုးအောင်ကို လမ်းကြောင်းအခြေအနေ စုံစမ်းရန် ကုန်သည်လမ်းပေါ်ရှိ ဘိုကလေးဈေးကားမှတ်တိုင်သို့ လွှတ်လိုက်စဉ် အိမ်သုံးအဖြူရောင် Alphard ယာဉ်တစ်စီး ရောက်လာ၍ ဖမ်းဆီးသွားသည်ဟု ပြန်သိရကြောင်း ကိုကောင်းမင်းသန့်က ပြောသည်။

“အဲဒီမှာ အိမ်သိသွားပြီဗျာ။ အိမ်နဲ့ အိမ်ကလူအရေအတွက် သေချာသိသွားပြီဗျာ” ဟု ၎င်းက ပြောသည်။

အကြမ်းဖက်စီးနင်းခံရခြင်း

၄၄ လမ်းရှိတွင် တိုက်ခန်းတွင် မဝေဝေမြင့်၊ မပိုးကျော့ကျော့ခန့်၊ ကိုဝေဇော်ထက်၊ ကိုဝေယံထက်၊ ကိုမင်းသစ္စာအောင်(ခ) ဗလ၊ ကိုရဲမင်းဦး(ခ)ရဲကြီး၊ သီဟကောင်းဆက်၊ ကိုကောင်းမင်းသန့်၊ စုစုပေါင်း ၈ ဦးရှိနေသည်ဟု သိရသည်။ 

စစ်ကောင်စီက ဝင်ရောက်စီးနင်းခြင်းမပြုမီ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကို အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ပြီးနောက် တိုက်ခန်းရှိရာ ၄၄ လမ်းထိပ် နှစ်ဖက်စလုံးနှင့် နောက်ဖေးလမ်းကြား ထွက်ပေါက်များပါမချန် လုံခြုံရေးများချထားလိုက်သည်ဟု ကိုကောင်းမင်းသန့်က ပြောသည်။

“ဖမ်းတယ်ဆိုရင် ရိုးရိုးတန်းတန်းလာမယ်။ ရဲလောက်ပဲလာပြီးတော့ လက်ထိတ်တွေတွေဘာတွေခတ်ပြီးတော့ ဖမ်းမယ်။ အခုကကျတော့ သေနတ်တွေဘာတွေနဲ့ အသင့်အနေအထားနဲ့ဗျာ။ ကျွန်တော်တို့ တစ်ခုခု ရုန်းရင်းဆန်ခတ်ဖြစ်ရင်းနဲ့ သွားရိုက်မိတဲ့အခါမျိုးကျရင် ဒီကောင်တွေက ပစ်သတ်မယ့်ပုံမျိုးရှိတယ်” ဟု ၎င်းက ဆိုသည်။

မွန်းလွဲ ၃ နာရီခန့်တွင် တိုက်အောက်သို့ အဖြူရောင် Alphard ကားတစ်စီးဖြင့် အရပ်ဝတ်များရောက်ရှိလာပြီး တိုက်ပေါ်သို့ တက်လာချိန်တွင် ကိုကောင်းမင်းသန့်က ဝရန်တာမှ ထွက်ကာ ခေါင်မိုးပေါ်တက်၍ ပုန်းအောင်းလိုက်နိုင်ခြင်းဖြစ်သည်။

“ဝရန်တာကနေပြီးတော့ ဘေးကနေ ကြောင်လျှောက်လမ်းကနေ ဆင်းပြီးတော့ ကျွန်တော် ခေါင်မိုးပေါ်ကို တက်တယ်” ဟု ၎င်းက ပြောသည်။

ထို့နောက် ကိုရဲမင်းဦး၊ မဝေဝေမြင့်၊ ကိုဝေဇော်ထက်၊ ကိုဝေယံထက်၊ ကိုမင်းသစ္စာ အောင်(ခ)ဗလတို့ တိုက်ခန်းပေါ်မှ ခုန်ချသည်ကို မမြင်လိုက်ရသော်လည်း ခေါင်မိုးမှတစ်ဆင့် နောက်ဖေးဘက်သို့ သွားကြည့်ချိန်တွင် ငါးဦးစလုံး ပြုတ်ကျနေသည်ကို တွေ့ရကြောင်း ကိုကောင်းမင်းသန့်က ပြောသည်။

