Monthly Archives: Sep 2021

ညောင်ဦး အခြေခံလူတန်းစား အိမ်ထောင်စု ၂၅၀၀ ကျော်အတွက် အခြေခံစားသောက်ကုန်များ လှူဒါန်း

ညောင်ဦးမြို့နယ်မှာ သြဂုတ် ၃၁ရက်က အခြေခံလူတန်းစာ အိမ်ထောင်စု ၂၅၀၀ ကျော် အတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တယ်လို့ ကရုဏာလက်ကမ်း ပရဟိတအသင်းက သိရပါတယ်။

ညောင်ဦးမြို့နယ်က ကုသိုလ်ရှင်တွေ၊ ဂရုဏာလက်ကမ်းပရဟိတအသင်း နဲ့ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံ အောက်ဆီဂျင် အထောက်အကူပြုအဖွဲ့ကြီးတို့ စုပေါင်းပြီး ဒုတိယအကြိမ်မြောက် အခြေခံစားသောက်ကုန်လှူဒါန်းတာပါ။

ဒုတိယအကြိမ် လှူဒါန်းမှုမှာ မုန်လာထုပ်၊ ခရမ်းချဉ်၊ အာလူး၊ ချဉ်ပေါင်၊ ပဲသီး၊ ဂေါ်ရခါး၊ ကြက်သွန်၊ရွှေဖရုံ၊ ခရမ်းသီး၊ ဂျင်းတက် စတဲ့ မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တွေကို တစ်အိမ်ထောင် သုံးမျိုး၊ လေးမျိုးနှုန်း အိမ်ထောင်စု ၂၅၀၀စုကို လှူဒါန်းခဲ့တာပါ။

ပထမအကြိမ် လှူဒါန်းမှုကို သြဂုတ် ၂၂ရက်က ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခြေခံလူတန်းစား အိမ်ထောင်စု ၂၀၀၀စုကို လှူဒါန်းပေးနိုင်ခဲ့ပါတယ်၊ ဒီနေ့ထိ စုစုပေါင်း အခြေခံလူတန်းစာ အိမ်ထောင်စု ၄၅၀၀ စုကျော်ကို လှူဒါန်းပေးနိုင်ခဲ့တာပါ။

နိုင်ငံရေးအကျပ်အတည်း နဲ့ ကိုဗစ်တတိယလှိုင်းကာလ စားဝတ်နေရေး အလွန် ခက်ခဲနေတဲ့ အိမ်ထောင်စု အများအပြားရှိရာ တတ်နိုင်သူတွေမှာ စာနာဖေးကူစားနပ်ရိက္ခာများ လှူဒါန်းကြဖို့ လိုအပ်ပါတယ်။DVB

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီက ရေတပ်သုံး Speed Boat တွေကို စတင်အသုံးပြုလာ

စစ်ကိုင်းတိုင်းအတွင်း မြစ်ဖျားခံ ဖြတ်သန်းစီးဆင်းပြီး မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြစ်ဖြစ်တဲ့ ချင်းတွင်းမြစ်အတွင်းမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက လက်နက်အစုံအလင်တပ်ဆင်ထားတဲ့ ရေတပ်သုံး Speed Boat တွေကို စတင်အသုံးပြုလာနေပါတယ်။

ဒီ Speed Boat တွေကို ဩဂုတ်လ နောက်ဆုံးပတ်ကမှ မုံရွာမြို့မှာ စတင်ရေချခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ရေတပ်သုံး Speed Boat တွေကို စက်တင်ဘာလ ၁ ရက်နေ့က နမခတိုင်းမှုးရဲ့ ကနီမြို့ခရီးစဉ်မှာ ရေကြောင်းလုံခြုံရေးအဖြစ် အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အခုလိုရေတပ်သုံး စစ်ရေယာဉ်တွေကို အသုံးပြုတာက ချင်းတွင်းမြစ်အတွင်းမှာ ပထမဆုံးအကြိမ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကစထမှူးနှင့် နမခတိုင်းမှူးတို့ရဲ့ မင်းကင်းမြို့နယ် ခရီးစဉ်မှာ ဒေသခံပျူစောထီးတွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ တွေ့ဆုံရာမှာ မြစ်ကြောင်းအတွင်း စစ်ရေယာဉ်တွေ ချထားပေးမယ်လို့ပြောဆိုခဲ့ကြောင်းလည်း ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်း မောင်မြင့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။

