Monthly Archives: Aug 2021

ကျောက်ဖြူမြို့နယ် သိုင်းချောင်းရွာသို့ စစ်သား ၇၀ခန့် ရောက်ရှိနေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးထားခြင်းမရှိဟုဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းအုပ်စု၊ သိုင်းချောင်းကျေးရွာသို့ နယ်မြေခံတပ်ရင်း ခလရ (၃၄) တပ်ရင်းမှ စစ်သား ၇၀ ခန့် ရောက်ရှိနေသည်မှာ ဟုတ်မှန်သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခံထားရပြီး ရွာသားများထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထွက်ပေါ်နေသော သတင်းမှာ မဟုတ်မှန်ကြောင်း သိုင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံကျော်ရီက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

” သူတို့က မနေ့ ၂၆ ရက်နေ့ကနေ ရောက်နေကြတာပါ။ ကျောက်ပြား အုပ်စုဘက်က လာကြတာလို့ သိရတယ်။ သူတို့က ယူနီဖောင်းတွေနဲ့ အရပ်ဝတ်တွေနဲ့လည်း ပါတယ်။ ရွာသားတွေက မနက် မိုးလင်းရင် လယ်ထဲသွား မိုးချုပ်မှာ ပြန်လာကြတယ်။ အခု စစ်သားတွေကိုတွေ့တော့ ဖမ်းဆီး စစ်ဆေးမှာကို စိုးရိမ်မှုတွေ ရှိတာပေါ့” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

သို့သော်လည်း အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများကို ဖမ်းဆီးထားခြင်း၊ ကျေးရွာသားတချို့ ထွက်ပြေးတိမ်းရှောင်နေခြင်းစသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း၊ မိမိမှာ ကျေးရွာအတွင်းရှိနေကြောင်း၊ စစ်သားများမှာလည်း သိုင်းချောင်းကျေးရွာ၏ ဓမ္မာရုံနှင့် စာသင်ကျောင်းတွင် စခန်းချနေထိုင်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

သိုင်းချောင်းကျေးရွာမ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးအောင်သာထွန်းက ” စစ်တပ်ကတော့ စခန်းချလို့ ရှိပါတယ်။ လက်ရှိမှာ အေးအေး ဆေးဆေးပါ။ သူတို့ကလည်း သူဟာနဲ့သူ သွားနေကြတယ်။ ကျနော်တို့ကလည်း ဒီတိုင်း သွားနေကြတယ်။ ထွက်ပြေးသွားတဲ့ သူရှိတယ်လို့ ပြောသံမကြားမိပါဘူး” ဟု ပြောသည်။

၎င်းကျေးရွာ၏ ယခုအခြေအနေနဲ့ ပတ်သက်၍ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးဖိုးစံက ” ကျနော် အုပ်ချုပ်ရေးမှူး အဟောင်းကို မေးကြည့်တော့ အန္တရာယ် မရှိဘူးလို့ ပြောတယ်။ နယ်လှည့်တွေက မကြာခဏဆိုသလို့ ရောက်တယ်လို့ ပြောတယ်။ ရွာသားတွေ ပြေးထွက်တိမ်းရှောင်နေရတဲ့လို့တော့ မကြားမိဘူး။ သူတို့က ဒီနေ့ တစ်ညအိပ်မယ်လို့ သိရတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

အဆိုပါကျေးရွာတွင် အိမ်ထောင်စု ၁၉၀ စုနှင့် လူဦးရေ ၈၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့က ကျောက်ဖြူ နယ်မြေခံတပ်ရင်း (၃၄)က မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး အားလုံးကို ခေါ်ယူပြီး ရက္ခိုင့်တပ်တော်(AA) မှ တရားရေး ဆိုင်ရာ လုပ်ဆောင်နေမှု ကိစ္စများ၊ ကိုဗစ်ထိန်းချုပ်ရေးနှင့် ပတ်သက်သော သတိပေးစာများ ကပ်သည့် ကိစ္စများနှင့် ပတ်သက်ပြီး သတိပေးမှု ပြုလုပ်ခဲ့သည်။နိရဥ္စရာ

