Monthly Archives: Aug 2021

MNDAA ကိုတိုက်ခိုက်ရန် အကြမ်းဖက်စစ်ကောင်စီက ကိုးကန့်ဒေသအခြေ စိုက် ပြည်သူ့စစ်များကို စေလွှတ်

ကိုးကန့်တပ်မတော်ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ကိုတိုက်ခိုက်ရန် အကြမ်းဖက်စစ်ကောင်စီက ကိုးကန့်ဒေသအခြေစိုက် ပြည်သူ့စစ် အင်အား ၄၀ခန့် ရှေ့တန်းသို့ စေလွှတ်ခဲ့ကြောင်း MNDAA ကပြောသည်။

“ကိုးကန့်လူမျိုးရဲ့တော်လှန်ရေးမှာ ကိုးကန့်လူမျိုးအချင်းချင်း တိုက်ပွဲဖြစ်ပွားမှာကို မမြင်ချင်ပါဘူး။ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့လို့ တိုက်ပွဲအတွင်းမှာ မိမိတို့သွေးချင်းတွေကို ပိုတောင်မှ မတွေ့မြင်ချင်ပါဘူး” ဟု ရှေ့တန်းစစ်မြေပြင်မှ အရာရှိတစ်ဦးကိုကိုးကား၍ MNDAA က ပြော သည်။

ကိုးကန့်ဒေသမြောက်ဖက်ရှိ လုံခန်ရွာတွင်လည်း စစ်ကောင်စီလက်ကိုင်တုတ်အဖွဲ့ဝင်များ စစ်ကောင်စီနှင့်ပေါင်းကာ လှုပ်ရှားနေပြီး မုံးကိုးဒေသတွင် စစ်ရေးတင်းမာမှုကို ရင်ဆိုင်ရန် စစ်အင်အားဖြည့်တင်းရာတွင် စစ်ကောင်စီသည် ကိုးကန့်ဒေသမှ စစ်အင်အားကိုသာ ဖြည့်တင်းခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၁၈ရက်က အကြမ်းဖက်စစ်ကောင်စီတပ်ရင်း (၇၉)၊ (၃၁၅)၊ (၅၇၅) တပ်ရင်းသုံးခုပေါင်းကာ MNDAA ၏ မုံးကိုးအခြေစိုက် မန်ဖားဒေသ တပ်မဟာ (၅၁၁)စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းမတိုင်မီ သြဂုတ် ၁၇ရက်တွင် စစ်ကောင်စီက စစ်အင်အား ၁၀၀ခန့်ဖြည့်တင်းခဲ့ကြောင်း MNDAA ထံမှ သိရသည်။

ယင်းနေ့ မွန်းလွဲပိုင်းကလည်း ဟိုက်ပါဒေသအခြေစိုက် တပ်မဟာ(၅၁၁)စခန်းကို အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့ရာ တစ်နာရီကျော် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ပန်ဟိုက်တောင်တန်းဒေသတွင်လည်း ထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ လတ်တ လော ကိုးကန့်ဒေသမြောက်ပိုင်းအခြေစိုက် စစ်ကောင်စီတပ်ရင်များအနေနှင့် သံလွင်မြစ်အနောက်ပိုင်းကို အင်အားတိုးချဲ့ပို့ဆောင်ခဲ့ပြီး သံလွင်မြစ်အနောက်ပိုင်းအခြေစိုက် MNDAA တပ်ဖွဲ့များကို ထိုးစစ်ဆင်ရန် ကြိုးပမ်းလာ၍ ယင်းဒေသတွင် စစ်ရေးတင်းမာလာကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။khit thit

တော်လှန်ရေးအတွက် PDF ဆေးတပ်ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေကြတဲ့ နွေဦးတော်လှန်ရေးအတွက် လိုအပ်တဲ့ ပြည်သူ့ကာကွယ်ရေး PDF ဆေးတပ်ကို ဖွဲ့ စည်းလိုက်ပြီလို့ သိရပါတယ်။

