Monthly Archives: Aug 2021

ကလေးမြို့နယ် တင်သားရွာ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တင်သားရွာမှာ PDF နဲ့ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က ရွာကိုဝင်စီးတာကြောင့် ရွာသားထောင်ချီ တိမ်းရှောင်ခဲ့ရပြီး ဒီနေ့မွန်းတည့်ပိုင်းကစတင်ကာ ကျေးရွာအတွင်းက နေအိမ်တချို့ကို မီးရှို့နေတယ်လို့ သိရပါတယ်။

တင်သားကျေးရွာသူတစ်ဦးက “တင်သားကျေးရွာကို စစ်‌ကောင်စီတပ်တွေက အရမ်းဖိနှိပ်သောင်းကျန်းနေပါတယ်ရှင်။ ကူညီကြပါဦး။ ကျမတို့ရွာသားတွေ အကုန်လုံးကတော့ ဩဂုတ် ၂၆ ရက်နေ့ကတည်းက ရွာလုံးကျွတ်လူတွေ ထွက်ပြေးနေကြတာ။ ဒီနေ့ ဩဂုတ် ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ကျောင်းဆရာကြီး ဦးကျော်မင်နိုင် ပိုင်တဲ့ နိုင်မြန်မာကုန်စုံဆိုင်ကို စစ်ကောင်စီတွေကစပြီး မီးရှို့တယ်။ အဲအိမ်ကနေ့ တရွာလုံး လောင်မယ် ထင်တယ်။ အခုတောင် ကျန်အိမ်တွေ ကူးနေပြီရှင့်။ ရွာထဲကနေ ထွက်မပြေးဘဲ ပုန်းနေတဲ့သူတွေက ပုန်းပြီး ဗွီဒီယိုရိုက်ပြီး ပို့ပေးလို့ အခုလိုသိရတာ” လို့ ပြောပါတယ်။

စစ်တပ်ဟာ တင်သားရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ ကြံသာရွာကို ၂၅ ရက်နေ့က ရောက်ခဲ့ပြီး နောက်နေ့မှာ တင်သားရွာကို လာခဲ့တာလို့ တင်သားရွာ ဒေသခံတယောက်က ပြောပါတယ်။

“စစ်ပြေးတယောက်ကို လိုက်ဖမ်းတယ်လို့ သိရတယ်။ ပြီးတော့ တင်သားရွာကို တောလမ်းကနေ ချီတက်လာတယ်။ PDF ခေါင်းဆောင်တွေကို လာရှာတာလို့လည်း သိရတယ်။ ရွာထဲမှာ တပ်စွဲမှာစိုးလို့ PDF က ခုခံသေးတယ်။ စစ်တပ်က ရွာရဲ့ အရှေ့ဘက်ကနေ ပစ်တာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ရွာနာမှာစိုးလို့ PDF က နောက်ဆုတ်ပေးခဲ့ပါတယ်။”

ညနေ ၆ နာရီလောက်ကနေ တညလုံးနီးပါး တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရပါဘူး။ ဒီနောက်မှာတော့ စစ်တပ်ဟာ တင်သားရွာက ဆေးရုံမှာ တပ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။

တင်သားရွာမှာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး တိမ်းရှောင်နေရသူ ၂၀,၀၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီမနက်အစောပိုင်းကလည်း ဗုံးခွဲသံကြားရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ဩဂုတ် ၂၆ ရက်နေ့က စစ်သား အင်အား ၈၀ ဝန်းကျင်လောက် ရောက်လာခဲ့တာဖြစ်ပြီး နောက်ထပ် အင်အားဖြည့်လာတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တင်သားရွာမှာ ဒီနေ့ညနေ ၃ နာရီခွဲအထိ မီးက လောင်ကျွမ်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

ဒလန်များကို ဆုကြေးငွေ ကျပ် ၅ သိန်းမှစ၍ ချီးမြှင့်မည်ဟု စစ်ကောင်စီ ကြေညာ

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူများအား ဖမ်းဆီးနိုင်ရန်အတွက် သတင်းပေးသူ (ဒလန်) များကို ဆုကြေးငွေအနည်းဆုံး ငွေကျပ်ငါးသိန်းမှစ၍ အများဆုံးပမာဏကို ကန့်သတ်မထားဘဲ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ ပြန်ကြား ရေးက သတင်းထုတ်ပြန်ထားသည်။

ပေးပို့လာသည့် သတင်းများအရ ဖော်ထုတ်ရရှိမှုအပေါ်မူတည်၍ ဆုကြေးငွေကို လျှို့ဝှက်စွာ ချီးမြှင့်သွား မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

သတင်းပေးသူ (ဒလန်) များကို ဆုကြေးငွေ ချီးမြှင့်ပေးရန် စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညား အောင်မိုးနဲ့ ဦးရွှေကြိမ်းတို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ တင်ပြေတောင်းဆိုခဲ့ပြီးနောက် ခုလို ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ယင်းလက်အောက်ခံ PDF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပျားစေရန်နှင့် ပြည်သူထုအပေါ် အကြောက်တရားပေးပြီးမှ ၎င်းတို့အား ထောက်ခံလာစေရန် အကြမ်းဖက်မှုများနေ့စဉ် လုပ်ဆောင်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း PDF တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ကြရန်နှင့် NUG အစိုးရကို မထောက်ခံကြရန် မြို့နယ်တချို့ရှိ ဓာတ်တိုင်များတွင် စာကပ်လှုံဆော်ခဲ့ပြီး ရပ်ကွက်အတွင်း ကားများဖြင့်လည်း လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများက ပြောသည်။mizzima