“ဘယ်လောက်မှ မကြာဘူး စက္ကန့်ပိုင်းလေးပဲ။ တစ်မိနစ်မပြည့်ခင်လောက်မှာပဲ အကုန်ဖြစ်သွားတာ”ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မဝေဝေမြင့်၏ ရုပ်အလောင်းကို နေရာပြောင်းလိုက်ပြီး ခန္ဓာကိုယ်အောက်ပိုင်းပေါ်နေသည့် ဓာတ်ပုံများကို ရည်ရွက်ချက်ရှိရှိ ရိုက်ကူးဖြန့်ဝေကာ ပုံဖျက်ခဲ့သည်ဟု ကိုကောင်းမင်းသန့်က ဆက်ပြောသည်။

“ဒီကောင်တွေဘက်က လွှင့်သမျှ အကုန်အမှားတွေချည်းပဲ။ အဲဒီကိစ္စကို အမှန်အတိုင်းသိတာဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒါကြောင့်မို့လို့ ဒီကောင်တွေလိမ်ထားတာကို အထုပ်ဖြေမှာစိုးလို့ ကျွန်တော့်ကို သဲကြီးမဲကြီးရှာတာ။ ငါးယောက်ပြုတ်ကျတာရယ်၊ အလွတ်ကြီးခုန်ချတာရယ်ဆိုတာပဲ မှန်တယ် ကျန်တဲ့ဥစ္စာတွေက အမှားတွေ” ဟု ၎င်းက ပြောသည်။

ထို့အတူ ခုန်ချပြီးနောက် အသက်မသေသေးသည့် ၎င်း၏ မိတ်ဆွေများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်နေသည့် အသံများကြားခဲ့ရကြောင်း ကိုကောင်းမင်းသန့်က ဆက်ပြောသည်။

“ပြေးမယ်ဆို ကျွန်တော်တို့ လွတ်အောင်ပြေးမယ်။ ကျွန်တော်တို့ ခဏခဏ အဲလိုမျိုး အလိုက်ခံရတာ ရှိတယ်။ ကျွန်တော်တို့ လွတ်အောင်ပြေးခဲ့တယ်။ ဒါပေမယ့် လုံးဝမလွတ်တော့တဲ့အချိန်မှာ အသေပဲခံလိုက်မယ်ဆိုတဲ့ သဘောတူညီချက်က ရှိပြီးသား” ဟု ၎င်းက ဆိုသည်။

မွန်းလွဲ ၃ နာရီခန့်မှစ၍ နောက်တစ်ရက်(ဩဂုတ်၁၁) နံနက် သုံးနာရီခွဲခန့်အထိ အဆိုပါတိုက်ခန်းရှိ ခေါင်မိုးတွင် ၁၂ နာရီခန့်ကြာအောင် ပုန်းအောင်းနိုင်ခဲ့၍သာ သူလွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု ကို ကောင်းမင်းသန့်က ပြောသည်။

“သုံးနာရီခွဲလောက်မှ နည်းနည်းခိုင်ခံ့တဲ့ တံစက်မြိတ်ခေါင်မိုးကနေ ကျွန်တော်တွယ်ဆင်းတယ်။ လေးနာရီ ငါးနာရီလောက်ကျတော့ (လမ်းပေါ်မှာ) လူတွေဘာတွေစုံတော့ ကားကြားထဲကနေပြေးပြီးတော့ ကျွန်တော့် ကို မရှာမယ့်နေရာကို ကျွန်တော်ရောက်သွားခဲ့တာပေါ့။ အိမ်ကိုတော့ ကျွန်တော်လုံးဝမပြန်ခဲ့ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်ပြီးနောက် သုံးရက်အကြာ(ဩဂုတ် ၁၃)တွင် သေပြီဟု သတင်းထွက်နေသဖြင့်  ရုပ်အလောင်းပြန်ရရန် မိသားစုဝင်များက ဗိုလ်တထောင်ရဲစခန်းသို့ သွားရောက်စုံစမ်းရာ ငွေကျပ် ၂၆ သိန်းတောင်းသည်နှင့် ကြုံရသေးသည်ဟု ကိုကောင်းမင်းသန့်က ပြောသည်။

“အိမ်က မပေးနိုင်တော့ မပေးဘူး။ ဒီတိုင်းပဲ ထားထားခဲ့လိုက်တဲ့အချိန်မှာ ကျွန်တော်ရှင်ပြီဆိုတာ သူတို့သိသွားခဲ့တယ်” ဟု ၎င်းက ဆိုသည်။

 ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

လက်ရှိတွင် လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေသည့် ကိုကောင်းမင်းသန့်က စစ်အာဏာရှင်တော်လှန်ရေးတွင် ဆက်လက်ပါဝင်သွားမည်ဟုဆိုသည်။ 