ထန်တလန်မြို့တွင် ယ​နေ့ ည​နေ ၂ နာရီခွဲဝန်းကျင်တွင် လက်နက်ကြီး​​ပေါက်ကွဲ၍ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦး​သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ၇ ဦးအနက် တစ်ချို့သည်ဟားခါးဆေး ရုံတွင်ကုသမှုခံယူနေ

ထန်တလန်မြို့၌ သြဂုတ် ၂၅ ရက်​နေ့တွင် CDF Thantlang နှင့် စစ်​ကောင်စီစစ်တပ်တို့ တိုက်ပွဲဖြစ်ကြရာ စစ်​ကောင်စီဘက်မှ ပစ်ခတ်ခဲ့သည့်ယင်းနေ့၌ မ​ပေါက်ကွဲပဲ ကျန်​​နေခဲ့​သော ဗုံးလက်ကျန်မှာ ယ​နေ့ သြဂုတ် ၂၇ ရက်​နေ့၊ မွန်းလွဲပိုင်း ၂ နာရီခွဲ ဝန်းကျင်တွင် ​ပေါက်ကွဲကာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး​သေဆုံး၍ ကာယကံရှင်၏သား အပါအဝင် ထိခိုက်ဒဏ်ရာ ရရှိသူ ၇ ဦး ရှိ​​ကာ ထိခိုက်ဒဏ်ရာရသူများအနက် တစ်ချို့ကို ဟားခါးဆေးရုံသို့ပို့ဆောင်ကာကုသမှုခံယူနေကြောင်းထန်တလန်မြို့ ​ဒေသခံတစ်ဦးထံမှ သိရသည်။

” ဒီ​နေ့ ဖြစ်စဥ်က မ​နေ့တစ်​​နေ့က စစ်​ကောင်စီ စစ်တပ်​တွေက လက်နက်ကြီး​​တွေသုံးပြီး​​တော့ ကြဲထားတဲ့ဟာ​တွေ​လေ အဲ့တာ မ​ပေါက်ပဲကျန်​နေခဲ့တဲ့ဟာက သူတို့ အိမ်​ခေါင်မိုး​ပေါ်မှာ ​သောင်တင်တယ် ​ပြောရမှာ​ပေါ့၊ သူတို့က လက်နက်ကြီး​တွေ သုံးတယ်ဆို​တော့ သွပ်မိုး​တွေ၊ ​ခေါင်မိုး​တွေ ​ပေါက်​နေတယ်​လေ၊ အဲ့ဒါ​တွေကို ပြင်မယ်ဆိုပြီး​လုပ်​တော့ သူတို့ သားအငယ်က​​ပေါ့၊

သူက အသက် ၁၂ နှစ်ဘဲရှိ​သေးတယ်၊ သူကစ​တွေ့​တော့ သူကကိုင်မယ်လို့လုပ်​တော့ သူ့အကို ၁၄ နှစ်သားအရွယ်က မထိနဲ့ ဆိုပြီး​တော့ သူ့ညီကို ​ပြောတယ်၊ သူတို့အဲ့လိုဖြစ်ရင်းနဲ့ဘဲ ရုတ်တစ်ရက်​ပေါက်သွားတယ် အဲ့ဗုံးက၊ ဆို​တော့ အိမ်​ရှင်အ​ဖေက ​ဆုံးသွားတယ်၊ သူ့သား အငယ်​လေးက​တော့ ​ခြေ​ထောက်နည်းနည်းထိတယ်၊ သူ့အကိုက​တော့ လက်တစ်ဖက်ပြတ်သွားတယ်၊ သူတို့​တွေတင်မကဘူး၊ ဒဏ်ရာရတဲ့လူက ၇ ​​ယောက်ရှိတယ်၊ သူတို့​တွေအကုန်လုံးကို ဟားခါးပြည်သူ့​ဆေးရုံဆီကို ​ခေါ်သွားကြတယ်၊ ​သေဆုံးသူ သူ့အ​ဖေကို​တော့ ဒီ​နေ့ ည​နေကဘဲ သဂြိုလ်လိုက်တယ်လို့ကြားတယ်ဗျ။ ” ဟု​ပြောသည်။