တရားမဝင်ငွေစက္ကူရိုက်ထုတ်ရန် စစ်ကောင်စီအား ကူညီပေးနေသူများကို NUG သတိပေး

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေနေတာကို အားပေးအားမြောက် ကူညီတဲ့ စီးပွားရေးလုပ်ငန်းတွေကို မှတ်တမ်းပြု အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးလိုက်ပါတယ်။

NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦတင်ထွန်းနိုင်က သြဂုတ် ၂၇ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်တာပါ။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာကျပ်ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ဖို့ ငွေစက္ကူပုံနှိပ်လုပ်ငန်းဝန်ဆောင်မှုပေးတဲ့ ပြည်ပကုမ္ပဏီတွေထံ ချဉ်းကပ်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ လက်ခံရရှိထားတယ်လို့လည်း ပြောပါတယ်။

ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းလုပ်ငန်းဟာ နိုင်ငံတခုရဲ့ တရားဝင်အစိုးရကသာ လုပ်ပိုင်ခွင့်ရှိတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ NUG အစိုးရအနေနဲ့  မတရားအသင်းများအက်ဥပဒေ ပုဒ်မ ၁၆ အရ တရားမဝင်အာဏာသိမ်းစစ်ကောင်စီအား မတရားသင်းအဖြစ် အတိအလင်းကြေညာထားပြီး ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒါကြောင့် မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၈ အရ အိမ်စောင့်အစိုးရအမည်ခံ စစ်ကောင်စီမှဖြစ်စေ၊ ယင်းကိုဆက်ခံတဲ့ အဖွဲ့အစည်းတခုခုမှဖြစ်စေ၊ ယင်း၏ လက်အောက်ခံ အဖွဲ့အစည်းတခုခုမှဖြစ်စေ ငွေစက္ကူရိုက်နှိပ် ထုတ်ဝေတာဟာ တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ငွေစက္ကူပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့ ပြည်ပမှ ကုမ္ပဏီတွေအနေနဲ့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီရဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ လုပ်ငန်းကို တနည်းနည်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ကုန်ကြမ်းပစ္စည်းနဲ့ နည်းပညာ အထောက်အပံ့ပေးတာတွေကို အထူးရှောင်ရှားကြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်တ့ပ်က ငွေစက္ကူသစ်တွေရိုက်နှိပ်ထုတ်ဝေလာနိုင်တဲ့အတွက်  NUG အစိုးရအနေနဲ့ ပြီးခဲ့တဲ့ မတ်လက မြန်မာငွေစက္ကူအတွက်လိုအပ်တဲ့ စက္ကူ၊မင်၊ ကုန်ကြမ်းတွေအပြင် စက်အရန်ပစ္စည်းနဲ့ နည်းပညာအကူအညီအားလုံးကို  မတ်လ ၃၁ ရက်နောက်ဆုံး ထားပြီး ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာရှိပါတယ်။

ဒီတောင်းဆိုမှုကြောင့် ဂျာမနီနိုင်ငံမှ Giesecke Devrient ကုမ္ပဏီက သတ်မှတ်ရက်အတိုင်း ရပ်ဆိုင်းပေးခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်က ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်ဝေနေတဲ့ အကြောင်း အတည်ပြုခဲ့ပေမယ့် ဘယ်နိုင်ငံ အကူအညီနဲ့ ဆောင်ရွက်နေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုမှု မရှိသေး ပါဘူး။

ပြည်တွင်းငွေကြေးလှည့်ပတ်စီးဆင်းမှုမှာတော့ နိုင်ငံတော်ဗဟိုဘဏ်က အသစ်ရိုက်နှိပ်တဲ့ ငွေစက္ကူတွေက ပြည်သူတွေရဲ့ လက်ထဲမှာ ရောက်နေပြီး တချို့ငွေစက္ကူတွေမှာ ဆေးသားအရောင်ပျက်နေတာကြောင့် သုံးစွဲသူတွေကြားမှာ သံသယံစိတ်နဲ့ သုံးစွဲနေကြရတာလည်း တွေ့နေရပါတယ်။

ကမ္ဘာ့ဘဏ်က  မြန်မာ့စီးပွားရေးအပါ် ခန့်မှန်းချက်အရ ငွေကြေးဖောင်းပွမှုနှုန်းက ပြီးခဲ့တဲ့ ၂၀၂၀ မှာ ၅ ဒသမ၈ ရာခိုင်နှုန်း ရှိခဲ့ပြီး အခု ၂၀၂၁ ခုနှစ်မှာ ၆ ရာခိုင်နှုန်း ရှိမယ်လို့ တွက်ချက်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမယ့် ငွေစက္ကူအသစ်တွေကြောင့် ပြည်တွင်းငွေကြေးဖောင်းပွမှုနှုန်းက ကိန်းဂဏန်း ( two digit) ၂ လုံး အထိရှိလာနိုင်တယ်လို့ မြန်မာပြည်ဆိုင်ရာလွတ်လပ်သောစီးပွားရေးပညာရှင်များ အဖွဲ့ကသတိပေးထားပါတယ်။

တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတာကြောင့်  ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေတာဟာ ပြည်သူတွေရဲ့ လုပ်အားနဲ့  ချွေးနှဲ စာစုဆောင်းငွေတွေကို  တဖက်လှည့်ခိုးယူတာဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြောပါတယ်။

ဒါကြောင့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေကြောင့် အရင်က မကြုံဖူးတဲ့ ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနဲ့ ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်မှာ အိမ်ထောင်စုတွေ၊ စီးပွား ရေးလုပ်ငန်းတွေ၊ ရင်းနှီးမြုပ်နှံသူတွေနဲ့ ပြည်သူလူထုအပေါ် ထပ်မံ ဒုက္ခအကျပ်အတည်း ဆိုက်ရောက်စေတဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေမှုကို သည်းခံခွင့်လွှတ်နိုင်ဖွယ် မရှိဘူးလို့ NUG ကသတိပေးထားပါတယ်။DVB

မြစ်ကြီးနားမြို့တွင် ပေးဆပ်သူအသင်းက အောက်စီဂျင်အခမဲ့ပေးဝေမည်

မြစ်ကြီးနားမြို့ ပေးဆပ်သူ(အခမဲ့)လူမှုကူညီရေးအသင်းရုံးမှာ သြဂုတ် ၂၉ ရက်နေ့ကစပြီး ပိတ်ရက်မရှိ အောက်စီဂျင်အခမဲ့ပေးဝေသွားမယ်လို့ အသင်းဥက္ကဋ္ဌက ပြောပါတယ်။

ခေမာသီရီရပ်ကွက်၊ ခေမာသီရီကျောင်းတိုက်နောက်ကျောက ပေးဆပ်သူရုံးမှာ တစ်နာရီကို အောက်စီဂျင် ၄၀ လီတာအိုး ၁၀ အိုးထုတ်နိုင်ပြီး လိုအပ်တဲ့ အခြေအနေပေါ်မူတည်ပြီး ထုတ်လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဦးက “ကိုယ့်မြို့ရဲ့ လိုအပ်ချက်အရ တည်ထောင်ရတာပေါ့၊ သုံးစွဲမှုထက် ထုတ်လုပ်မှုကလည်း နည်းနေတယ်၊ ကိုဗစ်ရောဂါကြောင့် အောက်စီဂျင်သုံးစွဲသူ များပြားလာတဲ့အတွက် အခုလိုအရေးပေါ်တည်ထောင်လိုက်ရတာပါ” လို့ ပြောပါတယ်။

အောက်စီဂျင်လိုအပ်သူတွေဟာ ဆရာဝန်ထောက်ခံစာနဲ့ အောက်စီဂျင်အိုးတွေ ယူဆောင်လာရမှာဖြစ်ပြီး အိုးမပါလာပါက အိုးပျောက်ရှမှု မရှိစေရေး (အိုးပေါင်..၃သိန်းကျပ်) ပေးဆောင်ဖို့ သတ်မှတ်ထားပြီး မပေးဆောင်နိုင်ပါက ရပ်ကွက်လူကြီးထောက်ခံစာနဲ့ လာရောက်အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ပုဂ္ဂလိကအောက်စီဂျင်ဆိုင်တွေမှာ အောက်စီဂျင် ၄၀ လီတာအိုးကြီးတစ်အိုးကို ၃သိန်းနဲ့ ၃ သိန်းခွဲထိ စျေးပေးဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီက သိရပေတယ်။DVB

တစ်နှစ်နီးပါးကြာ အမိန့်မချဘဲဖမ်းဆီးထိန်းသိမ်းထားသည့် ရခိုင်တက္ကသိုလ်ကျောင်းသား၄ဦးအတွက် တုံ့ပြန်မှုများလုပ်သွားမည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂပြော

တစ်နှစ်နီးပါးကြာ ဖမ်းဆီးခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ဦးကို တရားရုံးက အမိန့်မချပဲ ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားလျှင် တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ က နိရဉ္စရာသို့ ပြောသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ၊ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ငြိမ်းထွန်းက တရားရုံးများသည် လုပ်ထုံးလုပ်နည်းများကိုပါ ကျော်လွန်၍ ရုံးချိန်းများရွေ့ကာ အမိန့်မချပဲ လုပ်နေကြောင်း ပြောသည်။

”စာသင်ခန်းမှာရှိရမယ့်ကျောင်းသားတွေက သံတိုင်ကြားထဲကို ရောက်နေရတယ်။ ကျွန်တော်တို့ စောင့်ကြည်နေတယ်။ ဒီထက်ပိုပြီး အမိန့်မချပဲ ဆက်လက် ချုပ်နှောင်ထားမယ်ဆိုရင်တော့ ကျနော်တို့ ဖက်ကလည်း တစ်စုံတရာတုံ့ပြန်သွားပါမယ်” ဟု ကိုကျော်ငြိမ်းထွန်း က ပြောသည်။