“အခက်အခဲတွေကြားထဲက ပြင်ဆင်မှုတွေ Training တွေ အပြီးမှာတော့ ကျနော်တို့ တော်လှန်ရေးအတွက် လိုအပ်နေတဲ့ Medical Team တခုကို တည်ဆောက်နိုင်ခဲ့ပါပြီ။ ကျန်တဲ့ Team တွေအတွက်ကိုလည်း ကျနော်တို့ ပြင်ဆင်နေပါတယ်”လို့ PDF ဆေးတပ်ဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးအတွက် လုပ်ငန်းစဉ်တွေအတွက် အလှူရှင်တွေလည်း လိုအပ်နေတာ မို့ ပါဝင်ကူညီချင်သူတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်ကြောင်းလည်း Hlaing Generations Z ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။

“D Day ဆိုပြီး မြန်မြန်ခေါ်ချင်ရင် များများ ထောက်ပံ့ပေးကြပါ။ ခင်ဗျားတို့ ဖြစ်စေ ချင်တဲ့ အရာတွေကို အသက်နဲ့ ရင်းပြီး အကောင်အထည် ဖော်ပေးမယ်ဗျာ”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဩဂုတ် ၁၂ ရက်က စတင်ကာ တော်လှန်ရေးအတွက် အမေရိကန် ဒေါ်လာ ၅ သန်း ပမာဏရှိ Raffle Ticket အလှူငွေကောက်ခံရောင်းချနေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၆ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ် ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။DVB

ရေစကြို PDF စခန်းအား အကြမ်းဖက်စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း၊ PDF တပ်ဖွဲ့ဝင်များ အချိန်မှီ ရှောင်တိမ်းနိုင်ခဲ့

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေစိုက်စခန်းကို အကြမ်းဖက်စစ်ကောင်စီမှ အင်အား ၁၀၀ ခန့်ဖြင့် သြဂုတ်လ ၁၉ ရက် နံနက် ၆ နာရီခွဲတွင် ဝင်ရောက်စီးနင်းခဲ့ပြီး PDF တပ်ဖွဲ့ဝင်များမှာ အချိန်မှီ စခန်းအားစွန့်ခွာပြီး ရှောင်တိမ်းနိုင်ခဲ့ပြီး ထိခိုက်ကျဆုံးသူ မရှိဟု သတင်းရရှိသည်။

” ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖော်ဆောင်ရန် အချိန်မကျရောက်သေးခြင်း၊ မိမိတို့ သစ္စာခံရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ တိုက်ပွဲခေါ်သံအား စောင့်ဆိုင်းနေခြင်းတို့ကြောင့် စခန်းအားစွန့်ခွာ၍ တပ်ဆုတ်ပေးခဲ့ကြပါသည်” ဟု ရေစကြို PDF မှ သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များသည် စခန်းတွင်ကျန်ရှိသော မီးစက်များ၊ ဆိုင်ကယ်များ၊ သေနတ်များ၊ ဆန်ရိက္ခာများကို သိမ်းယူသွားပြီး စခန်းအား မီးရှို့သွားခဲ့ကြောင်း သိရသည်။khit thit

ရခိုင်ပြည်နယ်တွင် ကျေးရွာများကို စစ်တပ်က ဝင်ရောက်စစ်ဆေးနေသဖြင့် ဒေသခံများ စိုးရိမ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ကျေးရွာတွေမှာ သြဂုတ် ၁၇ ရက်ကစတင်ပြီး စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာကာ ဒေသခံတွေကို စစ်ဆေးမေးမြန်းနေတာကြောင့် ဒေသခံတချို့မှာ စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