ထန်တလန်မြို့တွင် သြဂုတ်လ ၂၅ ရက်​နေ့တွင်လည်း CDF Thantlang နှင့် စစ်​ကောင်စီ စစ်တပ်တို့ တိုက်ပွဲဖြစ်ကြခဲ့ရာ စစ်​ကောင်စီ စစ်တပ်မှ လင်နက်ကြီးများ အသုံးပြုကြခြင်း​ကြောင့် အသက် ၁၀ နှစ်အရွယ် က​လေးငယ်တစ်ဦးသည်လည်း ​သေဆုံးခဲ့ပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း ရှိခဲ့​ကြောင်း သိရသည်။chin world

ပူတာအိုတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံ ၄၀၀ စစ်ရှောင်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာအနီး ယမန်နေ့ (ဩဂုတ် ၂၆) က စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တန်ဂျာကျေးရွာသား ၄၀၀ ကျော် နီးစပ်ရာကျေးရွာများ၌ စစ်ရှောင်နေကြရသည်။

ယမန်နေ့ ညနေပိုင်း လုံရှာယန်ကျေးရွာအုပ်စုအနီး စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းကို KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း(၇) က တိုက်ခိုက်ခဲ့ပြီး လတ်တလောမှာတော့ စစ်ရေးတင်းမာမှုရှိနေသည်ဟု  KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများသည်ဆိုသည့် သတင်းကို ကြားရသော်လည်း အသေးစိတ်မသိရသေးကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဘက်က လာပစ်တယ်ဆိုတဲ့သတင်းလည်း ကြားတယ်၊ ဒါပေမယ့် သတင်းက ဘာမှ ပြည့်ပြည့်စုံစုံ မသိရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲဖြစ်သည့် တန်ဂျာကျေးရွာသည် ပူတာအိုမြို့နှင့် မိုင် ၂၀ ကျော်ဝေးပြီး မြစ်ကြီးနား-ပူတာအို လမ်းမကြီးအနီး တည်ရှိသည်။

ရွာခံအများစုသည် ရွာနှင့် ၅ မိုင်ခန့်ဝေးသည့် လုံရှာယန်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် ခိုလှုံနေကြောင်း၊ တချို့ကမူ ရွာနှင့် မိုင်အနည်းငယ်ဝေးသည့် မဇွပ်ယန်ကျေးရွာတွင် ရောက်ရှိနေကြကြောင်း မဇွပ်ယန်ကျေးရွာသားတစ်ဦးက  ပြောသည်။

ရွာသားများ စစ်ဘေးရှောင်နေချိန်တွင် စစ်ကောင်စီတပ်များက နေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည်ဟု သတင်းကြားရကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် တန်ဂျာရွာသားများ အိမ်ပြန်ကြဦးမည်မဟုတ်ကြောင်း ၎င်းက  သုံးသပ်သည်။

“ကမန်းကတန်း (စစ်ရှောင်)ထွက်လာကြတာ၊ မိုးကလည်းရွာနေတာဆိုတော့ စားဖို့သောက်ဖို့တော့ အခက်အခဲရှိမယ့် သဘောရှိတယ်” ဟု  အဆိုပါ မဇွပ်ယန်ရွာသားက ဆိုသည်။

ကချင်ပြည်အတွင်းရှိ မြို့နယ်တချို့တွင် မတ်လမှစတင်ကာ စစ်ကောင်စီတပ်များနှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ပူတာအိုမြို့နယ်ဘက်တွင်မူ ငြိမ်သက်နေခဲ့သည်။

ဤအတောအတွင်း အင်တာနက်ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့နယ်တွင်းရှိ မော်ဝမ်း၊ ကလပ်ကုန်းမှ စစ်ကောင်စီစခန်းများကို အမြန်ဆုံးဆုတ်ခွာရန် KIA တပ်မဟာ(၉) က သတိပေးထားသည်ဆိုသည့် သတင်းများ ပျံ့နှံ့နေသည်။

ဗိုလ်မှူးကြီးနော်ဘူကမူ အောက်ခြေသတင်းများမရသေးသည့်အတွက် အဆိုပါသတင်းကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှုကို KIA က မှတ်ချက်မပြုသော်လည်း စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများကို ကာကွယ်ပေးမည်ဟု ထုတ်ပြန်ထားပြီး KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဗမာပြည်သူ၊ အဖွဲ့အစည်းများနှင့် လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ဩဂုတ် ၁၀ က ပြောကြားထားသည်။