စစ်တွေထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ကျောင်းသားမှာ ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုမြတ်စိုးဝင်း၊ကိုဦးသန်းနိုင် နှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံထားရသော ကျောင်းသားများသည် စစ်တွေမြို့တွင် ၂၀၂၀ ၊အောက်တိုဘာ လ (၁၉ ) ရက်နေ့က စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလို ပြုလုပ်၍ နိုင်ငံတော် အကြည်ညိုပျက်စေမှုဥပဒေ ပုဒ်မ ၅၀၅ (ခ ) ဖြင့် တရားစွဲဆိုခဲ့ရသည်။ယင်းနောက် ၂၀၂၁ခုနှစ် ၊မတ်လ ရုံးထုတ်ချိန်တွင် ဘေး/စီ/မံ ဥပဒေ ပုဒ်မ- ၂၉ ဖြင့် ထပ်မံ တရားစွဲခံရခြင်းဖြစ်သည်။“ ပြီးခဲ့တဲ့ ဇူလိုင် လ ၃၀ ရက်နေ့က အပြီးသတ် အမိန့်ချမယ်ဆိုပေမယ့် ကိုဗစ်တကျော့ပြန် ဖြစ်လာတော့ ဒါကို အခွင့်ကောင်းယူပြီး ရုံးချိန်းတွေကို တစ်ပတ်ပြီး တစ်ပတ် ရွေ့နေတယ်။ အမှုတစ်ခုကို တစ်နှစ်ကျော်ကြာလာတဲ့ အထိ တရားရုံးကအမိန့်မချဘဲထားတာဟာလက်ရှိတည်ဆဲဥပဒေနဲ့လည်း ကိုက်ညီမှုမရှိပါဘူး” ဟု ကိုကျော်ငြိမ်းထွန်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ ရုံးချိန်းတွင်လည်း ဖမ်းဆီးခံ ကျောင်းသားများကို တရားရုံးအချုပ်တွင် ရုံးထုတ်လာစဉ် အမိန့်ချပေးရန် ကျောင်းသားများက တောင်းဆိုဆန္ဒပြခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့အကြားတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။နိရဉ္စရာ

ထုတ်ပယ်ခံ မော်လမြိုင်တက္ကသိုလ် CDM ဆရာမ၊ ဆရာမများထံမှ ချေးငွေ ပြန်တောင်း

အာဏာသိမ်း စစ်ကောင်စီဟာ ရာထူးက ထုတ်ပယ်ခံထားရတဲ့ မော်လမြိုင်တက္ကသိုလ် CDM ဆရာမ၊ ဆရာမတွေဆီက ချေးငွေ ပြန်တောင်းနေတယ်လို့ ဆရာ၊ ဆရာမတွေက DVB ကို ပြောပါတယ်။

ဒီချေးငွေကို အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့မှာ လက်မှတ်ထိုးပြီး ချေးငွေ အမြန်ဆုံးပေးသွင်းကြဖို့ ဖိအားပေးလာခဲ့တာ ဖြစ်ပါတယ်။

ရာထူးက ထုတ်ပယ်ခံထားရတဲ့ ဆရာ၊ ဆရာမတွေက အာဏာသိမ်း စစ်ကောင်စီကို ချေးငွေ ပြန်ဆပ်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

ချေးငွေအား စစ်ကောင်စီကို ပြန်ဆပ်မှာ မဟုတ်ကြောင်းနဲ့ ဒီမိုကရေစီအစိုးရတက်လာမှ ချေးငွေ ပြန်ဆပ်မယ်လို့ ရာထူးမှ ထုတ်ပယ်ခံထားရတဲ့ CDM ဆရာမတစ်ဦးက ပြောပါတယ်။

ဒီချေးငွေဟာ နိုင်ငံဝန်ထမ်းတွေအတွက် NLD အစိုးရက ထုတ်ချေးပေးခဲ့တဲ့ အတိုးမဲ့ ဝန်ထမ်း ၂ လစာ ချေးငွေ ဖြစ်ပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာတော့ အာဏာသိမ်းစစ်ကောင်စီကို အာဏာဖီဆန်ခဲ့လို့  CDM ဆရာ၊ ဆရာမ ၂၀၀ ကျော်ကို ရာထူးက ထုတ်ပယ်ထားတာ ဖြစ်ပါတယ်။DVB