“ဒီမှာရောက်နေရင် ဒီကတော်လှန်တဲ့ပုံစံအတိုင်းပဲ တော်လှန်မှာပေါ့။ မြို့မှာနေရင် မြို့မှာနေတဲ့ ပုံစံအတိုင်းတော်လှန်မှာပေါ့” ဟု ၎င်းက ပြောသည်။  myanmar now

မန္တလေးမြို့တွင် နယ်ကျော်ကဒ် ရရှိရေး ကဒ်တစ်ကဒ်လျှင် ၅၀၀၀ ပေးရသည့်အပြင် လျှောက်လွာကြေးပါပေးနေရ

မန္တလေးမြို့တွင် မြို့နယ်တစ်ခုနှင့်တစ်ခု ၀င်ထွက်သွားလာခွင့် ရရှိရန် နယ်ကျော်ကဒ်ကို တိုးဝှေးလျှောက်ထားကြရပြီး ကဒ်ဖိုး ၅၀၀၀အပြင် ကဒ်ရှောက်ရန်အတွက် လျှောက်လွာဖောင်ကြေးပါ ပေးဆောင်နရကြောင်း ဒေသခံထံမှ သိရသည်။ကိုဗစ်တတိယလှိုင်းကာလအတွင်း နံနက် ၉ နာရီမှ ညနေ ၃နာရီခွဲအထိ အိမ်ပြင်မထွက်ရန် ကန့်သတ်ထားပြီး အပြင်ထွက်ပါက မဖြစ်မနေပါရမည့် နယ်ကျော်ကတ်အတွက် ဖောင်တစ်စောင်ကို ကျပ် ၅၀၀ မှ ကျပ် ၁၅၀၀ ပေးကာ ဝယ်ယူ‌ ရှောက်ထားကြရကြောင်း ကိုယ်တိုင်ဝယ်ယူခဲ့သည့် ဒေသခံများက မဇ္ဈိမကိုပြော သည်။

“လူတွေအများကြီး သေနေတုန်းက မတင်းကျပ်ဘဲ အခုမှ နယ်ကျော်ကတ်ဂွင်ဖန်တယ်။ ကတ်သွားလုပ်တာ တစ်ကဒ် ၅ ထောင်တောင်းတယ်။ ကတ်လျှောက်ဖို့ ဖောင်တစ်စောင် ၁၅၀၀ တောင်းတယ်။ တစ်ချို့ဆို တစ်အိမ်ထဲမှာ လေးငါးယောက်ရှိတာပါ။ ဟိုရက်က ပိုက်ဆံအကုန်ခံပြီး လျှောက်ထားတာ ဒီနေ့ကျ မပေးတော့ဘူးတဲ့” ဟု အမရပူရမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

မြို့နယ်တစ်ခုနှင့် တစ်ခု ဖြတ်သန်းသွားရသည့် နယ်ကျော်ကတ်ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး (ထွေအုပ်ရုံး)များတွင် သွားလုပ်ရပြီး ယင်းမတိုင်မီ ရပ်ကွက်ရုံးများတွင် ကနဦးထောက်ခံစာ ပြုလုပ်ရသည်။

ထိုသို့ ထောက်ခံစာလုပ်ရာတွင် အလှူငွေ တောင်းခံသည့် အပြင် မြို့နယ်ရုံးတွင် ဖောင်ဖြည့်ရန်လည်း ဖောင်တစ်စောင်ကို မြို့နယ်အလိုက် ၅၀၀ မှ ၁၅၀၀ ကျပ် ပေးရခြင်းဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်ကျော်ကတ်သွားရောက်ပြုလုပ်ခဲ့သူ ကိုကျော်ဝင်းမောင်က “ရုံးရှေ့မှာ အောင်ပြည့်စုံစတိုးဆိုင်ရှိတယ်။ အဲ့ဒီ့မှာ လျှောက်လွှာဝယ်ရတယ်။

တစ်စောင်ကို ၅၀၀ပေးရတယ်။ တချို့ကတော့ အဲ့ဒီ့မှာ ထိုင်ဖြည့်ကြတယ်။ ဆိုင်ရှင်ညွန်ပြတဲ့အတိုင်းလျှောက်လွှာဖြည့်ရုံပဲ။ ပြီးရင် ရုံးအဝင် တံတိုင်းကြားကနေ လျှောက်လွှာထပ်ပေါ့။ တစ်ချို့လည်း နေ့တစ်ပိုင်းနဲ့ ရကြတယ်။ ကျွန်တော်တော့ နောက်ရက်မှ ရတာ။”ဟု ပြောသည်။

