အကြမ်းဖက် စစ်ကောင်စီကို ချေမှုန်းရန် နိုင်ငံတစ်ဝန်း တော်လှန်ရေးအင် အားစု ၁၂ ခု မဟာမိတ်များအဖြစ် ဖွဲ့စည်း

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီကို ချေမှုန်းရန် အတွက် နိုင်ငံတစ် ဝန်းရှိ တော်လှန်ရေး အင်အားစု ၁၂ ခုက မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရှိရသည်။
မြန်မာနိုင်ငံတဝန်းရှိ ပြည်သူများ ရွေးကောက်တင်မြှောက်ထားသော လူထုအစိုးရထံမှပြည်သူ့အာဏာကို အကြမ်းဖက်စစ်ကောင်စီက ဖေဖော် ဝါရီလ(၁)ရက်နေ့တွင် လက်နက်အားကိုးဖြင့် အကြမ်းဖက်လုယူထားသည်မှာ (၆)လကျော် ၇လနီးပါးရှိပြီဖြစ်ကြောင်း၊ ယခုကာလအတွင်း အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို တရားမဲ့ ဥပဒေမဲ့ ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ကာ အကြမ်းဖက်နည်းမျိုးစုံဖြင့်ဖြိုခွင်းခဲ့သောကြောင့် အနည်းဆုံးပြည်သူ(၁၀၀၀)ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူအားလုံး၏ အသက်အိုးအိမ်စည်းစိမ်၊ လူမှုရေး၊ စီးပွားရေး၊လုံခြုံရေးနှင့် တခြားရပိုင်ခွင့်များနေ့တိုင်းဆုံးရှုံးလျှက်ရှိကြောင်း အဖွဲ့အစည်းများက ပြောဆိုကြသည်။
ထို့ပြင် စစ်ကောင်စီမှ Covid-19ရောဂါအားလက်နက်အဖြစ် ရက်စက်ယုတ်မာစွာအသုံးချခဲ့ခြင်းကြောင့် ပြည်သူထောင် ပေါင်းများစွာ အသက်မသေသင့်ဘဲအသက်ဆုံးရှုံးခဲ့ရသည်မှာ အားလုံးမျက်မြင်ကိုယ်တွေ့ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်နက်အားကိုးအကြမ်းဖက်နိုင်ငံ့သစ္စာဖောက် စစ်တပ်နှင့် ၄င်းတို့၏အပေါင်းအပါများကို ဖယ်ရှားနိုင်မှသာ ပြည်သူများခံစားနေရသော ဒုက္ခများမှ လွတ်မြောက်မည်ဖြစ်ကြောင်း မဟာမိတ်အဖွဲ့အစည်းများက ပြောဆိုသည်။
ပြည်သူများကြားမှပေါက်ဖွားလာသော အောက်ပါတော်လှန်ရေး အင်အားစု( ၁၂ ) စုသည် ဖက်ဆစ်တော်လှန်ရေ လုပ်ငန်းစဉ်များ ပိုမိုထိရောက်မြန်ဆန်စေရန်အတွက် မဟာမိတ်အဖြစ်ပူးပေါင်းကာ ပြည်သူများအားလုံးနှင့်လက်တွဲပြီး စစ်မှန်သောတရားမျှတမှုရရှိသည်အထိ အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဖွဲ့အစည်း ၁၂ ခုက ထုတ်ပြန်ကြေညာသည်။ မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်သော အဖွဲ့အစည်း ၁၂ ခုမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရှိရသည်။
1. People Defense Force Mandalay (MDY-PDF)
2. Yangon Urban Guerrillas(YUG)
3. People’s Defense Force -ပြည်သူ့ကာကွယ်ရေးတပ်မတော်
4. Yangon Federal Army (YFA)
5. Zero Nine (PDF-MGN)
6. People Defense Force (ShweGu)
7. Pakokku People Defense Force (PPDF)
8. နှလုံးလှလူမိုက်ကြီးများအဖွဲ့(မြင်းခြံ)
9. Kawlin People Defense Force (KLPDF)
10. Kyaukse Distric Defense (KDDF)
11. Mandalay Special Task Force (MSTF)
12. 27 Revolution Forces (MGN)