ရန်ကုန်မြေက မီးအိမ်ရှင်ဆရာမလေး

ကိုဗစ်တတိယလှိုင်းကာလတွေမှာ ကပ်ရောဂါကိုအမှီပြုပြီး စီးပွားရှာခဲ့ကြသူတွေလည်းရှိခဲ့ပါတယ်။ ကြက်ဥကအစ၊ အိမ်သုံးဆေးဝါးအလယ်၊ အောက်စီဂျင်အဆုံး ကိုဗစ်လူနာတွေလိုအပ်တာတွေကိုအစမတန် ဈေးမြှင့်ပြီးရောင်းခဲ့ကြတာပါ။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ထဲက အသက် ၂၁ နှစ်အရွယ်၊သူနာပြုဆရာမလေး မရတနာဦးကတော့ အထက်ပါလူတွေနဲ့ ပြောင်းပြန်ပါ။ ကျောင်းပြီးစ သူနာပြု ဆရာမလေးဟာ ကိုဗစ်ကာလမှာ ငွေကြေးထက်လူနာတွေအသက်ရှင်ဖို့ကို ဦးစားပေးပြီး ကျန်းမာရေးဝန်ဆောင်မှုတွေကို အိမ်တိုင်ရာရောက်အခမဲ့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်တတိယလှိုင်းအမြင့်ဆုံးကို ရောက်ခဲ့ချိန်မှာတော့ ရောဂါကူးစက်ခံရသူအများစုဟာ ဆေးရုံဆေးခန်းတွေမှာ ကုသခွင့်မရခဲ့ကြသလို လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုလည်း မရခဲ့ကြပါဘူး။ ဆေးရုံဆေးခန်းတွေမသွားရလို့ အိမ်မှာဆေးဝါးကုသချိန်မှာလည်း ဆေးပညာနဲ့အကျွမ်းတဝင်မရှိကြတာကြောင့် လူနာတွေဟာ မလိုလားအပ်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒီဟာတွေကို မြင်တွေ့ခဲ့ရတဲ့နောက်မှာတော့ မရတနာဦးဟာ သူတတ်ကျွမ်းတဲ့ဆေးပညာနဲ့ လူ့အသက်တွေကို တတ်နိုင်သမျှ ကယ်တင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

“အခုကာလမှာ ပြည်သူတွေက ငွေရေးကြေးရော အခြားအကြောင်းရင်းတွေကြောင့်ရော ဒုက္ခရောက်နေရတာ၊ ကိုဗစ်လူနာတွေကို ဒီချိန်မှာအခြားဘယ်ဆေးရုံကမှ လက်မခံဘူးဆိုတော့ တတ်နိုင်တဲ့ဘက်ကနေ အခမဲ့ကူညီဖြစ်တာ” လို့ မရတနာဦးက ပြောပါတယ်။

ကိုဗစ်ဖြစ်ပွားနေတဲ့ လူနာတွေက ဆရာဝန်နဲ့ အွန်လိုင်းကနေဖြစ်ဖြစ် ဖုန်းဆက်ပြီးတော့ဖြစ်ဖြစ် ကုသမှု ခံယူထားပေမယ့် ဆေးထိုးဖို့လိုအပ်တာ အောက်ဆီဂျင်ရှုဖို့လိုအပ်တဲ့အခါ ကိုယ်တိုင်လုပ်ဆောင်ဖို့ ခက်ခဲတဲ့အတွက် မရတနာဦးကိုဖုန်းဆက် အကူအညီတောင်းလာတာတွေရှိပါတယ်။

ဒီလိုအကူအညီတောင်းလာတဲ့အခါ မရတနာဦးကလူနာတွေဆီ သွားရောက်ပြီး ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးတွေ ထိုးပေးတာ၊ အောက်ဆီဂျင်စနစ်တကျရှူနိုင်အောင် ပြသပေးတာ၊ လူနာတွေဆောင်ရန်ရှောင်ရန် နဲ့ စိတ်ဓာတ်မကျစေဖို့ အားပေးစကားပြောတာတွေကို ပြုလုပ်ပေးပါတယ်။

ဆရာဝန်နဲ့ပြသထားခြင်းမရှိတဲ့ လူနာတွေကိုတော့ မရတနာဦးက သူနဲ့ သိကျွမ်းတဲ့ ဆရာဝန်နဲ့ချိတ်ဆက်ပြီး လူနာအခြေအနေ ပြောပြဆွေးနွေးကာ လိုအပ်တာတွေကို ဆရာဝန်ပြန်လည် ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ပေးပါတယ်။

“အဓိကက ဆရာဝန်ကုသပေးတဲ့ အပိုင်းတွေကိုပြန်ပြီး Care(ကူညီစောင့်ရှောက်မှုတွေ)လုပ်ပေးတာ “လို့ မရတနာဦးက ပြောပါတယ်။

အလုပ်တစ်ဖက်နဲ့ သူနာပြုဆရာမလေး မရတနာဦးဟာ ဒီလိုလူနာတွေကို အကူအညီပေးတာကို သူ့ရဲ့အားလပ်ချိန်ထဲကနေ ဖဲ့ပြီး လုပ်ကိုင်ပေးနေခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်း သူ့ရဲ့အားလပ်ရက်တွေမှာ အနားမယူဘဲ လူနာတွေဆီ အချိန်ပေးခဲ့ပါတယ်။

မရတနာဦးက လတစ်လရဲ့ “၂၊၄၊၆” စတဲ့ စုံဂဏန်းရှိတဲ့ ရက်တွေမှာ တာဝန်ကျပြီး “၁၊၃၊၅” စတဲ့ ဂဏန်းရှိတဲ့ ရက်တွေမှာတော့ အားလပ်ရက်ရပါတယ်။ အလုပ်ချိန်ပြီးလို့ မနက် ၈ နာရီဂျူတီထွက်ချိန်ကစလို့ မရတနာဦးတယောက် ကြိုတင်ဖုန်းဆက်ပြီး အကူအညီတောင်းထားတဲ့ လူနာတွေဆီ တအိမ်ဝင်တအိမ်ထွက် ကူညီဖို့ခရီးဆက်ပါတော့တယ်။