လတ်တလောတွင် စစ်ကောင်စီနှင့် KIA တို့အကြား တနိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်များတွင် စစ်ရေးတင်း မာနေသလို စစ်ရဟတ်ယာဉ်များလည်း မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များပေါ်တွင် မကြာခဏဝဲပျံနေသည်ဟု ဒေသခံများက ပြောသည်။ myanmar now

မြဝတီမြို့တွင် တစ်ရက်အတွင်း နေရာနှစ်ခု၌ လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ယနေ့ သြဂုတ်လ ၂၇ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း တို့တွင် လက်လုပ်မိုင်း ၂လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ရွှေဝါရင်လမ်းနှင့် သုခ ၂ လမ်းထောင့် ပလက်ဖေါင်းဘေးတွင် ကီးပက်ဖုန်းဖြင့်ပြု လုပ်ထားသည့် ချိန်ကိုက်မိုင်း ၁ လုံး ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီချိန်ခန့်တွင်လည်း အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရွှေသောင်ရင်းဆိုင်ကယ်တက္ကစီဂိတ် အမှတ် ၃ အနီးရှိ ရေမြောင်းတွင် လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုများကြောင့် မည်သူတစ်ဦးမျှထိခိုက်ဒဏ်ရာရမှုများ မရှိပါ။”မွန်းလွဲ ၂ နာရီခန့်က မြဝတီမြို့မရဲစခန်း အနောက်ဘက် လမ်းမှာ ပေါက်ကွဲခဲ့တဲ့ မိုင်းက မနက်ပိုင်းက ပေါက်ခဲ့တဲ့ မိုင်းထက် ပို၍ပြင်းအားကောင်းပြီး အသံလည်း ပိုကျယ်တယ်။ ကွန်ကရစ်ရေမြောင်းဖုံးပါ လန်ထွက်သွားပြီး ရဲစခန်းခြံစည်းရိုး အုတ်နံရံတွေမှာပါ မိုင်းစတွေ ထိမှန်ခဲ့တဲ့အပြင် ဆိုင်ကယ်တက္ကစီဂိတ်အမိုးပါ ပေါက်ထွက်သွားတယ်။

ဆိုင်ကယ်တက္ကစီဂိတ်က ယခု ကိုဗစ်ကာလမှာ ဂိတ်ပိတ်ထားလို့သာ လူထိခိုက်ဒဏ်ရာရမှုမရှိခဲ့တာဖြစ်တယ်” ဟု ဖြစ်စဉ်နေရာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

မြဝတီမြို့တွင် စစ်အာဏာသိမ်းပြီးနောက် ယခုကဲ့သို့ လက်လုပ်မိုင်းပေါက်ကွဲမှုမျိုး ၁၀ ကြိမ် ထက်မနည်းရှိခဲ့ပြီးနောက် ၂ လ နီးပါးခန့် ငြိမ်သက်နေရာမှ ယနေ့မှာ ထပ်မံ၍ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။လက်ရှိမြဝတီမြို့၌ ကိုဗစ်ကာလ Stay at Home နေထိုင်ရန် သတ် မှတ်ထားသည့်အပြင် နံနက် ၉ နာရီနောက်ပိုင်း အပြင်မထွက်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားသည်မှာ ၁ လ ကျော်ရှိလာပြီးဖြစ်သည်။

ယခုအခါ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှင့်သေဆုံးမှု မရှိသလောက် နည်းပါးလာပြီဖြစ်၍ အထက်ပါ အမိန့်ကန့်သတ်ချက် များအား ဖြေလျှော့သင့်ပြီးဟု ဒေသခံပြည်သူများအကြား ပြောကြားမှုများ ရှိနေသည်။KIC

