ရေဦးတွင် အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး ကောက်စိုက်တောင်သူများ ဆန္ဒပြ





khit thit
khit thit
ရခိုင်ပြည်သူပြည်သားတွေ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ သတင်းတွေကို မှန်မှန်ကန်ကန်သိရှိနိုင်ဖို့နဲ့ အကူအညီတောင်းခံနိုင်ဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ရခိုင်ပြည် Covid Call Center တခုကို ဖွင့်လှစ်ကူညီနေပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း၊ အသွင်ပြောင်းဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံက ဒေသအသီးသီးလိုပဲ ရခိုင်ပြည်နယ်တခုလုံးကို ကူးစက်ပြန့်ပွားနေချိန်မှာ ဒီ Call Center ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ရခိုင်သားတိုင်းနားလည်ဖို့အတွက် ဖုန်းနံပါတ်က 09-779 778 880 ကို ၂၄ နာရီပတ်လုံး ရခိုင်ဘာသာစကားနဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဒီဖုန်းနံပါတ်ကို ဆက်ပြီး ခေါ်ဆိုတဲ့အခါ အနီးပတ်ဝန်းကျင်က ဆရာဝန်တွေ၊ အရေးပေါ် လူနာတင်တင်ကားတွေ၊ အောက်စီဂျင်ရရှိနိုင်တဲ့နေရာတွေ၊ အောက်စီဂျင် မရနိုင်ခင် အချိန်မှာလုပ်ကိုင်ရဖို့နည်းလမ်းတွေ၊ ရောဂါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ကာကွယ်ဖို့ နည်းလမ်းတွေကို သိရှိ၊ ရရှိနိုင်မှာဖြစ်ပါတယ်။
လိုင်းခွဲတွေထဲမှာ အော်ပရေတာတွေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ အတွက် နံပါတ် (၀)ကို နှိပ်ရန်၊ ရောဂါလက္ခဏာနဲ့ ကူးစက်တတ်တဲ့နည်းလမ်းတွေကို သိချင်ရင် နံပါတ် (၁)ကို နှိပ်ရန်၊ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို သိဖို့အတွက်နံပါတ် (၂)ကို နှိပ်ရန်၊ အောက်စီဂျင် ကျပါက ပြန်တက်လာအောင်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေအတွက် နံပါတ်(၃) ကိုနှိပ်ရန်၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြောဆိုဖို့ နံပါတ် (၄)ကို နှိပ်ရန်၊ အရေးပေါ်ကားတွေကို ခေါ်ဖို့ နံပါတ် (၅)ကိုနှိပ်ပါ၊ အောက်စီဂျင် ရရှိနိုင်မယ့်နေရာတွေကို သိချင်ပါကနံပါတ် (၆)ကို နှိပ်ရန်၊ အရေးပေါ် အစားအသောက် အခက်အခဲရှိရင် ခေါ်နိုင်မယ့် ဖုန်းနံပါတ်တွေ သိဖို့အတွက် နံပါတ် (၇)ကို နှိပ်ပါ၊ လှူဒါန်းလိုပါက ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေကို သိဖို့အတွက် နံပါတ် (၈) ကို နှိပ်ရန်တို့ဖြစ်ပါတယ်။
ဒီစင်တာကို “Blue Ocean Operating Management”၊ “We ❤ Rakhine” နဲ့ “Sittwe Oxygen Plant (S.O.P)” တို့ ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။
တာဝန်ရှိသူတဦးဖြစ်တဲ့ ခိုင်ကောင်းစံက “အဓိကကတော့ ကိုဗစ် တတိယလှိုင်းမှာဆိုရင် မြို့နယ်တိုင်းလိုလိုမှာ သေဆုံးမှုတွေ ပိုများလာတယ်။ နောက်ပြီးတော့ အစိုးရကိုယ်တိုင်က ဒီလို Call Center တွေ လုပ်နိုင်ခြေမရှိဘူးပေါ့။ အခုအစိုးရဆိုရင်တော့ ပိုပြီးတော့ ဆိုးတာပေ့ါ။ စီမံခန့်ခွဲမှုတွေ ယိုယွင်းနေတဲ့အချိန်မှာတော့ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားတဲ့ ဒီအဖွဲ့တွေကတော့ Call Center လုပ်ဖို့ လိုအပ်တာပေါ့နော်။”လို့ပြောပါတယ်။