နတ်မော်ကျေးရွာသားတစ်ဦးက  “အခုက စစ်တပ်ကနေပြီးတော့ ကျနော်တို့ကျေးရွာတွေဘက်ကို အင်အားအလုံးအရင်းဝင်လာကြတာပေါ့။ စစ်သား ၃၀/၄၀ နဲ့လာတဲ့ခါလည်း ရှိသလို တခါတလေဆိုရင် စစ်ကား ၃/၄ စီးနဲ့ဝင်လာတဲ့ အခါလည်းရှိတယ်။ ကျနော်တို့ရွာတွေဆိုတာက စစ်တပ်နဲ့ ကျွမ်းဝင်တဲ့ရွာတွေမဟုတ်ဘူးလေ။ အခုအချိန်မှ စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ဝင်ထွက်ပြီးတော့ ဟိုလူကို မသင်္ကာလို့ မေးသလို၊ ဒီလူ့ကိုမသင်္ကာလို့ မေးသလိုကျတော့ တချို့ လည်းကြောက်ပြီးတော့ တိမ်းရှောင်ရတာတွေရှိတယ်။ ကျနော်တို့စိုးရိမ်တာက စစ်တပ်ကအရင် ဒီလိုမျိုးဝင်ထွက်တာတွေလည်း မရှိဘူးပေါ့။ အခုအချိန်မှာ ဒီလိုမျိုးဝင်ထွက်သွားလာနေပြီးတော့ ဘာအကြောင်းကြောင့် သွားလာနေတာလည်းဆိုကိုလည်း တိတိကျကျမသိရဘူး။ ဒီအပေါ်မှာ တိုက်ပွဲတွေဖြစ်လာမှာလားဆိုပြီးတော့လည်း ဒေသခံတွေက စိုးရိမ်နေကြတာပေါ့”လို့ ပြောပါတယ်။

အခုလို စစ်တပ်ကကျေးရွာတွေကို အင်အားအလုံးအရင်းဝင်ရောက်လာပြီး ကျေးရွာနေသူ လူငယ်တချို့ကိုလည်း စစ်ဆေးမေးမြန်းနေသလို လက်ရှိအချိန်မှာလည်း ကျေးရွာနားမှာ စစ်တပ်က ဝိုင်းထားပြီးစောင့်ကြည့်နေတယ်လို့ ကင်းတောင်ကျေးရွာနေ ဒေသခံကပြောပါတယ်။

ကင်းတောင်ကျေးရွာသားတစ်ဦး  “ကင်းတောင်ရွာကို ၁၇ ရက်နေ့က စစ်သားအယောက် ၄၀ လောက်ရောက်လာတယ်။ ရွာကိုဝင်လာပြီးတော့ ရွာနားတဝိုက်မှာ ကင်းပုန်းတွေချပြီးတော့ စောင့်ကြည့်နေတာရှိတယ်။ နောက်ကင်းတောင်ရဲ့အထက်ဘက် ကျောက်မောင်နှမ၊ ကိုင်းချောက် တောင်၊ ကြက်ကိုင်းတို့ရွာတွေမှာလည်း စစ်ကြောင်းပုံစံမျိုးတွေ သွားလာနေကြတာတွေရှိတယ်။ ကျောက်မောင်နှမရွာက ကလေးတစ်ယောက်ကိုတော့ စစ်ဆေးတာတွေရှိတယ်လို့ သိရတယ်။ ဒီလိုစစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် ကျနော်တို့ဒေသခံတွေမှာ တအား စိုးရိမ်ထိတ်လန့်မှုတွေရှိလာနေကြတာပေါ့”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှု မရှိတာဟာ ၁၀ လဝန်းကျင်ရှိလာ ပြီးနောက် ရခိုင်မှာ စစ်တပ်က အင်အားတိုးချဲ့ချတာတွေ ရှိလာနေတာပါ။

မြို့ပေါ်တွေမှာလည်း လုံခြုံရေးချထားကာ စစ်ဆေးတာတွေရှိနေသလို ညဘက်တွေမှာလည်း ဧည့်စာရင်းဝင်ရောက်စစ်ဆေးတာတွေ ရှိလာနေတာကြောင့် ဒေသခံတွေမှာ တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြ ပါတယ်။DVB