တန့်ဆည်မြို့နယ်တရားရုံးအနီး ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ မြို့နယ်တရားရုံးအနီးမှာ ဩဂုတ် ၂၇ ရက် ညနေ ၆ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“မြို့နယ်တရားရုံးနဲ့ ပညာရေးမှူးရုံးက မျက်နှာချင်းဆိုင်ဆိုတော့ ဘယ်ရုံးကိုခွဲတယ် အတိအကျမသိပေမဲ့ တရားရုံးဘက်ဖြစ်ဖို့များတယ်။ ထိခိုက်ဒဏ်ရာရ အတည်ပြုဖို့ကတော့ ခက်ခဲတယ်။ လူ‌ တွေလည်း အပြင်ကိုကောင်းကောင်း မထွက်ရဲကြတာ”လို့ တန့်ဆည်မြို့ခံ တစ်ဦးက ပြောပါတယ်။

တန့်ဆည်မြို့နယ်အတွင်းမှာ လတ်တလော စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို ဝင်းရောက် စီးနင်း အကြမ်းဖက်ပစ်ခတ်နေတာဖြစ်လို့ ဒေသခံတွေတိမ်းရှောင်နေကြရသလို တချို့ ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ခံရတာတွေလည်း ရှိနေပါတယ်။DVB

မြို့ပြပြောက်ကျားတိုက်ခိုက်ရေးလုပ်သွားမည်ဟု မြန်မာပြည်အလယ်ပိုင်းအခြေစိုက် ထနောင်းတပ် (H.T.F)ပြော

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့  မြို့ပြပြောက်ကျားတိုက်ခိုက်ရေးကို ဦးတည်လုပ်ဆောင်နေပြီလို့ မြန်မာပြည် အလယ်ပိုင်း အင်အားစုတွေနဲ့  ဖွဲ့စည်းထားတဲ့ ထနောင်းတပ် (H.T.F)က  ဒီဗွီဘီကို ပြောပါတယ်။

ထနောင်းတပ်ဖွဲ့ကို ပြီးခဲ့တဲ့  မတ်လ ၂၇ ရက်နေ့ကစတင်ပြီး  ရမည်းသင်း၊ ပျော်ဘွယ်အပါအဝင် ၈ မြို့နယ်က  စစ်အာဏာရှင်ဆန့်ကျင်တော်လှန်လိုတဲ့ ပြည်သူတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ နယ်မြေထိစပ်နေတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ချိတ်ဆက်လှုပ်ရှားနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီကို ဘယ်လိုတိုက်ခိုက်ချေမှုန်းမလဲဆိုတဲ့ ဗျူဟာရရှိဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ တပ်တချို့နဲ့ ချိတ်ဆက်နေတယ်လို့ ထနောင်းတပ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တပ်အနေနဲ့ ဘာအခက်အခဲတွေရှိလဲဆိုတော့ အဓိကက မြေမျက်နှာသွင်ပြင် အနေအထားအရ ကျနော်တို့တပ်အနေနဲ့ စုဖွဲ့အင်အားသုံးဖို့ မလွယ်ကူသေးဘူး။ လတ်တလောတော့ တိုက်ပွဲရှိတဲ့ မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ရေးအတွေ့အကြုံယူနေပါတယ်။ ဒီအခက်အခဲကိုလည်း မကြာခင်ပြေလည်အောင် လုပ်ဆောင်ဖို့ ရှိပါတယ်။ နောက်တစ်ချက်က ရန်ပုံငွေပါ။ ကျနော်တို့တပ်က သိပ်ရှေ့ထွက်လို့မရတဲ့အနေအထားရှိတာကြောင့် အလှူရှင်တွေနဲ့ ချိတ်ဆက်မှုပိုင်းမှာ အားနည်းပါတယ်။ ကျန်တာကတော့ သူလိုကိုယ်လိုပါဘဲ။ ကြုံလာတဲ့ အခက်အခဲတိုင်းကိုတော့ ကျော်လွှားပြီး ရည်မှန်းချက်အတိုင်း ဆက်သွားပါမယ်။” 

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့ ရည်ရွယ်ပြီး  ထနောင်းတပ် (H.T.F) အဖွဲ့ကို မတ်လ ၂၇ ရက်နေ့ကတည်းက  မြေအောက်အဖွဲ့အစည်းအဖြစ် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တပ်ဖွဲ့အနေနဲ့ မြန်မာပြည်အလယ်ပိုင်းဒေသ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ရည်မှန်းချက်တူတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူတကွ ပူးပေါင်း တိုက်ပွဲဝင်သွားမယ်၊ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တာနဲ့အညီ နှောင်ကြိုးမဲ့တော်လှန်ရေး တစ်ရပ် ဖော်ဆောင်သွားမယ်လို့ လည်း ကြေညာထားပါတယ်။DVB