ချင်းတွင်းမြစ်အတွင်းမှာ ကနီ၊ မင်းကင်း စတဲ့မြို့နယ်တွေက ဒေသကာကွယ်ရေးတပ်တွေနှင့် စစ်ကောင်စီအကြမ်းဖက်တပ်တွေ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိခဲ့ပါတယ်။

အစောပိုင်းကာလတွေမှာတော့ စစ်ကောင်စီအကြမ်းဖက်တပ်တွေက အရပ်သားရေယာဉ်တွေကို အသုံးပြုနေတာဖြစ်ပြီး လက်ရှိမှာတော့ ရေတပ်သုံးရေယာဉ်တွေကို စတင်အသုံးပြုလာတာပါ။ အတည်မပြုနိုင်တဲ့သတင်းတွေအရ ချင်းတွင်းမြစ်အတွင်း Speed Boat အစီးရေ ၂၀ အထိ ချထားဖို့ရှိတယ်လို့ သိရပါတယ်။khit thit

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခွေးကို အသိအမှတ်ပြုနေသည့် အာဆီယံအား ကန့်ကွက်ရှုတ်ချကြောင်း ဖောင်းကားကျေးရွာ လူထုသပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

စစ်ကိုင်းမြို့ အနိမ့်ပိုင်းရပ်ကွက်တစ်ချို့တွင် ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်

စစ်ကိုင်းမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်တချို့မှာ သြဂုတ် ၃၀ ရက်မှစတင်ပြီး ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။

စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းရပ်ကွက်နဲ့ ထုံဘိုရပ်ကွက်ရှိ နေရာတချို့မှာ မြစ်ရေ ဝင်ရောက်နေ ပါတယ်။ လက်ရှိမှာတော့ စိုးရိမ်စရာအခြေအနေ မဟုတ်သေးပေမယ့် ပြောင်းရွှေ့ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။

စစ်ကိုင်းမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ သြဂုတ် ၃၁ ရက်က ၁၀၈၈ စင်တီမီတာ ရောက်ရှိ နေပြီး စိုးရိမ်ရေအမှတ် ရောက်ရှိရန် ၂ပေ (၆၂ စင်တာမီတာ) လိုတော့တာပါ။

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနက နှစ်စဉ် ရေဝင်ရောက်လေ့ရှိတဲ့ ရပ်ကွက်တွေမှာ ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ အသိပေးနှိုးဆော်တာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ရေမြင့်တက်ပြီး ရေဝင်ရောက်နေတဲ့နေရာတွေက အိမ်ထောင်စုတွေအနေနဲ့ ပြောင်းရွှေ့ခြင်းပါက စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန  ဖုန်း 191/ 072-21502 သို့ အချိန်မရွေး ဆက်သွယ်အကူညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။DVB

တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံရသည့် သတင်းသမား ၄ ဦးရှိလာ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံရသည့် သတင်းသမားလေးဦးရှိလာသည်။ ယနေ့ စက်တင်ဘာလ ၁ ရက် နံနက် တစ်နာရီခွဲက Eleven Media Group ၏ မြိတ်အခြေစိုက်သတင်းထောက်ဖြစ်သူ ကိုဇော်မိုးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့သည်။

မြိတ်အခြေစိုက်သတင်းသမားနှစ်ဦးဖြစ်သည့် DVB သတင်းဌာနမှ ကိုအောင်ကျော်နှင့် မဇ္စျိမသတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထောင်ဒဏ်နှစ်နှစ်စီအမိန့်ချထားသည်။ ၎င်းအပြင် ထားဝယ်အခြေစိုက် သတင်းဌာနဖြစ်သည့် Dakkhina Insight မှ ကိုနိုင်လင်းထွန်းကိုလည်း ဖမ်းဆီးထားပြီး တစ်စုံတစ်ရာ အမိန့်မချသေးပေ။khit thit

လားရှိုးမြို့၌ ဆိုင်ကယ်လုယက်မှုများ နေ့စဉ်ဖြစ်ပွားနေ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော် လားရှိုးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်လုယက်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လားရှိုးမြို့ခံတစ်ဦးက “ဆိုင်ကယ်လုတဲ့သူတွေက နေ့ခင်းဘက်ပေါ်တင်ကြီး လုတာပဲ။ သူတို့မှာ ဓားမဟုတ်ရင် တုတ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ လလောက်ကစပြီး ဆိုင်ကယ်လုတာတွေ တနေ့တခြား များများလာတယ်၊ အတင့်လည်းရဲလွန်းတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်လုယက်သူတွေဟာ အနည်းဆုံး ဆိုင်ကယ်( ၂) စီး၊ လူ (၄) ယောက် အုပ်စုငယ်တွေဖွဲ့ပြီး လုယူနေတာလို့ ဆိုပါတယ်။