လူဦးရေ ၆ သန်း (၆၁ သိန်း) ရှိသည့် မန္တလေးမြို့တွင် အိမ်ထောင်စုပေါင်း ၁၃ သိန်းကျော်ရှိရာ မဖြစ်မနေ အပြင်ထွက်ရမည့် နယ်ကျော်ကတ်အတွက် တစ်အိမ်လျှင် တစ်ဦးနှုန်း ဖောင်တစ်စောင်ကို ၅၀၀ ကျပ်ဖြင့် ဝယ်မည်ဆိုလျှင်ပင် ကျပ်သိန်းပေါင်း ၆၅၀၀ ကို မြို့နယ်ရုံးများ သို့မဟုတ် ၎င်းတို့နှင့် နီးစပ်သည့် မိတ္တူဆိုင်များက ဝင်ငွေရရှိမည့် သဘောဖြစ်သည်။

စစ်တပ်က အသွားအလာရော လုံခြုံရေးပါ တင်းကြပ်ထားသည့် မန္တလေးတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများက ပုံစံမျိုးစုံဖြင့် အကြောင်းအမျိုးမျိုးပြကာ ပြည်သူများဆီက ငွေကြေးတောင်းခံလျက်ရှိသည်။ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်တွင်လည်း အတင်းအဓမ္မ ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေ ၅၀၀၀ တောင်းသည့် ဖြစ်စဉ် ယခုရက်ပိုင်းတွင်ပင် ဖြစ်ပွားလျက်ရှိသည်။mizzima

အိုးဘိုထောင်တွင်း ကြွေးကြော်ဆန္ဒပြစဉ် ရိုက်နှက်ခံရပြီး တစ်ဦးသေဆုံးခဲ့ဟုဆို

မန္တလေးမြို့ အိုးဘိုထောင်အတွင်း ဩဂုတ် ၈ ရက်ညပိုင်းက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်စဉ် ထောင်ဝန်ထမ်းများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် တစ်ဦး ပွဲချင်းပြီးသေဆုံးကာ တိုက်ပိတ်ခံရသူ ၃၈ ဦးရှိကြောင်း ယင်းအကျဉ်းထောင်မှ ယခုရက်ပိုင်းအတွင်း လွတ်မြောက်လာသူတစ်ဦးထံမှ သိရသည်။

အဆိုပါလွတ်မြောက်လာသူမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ ပါဝင်မှုဖြင့် ဖမ်းဆီးခံရပြီးနောက် အိုးဘိုထောင်တွင် ထိန်းသိမ်းခံခဲ့ရသူဖြစ်ကာ ယခုရက်ပိုင်း ပြန်လည်လွတ်မြောက်လာပြီးနောက် ထောင်ဝန်ထမ်းများ၏ လူမဆန်စွာရိုက်နှက်မှုနှင့် တိုက်ပိတ်မှုအကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးမှတဆင့် Myanmar Now ကို ဆက်သွယ်ပြောကြားလာခြင်းဖြစ်သည်။ 

“သေနတ်ပစ်ခဲ့တာမျိုး မရှိဘူး။ ရိုက်တာကလည်း စစ်သားတွေကပဲ အရပ်ဝတ်နဲ့ ရိုက်သလားတော့ မသိဘူး။ မျက်နှာစိမ်းနဲ့ထောင်ဝန်ထမ်းတွေပဲ၊ မူးနေကြတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ၏ မိတ်ဆွေက ပြောသည်။

အချုပ်သားများကို အကျဉ်းထောင်တာဝန်ကျ ဝန်ထမ်းများက ကြမ်းတမ်းစွာဆဲဆိုပြီး လေးခွဖြင့်ပစ်ကာ နံပါတ်တုတ်များဖြင့်လည်း လူမဆန်စွာ ရိုက်နှက်ခဲ့ပြီး ရိုက်နှက်ခံရသူများအနက် တစ်ဦးမှာ သွေးအန်သေဆုံးခဲ့သည်ဟု ဆိုသည်။

ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများရှိရာ အမျိုးသားအိပ်ဆောင် (၃)မှ နိုင်ငံရေးကြွေးကြော်သံများ စတင်ဟစ်ကြွေးခဲ့ကြောင်း၊ ထောင်ဝန်ထမ်းများရောက်လာပြီး ဦးဆောင်သူဟု ယူဆသူများကို အချုပ်ဆောင်မှ ထုတ်၍ အပြင်းအထန် ရိုက်နှက်ကြောင်း သိရသည်။

အိုးဘိုထောင်အတွင်း ဩဂုတ် ၈ ရက်ညပိုင်းက ဖြစ်စဉ်နှင့် ပတ်သက်၍ တိုက်ပိတ်ခံရသူများ၏ အမည်များနှင့်တကွ ပြန်လည်လွတ်မြောက်လာသူက ပြောဆိုသော်လည်း ထိုအချုပ်သားများ၏ လုံခြုံရေးအတွက် နာမည်ဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံထားသည်။