ဆူးဝင်းရွာတွင် ဓားပြမှုဖြစ်ပွား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ၊ ဆူးဝင်းကျေးရွာအုပ်စု ဆူးဝင်းကျေးရွာတွင် ဩဂုတ် ၁၉ ရက် မနက်အစောပိုင်းက ဓားပြမှု ဖြစ်ပွားခဲ့သည်။ ကျေးရွာအရှေ့ပိုင်းရှိ စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးထွန်း၏ နေအိမ်ဓားပြတိုက်ခံရခြင်းဖြစ်သည်။

“ဒီဖြစ်စဉ်ဖြစ်‌တော့ အိမ်ရှင်တွေကဖုန်းဆက်ပြီး ကျွန်တော်တို့ကို ခေါ်တယ်။ သူတို့အိမ်ရောက်တဲ့အချိန် မေးကြည့်တော့ သူတို့က(ဓားပြတိုက်သူများ)တံခါးကို ကန်ဖွင့်ကြတယ်။ ပြီးတော့ အိမ်ထဲကိုနှစ်ယောက် ဝင်လာတယ်။ တံခါးမှာ တစ်ယောက်ရှိတယ်။ ခြံဝနားမှာ နှစ်ယောက်ရှိတယ်။ ဝင်လာတဲ့အချိန် အိမ်ရှင်က သေနတ်မပါဘူးအထင်နဲ့ ဓားကိုဆွဲလိုက်တဲ့အချိန် သေနတ်နဲ့ပစ်သွားတယ်။ ဒဏ်ရာက လေးချက်လောက် ချုပ်လိုက်ရတယ်။ ပစ်တဲ့သေနတ်က အရှည်၊ ဘာအမျိုးအစားလဲ ဆိုတာကိုတော့ အိမ်ရှင်တွေကမပြောနိုင်ပါဘူး” ဟုဖြစ်စဉ်အပြီး ထိုအိမ်သို့ သွား‌ရောက်ခဲ့သူ သူတစ်ဦးကဆိုသည်။

ထို့နောက် အိမ်ရှိမီးခံသေတ္တာကို ဖွင့်ခိုင်းကာ ငွေကျပ် ၆၉၃ သိန်း ယူဆောင်သွားကြသည်။ ဦးမျိုးထွန်းမိသားစုသည် ပါတီနိုင်ငံရေးများနှင့် ကင်းရှင်းကာ ကျေးရွာသားများနှင့် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေကြောင်း ဒေသခံများကပြောသည်။ ဆူးဝင်းရွာသည် မြိုင်မြို့နယ်၏ အနောက်ဘက် ၁၆ မိုင်အကွာတွင်တည်ရှိပြီး အိမ်ခြေ ၇၀၀ ခန့်ရှိသည့် ရွာဖြစ်သည်။ “သူတို့က ဝတ်စုံအပြည့်ပဲ။ ဖိနပ်ကအစ ခေါင်းစွပ်အဆုံးပျောက်ကြားဝတ်စုံ ပြီးတော့ သေနတ်ကလည်း ပြောင်လက်နေတာပဲ။

စကားပြောသွားတာ အစအဆုံး တုန်ရီနေတာမျိုးမရှိဘူး။ တည်တည်ငြိမ်ငြိမ်ပဲ”ဟု ဓားပြတိုက်ခံရသည့် မိသားစုဝင် တစ်ဦးကပြောသည်။ ဓားပြမှု ဖြစ်ပွားရာနေရာ ဝန်းကျင်တွင် LC- 87 ကျည်ခွံတစ်ခုနှင့် ကျည်တစ်တောင့်ကို ရဲဌာနက တွေ့ရှိသိမ်းဆည်းထားကြောင်း VOM သတင်းဌာနက ဖော်ပြထားသည်။ “ရဲစခန်းနဲ့ဆို ၁၅ မိနစ်လောက်ပဲသွားရမယ်။ ဆိုင်ကယ်နဲ့ဆိုရင်ပေါ့။သူတို့လည်းသေနတ်သံကြားရမှာပဲ။ ဒါပေမဲ့ ဘယ်ရဲမှလည်း ရောက်မလာဘူး။ နေ့လယ်ခင်းအချိန်လောက်မှ သူတို့ရောက်လာကြတယ်။ ပြီးတော့ သတင်းဌာနတစ်ချို့က ဒေသခံကာကွယ်ရေးတပ်တွေက လုပ်သလိုပုံစံမျိုးရေးကြတယ်။