“အုပ်စုငယ်လေးတွေဖွဲ့ပြီး လုယူတာများတယ်။ အဓိက ဆိုင်ကယ် အလုခံရတာက အမျိုးသမီးတွေများတယ်။ ယောင်္ကျား တစ်ယောက်တည်းလည်း ဆိုင်ကယ်အမျိုးစားကောင်း အသစ်လည်းဖြစ်တယ်ဆိုရင် လူပြတ် လူရှင်းတဲ့ လမ်းဆို လုခံရတာပါပဲ” လို့ ဆိုပါတယ်။

လားရှိုးမြို့ပေါ်မှာ အခုလို လုယက်မှုတွေ များလာတာဟာ စစ်အာဏာသိမ်းလိုက်တာရယ်၊ ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကိုင်တွယ်မှုညံ့ဖျင်းတာရယ်ကြောင့် အ‌ခြေခံလူတန်းစားပြည် သူတွေမှာ နေ့စဉ်ဝင်ငွေ မရှိတော့လို့ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးလည် ပတ်မှုတွေ ကမောက်ကမ ဖြစ်တယ်။ အဲ့ဒီတော့ လုပ်ငန်းရှင်တွေက အလုပ်ပုံမှန် မလည်ပတ်နိုင်တော့ပဲ အလုပ် သမားတွေကို အလုပ်က နားခိုင်းတာ တွေရှိလာတယ်။ နောက်တခု ကိုဗစ်ကူးစက်မှုကို စစ်တပ်က ထိန်းချုပ်တာ ညံ့လွန်းတယ်။ လားရှိုးမှာ နေ့စဉ် ရောဂါပိုးတွေ့တဲ့ လူနာသစ်တွေရှိတယ်။ အဲ့တော့ အသွားအလာတွေကန့် သတ်တယ် ဆိုင်တွေ ဈေးတွေ လုပ်ငန်းတွေပိတ်တယ်။ ဒီတော့ နေ့လုပ်နေ့စားတွေက ငတ်ပြီလေ။ ဝမ်းဝမှ သီလတောင့်မယ်ဆိုတဲ့အတိုင်း တချို့က ဝမ်းရေးဖြေရှင်းဖို့ လွယ်တာ ထွက်လုတာပေါ့။ အိမ်ငှားနေတဲ့သူတွေဆိုရင် တိုင်ကို ပတ်နေတာပဲ။ ‌အကြွေးပေါ် အ‌ကြွေးဆင့်နဲ့ ခံစားနေကြရတယ်” လို့ ‌မြို့ခံတွေက ဆိုပါတယ်။

လားရှိုးမြို့ပေါ်မှာ ရွေ့ပြောင်းလုပ်သားတွေများပြီး အိမ်ခန်းငှားနေထိုင်သူတွေဟာလည်း ရပ်ကွက်တိုင်းမှာရှိပါတယ်။ ဒါ့အပြင် လက်လုပ် လက်စား မြို့ခံတွေလည်း ရှိပါတယ်။ 

အရင် အရပ်သားအစိုးရ  NLD လက်ထက်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း နေ့စဉ်ပုံမှန်ဝင်ငွေမရကြတဲ့ မိသားစုတွေ အခြေခံစား သောက်ကုန်‌နဲ့ ငွေကြေးထောက်ပံ့တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း ထိထိရောက်ရောက်ပေးနိုင်တာကြောင့်ခိုး၊ ဆိုး၊ နှိုက်၊ လုယက်မှု မရှိသလောက် နည်းပါးခဲ့တာလို့ လားရှိုးမြို့ခံတွေကဆိုပါတယ်။

