ကလေးမြို့ ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ စစ်သား ၂၀ ခန့် လက်နက် အပြည့်အစုံနှင့် စွန့်ခွာနေမှု စစ်ကောင်စီက အပူတပြင်းရှာဖွေနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ စစ်သား ၂၀ ခန့် သည် လက်နက်အပြည့်အစုံဖြင့် ယခုရက်ပိုင်းအတွင်း စွန့်ခွာသွားရာ အကြမ်းဖက် စစ်ကောင်စီ တပ်က ရဟတ်ယာဉ်သုံး၍ ကလေးတောင်ပိုင်းတခွင် အပူတပြင်းလိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
“သတင်းက သေချာတယ်။ ကလေး PDF ကလည်း အတည်ပြုထားတယ်။ ပထမ PDF တွေကို လိုက်ရှာတယ်ထင်နေတာ။ နောက်ကျမှ သူတို့လူ သူတို့ အတင်းလိုက်ရှာနေတာ။
စစ်သား ၂၀ လုံး လွတ်မြောက်နယ်မြေတခုကို ရောက်သွားပြီလို့ သိရတယ်”ဟု ကလေးဒေသခံတဦးက ပြောသည်။အကြမ်းဖက် စစ်ကောင်စီကမူ စစ်သားများ ထွက်ပြေးသည့် ဖြစ်စဉ်တိုင်းကို ငြင်းပယ်လေ့ ရှိပြီး ထားဝယ်၊ ပြည်နှင့် အခြားဒေသများမှ စစ်သားများလည်း CDM ပြုလုပ် စွန့်ခွာခြင်းများ ရှိခဲ့ဖူးသည်။
“မနေ့က ကလေးတောင်ပိုင်းမှာ စစ်ရဟတ်ယာဉ်က အကြာကြီး ဝဲနေတာ။ စစ်ကားတွေလည်း လမ်းတလျှောက် ပတ်နေတာ တွေ့တယ်။ သူတို့ စစ်သားတွေ ပျောက်လို့ လိုက်ရှာတယ်ဆိုတာ ကျနော်တို့က နောက်ပိုင်းမှ သိရတာ”ဟု တခြား ကလေးဒေသခံတဦးကလည်း ပြောသည်။
အကြမ်းဖက် စစ်ကောင်စီထံမှ စွန့်ခွာပြီး ပြည်သူ့ ရင်ခွင်သို့ ခိုလှုံလာသည့် စစ်သား ၂၀၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း CDM စစ်သားများထံမှ သိရှိရသည်။khit thit