လတ်တလောမှာ အချက်တော်တော်များများကို ဆောင်ရွက်နိုင်ပေမဲ့ ရိက္ခာထောက်ပံ့မှုကိုတော့ အနည်းအကျဉ်းပဲ ထောက်ပံ့နိုင်သေးတယ်လို့ဆိုပါတယ်။
လွန်ခဲ့တဲ့သီတင်း နှစ်ပတ်ခန့်က ရခိုင်ပြည်နယ်တွင်းက မြိုနယ် ၁၇ မြို့နယ်စလုံးမှာ ကူးစက်မှု၊ သေဆုံးမှု နှုန်းထားတွေ မြင့်မားခဲ့ပြီး အများအားဖြင့် စစ်တွေ၊ မင်းပြား၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်စတဲ့မြိုနယ်တွေမှာ ပိုမိုသိသာကြောင်းနဲ့ လက်ရှိမှာတော့ သေဆုံးနှုန်းတွေ၊ ကူးစက်နှုန်းတွေကတော့ တော်တော်လေး ကျဆင်းလာတယ်လို့ဆိုပါတယ်။
“ကျလာတဲ့အကြောင်းရင်းကတော့ အထူးသဖြင့်ကတော့ အစိုးရရဲ့ စီမံမှုကြောင့် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ ထုတ်ပြန်ချက်တွေပေါ့နော်။ သူက Stay At Home နေဖို့ ၁၄ ရက် နှစ်ကြိမ်လုပ်ခဲ့တယ်၊ အခု မနေ့တနေ့ကမှ တကြိမ် ထပ်တိုးတာပေါ့၊ တပတ်ပဲ ထပ်တိုးတာပေါ့။ အဲဒီအပေါ်မှာ ပြည်သူလူထုတွေ လိုက်နာမှုက အားကောင်းလာတယ်။ ကိုဗစ်လူနာတွေရော၊ ပိုးတွေ့လူနာတွေရော၊ ဖျားနာတဲ့လူတွေ တော်တော်ကျသွားတာကို တွေ့ရတယ်ပေ့ါလေ သေဆုံးနှုန်းက အစ” လို့ပြောပါတယ်။DVB
စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်အခြေစိုက် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ် BGF ဗိုလ်မှူး တစ်ဦး ဩဂုတ် ၂၁ ရက် မနက်အစောပိုင်းက ကွယ်လွန်သွားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
ကွယ်လွန်သူမှာ အသက် ၅၀ အရွယ်ခန့်ရှိတဲ့ တပ်ရင်းမှူး ဗိုလ်မှူး ၀မ်ထေခေါင် ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့ကွယ်လွန်တာဖြစ်ကြောင်းနဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီး ၄ ဦး ကျန်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ၂၀၀၉ ခုနှစ်မှစတင်ကာ BGF အသွင်ပြောင်း အမှတ် ၁၀၀၁ ၊ ၁၀၀၂ နယ်ခြားစောင့်တပ်နဲ့ အခု စင်ကြိုင်အခြေစိုက် ၁၀၀၃ နယ်ခြားစောင့်တပ်တွေကို ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ် မြောက်ပိုင်းတိုင်းအောက်မှာ ထားရှိတာဖြစ်ပါတယ်။DVB
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ကညင်အိုင်ကျေးရွာမှာ ဩဂုတ် ၂၁ ရက် မနက်ပိုင်းက အမျိုသား ၁ ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားပါတယ်။
အသက် ၆၀ နှစ်အရွယ် ဦးအေးဝင်းဟာ စစ်ကောင်စီသတင်းပေး ဒလန်လို့ လူသိများသူဖြစ်ပြီး ကညင်အိုင်ကျေးရွာရှိ သူ့ရဲ့နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်မှာ ဈေးရောင်းနေစဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဆိုက်ကယ်နဲ့ လာရောက်ပြီး ပစ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရသူ ဦးအေးဝင်းဟာ သေနတ်ဒဏ်ရာ ၄ ချက် ရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အနီးအနားမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုဖြစ်စဉ်အပါအဝင် သိမ်ဇရပ်မြို့မှာ ၄ ရက်အတွင်း စစ်ကောင်စီ သတင်းပေး ဒလန် ၂ ဦး ပစ်သတ်ခံရတာပါ။ ဩဂုတ် ၁၇ ရက်ကလည်း စစ်ကောင်စီသတင်းပေးလို့ လူသိများတဲ့ ဦးသိန်းဝင်း သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။DVB