ယင်းသို့ ရိုက်နှက်မှုကြောင့် အချုပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည့်အပြင် အပြင်းအထန်ဒဏ်ရာရရှိသူ ငါးဦးရှိသည်ဟုလည်း ဆိုသည်။  

အိုးဘိုထောင်အတွင်း ဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ အကျဉ်းဦးစီးတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

အိုးဘိုထောင်အတွင်း ထိုသို့ဖြစ်ပွားအပြီး နောက်တစ်ရက်ဖြစ်သည့် ဩဂုတ် ၉ တွင် အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က RFA  သတင်းဌာနကို ပြောကြားရာတွင် အကျဉ်းသား ၃၀ မှ ၄၀ ခန့်က ၅ မိနစ်ကာ ကြွေးကြော်သီးချင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မည်သူမျှ ထိခိုက်ဒဏ်ရာရမှုမရှိဟု ဆိုသည်။ 

“ဒဏ်ရာရစရာလည်း မရှိဘူး။ တိုက်ပိတ်စရာလည်း မရှိဘူး။ ကြွေး‌ကြော်တဲ့အထဲမှာ သီချင်းဆိုတဲ့အထဲမှာ ပါဝင်တဲ့လူတွေကို ကျွန်တော်တို့က ရွေးချယ်စိစစ်တာပေါ့။ ဘယ်သူတွေလဲပေါ့။ ဒါမျိုးတွေ စိစစ်တာရှိတယ်။ ဒီလောက်ပဲရှိတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဩဂုတ် ၂၂ ထိ ရုံးပိတ်ရက်သတ်မှတ်ထားသည့်အပြင် ထောင်ဝင်စာတွေ့ခွင့်လည်း ပိတ်ပင်ထားရာ အိုးဘိုထောင်ဖြစ်စဉ်အပေါ် အခြားနည်းလမ်းများဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။

ထို့အတူ ဇူလိုင် ၂၃ ရက်က ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်စဉ်အပေါ် စစ်ကောင်စီ၏ ထုတ်ပြန်ပြောဆိုချက်များမှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်။ myanmar now

မင်းကင်းမြို့တွင် အရက်မူးနေသော စစ်သားများက လူတစ်ဦးကို အနီးကပ်ပစ်သတ်

စစ်ကိုင်းတိုင်း မင်းကင်းမြို့တွင် ယနေ့ (ဩဂုတ် ၁၇) မွန်းလွဲပိုင်း၌ အရက်မူးနေသော စစ်သားများက လူတစ်ဦးကို အနီးကပ်ပစ်သတ်ခဲ့ပြီး အခြားအမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူနှင့် မင်းကင်းဒေသခံများထံမှ သိရသည်။ 

ချင်းတွင်းမြစ်ပေါ်ရှိ မင်းကင်းမြို့တွင် မုံရွာ − မင်းကင်း ပြေးဆွဲသည့် အမြန်ရေယာဉ်များဆိုက်ကပ်ရာ ဆိပ်ကမ်း၌ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေနတ်ဖြင့် အနီးကပ်ပစ်ခံရမှုကြောင့် ဆိပ်ကမ်းအုတ်ခုံပေါ် ထိုင်နေသူ အသက် ၃၉ နှစ်အရွယ် ကိုဇော်မျိုးမြင့် ပွဲချင်းပြီးသေဆုံးပြီး အနီးအနားရှိ အမျိုးသမီးတစ်ဦးလည်း သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်။

ကိုဇော်မျိုးမြင့် ဆိပ်ကမ်းအုတ်ခုံပေါ်ထိုင်လျက် ကွမ်းစားနေစဉ် အရက်မူးနေသော စစ်သားများက နှာခေါင်းစည်းမတပ်သည်ကို ရန်ရှာလျက် အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူ ကျွန်းတောရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

“မလုပ်ပါနဲ့ဗျာလို့ သူတို့ကို (စစ်သားများ) ကျွန်တော်တောင်းပန်သေးတယ်။ ပြောပြောဆိုဆိုနဲ့ ဝိုင်းကန်၊ ရွာနာမည်မေးပြီးတော့ မောင်းဆွဲပစ်တာဆိုတော့ ကျွန်တော်လည်း အံ့ဩသွားတာပဲ။ တဒင်္ဂလေးပဲ ဖြစ်သွားတာ။ ခေါင်းကတော့ တစ်ခြမ်းတော့ ပွင့်ထွက်သွားတာပဲ” ဟု ၎င်းက ပြောသည်။ 