“အမေစု အစိုးရ NLD အုပ်ချုပ်တုန်းက ကိုဗစ်ကာလ ‌ဝင်ငွေမရှိတဲ့သူတွေကို ပိုက်ဆံနဲ့ ဆန်၊ ဆီ၊ ဆား၊ ကုလား ပဲ၊ ကြက်သွန် ထောက်ပံ့တော့ ခံသာတယ်။ Q ဝင်မယ်ဆိုလည်း ပူစရာမလိုဘူး။ အခု စစ်တပ်က ဘာမှ မထောက်ပံ့ဘူး။ ကိုဗစ်ကူးလို့ ဆေးကုလည်း ကိုယ့်အားကိုပဲ။ အုပ်ချုပ်မှုနဲ့ စီမံမှုက အရမ်းကို ကွာတယ်။ စစ်တပ်လုပ်မှပဲ ကျုပ်တို့မြို့မှာ နေ့ခင်းကြီးတောင် ဆိုင်ကယ်လုခံရတာပဲကြည့်ဗျာ” လို့ လားရှိုးသားတစ်ဦးကပြောပါတယ်။

လားရှိုးမြို့ပေါ်မှာ အာဏသိမ်းစစ်ကောင်စီ လက်အောက် ခံ အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရ.မ.ခ) အပါအဝင်တပ်ရင်းပေါင်း (၂၀)ကျော်၊ ဒုပြည်နယ်၊ ခရိုင်၊ မြို့ နယ်ရဲတပ်ဖွဲတွေ အဆင့်ဆင့်ဖွဲ့စည်း ထားရှိပေမယ့် မြို့ပေါ်ရပ်ကွက်က ဒုစရိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာ မရှိတဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။DVB

ကလေးမြို့ ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ စစ်သား ၂၀ ခန့် လက်နက် အပြည့်အစုံနှင့် စွန့်ခွာနေမှု စစ်ကောင်စီက အပူတပြင်းရှာဖွေနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ စစ်သား ၂၀ ခန့် သည် လက်နက်အပြည့်အစုံဖြင့် ယခုရက်ပိုင်းအတွင်း စွန့်ခွာသွားရာ အကြမ်းဖက် စစ်ကောင်စီ တပ်က ရဟတ်ယာဉ်သုံး၍ ကလေးတောင်ပိုင်းတခွင် အပူတပြင်းလိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

“သတင်းက သေချာတယ်။ ကလေး PDF ကလည်း အတည်ပြုထားတယ်။ ပထမ PDF တွေကို လိုက်ရှာတယ်ထင်နေတာ။ နောက်ကျမှ သူတို့လူ သူတို့ အတင်းလိုက်ရှာနေတာ။

စစ်သား ၂၀ လုံး လွတ်မြောက်နယ်မြေတခုကို ရောက်သွားပြီလို့ သိရတယ်”ဟု ကလေးဒေသခံတဦးက ပြောသည်။အကြမ်းဖက် စစ်ကောင်စီကမူ စစ်သားများ ထွက်ပြေးသည့် ဖြစ်စဉ်တိုင်းကို ငြင်းပယ်လေ့ ရှိပြီး ထားဝယ်၊ ပြည်နှင့် အခြားဒေသများမှ စစ်သားများလည်း CDM ပြုလုပ် စွန့်ခွာခြင်းများ ရှိခဲ့ဖူးသည်။

“မနေ့က ကလေးတောင်ပိုင်းမှာ စစ်ရဟတ်ယာဉ်က အကြာကြီး ဝဲနေတာ။ စစ်ကားတွေလည်း လမ်းတလျှောက် ပတ်နေတာ တွေ့တယ်။ သူတို့ စစ်သားတွေ ပျောက်လို့ လိုက်ရှာတယ်ဆိုတာ ကျနော်တို့က နောက်ပိုင်းမှ သိရတာ”ဟု တခြား ကလေးဒေသခံတဦးကလည်း ပြောသည်။

အကြမ်းဖက် စစ်ကောင်စီထံမှ စွန့်ခွာပြီး ပြည်သူ့ ရင်ခွင်သို့ ခိုလှုံလာသည့် စစ်သား ၂၀၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း CDM စစ်သားများထံမှ သိရှိရသည်။khit thit

စစ်ကောင်စီ၏ ရွာလုံးကျွတ် မီးရှို့ခြင်းခံရသည့် ကင်းမရွာအတွက် လှူဒါန်းထားသော စားနပ် ရိက္ခာနှင့် ပစ္စည်းများကို စစ်တပ်က ထပ်မံ မီးရှို့