ဒါက စစ်ကောင်စီဘက်က သက်သက်လုပ်တာလို့ ကျွန်တော်တော့ယူဆတယ်” ဟု ဒေသခံတစ်ဦးက ယင်းဖြစ်စဉ်ကို သုံးသပ်ပြောဆိုသည်။ “ကျွန်တော်တို့ ထုတ်ပြန်ချက်လည်း ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စက ပြည်သူနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို အထင်မြင်လွဲအောင် စီစဉ်ပြီးလုပ်တာလို့ ယူဆပါတယ်။ ဖြစ်စဉ်ဖြစ်ခဲ့တဲ့အိမ်နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးနဲ့လည်း ကျွန်တော်တို့ အဆက်အသွယ်ရှိတယ်။ အားလုံးက ကျွန်တော်တို့ကို ကူညီပံ့ပိုးပေးကြတဲ့သူတွေ၊ ဒီလိုကိစ္စမျိုးကို ပြည်သူ့ကာကွယ်ရေး တပ်သားတွေအနေနဲ့ ဘယ်နည်းနဲ့မှ လုပ်မှာမဟုတ်ဘူး။ ရေနံမှော်ထဲက ပျူစောထီးတွေနဲ့ ဗဟင်းနယ်မြေရဲစခန်းက ရဲတွေပေါင်းပြီး လုပ်ကြတာလို့ သတင်းတစ်ချို့ရထားတယ်” ဟု မြိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဩဂုတ် ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်တွင် “Myaing PDF အနေဖြင့် စတင်ဖွဲ့စည်းကတည်းက စစ်‌ကောင်စီကို တော်လှန်အမြစ်ဖြတ်ရန် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို လုံးဝ လုံးဝ ထိခိုက်နစ်နာစေခြင်း မပြုခဲ့ပါ။

ယမန်နေ့က ဖြစ်ပွားခဲ့သောဆူးဝင်း လုယက်မှုတွင် Myaing PDF အနေဖြင့် လုံးဝ လုံးဝပါဝင်ခြင်းမရှိပါကြောင်းနှင့် ရှုံ့ချကြောင်း သတင်းထုတ်ပြန်ပါသည်” ဟုဖော်ပြပါရှိသည်။ဆူးဝင်းရွာသည် ဗဟင်းနယ်မြေရဲစခန်း၏ တောင်ဘက် သုံးမိုင် အကွာခန့်တွင် တည်ရှိသည်။mizzima

၄၄ လမ်းဖြစ်စဉ်တွင် ခုန်ချ ဒဏ်ရာရသူ ရဲမင်းဦးကို စစ်ကြောရေးသို့ပို့

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်စီးနင်းခဲ့သည့် ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းဖြစ်စဉ်အတွင်း တိုက်ပေါ်မှကျသည့် ဒဏ်ဖြင့် မင်္ဂလာဒုံစစ်ဆေးရုံ (ကုတင် ၁၀၀၀)၌ ကုသမှုခံယူနေရသူ ကိုရဲမင်းဦး(ခ)ရဲကြီးကို ၁၀ ရက် အကြာ ယမန်နေ့ (ဩဂုတ် ၁၉) တွင် စစ်ကြောရေးသို့ ပို့ဆောင်လိုက်သည်။