စစ်သားနှစ်ဦးက နှာခေါင်းစည်းတပ်ခိုင်းစဉ် နေရပ်မေးမြန်းရာတွင် ပထမ မင်းကင်းဟု ပြောဆိုပြီး နောက် ဒုတိယအကြိမ်တွင် ကျွန်းတောအနောက်ရွာဟု ဖြေသဖြင့် လိမ်သည်ဟုဆိုကာ ပစ်သတ်ခြင်းဖြစ်ကြောင်း၊ ကိုဇော်မျိုးမြင့်မှာလည်း အရက်မူးနေခြင်းဖြစ်ကြောင်း အထက်ပါ ကျွန်းတောရွာသားက ဆိုသည်။

“ပြောရရင်တော့ ပြည်သူတစ်ယောက် ဘာအပြစ်မှ ရှိတာ မဟုတ်ဘူး။ သူတို့က သေနတ်တကားကားနဲ့ အနိုင်ကျင့်သလို ဖြစ်တာပေါ့” ဟု သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ ကိုဇော်မျိုးမြင့်၏ မိတ်ဆွေလည်းဖြစ်သူ ၎င်းက ပြောသည်။

စစ်သားများက ကိုဇော်မျိုးမြင့်ကို ပစ်ခတ်စဉ် သေနတ်သံသုံးချက်ကြားလိုက်ရပြီး အနီးအနားရှိ ဆိပ်ကမ်းအုတ်ခုံပေါ်တွင် ထိုင်နေသူများအနက် အမျိုးသမီးတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်ဟု ဆိုသည်။ 

သေနတ်ကျည်ဆန်ထိမှန်သူ မဇင်မာဝင်းဆိုသူမှာ ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီဖြစ်သည်ဟု မင်းကင်းမြို့ခံများထံမှ သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသည့်အပြင် မည်သို့ သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်ကို အသေးစိတ်မသိရသေးပေ။ 

ကျွန်းတောရွာသား ကိုဇော်မျိုးမြင့်မှာ မိတ်ဆွေတစ်ဦးနှင့်အတူ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို အမြန်ရေယာဉ်ဖြင့် မင်းကင်းမြို့သို့ လိုက်ပါပို့ဆောင်စဉ် ဆိပ်ကမ်း၌ ထိုသို့ ပစ်သတ်ခံရခြင်းဖြစ်ကာ ၎င်းတွင် ဇနီးသည်နှင့်အတူ ၁၀ နှစ်အောက်အရွယ် သားတစ်ဦး၊ သမီးတစ်ဦးနှင့် နို့စို့အရွယ် အရိုးပျော့ရောဂါရှိသူ သားငယ်တစ်ဦး ကျန်ရစ်သည်ဟု သိရသည်။ 

ယနေ့ညနေပိုင်းအထိ ကိုဇော်မျိုးမြင့်၏ ရုပ်အလောင်းကို မည်သည့်နေရာ သယ်ဆောင်သွားသည် မသိရှိရဘဲ သေဆုံးကြောင်း မိသားစုထံ အကြောင်းကြားခြင်းလည်း မရှိသေးကြောင်း ကျွန်းတောရွာဒေသခံက ပြောသည်။ 

“သူ့ (ကိုဇော်မျိုးမြင့်) အဖေက သွားကြည့်သေးတယ်။ စစ်သားတွေ ဝိုင်းအုံနေလို့ဆိုပြီး ပြန်လှည့်လာတယ် ကြားတယ်။ ဘာမှလည်း မပြောသေးဘူး။ သူ့အမျိုးသမီးကျတော့လည်း ဘာမှလည်း နားမလည်လို့တဲ့။ အိမ်မှာ ငုတ်တုတ်။ ကြောက်တာတွေရော၊ မသွားရဲတာတွေရော ဖြစ်နေတာ။ ခုထိက ဘာမှ မကြားရသေးဘူး။ အလောင်းလည်း ပြန်မရသေးဘူး” ဟု မင်းကင်းဒေသခံ အခြားသူတစ်ဦးက ပြောသည်။ myanmar now

တပ်တွင်းနေ CDM များကို NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုကုဒ်များ ထုတ်ပေးမည်

တပ်တွင်းနေ CDM များကို NuG ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုကတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ပြည်သူ့ရင်ခွင် (People` Embrance) က ထုတ်ပြန်သည်။