စစ်ကောင်စီက ငွေစက္ကူအသစ်‌ထုတ်ဝေမှုတွင် ပါဝင်ပတ်သက်သည့် စီးပွား ရေးလုပ်ငန်းများကို အကြမ်းဖက်မှု ကူညီသူများအဖြစ် အရေးယူမည်

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မြန်မာကျပ်ငွေစက္ကူအသစ်တွေရိုက် နှိပ်ထုတ်ဝေဖို့ ငွေစက္ကူပုံနှိပ်လုပ်ငန်းဝန်ဆောင်မှုပေးတဲ့ ပြည်ပကုမ္ပဏီတွေဆီကို ချဉ်းကပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။

အခုလို စစ်ကောင်စီက ချဉ်းကပ်တာကို သတင်းအတိအကျရထားတယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ဒီကနေ့ (သြဂုတ်လ ၂၇)မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရဲ့ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတာကို အစိုးရကသာလုပ်ပိုင်ခွင့်ရှိပြီး အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မတရားအသင်းကြေညာခံထားရတဲ့ဖြစ်လို့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတာဟာ တရားမဝင်တဲ့လုပ်ရပ်လို့လည်း အဆိုပါထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ငွေစက္ကူပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့ ပြည်ပကုမ္ပဏီတွေအနေနဲ့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီရဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတာကို ပူးပေါင်းဆောင်ရွက်တာတွေ၊ ကုန်ကြမ်းပစ္စည်းနဲ့ နည်းပညာအထောက် အပံ့ ပေးတာတွေကို အထူးရှောင်ရှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက အဲ့ဒီထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ငွေကြေးထုတ်လုပ်မှုမှာ ပါဝင်ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ ကုမ္ပဏီတွေကိုလည်းအကြမ်းဖက်မှုကိုအားပေးကူညီရာမြောက်တဲ့လုပ်ငန်းတွေအဖြစ်အရေးယူသွားမယ်လို့ လည်းဆိုပါတယ်။khit thit

သာကေတ တက်လမ်းအိမ်ရာ တိုက်ခန်းမီးလောင်၊ လင်မယား ၂ယောက် သေဆုံး

သာကေတမြို့နယ်၊ ၁၀တောင် , ၁၂ရပ်ကွက် ရတနာလမ်းရှိ တက်လမ်းအိမ်ရာ၏ လေးလွှာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်တွင်နေထိုင်သည့် လင်မယားနှစ်ယောက်လုံး သေဆုံးခဲ့သည်။

ယင်းအခန်းတွင်နေထိုင်သည့် ဇနီးမောင်နှံတွင် အမျိုးသမီးဖြစ်သူကို ရေချိုးခန်းအတွင်းသေဆုံးလျက် တွေ့ရှိရပြီး အမျိုးသားဖြစ်သူကို အိမ်ခန်းအတွင်း သေဆုံးလျက် တွေ့ရှိရကြောင်း ထိုအိမ်ရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။ “လင်မယားနှစ်ယောက်လုံးဆုံးသွားတာပါ။” ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

“မီးကတော့ တအားမများဘူး။ ပေါက်ကွဲသံတော့ကြားရတယ်။ သာကေတမြို့နယ် မီးသတ်ကား လေးစီး လာငြှိမ်းသတ်သွားပါတယ်” ဟု ၎င်းက ဆိုသည်။ မီးလောင်မှုသည် ယနေ့ (ဩဂုတ် ၂၇ရက်) ၅နာရီ ၄၅ မိနစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၆ နာရီခွဲခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့သည်။ မီးငြိမ်းပြီးနောက်ပိုင်းတွင် ထိုအိမ်ရာအတွင်း စစ်ကောင်စီတပ်သားများ ရောက်ရှိလာကြောင်း အနီးနားတွင်နေထိုင်သူက ပြောသည်။mizzima

« Older Entries