အသက် ၂၇ နှစ်အရွယ် ကိုရဲမင်းဦးကို ဩဂုတ် ၁၈ မွန်းလွဲပိုင်းတွင် စစ်ဆေးရုံမှ ဗိုလ်တထောင်ရဲစခန်းသို့ ပို့ကာ ရမန် (ချုပ်နှောင်ခွင့်) ယူပြီးနောက် ယနေ့ ညနေ ၆ နာရီခွဲတွင် ရွှေပြည်သာရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

“ကျန်းမာရေးကောင်းတယ်။ ခြေထောက်ကတော့ လမ်းလျှောက်ရာမှာ အခက်အခဲရှိတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

ကိုရဲမင်းဦးရှိနေသည့် ၄၄ လမ်း တိုက်ခန်းတစ်ခုကို စစ်ကောင်စီဝင်စီးသည့် ဩဂုတ် ၁၀ ရက် ဖြစ်စဉ်အတွင်း ခုန်ချခဲ့၍ ဦးခေါင်းထိခိုက်သည်ဟု ကြားသိရသော်လည်း ကာယကံရှင်နှင့် လူချင်းတွေ့ခွင့်ကို စစ်ကောင်စီက မပေး၍ ဒဏ်ရာအခြေအနေ အသေးစိတ်ကို မသိရဟု ထိုသူက ဆက်ပြောသည်။

မင်္ဂလာဒုံစစ်ဆေးရုံ တာဝန်ကျအရာရှိတစ်ဦးကလည်း ကိုရဲမင်းဦး၏ အခြေအနေ အတိအကျကို အတည်မပြုပေးနိုင်သော်လည်း ကျန်းမာရေးကောင်းမွန်ပြီဖြစ်၍ ဆေးရုံဆင်းခွင့်ရတော့မည်ကို လွန်ခဲ့သည့် နှစ်ရက် ဩဂုတ် ၁၇ ကတည်းက သိရှိထားကြောင်း ပြောသည်။

၄၄ ဖြစ်စဉ်အတွင်း ကိုရဲမင်းဦးနှင့်အတူ တိုက်ပေါ်မှ ခုန်ချခဲ့ပြီး ဒဏ်ရာများဖြင့် မင်္ဂလာဒုံစစ်ဆေးရုံ၌ပင် ရောက်နေသည့် ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်(ခ)ဗလ တို့၏ အခြေအနေကိုမူ စုံစမ်း၍ မရသေးပေ။

စစ်ကောင်စီက အကြမ်းဖက်စီးနင်းစဉ် အတူခုန်ချခဲ့သည့် မဝေဝေမြင့်နှင့် ကိုဝေဇော်ထက်တို့မှာမူ သေဆုံးခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်တွင် အမိုးပေါ်တက်၍ ပုန်းခိုနိုင်ခဲ့သည့် ကိုကောင်းမင်းသန့်တစ်ဦးသာ ကံကောင်းထောက်မစွာ အသက်ဘေးနှင့် စစ်ကောင်စီ၏ အန္တရာယ်မှ လွတ်မြောက်ခဲ့သည်။myanmar now

သစ်ခွဲသားများကို ၂၀၂၃ ခုနှစ်မှစ၍ ပြည်ပတင်ပို့ခွင့် မပြုတော့ဟု စစ်ကောင်စီဒုဝန်ကြီးပြော

အခြေခံအဆင့်ခွဲစိတ်ထားတဲ့ သစ်ခွဲသားတွေကို နောင်မှာ ပြည်ပတင်ပို့ခွင့် မပြုတော့ဘဲ တဝက်တပျက် ကုန်ချော (Semi-finished) နဲ့ ကုန်ချော (finished) တွေကိုသာ ပြည်ပတင်ပို့ခွင့် ပြုမယ်လို့ စစ်ကောင်စီခန့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။