စစ်ကောင်စီ၏ ရွာလုံးကျွတ် မီးရှို့ခြင်းခံရသည့် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာအတွက် လှူဒါန်းထားသည့် စားနပ်ရိက္ခာနှင့်အလှူပစ္စည်းများကို စစ်တပ်က ယနေ့ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရွာလုံးကျွတ် မီးရှို့ခံရသည့် ကင်းမကျေးရွာအတွက် လှူဒါန်းထားသော စားနပ်ရိက္ခာနှင့် အလှူပစ္စည်းများကို ကင်းမကျေးရွာဘုန်းကြီးကျောင်းတွင် ထားရှိထားကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းမကျေးရွာသို့ ရောက်ရှိလာပြီး စားနပ်ရိက္ခာများကို ချက်ပြုတ်စားသောက်ကြကြောင်း၊ ယင်းနောက် ကင်းမကျေးရွာအတွက် လှူဒါန်းထားသော အလှူပစ္စည်းများကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီမနက် ၈ နာရီလောက် သူတို့ ကင်းမရွာဘုန်းကြီးကျောင်းကို ရောက်လာကြတယ်။ အဲဒီမှာ မီးဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကို ချက်ပြုတ်စားသောက်တယ်။ ပြီးတော့ အလှူပစ္စည်းတွေဖြစ်တဲ့ မိုးကာဖျင်လိုဟာမျိုးတွေ ပစ္စည်းပေါင်းစုံကို မီးရှို့တယ်လို့ သိရပါတယ်။ မီးခိုးလုံးတွေ တက်လာတယ်။ ပထမ ဘုန်းကြီးကျောင်းကို မီးရှို့တယ်ထင်တာ။ နောက်မှ သေချာမေးကြည့်မှ ဘုန်းကြီးကျောင်းဘေးမှာ အလှူပစ္စည်းတွေကို ပုံပြီးမီးရှို့တာလို့သိရပါတယ်” ဟု ကင်းမကျေးရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၁၅ ရက်နေ့တွင် ကင်းမကျေးရွာတစ်ခုလုံးကို မီးတင်ရှို့လိုက်သဖြင့် ရွာလုံးကျွတ် မီးလောင်သွားခဲ့ကြောင်း သိရှိရသည်။khit thit

ပုလဲ PDF နှင့် စစ်ကောင်စီတို့ လွန်ခဲ့သည့် ၂ ရက်အတွင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီမှ ၈ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပုလဲဒေသခံကာကွယ်ရေးတပ်ဖွဲ့ PPDF တို့ကြား သြဂုတ်လ ၃၀ နှင့် ၃၁ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံး ၄ ဦးဒဏ်ရာရကာ PPDF ဘက်မှ ၂ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၃၁ ရက် ယမန်နေ့ မွန်းလဲ ၂ နာရီခန့်တွင် ပုလဲမြို့နယ် သောင်ရင်းရွာနှင့် ဇရက်တောရွာကြား မှန်တောပြင်၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရကာ ဒဏ်ရာရသူများကို စောင်ဖြင့်ထုပ်ကာ ထမ်းသယ်သွားကြောင်းနှင့် PPDF ဘက်မှ ၂ ဦး ပေါင်နှင့် ကျောဘက်တွင်အသီးသီး ဒဏ်ရာများရကာ မစိုးရိမ်ရကြောင်း ပုလဲဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၃၀ ရက်တွင် ပုလဲမြို့နယ် အထက်ရွာမ တောင်ဘက်၌ စစ်ကောင်စီနှင့် တိုက်ပွဲတွင် PPDF မှ ပြောက်ကျားစနစ်ဖြင့် ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ယောက် သေဆုံးခဲ့တာကြောင့် အနီးဝန်းကျင်ရှိ ချမ်းသာအောင်ကျေးရွာအား မီးရှို့ဖျက်ဆီးမည်ဟု ကြုံးဝါးသွားကြောင်း PPDF ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လလယ်ခန့်က ဖြစ်ပွားခဲ့သော ပုလဲဒေသ တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄၃ ဦး သေဆုံးပြီး ပုလဲဒေသကာကွယ်ရေးတပ်ဖွဲ့မှ ၂ ဦးကျဆုံးကြောင်း ပုလဲဒေသခံကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ဒေသခံ ကာကွယ်ရေးအဖွဲ့များဖြင့် စုပေါင်းဖွဲ့ဖွဲ့စည်းထားသော ပြည် ထောင်စုကာကွယ်ရေးနှင့် လွတ်မြောက်ရေး မဟာမိတ်တပ်ပေါင်းစု UDLA ထံမှ သိရသည်။khit thit

« Older Entries