khit thit
တော်လှန်ရေးအတွက် Raffle Ticket ဝယ်ယူတဲ့ ပြည်သူတွေကို တုံ့ပြန်ပေးအပ်သွားမယ့် ဆုတွေထဲမှာ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ လက်ရာ ပန်းချီကား တချပ်လည်း ပါဝင်ပါတယ်။
ဒီပန်းချီကားကိုတော့ “နွေဦး” လို့ အမည်ပေးထားပြီး မင်းကိုနိုင်ရဲ့ လက်မှတ်နဲ့အတူ Grand Prize တွေထဲက တခုအဖြစ် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
“ဒီရန်ပုံငွေပွဲမှာ ပူးပေါင်းပါ၀င်ပေးကြသူများ၊ အလှူရှင်များအားလုံးဟာလည်း လုပ်နိုင်ကြတာထက်ပိုပြီး ကြိုးစားနေကြတာပါ။ ထို့အတူပဲ ကိုမင်းကိုနိုင်က သူ့နှလုံးသားနဲ့ ခံစားရေးဆွဲထားတဲ့ “နွေဦး”ပန်းချီကားလေးကို သူ ပါဝင်အားစိုက်ထားတဲ့ လုပ်အားအဖြစ် ဒီရန်ပုံငွေပွဲမှာ တုံ့ပြန်လက်ဆောင်ပေးမှာပါ။ ကိုမင်းကိုနိုင်က ဒီပန်းချီကားလေးရရှိမယ့်သူကို သူနဲ့ ရေစက်ဆုံတဲ့သူပါလို့ ဆိုထားတာကြောင့် ကိုမင်းကိုနိုင်နဲ့ ရေစက်ဆုံဖို့ ဒီပန်းချီကားလေး ရနိုင်မယ့်အခွင့်အရေးကို ကြိုးစားရအောင် 5 Million Challenge ရဲ့ Raffle Ticket ဝယ်ယူပြီး တုံ့ပြန်လက်ဆောင် Grand Prize လေးကို ကံစမ်းနိုင်ပါပြီ”
“ယုံကြည်ရာ ခြေတစ်လှမ်း၊ တော်လှန်ရေးအတွက် ငါးသန်း”လို့ အမည်ပေးထားတဲ့ ဒီ Challenge Campaign မှာ အမေရိကန်ဒေါ်လာ ၅ သန်းကို သြဂုတ်လအတွင်း ပြည့်မီအောင် ကမ္ဘာအနှံ့မှာ ရှိတဲ့ CRPH – OFP Fundraisers တွေက အလှူငွေ ကောက်ခံပေးသွားမှာဖြစ်ကာ ရရှိလာတဲ့ အလှူငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးပြီး မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက ပါဝင်နေကြတဲ့ ပြည်သူနဲ့ လူငယ်တွေရဲ့ စားဝတ်နေရေးနဲ့ တခြားသော လိုအပ်ချက်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ပြန်လည် ခွဲဝေပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဒီ Challenge Campaign ဟာ အောင်လံလွှင့်ချီနွေဦးထီနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘဲ ဒီအစီအစဉ်မှာ ပါဝင်လှူဒါန်းကြမယ့် ပြည်သူတွေကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့လည်း Raffle Ticket တွေကို သြဂုတ် လကုန်ပိုင်းကာလမှာ မဲနှိုက်ပေးပြီး တော်လှန်ရေး အမှတ်တရ ပန်းချီကားနဲ့ တခြားပစ္စည်းလေးတွေကို မဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။
Raffle Ticket တစ်စောင်ကို အခြေခံအားဖြင့် အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ သတ်မှတ်ထားပြီး Ticket နှုန်းထားတွေဟာ မိမိတို့နေထိုင်ရာနိုင်ငံအလိုက် အသုံးပြုတဲ့ ငွေကြေးနဲ့ ငွေကြေးလဲလှယ်နှုန်းပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။