ဒီအစီအစဉ်ကို လာမယ့်  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး ကျင့်သုံးသွားမယ့် အကြောင်း ဒုဝန်ကြီး ဦးမင်းမင်းဦးက နေပြည်တော်မှာ သြဂုတ် ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဒုတိယအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက် ရက်သတ္တပတ်အတွင်းမှာပဲ သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) က  မြန်မာ့သစ်တောကဏ္ဍနဲ့ ပတ်သက်ပြီး  ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာတော့ မြန်မာနိုင်ငံအတွင်း သစ်တောဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်မှုနဲ့ လုပ်ထုံးနည်းလမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဖြစ်ဖို့အရေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်က ဖြစ်နိုင်ခြေတွေ ရှိခဲ့ပြီး မြန်မာ့သစ်တောကဏ္ဍကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့တကွ လူမှုအခြေပြုအဖွဲ့အစည်းတွေ၊ သစ်တောမြေ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်တွေနဲ့ ပုဂ္ဂလိကပိုင်းက လည်း အားပေး ထောက်ခံမှုတွေ ရရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ စစ်ကောင်စီအစိုးရအဖွဲ့က နိုင်ငံရဲ့ကဏ္ဍအားလုံးကို အုပ်ချုပ်လုပ်နိုင်နေပြီ ဖြစ်လို့ အစိုးရအတွက်သာ အကျိုးရှိစေမှာ ဖြစ်တာကြောင့် မြန်မာ့သစ်တောဆိုင်ရာ စီမံခန့်ခွဲ အုပ်ချုပ်မှုနဲ့ လုပ်ထုံးနည်းလမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေက ဖြစ်မလာနိုင်တော့ဘူးလို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက သစ်နဲ့ သစ်ထွက်ကုန်ပစ္စည်းတွေကို ဝယ်ယူသူတွေကြောင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီကျင့်သုံးမှု ပျက်စီးရာ ပျက်စီးကြောင်းကို ကူညီပေးသလို ဖြစ်သွားနိုင်တဲ့အပြင် စစ်တပ်အုပ်ချုပ်မှုကို ထောက်ပံ့သလို ဖြစ်သွားနိုင်ကြောင်းလည်း သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) က သတိပေးထားပါတယ်။

မြန်မာ့သစ်လုပ်ငန်းဟာ အစိုးရပိုင် လုပ်ငန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်ချီအမြတ်အစွန်းတွေ ရရှိနေတဲ့ လုပ်ငန်းတခုဖြစ်ပေမယ့် အမြတ်အစွန်းတွေဟာ ဘယ်နေရာကိုရောက်ရှိသွားပြီး ဘယ်လို အသုံးပြုနေတယ်ဆိုတဲ့ အခြေအနေတွေကို ကြပ်မတ်စောင့်ကြည့်ခံရခြင်း မရှိတော့လို့ တာဝန်ယူ တာဝန်ခံတာလည်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် သစ်တောဝန်ထမ်းတွေအများအပြား အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြချိန်မှာ  မြန်မာပြည်တွင်း သစ်ခိုးထုတ်မှုတွေ၊ ကုန်းကြောင်း ၊ ရေကြောင်းကနေ  တရားမဝင်သစ်မှောင်ခို သယ်ဆောင်မှုတွေ အကြီးအကျယ်ပြုလုပ်ခဲ့ကြတဲ့ သတင်းတွေ ဒီဗွီဘီက ရရှိပါတယ်။ 

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက အာဆီယံအမွေနှစ်စာရင်းဝင် အလောင်းတော်ကဿပအမျိုးသား သစ်တောဥယျာဥ်ထဲက သက်တမ်းရင့် သစ်ပင်တွေကို လည်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူတွေက နေ့စဥ်လိုလို ခုတ်လှဲ သစ်ခိုးယူနေတာရှိတယ်လို့ လည်း အနီးဝန်းကျင်မှာနေထိုင်တဲ့ ရွာသားတွေက ဒီဗွီဘီကို ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ကျွန်းသစ်အလုံးလိုက်ပြည်ပတင်ပို့မှုကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်ကစပြီး ရပ်နားခဲ့ပါတယ်။ ဒိနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာလည်း သစ်အလုံးလိုက်တင်ပို့မှုကို ရပ်နားထားတဲ့အပြင် ကျွန်းသစ်အဓိက ထွက်ရှိရာ ပဲခူးရိုးမက သစ်ထုတ်လုပ်မှုကိုလည်း ၁၀ နှစ်ရပ်ဆိုင်းခဲ့ပါသေးတယ်။ 