တပ်တွင်းပိတ်ဆို့မှုများ၊ ကိုဗစ်ရောဂါအခြေအနေများကြောင့် လုံခြုံလွတ်မြောက်ရာကို ထွက်လာနိုင်ရန် အခက်အခဲရှိနေသော်လည်း တပ်တွင်းက သတင်းပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းများဖြင့်လည်းကောင်း တော်လှန်ရေးကို အဘက်ဘက်မှ ပါဝင်နေကြသည့် တပ်မတော်သားအရာရှိများရှိနေပြီး လာရောက်ဆက်သွယ်လျက်ရှိသည်ဟု ပြည်သူ့ရင်ခွင် – People’s Embrace အဖွဲ့က ထုတ်ပြန်သည်။ကိုဗစ်ရောဂါကာလမျိုးတွင် စစ်ကောင်စီ၏ စောင့်ရှောက်မှုကို လုံးလုံးမရဘဲ ရုန်းကန်နေကြရသည့် အခြားအဆင့်များအနက်တွင်လည်း မိမိတို့ ဆောင်ရွက်နိုင်သည့် နည်းလမ်းအမျိုးမျိုးတို့ဖြင့် တော်လှန်ရေးကို ကူညီအားဖြည့်နေကြသည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့က ဆိုသည်။

ယင်းကဲ့သို့ ပြည်သူ့ဘက်ကရပ်တည်သော တပ်တွင်းနေ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် – People’s Embrace အဖွဲ့က စိစစ်ပြီးနောက် NUG ကာကွယ်ရေးဝန်ကြီးဌာနကအသိအမှတ်ပြု Pre-CDM ကုဒ်များ ထုတ်ပေးသွားတော့မည်ဖြစ်သည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့က ဆိုသည်။ယင်းအပြင် တပ်တွင်း CDM ပြုလုပ်သူများအနေဖြင့်လည်း သတိပြုဆောင်ရွက်ရမည့် အခြေအနေများကိုလည်း ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားသည်။

🟥 Pre-CDM ကုဒ်ထုတ်ယူချင်သည့် တပ်တွင်းနေများသည် ပြည်သူ့ရင်ခွင် – People’s Embrace အဖွဲ့ထံ @MyanmarPeople Telegram http://t.me/MyanmarPeople က ဆက်သွယ်ရပါမည်ဖြစ်ပြီး ပြည်သူ့ရင်ခွင် – People’s Embrace အဖွဲ့က စိစစ်သည့် နည်းလမ်းများအတိုင်း သဘောတူလိုက်ပါဆောင်ရွက်ရမည်ဖြစ်သည်။

🟥 သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်သူများကိုသာ ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု Pre-CDM ကုဒ်များထုတ်ပေးသွားမည်ဖြစ်ပြီး CRPH၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရင်ခွင်မဟုတ်သည့် အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများ၊ ပြည်သူ့ရင်ခွင်အဖွဲ့မှ စနစ် တကျ စိစစ်ထားခြင်းမရှိသည့် သူများသည် CDM / Pre-CDM ကုဒ်ရရန် အကျုံးမဝင်ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က ဆိုသည်။တပ်တွင်းရဲ ဘော်များ၊ ရဲတပ်ဖွဲ့ဝင်များ CDM ပြုလုပ်လိုပါက ပြည်သူ့ရင်ခွင်အဖွဲ့၏ Telegram သို့ ဆက်သွယ်နိုင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်က ထုတ်ပြန်ထားသည်။mizzima

တောင်တွင်းကြီးမြို့မှ NLD အားပေးထောက်ခံသူ ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး

မကွေးတိုင်း တောင်တွင်းကြီးမြို့၊ တောင်ပြင်ရပ်ကွက်၊ အောင်သပြေလမ်းမှာနေတဲ့ NLD ထောက်ခံသူ ကိုညှပ်စိနဲ့ ဇနီးဖြစ်သူ မစပယ် လင်မ ယားနှစ်ယောက် ကို သြဂုတ် ၁၇ ရက်နေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက နေအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ဖမ်းဆီးခံရသူ ကိုညှပ်စိ နဲ့ ဇနီးဖြစ်သူ မစပယ်တို့က NLD ပါတီကို အားပေးထောက်ခံသူ အမာခံတွေဖြစ်ကြောင်း ဒေသခံတွေဆီကသိရပါတယ်။khit thit

ပြည်သူကို ကာကွယ်ရန် မလွဲမသွေ တိုက်ပွဲဝင်ရမည်ဖြစ်ပြီး တိုက်ပွဲစတင်မည့် ရက်ညှိနှိုင်းဆုံးဖြတ်မည်ဟု NUG ယာယီသမ္မတ ပြောဆို

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် မလွဲမသွေ တိုက်ပွဲဝင်ရမည်ဖြစ်ပြီး စတင်မည့် ရက်ညှိ နှိုင်းဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) တွင် ပြောဆိုလိုက်သည်။