စစ်ကောင်စီရဲ့ မတရားဖိနှိပ်မှုအောက်မှာ နေထိုင်နေရသည့်တိုင်အောင် အုပ်တချပ် သဲတပွင့် ပါဝင်လှူဒါန်းလိုသူ မြန်မာနိုင်ငံထဲက ပြည်သူတွေအတွက် Raffle Ticket ကို တော့ အထူးစျေးနှုန်း မြန်မာငွေတသောင်းကျပ် သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။
ဒီကနေ့ ဩဂုတ်လ ၂၁ ညနေ ၅ နာရီလောက်အထိ နိုင်ငံပေါင်း ၂၀ ကျော်ကနေ Raffle Ticket လက်မှတ်ပေါင်း ၃၆၅၆၀၀ ကျော် ဝယ်ယူအားပေးထားကြပါတယ်။DVB
မကွေးတိုင်း ပွင့်ဖြူမြို့နယ်၊ ရှောက်တောရွာမှာ သြဂုတ် ၂၀ ရက်ညပိုင်းက ဒေသခံပြည်သူ ၇ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၄ ယောက် ပြန်လွှတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပွင့်ဖြူမြို့နယ် ရှောက်တောရွာမှာ စစ်ကောင်စီသတင်းပေး ဒလန် ကျော်သန်းက NUG နဲ့ ဆက်သွယ်တယ်လို့ မဟုတ်မမှန်သတင်းပေးတာကြောင့် အကြမ်းဖက်စစ်အုပ်စုတွေ ရောက်လာပြီး NLD ပါတီဝန်းရံသူ ၇ ယောက်ကို ဖမ်းဆီးခဲ့ပြီး ၄ ယောက် ပြန်လွှတ်ခဲ့တယ်လို့ ရှောက်တော ရွာခံ တစ်ယောက်က ပြောပါတယ်။
ရိုက်နှက်ဖမ်းဆီးခံရသူတွေက ရှောက်တောရွာနေ ကိုသိန်းမိုး၊ ကိုမြင့်ဝေ၊ ကိုတာတီး၊ ကိုကျော်စွာထွေး၊ ကိုလုံးစောက်၊ ကိုစိုးနဲ့ ကိုတက်ပု ခေါ် ကိုသိန်းကျော်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအဖမ်းခံရတဲ့ ဒေသခံပြည်သူတွေထဲက ကိုတာတီး၊ ကိုကျော်စွာထွေး၊ ကိုလုံးစောက်နဲ့ ကိုစိုးတို့ ၄ ယောက်ကို ထိုးကြိတ်၊ ရိုက်နှက်နှိပ်စက်တာတွေ လုပ်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ပွင့်ဖြူမြို့နယ်ထဲက နေရာအနှံ့ အကြမ်းဖက်စစ်အုပ်စုတွေကို အရပ်ဝတ်တွေနဲ့ နေရာအနှံ့ချထားပြီးတော့ အဖမ်းခံရတဲ့ ပြည်သူတွေဟာ ဘာလှုပ်ရှားမှုမှ မရှိဘဲ ဒလန်တွေက သူတို့နဲ့ မတည့်သူတွေကို မမှန်သတင်းပေးပြီး လက်ထောက်ချ ဖမ်းခိုင်းတာလို့ သိရပါတယ်။DVB
မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခရမ်းကျေးရွာမှ အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးကို PDF များနှင့် အဆက်အစပ်ရှိသည်ဟု စွပ်စွဲကာ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ၎င်းပိုင် ကျပ်သိန်း ၁၅၀ ကို ယူဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။
ဩဂုတ် ၁၉ ၊ ညနေ ၅ နာရီခန့်တွင် မြောက်ခရမ်းကျေးရွာရှိ “နုမြင့်မိုရ်” အိမ်ဆောက်ပစ္စည်းဆိုင်သို့ စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် ရောက် လာပြီး နေအိမ်ကို မွှေနှောက်ရှာဖွေကာ အသက် ၄၀ ကျော်အရွယ် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမင်းလွင်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက် မြင်သက်သေ အမျိုးသား တစ်ဦးက ပြောသည်။
“သူတို့အိမ်မှာက မိသားစု ၄ ဦး ရှိနေတာ၊ ဦးမင်းလွင်ကို လက်နောက်ပြန်လက်ထိပ်ခတ်တယ်။ သူ့သားကိုလည်း သေနတ်နဲ့ ချိန်ထားပြီး နေအိမ်ကိုရှာတယ်။ သူတို့ စွပ်စွဲတဲ့လက်နက်တွေတော့ မတွေ့ဘူး။ ပိုက်ဆံတွေကိုတော့ အထက်ကို အပ်ရမယ်ဆိုပြီး ယူသွားတယ်”ဟု ထိုအမျိုးသားက ပြောသည်။