ကြိုတင်အကူအညီတောင်းထားတဲ့ လူနာတွေဆီသွားရင်း တခါတရံမှာကြားဖြတ်အကူအညီတောင်းတဲ့ လူနာတွေပေါ်လာတာကြောင့် မိုးချုပ်ခဲ့ရတဲ့နေ့တွေ၊ နေ့လည်စာကိုတစ်အိမ်နဲ့တစ်အိမ်ကူးရင်း ကားပေါ်မှာပဲ စားသောက်ရတဲ့ နေ့တွေလည်းရှိတယ်လို့သူကဆိုပါတယ်။

“ဒီနေ့တော့ တစ်ရက်လောက်နားမယ်ဆိုပြီး အဲ့နေ့ကျမှ အရေးကြီးလို့ပါဆိုပြီး လူနာတွေတက်လာရော။ ဒီနေ့ရမှဖြစ်လို့ပါဆိုတော့ သွားရပြန်ရော။ အခုတော့ နားရက်မရှိသေးဘူး “လို့ မရတနာဦးကပြောပါတယ်။

အစပိုင်းမှာ သူ့အလုပ်ရှိရာ ရွှေပြည်သာ မြို့နယ်အတွင်းက လူနာတွေကိုပဲ ကူညီနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လူနာတွေကို အခမဲ့ကူညီပေးနေတဲ့ သူ့အကြောင်းဟာ လူမှုကွန်ယက်မှာလူသိများလာပြီးတဲ့နောက်မှာ အခြားမြို့နယ်တွေက အကူအညီတောင်းတဲ့ လူနာတွေကိုလည်း သွားပြီးအကူအညီပေးခဲ့တယ်လို့ဆိုပါတယ်။

ပုံမှန်အားဖြင့် တစ်ရက်ကို လူနာရှိတဲ့အိမ် လေးအိမ်လောက်ကို သွားရောက်အကူအညီပေးခဲ့ပြီး အချို့ရက်တွေမှာဆိုရင် ၁၂ အိမ်အထိ သွားရောက်ကူညီနိုင်ခဲ့တယ်လို့သူကဆိုပါတယ်။ ဇူလိုင် ၂၁ရက်ကနေစတင်ပြီး ကိုဗစ်လူနာတွေကို အကူအညီပေးလာတာ အချိန်တစ်လကျော်အတွင်းလူနာ ၁၀၀ ကျော် ကိုကူညီနိုင်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။

မရတနာဦး ကူညီပေးနေတဲ့ လူနာတွေကလည်း အရေးပေါ်အခြေအနေဖြစ်တော့ တခါတရံ ညပိုင်းအကူအညီ တောင်းတာတွေလည်း ရှိပါတယ်။ဒါပေမယ့် ညမထွက်ရအမိန့်ကြောင့် ဖုန်းထဲကနေပဲ လိုအပ်တာတွေကို လုပ်ဆောင်ဖို့ပြော ပေးတယ်လို့ဆိုတယ်။

“တခါ ညကိုးနာရီလောက်ကြီး Oxygen Concentrator မလုပ်တတ်လို့ အကူညီတောင်းတာနဲ့ သွားကြည့်ပေးတယ်။ မာရှယ်လော(ညမထွက်ရအမိန့်) ရှိတော့ စစ်သားတွေစစ်တာခံရသေးတယ်။ အဲ့နောက်တော့မလိုက်တော့ဘူး၊ လိုတာဖုန်းထဲကပဲ ပြောပြီးလုပ်ပေးတယ်လို့ မရတနာဦးကပြောတယ်။

မရတနာဦးကြည့်ရှု ကူညီပေးရတဲ့ လူနာအများစုက ကိုဗစ်လူနာတွေဆိုတော့ ကိုယ့်ကို ကူးစက်မလားဆိုတာ စိုးရိမ်မိပေမဲ့ လူနာတွေ အရေးတကြီးလိုအပ်နေတဲ့အတွက် စိုးရိမ်ပူပန်စိတ်ကိုဖျောက်ပြီး လိုအပ်တာတွေကူညီဖို့ပဲတွေးတယ်လို့ဆိုတယ်။

“ကိုဗစ်ကူးမှာတော့ နည်းနည်းစိုးရိမ်တာတော့ရှိပေမယ့် အဲ့ဒါကို စိတ်ထဲမထားတော့ဘူး။ ဒီနေ့၊မနက်ဖြန် ဘယ်သူ့ကို သွားကူညီရမလဲပဲတွေးတော့တယ် “လို့ မရတနာဦးကပြောပါတယ်။

ဒါပေမယ့် ကိုယ့်ကိုယ်ရော လူနာအတွက်ရောကူးစက်တာကို ကာကွယ်တဲ့အနေနဲ့ လူနာအိမ်သွားတဲ့အခါ၊ လက်အိတ် ဝတ်တာ၊ Mask နှစ်ထပ်ဝတ်တာ၊ အရက်ပျံကိုသုံးတာ၊ လက်ခဏခဏ ဆေးတာတွေတော့ လုပ်ရတယ်လို့ဆိုတယ်။