ပုဂ္ဂလိကကျွန်းစိုက်ခင်းက ထွက်ရှိတဲ့ ကျွန်းသစ် အပါအဝင် သစ်မာအမျိုးနွယ်ဝင်သစ်တွေကို တင်ပို့မှုတွေရှိနေသလို  တရားမဝင်သစ်ထုတ်လုပ်မှုတွေလည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ သစ်တောထွက်ပစ္စည်းတင်ပို့မှုက ပုံမှန်(ရေကြောင်း)တင်ပို့မှု ၁၅၀ ဒသမ ၁၃ သန်းနဲ့ နယ်စပ်လမ်းကြောင်းတင်ပို့မှု ၃ ဒသမ ၉၃ သန်းရှိတာကြောင့် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၅၄ ဒသမ ၀၆ သန်း ရရှိခဲ့တဲ့အကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

၂ဝ၁၉ ခုနှစ်၊ ဇွန်လက ထုတ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာအရ ၁၉၉ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ (၂၅နှစ်အတွင်း) မြန်မာနိုင်ငံမှာ သစ်တောဟက်တာ ၁ဝ သန်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ 

အဲဒီ့ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ သစ်တောဆုံးရှုံးမှု တတိယအများဆုံးနိုင်ငံဖြစ်ခဲ့ပြီး နိုင်ငံတွင်းမှာလည်း အခုအချိန်ထိ တရားမဝင်သစ်ထုတ်တာနဲ့ အဂတိလိုက်စားတွေလည်း  ရှိနေသေးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။DVB

ရေပြစ်ကြီးရွာပျူ‌စောထီးခေါင်းဆောင် ဓားဖြင့်ခုတ်သတ်ခံရ

ကျောက်ဆည်မြို့ ရေပြစ်ကြီးရွာမှ စစ်ကောင်စီသတင်းပေး ပျူစောထီးခေါင်းဆောင်ဟု ဒေသခံများက သတ်မှတ်ထားသည့် အေးမင်းမောင် (ခ) စောမိုးဇက် ဓားဖြင့်ခုတ်သတ်ခံရကြောင်း ဒေသခံများကပြောသည်။

အသက် ၄၀ကျော်အရွယ် အေးမင်းမောင်သည် ရေပြစ်ကြီးကျေးရွာ ရွာသချိုင်းအနီးတွင် ဩဂုတ် ၁၉ရက် ည ၁၂ ဝန်းကျင်အချိန်ခန့်က ဓားဖြင့် ခုတ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

“ သူက ပျူစောထီး ကျေးရွာခေါင်းဆောင်ဗျ။အနီးနားကျေးရွာတွေကို စစ်ကောင်စီက စစ်သင်တန်းပို့ချနေတာကို သူက ဦးဆောင်နေပေးနေတာ၊ မြို့ပေါ်မှလည်း သူသတင်းပေးလို့ အဖမ်းခံရတာများတယ် “ဟု ဒေသခံများကဆိုသည်။

သေဆုံးသူ အေးမင်းမောင်သည် အကြမ်းဖက်စစ်ကောင်စီက ပေးအပ်ထားသည့် သေနတ်အတို ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း ဒေသခံများကပြောသည်။လက်ရှိတွင် ရွာအနီးနားပတ်ဝန်းကျင်၌ အာဏာသိမ်း စစ်‌ကောင်စီတပ်အဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။mizzima

« Older Entries