“NUG အစိုးရအနေနဲ့ နေ့စဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရန်၊မလွဲမသွေ တိုက်ပွဲဝင်ရတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေက မရပ်မနားဆောင်ရွက်နေကြကြောင်း၊ စတင်မယ့်ရက်ညှိနှိုင်းသတ်မှတ်ပြီးတဲ့အခါ cabinet ကို ပြန်လည်တင်ပြကာ ဝိုင်းဝန်းဆုံးဖြတ်ကြမှာဖြစ်ကြောင်း” ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) ကို ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ကျင်းပခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ယာယီသမ္မတက အမှာစကားပြောကြားရာ လာမယ့် စက်တင်ဘာလမှာ UN သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားနိုင်ရေး Credential ကိစ္စဟာ နိုင်ငံတကာအသိအမှတ်ပြုရေးမှာ အရေးကြီးတဲ့ ကဏ္ဍဖြစ်တဲ့အတွက် ပြင်ဆင်ရေးအဖွဲ့၊ အကြံပေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် လာရောက်သည့်အချိန်တွင်လည်း NUG အနေဖြင့် တွေ့ဆုံဆွေးနွေးဖို့ရန် မူဝါဒများချမှတ်ထားရန်လိုအပ်ကြောင်း ပြောဆိုသည်။

Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့်ပါတ်သတ်ပြီး covid-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မရှင်မှ Dr ဇော်ဝေစိုး ဦးဆောင်၍ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး အစွမ်းကုန်ကြိုးစားဆောင် ရွက်နေကြောင်း၊ Covid -19 ကာကွယ် ရေးမှာ စစ်ကောင်စီရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊လူထုကိုကာကွယ်ရမယ့်အစား ၎င်းတို့ရဲ့အာဏာကိုသာ ကာကွယ်လိုမှုတွေဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပျက်သုန်းစေဖို့ဖြစ်နေတာကြောင့် Covid – 19 ကာကွယ်ရေးကိစ္စတွင် အစိုးရအဖွဲ့တစ်ဖွဲ့လုံးရော ပြည်သူများပါ အလေးထားဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း ယာယီသမ္မတက ပြောဆိုသည်။khit thit

‘ဝ’မြို့တော် ပန်ဆန်းကို လော့ဒေါင်းချရန်စီစဉ်နေ

‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ် ဒေသဖြစ်တဲ့ ‘ဝ’ဒေသရဲ့ မြို့တော် ပန်ဆန်းမှာ လော့ဒေါင်းချပြီး အသွားအလာ ကန့်သတ်ဖို့  စီစဉ်နေတယ်လို့ UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရမ်းက ပြောပါတယ်။

ပန်ဆန်းမြို့ကို လော့ဒေါင်းချမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး ‘ဝ’ ဒေသပိုင် သတင်းဌာန – WSTV ကနေ မကြာခင်ကြေညာပေးသွားမယ်လို့လည်း ဦးညီရမ်းက ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ဖို့ လော့ဒေါင်းချပြီး အသွားအလာထိန်းချုပ်တာမျိုး ဖြစ်နိုင်တယ်လို့ ပန်ဆန်းမြို့မှာ နေထိုင်တဲ့သူတွေက ပြောဆိုနေကြပြီး မြို့တွင်းမှာ စားသောက်စရာ ဝယ်ယူသူတွေများပြားနေပါတယ်။

“မြို့ထဲမှာ စားသောက်ကုန်တွေ ထွက်ဝယ်နေတဲ့သူတွေအများကြီးပဲ။ တချို့စားသောက်ကုန်တွေ ဈေးတက်နေတာလည်းရှိတယ်။ အခြေအနေကို အတိအကျမသိရတော့ လူတွေလည်း စိုးရိမ်နေကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

‘ဝ’ဒေသမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို တရုတ်နိုင်ငံအကူအညီနဲ့ လူတိုင်းနီးပါးကို ထိုးနှံ့ပေးနေပေမယ့် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ထုတ်ပြန်ကြေညာတာမျိုး မတွေ့ရသေးပါဘူး။

ပန်ဆန်းမြို့ရဲ့ လော့ဒေါင်းကာလကို ဩဂုတ် ၁၈ရက်က စတင်ပြီး စက်တင်ဘာလ ၁၇ရက်အထိ တစ်လကြာမြင့်မယ်လို့ ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေပေမဲ့ အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ပန်ဆန်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှု များပြားလာတာကြောင့် လော့ဒေါင်းချခဲ့ပါသေးတယ်။DVB

« Older Entries