ကိုဗစ်တတိယလှိုင်းကာလမှာ မရတနာဦးကူညီပေးခဲ့တဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးတာဟာ ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ ကိုဗစ်လူနာဖြစ်တော့ ရောဂါကူးစက်နိုင်ခြေမြင့်မားတဲ့အတွက် ပုံမှန်ချိန် သောင်းဂဏန်း ကျသင့်တာ ကနေ ကိုဗစ်ကာလမှာ သိန်းဂဏန်းဝန်းကျင်ထိ ယူပြီးလူနာကြည့်ရှုတာတွေလည်းရှိလာပါတယ်။

ဒီလိုအချိန်မှာ အခကြေးငွေပေးပြီး ကြည့်ရှုပေးဖို့ တောင်းဆိုသူတွေ ရှိပေမယ့်ငြင်းဆန်ပြီး အခက်အခဲဖြစ်နေသူတွေအတွက် အခမဲ့ကူညီဖို့ရွေးချယ်ခဲ့တာလို့ မရတနာဦးကဆိုပါတယ်။ ညအကျိုးအမြတ်မယူဘဲ လူနာတွေကို အခမဲ့ ကူညီတော့ ငွေရေးကြေးရေး လိုအပ်ချက်ရှိပေမယ့် တဖက်မှာ ဆေးရုံကပုံမှန်ရနေတဲ့ဝင်ငွေနဲ့ပဲ နေထိုင်ဖြေရှင်းပါတယ်။

ငွေကြေးတတ်နိုင်တဲ့လူနာတွေက ငွေကြေးပြန်ပေးတာမျိုးရှိတဲ့အခါ လိုအပ်တဲ့ ဆေးပစ္စည်းတွေဝယ်ပြီး ချို့တဲ့တဲ့ လူနာတွေကို ပြန်လည်ဝေမျှတာမျိုးလုပ်ပေးတယ်လို့ဆိုတယ်။

“အချို့တွေက ပိုက်ဆံတတ်နိုင်တော့ အတင်းပေးတာရှိတယ်။ မယူဘူးဆိုလည်း ဒါလေးတော့ အဆင်ပြေတဲ့ နေရာလှူပါ ဆိုပြီး လုပ်တာရှိရင်လက်ခံပြီး ဆေးဝယ်၊ အောက်ဆီမီတာဝယ်ပြီး ပြန်လှူတယ်” လို့ မရတနာဦးကပြောတယ်။

ဒီလိုကိုဗစ်လူနာတွေကို အခမဲ့ကူညီရင်း မကြာခဏတွေ့ရတာက ဆရာဝန်နဲ့မပြသနိုင်ဘဲ ကိုယ်တိုင် စမ်းတဝါးဝါး လုပ်ဆောင်တဲ့အခါ လူနာတွေအပေါ် ထိခိုက်မှုရှိတာတွေပါ။

လူနာအချို့က ဆရာဝန်နဲ့ ပြသနိုင်ခြင်းမရှိဘဲ ကောင်းနိုးရာရာဆေးတွေသောက်ကြတာ၊ အချို့လူနာတွေကလည်း ဆရာဝန်နဲ့ ပြသတာရှိပေမဲ့ ဆေးဝါးတွေထိုးဖို့လိုတဲ့အခါ တက်ကျွမ်းသူရှာမရတဲ့အတွက် ကိုယ်တိုင် လုပ်ဆောင်ကြတဲ့အခါ လူနာတွေမှာ မလိုလားအပ်တဲ့ ထိခိုက်မှုတွေကြုံရတာ တွေ့ရတယ်လို့ ဆိုတယ်။

“လှိုင်သာယာကလူနာတစ်ဦးဆို ဆရာမခေါ်မရလို့ လူနာစောင့်တွေက သူ့ဟာသူထိုးတာ လက်နှစ်ချောင်းလုံးက ညိုပြီး ယောင်နေတာ၊ ဆေးတွေ ဝင်ပြီဆိုပြီး Vein ထဲမဝင်ဘဲ အသားထဲဝင်ပြီးတော့။ ကိုယ်လည်း ထိုးပေးတော့ ဘယ်နေရာထိုး ပေးရမှန်းမသိတော့ဘူး လက်ကယောင်ပြီး အကြောကပျောက်နေတယ်။ ဒါမျိုးဆိုအန္တရာယ်များတယ်” လို့ မရတနာဦးက ပြောပါတယ်။

ဒါ့အပြင် အောက်ဆီဂျင်ကျတဲ့လူနာတွေလည်း လိုအပ်တဲ့အောက်ဆီဂျင်ပမာဏနဲ့ ပေးတဲ့ ပမာဏမညီတဲ့အခါ အဆုတ်ကိုပိုထိခိုက်နိုင်တဲ့အတွက် တက်ကျွမ်းသူတွေလုပ်ဆောင်ပေးတာ အသင့်တော်ဆုံးဖြစ်ပြီး၊မရတနာဦးဆီ ဆက်သွယ်မေးမြန်းတဲ့ အခါမျိုးဆို ပြောပြတာတွေလုပ်ပေးတယ်လို့ဆိုတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေအတွက် ကူကယ်ရာမဲ့ အခြေအနေမှာ ကျန်းမာရေးနယ်ပယ်က တက်ကျွမ်းသူတွေ အနေနဲ့ လူနာတွေကို တက်နိုင်တဲ့ဘက်ကနေ ကူညီတာတွေပြုလုပ်ပေးစေချင်ပြီး၊ဒါမှသာ ပြည်သူတွေ အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ မရတနာဦးကပြောပါတယ်။