ထို့နောက် ဦးမင်းလွင်၏သားအကြီးဖြစ်သူကို သေနတ်ဖြင့်ထောက်ကာ ရွာအတွင်းရှိ ဦးလှရွှေ ဆိုသူ၏ နေအိမ်သို့ လိုက်ပို့ခိုင်းခဲ့ကြောင်း၊ ဦးလှရွှေမိသားစု နေအိမ်တွင် ရှိမနေကြောင်း သိရသည်။
ဦးလှရွှေနှင့် မိသားစုကိုလည်း PDF ထောက်ပံ့သူများဟု စွပ်စွဲကာ လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း ရွာခံများက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူ ဦးမင်းလွင်နှင့် ၎င်း၏မိသားစုဝင်များ ချောက်ချခံရသည်ဟု ထင်မြင်ကြောင်း အထက်ပ ါ အမျိုးသားက ပြောသည်။
“သူတို့( ဦးမင်းလွင်မိသားစု)က ချမ်းသာတော့ ချောက်ချခံရတာလို့ပဲ ထင်တယ်၊ သူတို့ နိုင်ငံရေးလုပ်တယ်လို့လည်း မကြားဖူးပါဘူး။ ဒါပေမယ့် သူတို့က NLD ထောက်ခံတာ”ဟု သူက ဆက်ပြောသည်။
ဒေသခံနောက်တစ်ဦးကလည်း အလားတူ ပြောကြားသည်။
မြောက်ခရမ်းကျေးရွာတွင် အိမ်ခြေ ၁၂၀၀ နီးပါးရှိပြီး ရွာ၏ထက်ဝက်ခန့်သည် ပြည်ခိုင်ဖြိုးပါတီ (USDP) နှင့် စစ်တပ် ကို ထောက်ခံကြသည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။
“အမြင်ကပ်လို့ စွပ်စွဲပြီးတိုင်တယ်လို့ ထင်တယ်။ ရွာက အစိမ်းတွေ (USDP ပါတီ၀င်တွေ) လည်း ပေါတယ်” ဟု ၎င်းက ဆိုသည်။
“ဒါကြီးက ဓားပြတိုက်တာပါပဲ။ စွပ်စွဲဖမ်းဆီးပြီး သူတပါးချွေးနှဲစာငွေတွေကို မတရား ရယူသွားတာ။ ဒီတစ်ခါလုပ်လို့ရသွားလို့ရှိရင် နောက်လည်း မတရားမှုတွေ ဆက်လာနေဦးမှာပဲ”
ဦးမင်းလွင်နှင့် အဆက်အသွယ်မရသေးဟု မိသားစုက ဆိုသည်။
“အဖေ့ကို အမြန်ဆုံးပြန်လာလွှတ်ပေးစေချင်ပါတယ်။ ပိုက်ဆံတွေကလည်း ကျွန်တော်တို့ချွေးနှဲစာ ပိုက်ဆံတွေပါ။ သူတို့ (စစ်တပ်) စွပ်စွဲတာတွေလည်း တစ်ခုမှ မဟုတ်ပါဘူး”ဟု သားဖြစ်သူက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၉ တွင်လည်း အဆိုပါမြောက်ခရမ်းကျေးရွာမှ ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားနေသည့် NLD ရပ်ကျေးအလုပ်မှုဆောင် ဦးတင်မောင်လွင်ကို စစ်တပ်က ဖမ်းဆီးသွားပြီး ယခုထက်ထိ မိသားစုက အဆက်အသွယ် မရရှိသေးပေ။ myanmar now
khit thit
မန္တလေးတိုင်း မိုးကုတ်မြို့က မင်္ဂလာကန်ပေါင်မှာ သြဂုတ် ၂၀ ရက်က ငါးဖမ်းနေတဲ့ လူ ၄ ဦး နဲ့ နီလာစျေးကြီးမှာ စျေးဝယ်လာတဲ့ လူ ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ တစ်ဦးက “ငါးဖမ်းနေတဲ့လူ ၄ ယောက်ကို လာဖမ်းသွားတယ်။ ဘာလို့ဖမ်းလဲ ဆိုတာကို မသိရဘူး။ စစ်အုပ်စုက ကန်ဘောင်နားမှာ အင်အားအများကြီးနဲ့ နေရာယူထားတာ ကြာပြီ” လို့ ပြောပါတယ်။
နီလာစျေးကြီးထဲမှာတော့ စျေးလာဝယ်တဲ့သူတွေထဲက တချို့ကို လက်နက်ကိုင်ထားတဲ့ သူတွေက လာဖမ်းသွားရာမှာ အမျိုးသမီး နှစ်ဦး ပါတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။
“အမျိုးသမီး နှစ်ဦးပါတယ်။ ပုံစံတွေက တောဘက်ကလာတဲ့ ပုံစံတွေနဲ့ စျေးလာဝယ်တာ။ မိုးကာအပြာတွေ ခြုံထားတဲ့ လူတွေက လာဖမ်းသွားတယ်။ မိုးကာအောက်ထဲမှာ လက်နက်တွေ ပါတယ်။”
အကြမ်းဖက်စစ်အုပ်စုက စစ်သားတွေဟာ မိုးကုတ်မြို့ထဲကို ပတ်နေတာကြာပြီဖြစ်ပြီး အခု ၇ ဦးကို ဘာကြောင့် ဖမ်းဆီးတာလဲဆိုတာကိုတော့ မသိကြသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။DVB