“အခုကာလမှာပိုက်ဆံယူကြတဲ့ အပေါ်မှာလည်းနားလည်တယ်။ဘာမှမပြောလိုဘူး။ ဒါက Risk ယူရတဲ့အလုပ်ကြီးမလို့၊ ဒါပေမယ့် အခမဲ့ ကူညီတဲ့လူတွေလည်းရှိစေချင်တယ်”လို့ ဆိုတယ်။

ကိုဗစ်ပထမနဲ့ ဒုတိယလှိုင်းတုန်းက ကိုဗစ်ကူးစက်ခံရတာနဲ့ လူနာနဲ့ ဆက်စပ်သူတွေကို ကိုဗစ်ကုသရေးဆေးရုံတွေ စင်တာတွေကို ခေါ်ဆောင်ပြီး ဆရာဝန် သူနာပြု၊ ဗော်လန်တီယာတွေ ဆေးဝါးအပြည့်အစုံ စားစရာအပြည့်အစုံနဲ့ စနစ်တကျ ကုသစောင့်ရှောက်မှုလုပ်ပေးတော့ လူနာတွေမှာ လိုအပ်ချက်ကြီးကြီးမားမားမကြုံခဲ့ရသလို၊ အသေပျောက်လည်း နည်းခဲ့တယ်။

တတိယလှိုင်းကာလမှာ စနစ်ကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့အပြင် ပြင်ပမှာလည်း စနစ်တကျ ကုသနိုင်ခြင်းမရှိလို့ လူနာတွေမှာ ဒုက္ခရောက်ရပါတယ်။အိမ်မှာ မိသားစုလိုက် ကိုဗစ်ကူးစက်ခံရတဲ့အခါ အသက်အရွယ်ကြီးတဲ့ ဖခင်ဖြစ်သူကို ကုသပေးဖို့၊ကြည့်ရှု့စောင့်ရှောက်ဖို့ ဆရာဝန်တွေ သူနာပြုအကူတွေ ကိုအကူအညီ တောင်းငှားရမ်းခဲ့ပေမယ့်လည်း ငြင်းဆိုတာတွေကြုံခဲ့ရတယ်လို့ သန်လျင်မြို့နယ်က မသီတာကပြောပါတယ်။

“အဲ့တုန်းကဆို သူနာပြုရှာတာ ဘယ်လိုမှရှာမရခဲ့ဘူး၊ ကိုဗစ်လူနာဆိုတော့ တော်တော်များများမလာပေးဘူး၊ နောက်ဆုံးဆေးထိုးဖို့အတွက်တောင်ရှာမရလို့ မိတ်ဆွေအကူအညီနဲ့ သူ့အသိသူနာပြုဆရာမလေးတယောက်က လိုတာတွေလာ လုပ်ပေးခဲ့လို့ အဆင်ပြေခဲ့တယ်။ လူနာကိုပြုစုဖို့ကျတော့ ကိုယ်တွေမောင်နှမတွေပဲ တလှည့်စီလုပ်ပေးခဲ့ရတယ်” လို့ မသီတာကပြောပါတယ်။

ကိုဗစ်ကာလမှာ အွန်လိုင်းကနေအခမဲ့ဆွေးနွေးပေးတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အောက်ဆီဂျင်အခမဲ့ကူညီပေးတဲ့သူတွေ၊ အဟာရလှူဒါန်းတာ၊ အပြင်မထွက်နိုင်တဲ့ ကိုဗစ်လူနာအိမ်တွေကို ဈေးဝယ်ပေးတာ စတဲ့ တတ်နိုင်တဲ့နေရာတွေကနေ အခမဲ့ ကူညီပေးတဲ့သူ တွေရှိတာ အရမ်းကျေးဇူးတင်ဖို့ ကောင်းတယ်လို့ မသီတာက ဆက်ပြောပါတယ်။

မရတနာဦးကတော လူနာတွေ အဆင်မပြေမချင်း အခမဲ့ကူညီတာတွေပြုလုပ်မှာဖြစ်ပြီး၊အခြေအနေတည်ငြိမ်တဲ့အခါ ဇာတိဖြစ်တဲ့ဧရာဝတီတိုင်းထဲက ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးတဲ့ ရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ပြောပါတယ်။

” ပိုက်ဆံက တခါတရံအရေးကြီးရင်ကြီးပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းရဲ့ ရင်ထဲက မေတ္တာကိုရပြီးသွားကြည့်။ ဘဝဟာ ပိုက်ဆံမရှိပေမယ့် ပျော်ရွှင်ရတယ်” လို့ မရတနာဦးကပြောတယ်။

ဒေဝီ

« Older Entries